ထျန်းယွမ်ကုန်းမြေမှထွက်ခွာခြင်း
Vol. 11 Ch. 163
ယွဲ့ဝူယောင်တို့သည် အပြုံးများကိုယ်စီနှင့် ထွက်ခွာသွားကြသည်။ လုရှင်းယန်သည် သက်တံ့ရောင်ကြာပန်း၏ ပွင့်ချပ်ကို စုပ်ယူရန် အလျှင်စလို ထွက်ခွာသွား၏။ သူ၏ အဆင့်ကို အားမရတော့ချေ။ ချုးယွီဟွာနှင့် မော့ရွှယ်အာတို့လည်း အလားတူပင်။
“အရင်ဆုံး နေရာလွတ်နယ်မြေနဲ့ ပေါင်းစပ်ထားရမယ်”
ဟွမ်းသည် ရွှေရောင်သစ်ပင်ငယ်လေးကို ကြည့်ရင်း နေရာမှ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် နေရာလွတ်နယ်မြေ၏ တောင်ကတုံးတစ်ခုပေါ်တွင် ပေါ်လာခဲ့သည်။
ဟွမ်းသည် မည်သည့်နေရာတွင် ပေါင်းစပ်စိုက်ပျိုးရမည်ကို ကြည့်ရှု့နေသည်။ ထို့နောက် နေရာလွတ်နယ်မြေ၏ အမြင့်ဆုံးတောင်တန်းတစ်ခုကို ရွေးချယ်လိုက်၏။
“ဝုန်း..”
ထိုတောင်၏ ထိပ်ပိုင်းကို သူ၏ ဝိညာဉ်စွမ်းအင်များ သုံးကာ ထိုးနှက်လိုက်သည်။ သူ၏ စွမ်းအင်များကို အတိအကျ ထိန်းချုပ်ထားသောကြောင့် တောင်တန်း၏မျက်နှာပြင်သည် ညီညာသွား၏။
“ဒီလိုကိစ္စလေးတွေတောင် လက်သီးပဲ အသုံးပြုနေရတာပဲ”
ဟွမ်းသည် သက်ပြင်းချလိုက်ပြီးနောက် ထိုတောင်၏ ဗဟိုတွင် ရွှေရောင်သစ်ပင်ငယ်ကို နေရာချလိုက်သည်။
ထို့နောက် သူ၏ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ်စီးဆင်းစေကာ တောင်တန်း၏ မြေလွှာနှင့် ပေါင်းစပ်လိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် ရွှေရောင်သစ်ပင်ငယ်လေးသည် မြေလွှာအတွင်း နစ်ဝင်သွား၏။ ထိုအချိန်တွင် ခြောက်သွေ့နေသည့် နယ်မြေသည် အသက်ဝင်လာပြီး ထိုရွှေရောင်သစ်ပင်ငယ်လေးမှ ပေါ်ထွက်လာသည့် အလင်းတန်းများသည် နယ်မြေတစ်ခုလုံးကို အလင်းရသွားစေသည်။ ဟွမ်းသည် တစ်လဝန်းကျင်ကြာ စောင့်ကြည့်ပြီးနောက် နယ်မြေတစ်ခုလုံးတွင် မထင်မရှား ပေါ်ထွက်လာသည့် သစ်ပင်ငယ်လေးများ ကိုမြင်လိုက်ရ၏။
“ဒီကုန်းမြေကို ဘာနာမည်ပေးရမလဲ..”
ခဏအကြာတွင်း ခေါင်းယမ်းလိုက်၏။ သူရွှေးချယ်လိုက်သည့် နာမည်ကို ချုးယွီဟွာနှင့် သူ၏တပည့်များ ကန့်ကွက်ကြမည်မှာ ကျိန်းသေပင်။ ထို့ကြောင့် ဤနယ်မြေကို သူတို့အား နာမည်ပေးစေရန် ချန်လှပ်ထားလိုက်၏။
“ဒီနှုန်းနဲ့ဆိုရင် နှစ်တွေ အရမ်းမကြာလောက်ဘူး”
ဟွမ်းသည် နယ်မြေတွင် သက်ဝင်လှုပ်ရှားနေသည်များကို ကြည့်ကာရေရွတ်လိုက်၏။ သူသည် ရွှေရောင်သစ်ပင်ငယ်နှင့် ဤနယ်မြေကို ချိတ်ဆက်ပေးရုံမျှ သာလုပ်ဆောင်ခဲ့ပြီး ထိုနှစ်ခု အပြည့်အဝပေါင်းစပ်သွားရန်လည်း အချိန်လိုအပ်သေးသည်။ ထို့နောက် ဟွမ်းသည် ကျေနပ်သွားသည့်အလား ပြုံးကာ ပြင်ပနယ်မြေသို့ ပြန်လည်ထွက်လာခဲ့သည်။
“ဟွမ်း..”
“စီနီယာအစ်ကို..”
ဟွမ်းပြန်လည်ရောက်ရှိလာချိန်တွင် ချုးယွီဟွာနှင့် မော့ရွှယ်အာသည် နှုတ်ဆက်လိုက်ကြ၏။ သူမတို့ထံမှ ပေါ်ထွက်နေသည့် အရှိအဝါများသည် အဆင့်ငါးသို့ရောက်ရှိနေကြောင်းပြသနေသည်။ ယွဲ့ဝူယောင်သည် အဆင့်သုံးတွင် ရှိနေပြီး ကျန်တပည့်သုံးဦးသည် အဆင့်နှစ်သို့ရောက်ရှိနေကြပြီဖြစ်သည်။
ဟွမ်းသည် သူတို့အား လေးလေးနက်နက်ပြောလိုက်၏။
“မင်းတို့ အသင့်ပြင်ထားကြ မကြာခင် ဒီကုန်းမြေကနေထွက်ခွာမယ်”
“ဟုတ်ကဲ့..”
ယွဲ့ဝူယောင်တို့သည့် ပြိုင်တူပြောလိုက်ကြသည်။ နောက်ရက်များတွင် ချုးယွီဟွာနှင့် လုရှင်းယန်တို့သည့် သူတို့၏ ဖခင်များကို နှုတ်ဆက်ရန် လင်းယွမ်နယ်မြေသို့ ပြန်သွားကြသည်။ ဟွမ်းနှင့် မော့ရွှယ်အာမှအပ အခြားလူငယ်များလည်း လိုက်ပါသွားကြသည်။ သူတို့နှစ်ဦးသည် နယ်ပယ်ဖြတ်ကျော်ခြင်းအစီအရင်ကို တည်ဆောက်နေကြ၏။ မော့ရွှယ်အာသည် အဆင့်ငါးပင်ရောက်ရှိလာပြီမို့ အစီအရင်ပြုလုပ်ရသည့် အခက်အခဲသည် လျော့နည်းသွားပြီဖြစ်သည်။
သူတို့သည် လေဟာနယ်သင်္ဘောရရှိထားပြီး ဖြစ်သော်လည်း ဤအစီအရင် တည်ဆောက်နေရခြင်း အကြောင်းအရင်းမှာ ဟွမ်း၏ နယ်မြေတိုးတက်လာချိန်တွင် ထျန်းယွမ်ကုန်းမြေမှ ကျင့်ကြံသူများ ပြောင်းရွှေ့လာနိုင်ရန်ဖြစ်သည်။
တစ်ပတ်ခန့်ကြာပြီးနောက်တွင် ချုးယွီဟွာတို့သည် ပြန်လည်ရောက်ရှိလာကြ၏။ သူမ၏ပုံစံသည် ဝမ်းနည်းဟန်ရှိသော်လည်း စိတ်ပိုင်းဖြတ်ထားသည့် မျက်ဝန်းများကို တွေ့မြင်နိုင်သည်။
“ရောင်းရင်းဟွမ်း..”
ရှင်းဝေ့ကျန်းတို့သည် ဟွမ်းယွီအိမ်တော်သို့ရောက်ရှိလာကြ၏။ ချီမင်ယောင်သည် အဆင့်သုံးပင်ရောက်ရှိသွားပြီး ကျန်သုံးဦးသည် အဆင့်နှစ်သို့ရောက်ရှိနေကြသည်။
“ကျုပ်တို့ ထျန်းယွမ်ကုန်းမြေကနေ ဒီနေ့ပဲ ထွက်ခွာလိမ့်မယ်..”
ဟွမ်းသည် ထိုလေးဦးရောက်ရှိလာပြီးနောက် ပြောကြားလိုက်၏။ ရှင်းဝေ့ကျန်းတို့သည် ထိုနေ့ရက်မျိုးရောက်လာမည်ကို သိရှိထားသော်လည်း လက်တွေ့တွင်ရောက်ရှိလာပြီမို့ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
“ခင်ဗျားတို့က ဒီကုန်းမြေက ကျင့်ကြံသူတွေကို ပူးပေါင်းချင်တဲ့သူတွေကို စုထားလိုက်ပါ၊ အချိန်တစ်ခုရောက်လို့ နယ်မြေဖွင့်ဖြိုးလာရင် ပြောင်းရွှေ့ဖို့ စီစဉ်ပေးမယ်”
ဟွမ်းသည် သူတို့အား ညွှန်ကြားချက်ပေးလိုက်သည်။ ရှင်းဝေ့ကျန်းတို့သည် ဟွမ်း၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ ထျန်းယွမ်ကုန်းမြေ၏ ကျင့်ကြံသူအားလုံးတွင် ပြောင်းရွှေလိုသူများရှိသော်လည်း ဤနေရာတွင်သာ နေထိုင်မည့်သူများလည်း ရှိပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် စီစစ်ခွဲထုတ်ထားစေလိုခြင်းဖြစ်သည်။ ရှင်းဝေ့ကျန်းသည် နားလည်သည့် အမူအရာပြလိုက်၏။
“စီနီယာ..၊ နယ်မြေရဲ့ နာမည်နဲ့ တည်ထောင်မဲ့ အဖွဲ့အစည်းနာမည် ရွေးချယ်ပြီးသွားပြီလား..”
ထိုက်ဟုန်ကျွင်းသည် မေးမြန်းလိုက်၏။
“နယ်မြေရဲ့ နာမည်က လင်းရှန် နယ်မြေပဲ”
ဟွမ်းသည် လေးနက်စွာပြောလိုက်၏။ သူသည် တပည့်များကို ခေါ်ကာ နယ်မြေကိုပြသခဲ့ပြီး အမည်ပေးရန် စဉ်းစားခိုင်းခဲ့သည်။ သို့သော် တစ်ယောက်တစ်ပေါက်ပေးသည့် နာမည်များကို စိတ်တိုင်းမကျခဲ့ချေ။ ထိုအချိန်တွင် ချုးယွီဟွာသည် ဟွမ်း၏ အမူအယာကို သတိထားမိပြီး မေူမြန်းလိုက်သည်။
“စီနီယာအစ်ကို့ရဲ့ စိတ်ထဲမှာ နာမည်တစ်ခုရွေးပြီးသားမလား”
“လင်းရှန် နယ်မြေ”
ဟွမ်းသည် ခေါင်းညိတ်လိုက်ကာ တပည့်များရှေ့တွင် ထုတ်ပြောလိုက်သည်။ သူသည် ခရမ်းလမျိုးနွယ်၏ ဘိုးဘေးအကြီးအကဲဖြစ်သူ ယွဲ့လင်းရှန်ကို အမှတ်ရနေသောကြောင့် ထိုနာမည်ကို စဉ်းစားခဲ့ခြင်းဖြစ်၏။ ထို့အပြင် ယွဲ့လင်းရှန်သည် ဤနယ်မြေကို သန့်စင်ပေးခဲ့သူလည်းဖြစ်သည်။ တပည့်များလည်း သဘောကျသွားကြ၏။
“လင်းရှန်နယ်မြေလား..”
လက်ရှိတွင် ထိုက်ဟုန်ကျွင်းတို့သည် တီးတိုးရေရွတ်လိုက်ကြ၏။ နတ်ဝိညာဉ်နယ်မြေ ဆိုသည့်အဓိပ္ပါယ်ပင်။
“အကြီးအကဲ..”
ဟွမ်းယွီအိမ်တော်အတွင်းသို့ အဝါရောင်ဖျော့ဖျော့ဝတ်စုံနှင့် အမျိုးသမီးငယ်လေးတစ်ဦးပြေးဝင်လာခဲ့သည်။ လင်းအိမ်တော်၏ ပါရမီရှင်လေး လင်းယိုဟန်ပင်။
“အကြီးအကဲ..၊ ကျွန်မ ပြင်ပနယ်မြေကို လိုက်ခဲ့ချင်ပါတယ်”
လင်းယိုဟန်၏ စကားကြောင့် အံ့ဩသွားသူမှာ လျှိုမင်ယွမ်ပင်။ ထိုမိန်းကလေး၏ အတွေးများအား လိုက်မမှီနိုင်ခဲ့ချေ။
ဟွမ်း ထိုမိန်းကလေးကို ကြည့်ကာ အချိန်အနည်းငယ်စဉ်းစားလိုက်ပြီးနောက် မေးခွန်းထုတ်လိုက်၏။
“မင်းရဲ့ လင်းအိမ်တော်က သဘောတူရဲ့လား..”
“ဟုတ်ကဲ့..၊ အဖေ့ရဲ့ ခွင့်ပြုချက်ရခဲ့ပါတယ်”
လင်းယိုဟန်သည် အစောတလျင်ဖြေလိုက်၏။ လင်းထျန်းတောက်သည် သူ၏ သမီးအား ထိုသို့အန္တရာယ်များသည့် လမ်းကို မလျှောက်လှမ်းစေချင်ပေ။ သို့သော် ဟွမ်း၏နောက်ကို လိုက်နိုင်ပါက ထျန်းယွမ်ကုန်းမြေတွင် ရှိသည်ထက်ပို၍ တိုးတက်လာနိုင်သည်။ ထို့ကြောင့် ထျန်းယွမ်ကုန်းမြေတွင် ချည်နှောင်မထားပဲ လိုက်ပါခွင့်ပြုလိုက်၏။
“ကောင်းပြီ..အခုထွက်ခွာကြစို့..”
ဟွမ်းသည် အားလုံးကို ကြည့်ကာ ဆိုလိုက်၏။ လင်းယိုဟန် စိတ်လှုပ်ရှားသွားသည်။ ဟွမ်း ထိုသို့ အလွယ်တကူ လိုက်ပါခွင့်ပြုမည်ဟု မထင်ထားခဲ့ပေ။ လျှိုမင်ယွမ်လည်း ထိုမိန်းကလေးသည် ဆုံးဖြတ်ချက်ကို အံ့ဩဆွံ့အနေသော်လည်း ဝင်ရောက်ပြောဆိုခြင်း မပြုပေ။ ရှင်းဝေ့ကျန်းတို့သည် နှုတ်ဆက်လိုက်ကြ၏။ သူတို့၏ စိတ်တွင်တော့ နောက်တစ်ချိန်ဖြစ်ပေါ်လာမည့် လင်းရှန် နယ်မြေအကြောင်းတွေးကာ စိတ်လှုပ်ရှားနေကြသည်။
အရှေ့ပိုင်းနယ်မြေတွင် ဝမ်မုန့်ယွင်သည် လေဟာနယ်သင်္ဘောကို ဝိညာဉ်ကျောက်တုံးများနှင့် အားဖြည့်နေ၏။ ဝမ်ရွှမ်းနှင့် ဝမ်ရှီးလည်း ကူညီပေးနေသည်။ ထိုအချိန်တွင် သင်္ဘောထက်သို့ ပုံရိပ်ရှစ်ခု ကျဆင်းလာ၏။
“အကြီးအကဲ ရောက်လာပြီလား..”
ဝမ်မုန့်ယွင်သည် အလျင်စလိုရောက်လာကာ ဆီးကြိုလိုက်၏။ ထိုအချိန်တွင် ချုးယွီဟွာနှင့် မောရွှယ်အာ၏ ကျင့်ကြံမှုအဆင့်ကို ခံစားမိကာ အံ့ဩသွားသည်။ ထိုမျှ အချိန်တိုအတွင်း အဆင့်ငါးသို့ ရောက်ရှိသွားမည်ဟု မထင်ထားမိချေ။
သက်တံ့ရောက်ကြာပန်း၏ ပွင့်ချပ်နှင့်ပင် အဆင့်လေးမှ အဆင့်ငါးသို့ အလွယ်တကူမတက်ရောက်နိုင်ချေ။ သို့သော် ချုးယွီဟွာ အချိန်တံခါးအတွင်းရှိခဲ့သည်ကတည်းက အဆင့်ငါးရောက်လုဆဲဆဲဖြစ်နေခဲ့သည်။ မော့ရွှယ်အာသည်လည်း နတ်ဆိုးသရဖူနှင့် ပေါင်းစပ်ပြီးနောက် သူမ၏ စွမ်းအင်များ အလျင်အမြန်တိုးတက်လာခဲ့၏။ သက်တံ့ရောင်ပွင့်ချပ်သည် ထိုမိန်းကလေးနှစ်ဦးအား အဆင့်ငါးသို့တက်ရောက်မည့် အလွှာအား ချိုးဖြတ်ပေးခဲ့ခြင်းသာ ဖြစ်သည်။
“အကြီးအကဲ ဒီသင်္ဘောနဲ့ ရှယီကုန်းမြေကို တိုက်ရိုက်သွားဖို့ဆိုရင် ပြသနာများလိမ့်မယ်”
ဝမ်မုန့်ယွင်သည် အလေးအနက်ပြောလိုက်၏။