ခိုနားရာနေရာ
Vol. 11 Ch. 162
“ငါ့ရဲ့ ခံစားချက်က မမှားနိုင်ဘူး၊ ဒါပေမဲ့ ငါ့ကို ဇဝေဇဝါဖြစ်စေတဲ့ အကြောင်းအရာတစ်ချို့ရှိနေတယ်”
လင်းရှု့သည် ခေါင်းယမ်းကာဖြေလိုက်သည်။ သူမသည် အတည်ပြုခြင်း မရှိသေးပေ။ ထို့အပြင် စွမ်းအင်သက်ရောက်မှုကြီးမားသည့် ပုံရိပ်သက်သက်သာ မြင်တွေ့ထားရခြင်းဖြစ်ပြီး ရှင်းရှင်းလင်းလင်း မမြင်တွေ့ရသေးချေ။
“ဒီစစ်တလင်းက အဆင့်သုံးအထက်ကျင့်ကြံသူတွေကို တားမြစ်ထားတာဆိုတော့ ဆရာ ဝင်လာလို့ရပါ့မလား”
ယွဲ့ဝူယောင်သည် သူမ မရှင်းသည့် အကြောင်းအရာကို မေးမြန်းလိုက်၏။
“ငါတွေ့လိုက်တဲ့ မင်းတို့ဆရာရဲ့ အဆင့်က အခြားသူတွေရဲ့ မှတ်ဉာဏ်အပိုင်းအစထဲမှာရှိတဲ့ သူ့ရဲ့ပုံရိပ်ကနေတဆင့် စုံစမ်းလို့တောင်မရတဲ့အထိ စွမ်းအားကြီးနေတယ်၊ သူဒီထဲ ဝင်လာနိုင်ပါ့မလားတော့ အတိအကျတော့ မသိဘူး၊ လူအိုကြီးတွေက ကန့်သတ်ထားခဲ့တာကြောင့် ငါ့ရဲ့လက်ရှိစွမ်းအားနဲ့ ပြုပြင်ဖို့ မလုံလောက်ဘူး”
“ဆရာ့ကို ဒီအကြောင်းအရာတွေ ပြန်ပြောလိုက်ပါ့မယ်”
ယွဲ့ဝူယောင်သည် ကတိပေးလိုက်၏။ လင်းရှု့သည် ခေါင်းညိတ်လိုက်ပြီး လက်သင်္ကေတတစ်ခုထုတ်ဖော်လိုက်၏။ ထိုအချိန်တွင် ရွှေရောင်သစ်ပင်ငယ်လေးသည် မြေလွှာအတွင်းမှ ထိုးထွက်လာပြီးနောက် သူမ၏ လက်အတွင်းသို့ရောက်ရှိသွားသည်။
“လေဟာနယ်စစ်တလင်းက အချိန်စေ့တော့မယ်၊ မင်္ဂလာကောင်းချီးသစ်ပင်ကို ယူသွားလိုက်၊ ဒီသစ်ပင်က အချိန်တစ်ခုကြာရင် ကြီးထွားလာလိမ့်မယ် အဲ့ဒီအချိန်ကျရင် နယ်မြေတစ်ခုလုံးကို လွပ်လွပ်လပ်လပ် ထိန်းချုပ်နိုင်လိမ့်မယ်”
ယွဲ့ဝူယောင်သည် လင်းရှု့လက်တွင်ရှိနေသည့် ရွှေရောင်သစ်ပင်ငယ်လေးကို ကြည့်လိုက်မိ၏။ ထိုအပင်ငယ်လေးသည် သေးငယ်သည့်ပင်စည်တွင် ရွှေရောင်အရွက်နှစ်ရွက်သာရှိသော်လည်း အလင်းများနှင့်တောက်ပနေသည်။ အမြစ်မှ နုတ်ယူခြင်းခံထားရသော်လည်း ငြိုးနွမ်းသွားမည့်ဟန်မရချေ။
“ဒီကောင်းချီးမင်္ဂလာသစ်ပင်က သာမန်သိုလှောင်လက်စွပ်တွေထဲထည့်ပြီး သိမ်းဆည်းလို့မရဘူး”
ထိုအချိန်တွင် လင်းရှု့သည် စွမ်းအင်များစက်ဝန်းလေး ထုတ်ဖော်လိုက်ကာ ထိုအပင်ငယ်လေးကို ထိန်းသိမ်းလိုက်သည်။ ထို့နောက် ယွဲ့ဝူယောင်၏ ဝိညာဉ်ပင်လယ်တွင်းသို့ တိုက်ရိုက်ပို့ဆောင်လိုက်၏။
ယွဲ့ဝူယောင်သည် သူမ၏ ဝိညာဉ်ပင်လယ်တွင် ရွှေရောင်သစ်ပင်ငယ်လေး၏ တည်ရှိမှုကို ခံစားလိုက်ရ၏။
ထို့နောက် သူတို့အားလုံး၏ ဘေးနားတွင် လေဟာနယ်အက်ကွဲကြောင်းများပေါ်ထွက်လာခဲ့သည်။ ထိုအက်ကွဲကြောင်းများသည် ရွှယ်ဝူယတို့ကဲ့သို့ လင်းရှု့၏ အတင်းအကြပ် ထုတ်ပယ်လိုက်ခြင်းမဟုတ်ပဲ လေဟာနယ်စစ်တလင်းအတွင်း အချိန်စေ့သွားသောကြောင့် ပေါ်ထွက်လာခြင်းဖြစ်၏။ ယွဲ့ဝူယောင်တို့သည် လင်းရှု့ကို အရိုအသေပေးကာ လေဟာနယ်အက်ကွဲကြောင်းအတွင်းဝင်ရောက်ပျောက်ကွယ်သွားသည်။
“အဲ့ဒီလူက သူ ဖြစ်ဖို့ မျှော်လင့်ရတာပဲ”
လင်းရှု့သည် လေဟာနယ်စစ်တလင်းကြီးတစ်ခုလုံးတိတ်ဆိတ်သွားသည့်နောက်တွင် တီးတိုးရေရွတ်လိုက်၏။ ထို့နောက် သူမသည် ခေါင်းတလားအတွင်းဝင်ရောက်သွားပြီး ထိုခေါင်းတလားသည်လည်း ပျောက်ကွယ်သွားတော့သည်။
ထျန်းယွမ်ကုန်းမြေ၏ အရှေ့ပိုင်းနယ်မြေတွင် ဟွမ်းသည် တိတ်တဆိတ်ထိုင်နေကာ ကောင်းကင်ထက်ရှိ မုခ်ဝကိုသာကြည့်ရှုနေသည်။
“စီနီယာအစ်ကို၊ သူတို့ လေဟာနယ်စစ်တလင်းထဲဝင်ရောက်သွားတာ တစ်နှစ်ရှိပြီ၊ သူတို့ပြန် ထွက်လာတော့မယ်ထင်တယ်”
ချုးယွီဟွာသည်လည်း မုခ်ဝကို ကြည့်ကာ ဆိုလိုက်၏။
“သူတို့ထွက်လာရင် ဒီကုန်းမြေက ထွက်သွားတော့မှာမလား..”
ဝမ်မုန့်ယွင်သည် ရွှင်မြူးနေသည့် လေသံနှင့် ဝင်ရောက်ပြောဆိုလိုက်၏။ သူမသည် ရှယီကုန်းမြေသို့ ပြန်ရောက်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။ ထိုအချိန်တွင် ပုံရိပ်နှစ်ခုသည် ဟွမ်း၏ ရှေ့သို့ ဆင်းသက်လာသည်။
“ရောင်းရင်းဟွမ်း..”
ရှင်းဝေ့ကျန်းနှင့် ဟေးကျန့်သည် နှုတ်ဆက်လိုက်၏။ ဤနေ့တွင် မုခ်ဝမှ လူငယ်များထွက်ခွာလာတော့မည်ဖြစ်သည်။ ထို့ကြောင့် လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်၏။
ဤတစ်နှစ်ပတ်လုံးတွင် ဟွမ်းသည် ဟွမ်းယွီအိမ်တော်သို့ မပြန်ခဲ့ပေ။ ထို့ကြောင့် ရှင်းဝေ့ကျန်းသည် ဤနေရာတွင် အိမ်တော်ငယ်လေးများ စီစဉ်ပေးခဲ့သည်။
ထိုအချိန်တွင် မုခ်ဝသည် လှုပ်ရှားသွားကာ လူငယ်များ ပေါ်ထွက်လာခဲ့သည်။
“ဆရာ..”
ယွဲ့ဝူယောင်တို့သည် အရိုသေပြုကာ နှုတ်ဆက်လိုက်ကြသည်။
ဟွမ်းသည် သူ၏ တပည့်တစ်များကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
“မင်းတို့ ပင်ပန်းလာရောပေါ့၊ အနားယူဖို့ ပြန်ကြမယ်”
ထို့နောက် ဟွမ်းယွီအိမ်တော်သို့ ဦးသွားကြတော့သည်။ သို့သော် ဝမ်မုန့်ယွင်နှင့် သူမ၏ တပည့်နှစ်ဦးသည် အရှေ့ပိုင်းနယ်မြေတွင်သာ နေရစ်ခဲ့ကြ၏။ ဟွမ်းယွီအိမ်တော်တွင် ယွဲ့ဝူယောင်သည် သက်တံ့ရောင်ကြာပန်းကို ဟွမ်းအားပေးအပ်ပြီး အကြောင်းအရာများကို ရှင်းပြလိုက်၏။ သက်တံ့ရောင်ကြာပန်းနှစ်ခုတွင် ပွင့်ချပ် တစ်ဆယ့်လေးချပ်ရရှိလိုက်သည်။ ချန့်ယန်ရှုအား ပွင့်ချပ်တစ်ချပ်ပေးအပ်ခဲ့ပြီး သူမတို့ လေးဦးသည် ပွင့်ချပ်လေးချပ်ကို စားသုံးကာ စွမ်းအင်များစုပ်ယူခဲ့ကြသည်။
ထို့ကြောင့် ပွင့်ချပ် ကိုးချပ်သာ ကျန်ရှိတော့သည်။ ထိုက်ဟုန်ကျွင်း၊ ရှင်းဝေ့ကျန်း၊ ရှင်းဝမ်ကျဲ၊ ဟေးချုံးနှင့် ချီမင်ယောင်တို့အား ပွင့်ချပ်ငါးချပ်ပေးအပ်လိုက်သည်။ သူတို့သည် ထိုအရာကိုလက်ခံပြီးချိန်တွင် နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။
ပွင့်ချပ်တစ်ချပ်ကို လုရှင်းယန်အား စုပ်ယူစေခဲ့ပြီး နှစ်ချပ်အား ချုးယွီဟွာနှင့် မော့ရွှယ်အာတို့ကို ပေးအပ်လိုက်သည်။ ထို့ကြောင့် ပွင့်ချပ်တစ်ခုသာ ကျန်ရစ်တော့သည့်။ ပိုနေသည့် ပွင့်ချပ်တစ်ခုအား ဟွမ်း သိမ်းဆည်းထားလိုက်၏။
“မင်းတို့ရဲ့ အတွေ့အကြုံကောင်းတွေ ရခဲ့ကြရဲ့လား”
အခြားသူများ ထွက်ခွာသွားပြီးနောက်တွင် လေဟာနယ်စစ်တလင်းအတွင်း သူ၏ တပည့်များကြုံတွေ့ခဲ့ရသည်များကို မေးမြန်းလိုက်သည်။
“ဆရာ အငယ်ဆုံးလေးက အကောင်းဆုံးအတွေ့အကြုံကိုရခဲ့တာ”
ပိုင်ကျန့်ယွီသည် လျှိုမင်ယွမ်နှင့် လင်းယိုဟန်အကြောင်းကို ဝမ်းသာအားရပြောလိုက်၏။ လျှိုမင်ယွမ်သည် လုရှင်းယန်အနားထိုင်နေသောကြောင့် သူ၏ မျက်နှာပူလောင်လာသည်ဟုခံစားလိုက်ရသည်။
ဟွမ်း “...”
‘ငါမေးတာက မင်းတို့တိုက်ခိုက်ရေးအတွေ့အကြုံတွေလေ’
လုရှင်းယန်တို့သည် အရာအားလုံးအဆင်ပြေခဲ့သော်လည်း အဆင့်သုံးနယ်မြေ၏ ပါရမီရှင်များကြောင့် ခက်ခဲ ခဲ့ရသည်များကို မထိန်ချန်ထားပဲ ပြောပြလိုက်ကြ၏။ ယွဲ့ဝူယောင်သာ ရောက်ရှိမလာလျှင် သူတို့သည် တစ်ယောက်ကိုပင် နိုင်အောင် မတိုက်နိုင်ခဲ့ချေ။ သို့သော် အဆင့်တစ် နှင့် အဆင့်သုံး၏ ကွာခြားချက်ကိုတော့ လျစ်လျှုရှု့၍မရချေ။
“အရမ်းကြီးစိတ်ဓာတ် ကျစရာမလိုဘူး၊ သူတို့က အနည်းဆုံး နှစ်ရာဂဏာန်းရှိနေတဲ့သူတွေ ပြီးတော့ အဆင့်သုံးကုန်းမြေဆိုတာက ဒီနေရာထက် အများကြီးသာလွန်တဲ့ နေရာမျိုးပဲ”
ဟွမ်းသည် လုရှင်းယန်ကို နှစ်သိမ့်ပေးလိုက်၏။
“ဆရာ..တပည့်တို့ ခေါင်းတလားကို တွေ့ခဲ့တယ်”
ယွဲ့ဝူယောင်သည် လင်းရှု့နှင့် တွေ့ဆုံခဲ့ကာ သူမ ပြောကြားခဲ့သည့် အကြောင်းအရာများကို ပြန်လည်ရှင်းပြလိုက်၏။
“လင်းရှု့လား..”
ဟွမ်းသည် သူ ဆုံတွေ့ဖူးခဲ့သည် မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေလိုက်သော်လည်း ထိုနာမည်ကို မသိရှိပေ။ ထို့အပြင် လေဟာနယ်စစ်တလင်းသည် လွန်ခဲ့သည့် နှစ်တစ်သန်းကျော်ကတည်းက တည်ရှိလာခြင်းဖြစ်သည်။ ထိုအချိန်များတွင် သူသည် ‘ဤလောကအတွင်း ရှိနေခဲ့သလား’ ဟုသူကိုယ်သူ ပြန်လည်မေးမြန်းနေသော်လည်း အဖြေမထွက်လာချေ။
“နောက်တစ်ကြိမ် စစ်တလင်းပွင့်လာရင် ဝင်ရောက်ဖို့ ကြိုးစားကြည့်ရမယ်”
ဟွမ်းသည် ယခင်ကတည်းက ထိုနေရာကို စိတ်ဝင်စားခြင်း မရှိခဲ့သောကြောင့် အာရုံမထားခဲ့ချေ။ သို့သော် လင်းရှု့ဆိုသည့် ဝိညာဉ်အကြောင်းကြားပြီးနောက်တွင် လေဟာနယ်စစ်တလင်းသို့ ဝင်ရောက်ရန် စိတ်ကူးလိုက်သည်။ သို့သော် အနှစ်ပေါင်းသောင်းချီစောင့်ရပေဦးမည်။ သူ၏ အတိတ်အကြောင်းများကို သိလိုစိတ်ရှိသော်လည်း လက်ရှိတွင် သူ၏ တပည့်များလောက် အရေးမကြီးသေးပေ။ ထို့ကြောင့် သူတပည့်များ တိုးတက်ရေးအတွက်သာ အာရုံစိုက်ထားပြီး ထိုအရာကို ခဏတာ ခေါင်းထဲက ထုတ်လိုက်၏။ ထို့အပြင် ဖြေရှင်းရမည့် ကိစ္စအချို့လည်း ရှိနေသေးသည်။
“ဆရာ ဒါက မင်္ဂလာကောင်းချီးသစ်ပင်တဲ့ နယ်မြေရဲ့ ပင်မအရင်းအမြစ်အဖြစ် အသုံးပြုလို့ရတယ်”
ယွဲ့ဝူယောင်သည် သူမ၏ ဝိညာဉ်ပင်လယ်အတွင်းမှ ရွှေရောင်သစ်ပင်ငယ်လေးကို ထုတ်ပေးလိုက်သည်။
ဟွမ်းသည် ထိုသစ်ပင်ငယ်လေးကို ယူလိုက်ပြီး စေ့စေ့စပ်စပ် ကြည့်ရှု့လိုက်သည်။
“သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ ဆရာတို့ရဲ့ နားခိုရာနေရာတစ်ခုကို ရရှိတော့မယ်..”
ဟွမ်းသည် တပည့်များကြားလောက်သည့် အသံနှင့်သာ ရေရွတ်လိုက်၏။ သူတို့အားလုံး၏ စိတ်ထဲတွင် ကြည်နူးသွားကြသည်။ အားလုံး၏ မျက်နှာ ထက်တွင်လည်း နွေးထွေးသည့် အပြုံးများ ထွက်ပေါ်နေသည်။