← Chapters

ဂျပန်မှ ထွက်ခွာခြင်း

Vol. 4 Ch. 387

ဂျပန်မှ ထွက်ခွာခြင်း

Vol. 4 Ch. 387

"မစ်ဆုကူဇူ သေပြီ ..."

ထိုသတင်းကား အရှေ့အာရှ နိုင်ငံရေးသမာများ အကြား၌ လှုပ်ခတ်သွာစေခဲ့သည်။

မစ်ဆုကာဇူမှာ မစ်ဆု လုပ်ငန်းစု၏ သူဌေးဖြစ်သည့် အပြင် စစ်ပြီးခေတ် ဂျပန်နိုင်ငံ ရွှေရောင်ခေတ်ကို ထုဆစ်ခဲ့သူများထဲမှ တစ်ဦးဟု ဆိုနိုင်သည်။

သူတည်ထောင်ခဲ့သည့် မစ်ဆု လုပ်ငန်းစုကြီးမှာလည်း ဂျပန်နိုင်ငံ၏ အဓိက စီးပွားရေး ထောက်တိုင် တစ်ခု ဖြစ်သည်။ ထိုလုပ်ငန်းစုမှ ဆိုနီ၊ တိုယိုတာ၊ တိုရှီဘာ စသည့် ကုမ္ပဏီများကား တစ်ကမ္ဘာလုံး အတိုင်းအတာထိပင် ကျော်ကြားသည်။

သို့သော်လည်း ထိုသို့သော ဂန္ဓဝင် ပုဂ္ဂိုလ်ကြီးကား ချန်းပေ့ရွှမ်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရချေပြီ။

အရှေ့အာရှရှိ ခေါင်းဆောင်များစွာမှာ ထိုသတင်းအား ကြားသည်နှင့် အလွန် ကြောက်လန့်နေကြတော့သည်။

ချန်းဖန် ပထမဆုံးဦး သတ်ဖြတ်ခဲ့သည့် တာကီမီယာ ဟီရို၊ သခင်ကြီး စုဆမ်နို၊ ဆယ့်လေးခုမြောက် ကြည်းတပ်၏ စစ်သားများ စသူတို့မှာ နိုင်ငံရေး အသိုင်းအဝိုင်းနှင့် တိုက်ရိုက် ပတ်သက်နေသည့် လူများ မဟုတ်ကြသော်လည်း မစ်ဆုကာဇူမှာမူ အထက်တန်းလွှာများ ကြားတွင်ပင် စံပြ ပုဂ္ဂိုလ် တစ်ယောက်ဟု ဆိုနိုင်သည်။ ထို့ကြောင့်ပင် သူ၏ သေဆုံးခြင်းက နိုင်ငံရေး သမားများ၊ သူဌေးကြီးများကို အကြီးအကျယ် လှုပ်ရှားစေခဲ့သည်။

ဥပမာ လီမိသားစု ခေါင်းဆောင်ဆိုလျှင် ထိုသတင်းအား ကြားသည်နှင့် သတိလစ်မတတ်ပင် ဖြစ်ခဲ့ရသည်။ သူနှင့် ချန်းပေ့ရွှမ်း အကြားတွင် ရန်မီးအနည်းငယ် ရှိဖူးရာ ချန်းပေ့ရွှမ်း သူထံသို့ ရောက်လာမည်အား အမြဲပင် စိုးရိမ်နေခဲ့တော့သည်။

ဂျပန်ဝန်ကြီးချုပ် ကိုယ်တိုင်သည်လည်း အလွန်ပင် ကြောက်လန့်နေခဲ့၏။ သူက ချန်းပေ့ရွှမ်းနှင့် ပတ်သက်၍ တရားမျှတစွာ စီရင်ပေးရန် အမေရိကန် စစ်တပ်ကိုပင် အပူတပြင်း တိုက်တွန်းနေခဲ့သည်။

သို့သော်လည်း သူတို့ ထင်မထားစွာပင် ချန်းဖန်ကား ပင်လယ်ခရီးဖြင့် တရုတ်သို့ ပြန်နေခဲ့ပြီ ဖြစ်၏။

မစ်ဆုကာဇူ၏ သေဆုံးမှုက ဂျပန်ခေါင်းဆောင်များ အတွက် သင်ခန်းစာ တစ်ခုဖြစ်ပေလိမ့်မည်။ ချန်းဖန်အား နောက်တစ်ကြိမ် တိုက်ခိုက်ရန် အကြောင်းပေါ်လျှင်ပင် နှစ်ကြိမ် ပြန်၍ စဉ်းစားကြပေလိမ့်မည်။

"ဆရာချန်း ... မိန်းကလေး ယူကီရှီရို ... စားသောက်ပွဲက စတင်ပါတော့မယ်။ မိန်းကလေး ကင်ဂျန်ယုက ဧည့်သည်တွေ အားလုံးအတွက် ဖျော်ဖြေပေးမှာပါ။ ဆရာတို့ နှစ်ယောက် စိတ်ဝင်စားလား မသိဘူး ခင်ဗျ ..."

သင်္ဘော၏ မန်နေဂျာမှာ ယဉ်ကျေးပုံရသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက ချန်းဖန်နှင့် ယူကီရှီရိုဆာတို့ကို ယဉ်ကျေးစွာဖြင့် မေးလိုက်သည်။

ချန်းဖန်တို့ကား "အဲလီဇဘက် ဘုရင်မကြီး" ဟု အမည်ပေးထားသည့် သင်္ဘောကြီး တစ်စီးပေါ်တွင် ရှိနေခြင်း ဖြစ်သည်။

ထိုသင်္ဘောကြီးမှာ ဟောင်ကောင် - တရုတ် - ကိုရီးယား - ဂျပန် ခရီးစဉ်ကို ပြေးဆွဲနေခြင်း ဖြစ်သည်။ ခရီးစဉ် တစ်ခုလုံးမှာ ဆယ်ရက်ခန့် ကြာမြင့်ပြီ ဖြစ်သည်။ သင်္ဘောမှာ တန်ချိန် သုံးသောင်းခန့်သာ အလေးချိန်ရှိရာ ဟောင်ကောင်တွင် ချန်းဖန် စီးဖူးသည့် ရေမင်းသမီး သင်္ဘောထက် အနည်းငယ် သေးငယ်သည်။ သို့သော်လည်း အဲလိဇဘက်၏ အတွင်းပိုင်း အပြင်အဆင်များမှာမူ ရေမင်းသမီးနှင့် မကွာခြားပေ။ ချန်းဖန်နှင့် ယူကီရှီရိုဆာတို့မှာ သင်္ဘော စားသောက်ပွဲသို့ တက်ရောက်ခွင့် ရှိသည့် အထူးတန်းလက်မှတ် (VIP) ကို ဖြတ်ထားခြင်း ဖြစ်သည်။

"ကင်ဂျန်ယု ..."

ချန်းဖန်က  ထိုနာမည်ကို တီးတိုး ရေရွတ်လိုက်သည်။

အလွန် နာမည်ကြီးသော အနုပညာရှင်များမှာ သင်္ဘောများပေါ်သို့ လာခဲ့သည်။ ချန်းဖန် ယွမ်ချင်းချင်းနှင့်ပင် ရေမင်းသမီး သင်္ဘောပေါ်တွင် ဆုံခဲ့ရသည့် အကြောင်းရင်းမှာ နင်းသားအဖ ဦးစီး ကျင်းပသော ပါတီပွဲ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။

"ကောင်းပြီလေ ... ခုအချိန်က အပန်းဖြေရမဲ့ အချိန်ပဲ ..."

ယူကီရှီရိုဆာ၏ တလက်လက် တောက်ပနေသော မျက်လုံးများအား ကြည့်ရင်း ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

ဂျပန်သို့ ရောက်ချိန်မှ စ၍ တိုက်ပွဲများစွာကို တရစပ် တိုက်ခိုက်ခဲ့ရသည်။ သူ့အနေဖြင့် ကောင်းမွန်စွာ အိပ်စက်ရသော ညပင် မရှိခဲ့ချေ။ တင်းမာသော အခြေအနေ များကြောင့် အမြဲတမ်း သတိမလစ်အောင် ဂရုစိုက်ခဲ့ရသည်။

သို့သော်လည်း ယခုတွင်မူ သူတို့ စီးလာသည့် သင်္ဘောမှာ ဂျပန် ရေပိုင်နက်မှ ထွက်ခွာတော့မည် ဖြစ်သလို တရုတ်ပင်လယ် ရောက်ရန်မှာလည်း သိပ်မဝေးတော့ချေ။ ထို့ကြောင့်ပင် ချန်းဖန်က စိတ်ကို လျှော့လိုက်ခြင်း ဖြစ်သည်။

"ကောင်းပါပြီ ... ဖိတ်စာကို ချက်ချင်း ပို့လိုက်ပါ့မယ်။ စားသောက်ပွဲမှာ ပျော်ရွှင်ပါစေနော် ..."

မန်နေဂျာက အနည်းငယ် ဦးညွှတ်ရင်း ထွက်ခွာ သွားတော့သည်။

မန်နေဂျာ ထွက်ခွာ သွားသည်နှင့် ယူကီရှီရိုဆာက မျက်မှောင်ကြုတ်လိုက်ရင်း ...

"ဆရာ ... စားသောက်ပွဲမှာ ကျွန်မတို့ကို သိနေတဲ့သူတွေ ရှိရင် ဘယ်လိုလုပ်မလဲ ..."

"အဲဒီတော့ရော ဘာဖြစ်လဲကွာ။ သင်္ဘောက ဂျပန် ရေပိုင်နက်က ထွက်တော့မှာပဲဟာ။ သူတို့က တိုက်လေယာဉ်တွေ လွှတ်လိုက်မှာ စိုးရိမ်နေတာလား ..."

ချန်းဖန်က ရယ်မောရင်း ဆက်ပြောလိုက်၏။

"ငါထွက်သွားတယ် ဆိုတာ သိရင် ဂျပန်တွေ ပျော်တောင်နေဦးမှာပါ ..."

ချန်းဖန်၏ နောက်ဆုံး စကားက ယူကီရှီရိုဆာအား အနည်းငယ် အံ့အားသင့် သွားစေသည်။ သို့သော်လည်း ထိုစကားက အမှန်ဖြစ်ကြောင်း သူမ လက်ခံလိုက်မိသည်။

အကယ်၍ ချန်းဖန်သာ ဂျပန်တွင် ဆက်နေခဲ့ပါက ဝန်ကြီးချုပ် အနေဖြင့် ကျိန်းသေ ခေါင်းကိုက်ပေလိမ့်မည်။ ချန်းဖန် မည်သည့် ဆိုးဆိုးဝါးဝါး အရာများ ပြုလုပ်မည် ဖြစ်ကြောင်း မည်သူမျှ မသိကြချေ။ ထို့ကြောင့် ချန်းဖန် ဂျပန်မှ ထွက်ခွာသွားခြင်းက သူတို့အား စိတ်သက်သာရာ ရစေပေလိမ့်မည်။

"အင်အားကြီး နိုင်ငံ တစ်ခုတောင် ဆရာ့လက်မှာ ကစဉ့်ကလျား ဖြစ်ခဲ့ရတယ်။ ဆရာ ... ရှင်က တကယ့် ချီးထုပ်ကြီးပဲ ..."

ယူကီရှီရိုဆာ  ထိုအတွေးကို စိတ်ထဲတွင် သိမ်းဆည်းရင်း ချန်းဖန်အား လေးစားစွာ ကြည့်လိုက်မိသည်။ ချန်းဖန်၏ စွမ်းအားအပေါ် သူမ၏ သံသယ အားလုံးကား အငွေ့ပျံသွားခဲ့ပြီ ဖြစ်သည်။

"ငါ့ကိုပဲ ကြည့်မနေနဲ့။ လုပ်စရာရှိတာ လုပ်ထား။ ငါတို့ စားသောက်ပွဲကို သွားရဦးမယ်လေ"

ချန်းဖန်က မိန်းကလေး၏ ခေါင်းကို ပုတ်ရင်း ဆက်ပြောလိုက်သည်။

"အာ ... မေ့လို့ ... ငါ့ကို ဆရာလို့ ဆက်မခေါ်နဲ့တော့။ အဲဒါက တစ်မျိုးကြီးပဲ။ သခင်လေးလို့ပဲ ခေါ်တော့"

"ဟုတ်ကဲ့ပါ ... ဆ ... သခင်လေး ..."

ယူကီရှီရိုဆာက ခေါင်းငုံ့ရင်း ပြန်ပြောလိုက်သည်။ သူမကား နှစ်ပေါင်းများစွာ အမိန့်နာခံစေရန် လေ့ကျင့်ထားသည့် အစေခံ မိန်းကလေး တစ်ဦး အလားပင်။

***

စားသောက်ပွဲကား အဲလိဇဘက် သင်္ဘောပေါ်ရှိ အကြီး ခန်းမတွင် ကျင်းပမည် ဖြစ်သည်။

သင်္ဘောပေါ်ရှိ လူအများစုမှာ ကမ္ဘာ့ အနှံ့အပြားမှ အထက်တန်းစားများ ဖြစ်ကြသည်။ ထိုအထဲတွင် ဟောင်ကောင်မှ ဆယ်လီများ၊ အရှေ့တောင် အာရှမှ သူဌေးကြီးများ၊ ကိုရီးယားနှင့် ကျောင်းဟိုင်မှ အထက်တန်းစားများ ပါဝင်နေသည်။

သင်္ဘောကား ဆိပ်ကမ်းများစွာတွင် မကြာခဏ ရပ်လေ့ရှိရာ အဆင့်၊ အတက် လုပ်သူများစွာ ရှိသည်။ သို့သော်လည်း မီလျံ ဆယ်ချီ၍ ချမ်းသာသူများသာ စားသောက်ပွဲကို ဖိတ်ခေါ်ခံရခြင်း ဖြစ်သည်။

"ငါကြားတာတော့ မိန်းကလေး ကင်ဂျန်ယုက ဖျော်ဖြေမယ်တဲ့။ ကိုရီးယားမှာ သင်္ဘောရပ်တုန်းက သူတက်ခဲ့တာဆိုပဲ။ သင်္ဘောပေါ်ကို ရောက်ရောက်ချင်းမှာပဲ သင်္ဘောမန်နေဂျာက သူ့ကို ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ခဲ့တာတဲ့ ..."

ဝိုင်ခွက် တစ်ခွက်ကို ကိုင်ထားသည့် ယောက်ျား တစ်ယောက်က ပြောလိုက်သည်။

"ကင်ဂျန်ယုက အရမ်း နာမည်ကြီးတယ်နော်။ အင်တာနက် တစ်ခုလုံးဆို သူ့ရဲ့ သီချင်းတွေချည်းပဲ။ ငါ့ရဲ့ အသေးလေးဆို သူ့ရဲ့ အကြီးစား ပရိသတ်ပေါ့။ သူနဲ့တွေ့ရရင် ဓာတ်ပုံရိုက်ဖို့ ခွင့်တောင်းရဦးမယ်"

အဆီများပြည့်နေသော မျက်နှာရှိသည့် သူဌေးကြီး တစ်ဦးကလည်း ပြောလိုက်သည်။

ချန်းဖန်နှင့် ယူကီရှီရိုဆာတို့မှာ အဝတ်အစား လဲပြီးသည်နှင့် ခန်းမအတွင်း ဝင်လာကာ လူအုပ်နှင့် ရောနှောလိုက်သည်။

ဂျပန် အစိုးရ၏ ကွန်ယက်မှ ရှောင်ရှားရန် ချန်းဖန်မှာ သာမန် ကောလိပ် ကျောင်းသား တစ်ယောက် အသွင် ပြန်လည်ပြောင်းလဲ ထားခဲ့သည်။ သူနှင့် ယူကီရှီရိုဆာတို့ကား ငယ်ရွယ်သည့် စုံတွဲတစ်တွဲနှင့်ပင် တူနေသေးသည်။

ယူကီရှီရိုဆာမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ နူးညံ့သော ပခုံးသားများအား ဖော်ထားသည်။ သို့သော်လည်း သူမ၏ အခြား အစိတ်အပိုင်းများကမူ လုံခြုံစွာပင် ဖုံးကွယ်ထားသည်။ သူမ၏ လှပသော ရုပ်ရည်နှင့် လိုက်ဖက်သော ဝတ်ဆင်မှုက လူများစွာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။

ချန်းဖန်၏ ပုံစံမှာမူ သာမန်သာ ဖြစ်သော်လည်း သူ့အား အထင်သေးရဲသူ မရှိပေ။ ယခု စားသောက်ပွဲသို့ တက်ရောက်ခွင့် ရသူတိုင်းကား ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်များသာ မဟုတ်ပါလား။

လူတိုင်းက ချန်းဖန်အား ကြည့်၍ တရုတ်၏ အချမ်းသာဆုံး မိသားစုမှ ဆက်ခံသူ တစ်ယောက် ဖြစ်လိမ့်မည်ဟု မှတ်ချက်ချကြသည်။ သို့မဟုတ်လျှင် ယခုကဲ့သို့ အလွန်အမင်း လှပသော ကောင်မလေးကို ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။

သူတို့ နှစ်ယောက်က ဝိုင်ခွက်နှစ်ခွက်ကို ကောက်ယူကာ စားပွဲဝိုင်း တစ်ခုတွင် ထိုင်လိုက်ကြသည်။ သူတို့ နှစ်ယောက် ထိုင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က တအံ့တဩ အော်ဟစ်လိုက်၏။

"မိန်းကလေး ယူကီရှီရို ..."

ချန်းဖန်က လှည့်ကြည့်ရာ အသက်လတ် လူတစ်ယောက် သူတို့ထံ လာနေသည်ကို မြင်လိုက်ရသည်။ သူ၏ နောက်တွင်မူ သက်တော်စောင့် နှစ်ယောက် ပါလာသည်။ ထိုနှစ်ယောက်မှာ အတွင်းအား ပညာရှင်များ ဖြစ်ကြောင်း ခပ်ဝေးဝေးမှပင် ချန်းဖန် သတိထားမိလိုက်သည်။

"မစ္စတာချီ ... "

ယူကီရှီရိုဆာမှာလည်း ထိုအသက်လတ်လူအား သိပုံရသည်။ သူမက ကပျာကယာ ချန်းဖန်ဘက်သို့ လှည့်ရင်း မိတ်ဆက်ပေးလိုက်သည်။

"သခင်လေး ... သူက ချီဝမ်စန်းရဲ့ အဖေ ချီတုန်ရှန်းပါ"

"သူက ချီတုန်ရှန်းလား ..."

ချန်းဖန်က အသက်လတ်လူအား အသိအမှတ်ပြုဟန် ကြည့်လိုက်သည်။

ချီတုန်းရှန်းကမူ ချန်းဖန်အား သတိထားမိပုံ မရချေ။ သူက ယူကီရှီရိုဆာအား ပြုံးရွှင်စွာ ကြည့်လိုက်ရင်း ...

"မိန်းကလေး ယူကီရှီရို ... တိုက်ဆိုင်လိုက်တာ။ အားလုံး အဆင်ပြေရဲလား"

"ပြေပါတယ် ... ကျေးဇူးပါပဲ"

ယူကီရှီရိုဆာက အေးစက်စွာ ပြန်ပြောလိုက်သည်။

ချီတုန်ရှန်းမှာ ချန်းဖန် သူငယ်ချင်း၏ အဖေဖြစ်နေခြင်း ကြောင့်သာ ယခုထိ သူမ စကားပြန်ပြောနေခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် လှည့်ပင် ကြည့်မိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ချီတုန်ရှန်းကမူ ယူကီရှိရိုဆာ၏ အေးစက်မှုကို အမှုထားဟန် မရချေ။

ထို့နောက်တွင်မှ သူက ချန်းဖန်အား သတိထားမိဟန် ရသွားကာ မေးလိုက်သည်။

"မင်းကို မြင်ဖူးသလိုပဲ။ မင်းအဖေက ဘယ်သူများလဲကွ ..."

"ကျွန်တော်က ချီဝမ်စန်းရဲ့ အခန်းဖော် ချန်းဖန်ပါ"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း တရုတ်ဘာသာဖြင့် ပြောလိုက်သည်။

"အာဟ ... မင်းကို မမှတ်မိတဲ့အတွက် တောင်းပန်ပါတယ်ကွာ။ မင်းက ဓာတ်ပုံထဲက ရုပ်နဲ့ သိပ်မတူလို့ပါ"

ချီတုန်ရှန်းက တောင်းပန်လိုက်သည့်တိုင် သူ၏ အသံကမူ အထင်သေးမှုများ အထင်းသားပင်။

ချီတုန်ရှန်း၏ အပြုအမူက ချန်းဖန်၏ မျက်ခုံးများကို ပိုမို တောင့်တင်းသွားစေသည်။

ချီတုန်ရှန်းက အဘယ်ကြောင့် သူ့အား မမှတ်မိရသနည်း။ ချီဝမ်စန်းက သူ၏ အဖေအား တစ်ခုမျှ မပြောပြထားသည်လား။ ချီဝမ်စန်းက မပြောပြလျှင်ပင် သတင်းပို့မည့် ထိပ်ပြောင်ကြီး မန်ကျောင်း ရှိနေသေးသည် မဟုတ်ပါလား။

All Chapters