ရန်ချင်ဟူ ရောက်ရှိလာမှု
Vol. 4 Ch. 388
"မိန်းကလေး ယူကီရှီရို ... ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတွေရဲ့ စားပွဲဝိုင်းမှာ လိုက်ပြီး ထိုင်ပေးနိုင်မလား"
ချီတုန်ရှန်းက ချန်းဖန်အား ဂရုမစိုက်တော့ပဲ ယူကီရှီရိုတာဘက်သို့ လှည့်၍ ပြောလိုက်သည်။
"နောက်ပြီး ဆရာ ကီတ နီဝါကာဝါနဲ့လည်း ကျွန်တော် တွေ့ချင်သေးတယ်။ မိန်းကလေးသာ သူနဲ့ မိတ်ဆက်ပေးရင် ကျွန်တော် တကယ် ပျော်မိမှာပါ"
သူ၏ စကားကြောင့် ယူကီရှီရိုဆာ အနည်းငယ် အံ့အားသင့်သွားသည်။
"မစ္စတာချီ ... ကီတ နီဝါကာဝါက သေသွားပါပြီ"
ယူကီရှီရိုဆာက ဖြူရော်ရော် ပြုံးရင်း ပြောလိုက်သည်။
"ဘယ်လို ..."
ချီတုန်ရှန်းကား ထိုသင်းကြောင့် အံ့အားသင့်သွားပုံ ပေါ်သည်။
"ဆရာ ကီတ နီဝါကာဝါက ဂျပန်ရဲ့ အစွမ်းအထက်ဆုံး ကင်ဒို မာစတာ တစ်ယောက်ပဲလေ။ သူ့ကို ဘယ်သူက သတ်နိုင်တာလဲ"
ချီတုန်ရှန်းက စိတ်ပျက်စွာ မေးလိုက်သည်။
ချန်းဖန်က မည်သို့မျှ ဝင်မပြောဘဲ သူတို့၏ အပြုအမူများကို အကဲခတ် နေခဲ့သည်။ ကြည့်ရသည်မှာ ချီတုန်ရှန်း အနေဖြင့် ဂျပန်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စ အလုံးစုံကို သိပုံမရချေ။
ယူကီရှီရိုဆာက ချန်းဖန်အား တစ်ချက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"ဂျပန်မှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို ရှင်မကြားဘူးလား။ ကီတ နီဝါကာဝါ သေတဲ့ အပြင် ယူကီရှီရို မိသားစုလည်း ပျက်စီးသွားပြီ"
"ဂျပန်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ"
ချီတုန်ရှန်းက တအံ့တဩ မေးလိုက်သည်။
"ဂျပန်မှာ ထူးထူးခြားခြား ဆိုလို့ ဆရာချန်းနဲ့ ဓားသူတော်စင်တို့ရဲ့ တိုက်ပွဲပဲ ရှိတာမလား။ သူတို့ တိုကျိုမျှော်စင်ကိုတောင် ဖျက်ဆီးလိုက်တယ်လေ"
ချီတုန်ရှန်းက ပြောရင်း သက်ပြင်း တစ်ချက်ချလိုက်သည်။ သူ ဂျပန်သို့ ရောက်သည်က ဆယ်ရက်မျှသာ ရှိသေးသည်။ ထိုအတောအတွင်း ဂျပန် ကင်ဒိုမာစတာ များစွာထံသို့ သွားကာ ရန်ချင်ဟူနှင့် ရင်ဆိုင်ရန် အကူအညီ တောင်းချင်ခဲ့သော်လည်း အဆင်မပြေခဲ့ချေ။ ဂျပန် ပညာရှင်များစွာမှာ ချန်းပေ့ရွှမ်း ကိစ္စနှင့် လုံးပမ်းနေရရာ ဧည့်သည်နှင့်တွေ့ရန် အချိန် မရခဲ့ချေ။
ချီတုန်ရှန်းက ဖြူရော်စွာပြုံးရင် ဆက်ပြောလိုက်သည်။
"ဆရာ ကီတ နီဝါကာဝါကို အကူအညီတောင်းဖို့ ကျုပ်တွေးထားတာ။ သူ သေသွားပြီဆိုတာ ခုထိ မယံနိုင်သေးဘူး။ အခု ဘာလုပ်ရတော့မှာလဲ။ တုန်ရှန်း လုပ်ငန်းစုက တကယ်ပဲ အဆုံးသတ်ရ တော့မှာလား"
ယူကီရှီရိုဆာနှင့် ချန်းဖန်တို့က တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်မိသည်။ ချီတုန်ရှန်း အနေဖြင့် ဂျပန်တွင် ဖြစ်ပျက်ခဲ့သော အရာများအား မသိသေးသည်မှာ ထင်ရှားနေသည်။
အကယ်၍ ချန်းပေ့ရွှမ်းက သူ့အား ကူညီပေးလိမ့်မည် ဖြစ်ကြောင်းသာ သူသိလျှင် ယခုကဲ့သို့ ဂျပန်သို့လာကာ အကူအညီ တောင်းခဲ့လိမ့်မည် မဟုတ်ချေ။
"မစ္စတာချီ ... ချီဝမ်စန်းက ရှင့်ကို ဘာမှ ပြောပြမထားဘူးလား"
ယူကီရှီရိုဆာက မေးလိုက်သည်။
"ကျွန်တော် အိမ်ကို မပြန်ဖြစ်တာတောင် ကြာပြီ။ သူတို့နဲ့တောင် မဆက်သွယ်ဖြစ်ဘူး။ ဒါနဲ့ စကားမစပ် ... မိန်းကလေး ယူကီရှီရို ... ကျုပ်တို့ပြောထားတဲ့ လက်ထပ်ပွဲ ကမ်းလှမ်းမှုကို ဘယ်လို သဘောရသေးလဲ မသိဘူး။ ကျွန်တော်ကတော့ ပြောပြီးသား စကားကို ပြန်ရုပ်သိမ်းမှာ မဟုတ်ပါဘူး"
ချီတုန်ရှန်းက ယူကီရှီရိုဆာအား အားကိုးတကြီး ကြည့်ရင်း မေးလိုက်သည်။ သူ၏ အပြုအမူက ရေနစ်သော လူတစ်ယောက်က နောက်ဆုံး ကောက်ရိုးမျှင်ကို ဆွဲနေသည့် အလားပင်။
သူ့အနေဖြင့် ဂျပန်တွင် ရှိသည့် အထွတ်အထိပ် အဆင့်များအား ဖိတ်ခေါ်ရန် အသည်းအသန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အဆင်မပြေခဲ့ချေ။ ထို့ကြောင့်ပင် ယူကီရှီရိုတာက သူ၏ နောက်ဆုံး မျှော်လင့်ချက်ပင်။
ယူကီရှီရိုဆာက တစ်ခုခု ပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဖျော်ဖြေပွဲ စတင်ကြောင်း ကြေညာသံက ထွက်ပေါ်လာခဲ့သည်။ ထိုအသံအား ကြားသည်နှင့် ချီတုန်ရှန်းက စားသောက်ပွဲပြီးမှ ဆက်လက် ဆွေးနွေးရန် ပြောဆိုပြီး ထွက်ခွာသွားတော့သည်။
ချီတုန်ရှန်း ထွက်သွားသည်နှင့် ယူကီရှီရိုဆာက ချန်းဖန်ဘက်သို့ လှည့်ရင်း ပြောလိုက်သည်။
"ချီဝမ်စန်းက သူ့အဖေကို ဘာမှ မပြောပြထားဘူး ထင်တယ်။ မဟုတ်ရင် သူက သခင်လေးကို ခုလို ဆက်ဆံမှာ မဟုတ်ဘူး"
"အင်း ... ချီတုန်ရှန်းက ချီဝမ်စန်း ပြောတာကို မယုံတာလည်း ဖြစ်နိုင်တာပဲ မလား"
ချန်းဖန်က ခေါင်းအား ခါယမ်းရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ ... အဲဒီကိစ္စကို ထားလိုက်။ ရှိုးပွဲကိုပဲ ကြည့်ရအောင်"
ချန်းဖန်အနေဖြင့် ထိုသို့သော ကိစ္စများအပေါ် အာရုံ သိပ်မရှိချေ။ ထို့ကြောင့်ပင် ယူကီရှီရိုဆာနှင့် အတူ ဖျော်ဖြေပွဲကိုသာ အာရုံစိုက်လိုက် ကြတော့သည်။
ယခု ဖျော်ဖြေ နေကြသူများကား ကေပေါ့ (K - pop) အဖွဲ့တစ်ခု ဖြစ်သည်။ သို့သော်လည်း ဧည့်သည် အများစုမှာ ကင်ဂျန်ယု ဖျော်ဖြေမည့် အလှည့်ကိုသာ စိတ်ဝင်စား နေကြသည်။
"ဒီမိန်းကလေးတွေပြီးရင် ကင်ဂျန်ယု သီချင်းဆိုတော့မယ် ထင်တယ်နော်"
"ကင်ဂျန်ယုကို ကြည့်ချင်လို့ လာခဲ့တာကွ။ ဒီလို ဖျော်ဖြေပွဲတွေက ရိုးအီနေပြီ။ ကင်ဂျန်ယု မြန်မြန် လာပါတော့"
"ကင်ဂျန်ယုက ရုပ်ချောသလို အသံကလည်း အရမ်းကောင်းတာ။ သေချာတယ်။ ကင်ဂျန်ယုက တစ်နေ့မှာ စူပါစတား တစ်ယောက် ဖြစ်လာမှာ"
ဤသို့ဖြင့် နောက်ဆုံး၌ ကင်ဂျန်ယု စင်ပေါ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ရုတ်တရက် အားပေး ဆူညံသံများဖြင့် အခန်းတစ်ခုလုံး ပြည့်နှက် သွားတော့သည်။
ကင်ဂျန်ယုကား အညိုရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခန္ဓာကိုယ် အချိုးအကွေးများမှာမူ မီးအလင်းရောင်များ အောက်၌ ထင်ရှားစွာ ပေါ်လွင်နေ၏။ သူမကား လရောင်အောက်၌ အစွမ်းကုန် ဖူးပွင့်နေသည့် ကြာပန်းတစ်ပွင့် အလားပင်။
"သူက ကင်ဂျန်ယုကိုး ... ငါ့ရဲ့ အတိတ်ဘဝတုန်းက သူ့ရဲ့ သီချင်းတွေကို ကြိုက်ခဲ့သေးတယ်"
အတိတ်ဘဝမှ မှတ်ဉာဏ်များက ချန်းဖန်၏ ဦးခေါင်းအတွင်း ပြန်လည် ရောက်ရှိလာခဲ့သည်။ ကင်ဂျန်ယု၏ "လူဝင်စားခြင်း" ဆိုသော သီချင်းဆိုလျှင် ချန်းဖန် အတော်လေး ကြိုက်ခဲ့ဖူးသည်။
"နှစ်ထောင်ချီ ကြာအောင် အဝေးကနေ လွမ်းဆွတ်ခဲ့ရတယ် ... ဒီဘဝမှာတော့ မင်းနဲ့ အတူတူ ပြန်ဆုံဆည်းခွင့် ရခဲ့ပြီ ... နောက်နှစ်ငါးရာ ကြာတဲ့အခါ ငါချစ်ရတဲ့ အပြုံးတွေနဲ့ အတူ ..."
ထိုသီချင်းကား ကင်ဂျန်ယုကို အလွန်အမင်း အောင်မြင်စေခဲ့သည်။ ထိုသီချင်း၏ ရစ်သမ်၊ မယ်လိုဒီများမှာ သူမ၏ ရုပ်ရည်၊ အသံတို့နှင့် ပြည့်စုံစွာ လိုက်ဖက်လွန်းသည်။ အချိန်များ ခြားနားနေသော အချစ်ကို ထိမိအောင် ပုံဖော်ထားသော ထိုသီချင်းကား လူတိုင်း၏ ရင်ကို စူးနစ်စွာ ထိမိစေသည်။
သူမ သီချင်း ဆိုပြီးသည်နှင့် အားပေးသံများဖြင့် စီစီညံ သွားတော့သည်။ သူမက သာမန်သာ ပြုံးလိုက်သော်လည်း မျက်လုံးများကမူ မည်မျှ ဂုဏ်ယူနေကြောင်း ဖော်ပြနေသည်။
ချန်းဖန်က သူမကို ကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ကင်ဂျန်ယုထံမှ ရင်းနှီးနေသော စွမ်းအား တစ်ခုကို သူ သတိထားမိသည်။ ထိုစွမ်းအားက ယွမ်ချင်းချင်း၏ လက်ကောက်နှင့် တော်တော်လေး ဆင်တူသည်။ ချန်းဖန်က ကင်ဂျန်ယုအား သေစေချာချာ စစ်ဆေးကြည့်လိုက်ရာ ပုတီးလည်ဆွဲ တစ်ခုအား သတိထားမိလိုက်သည်။
"ဒါက ... အရိုးခေါင်း ဘုရားကျောင်းရဲ့ အစီအရင် တစ်ခုပဲလား ..."
ချန်းဖန်က ခေါင်းအားခါရင်း ဆက်တွေးလိုက်သည်။
"ဖျော်ဖြေရေး လောကက တကယ့်ကို မနာလိုတဲ့သူ ပေါတာပဲ။ ဒီလည်ဆွဲကိုသာ ဆက်ဆွဲထားမယ် ဆိုရင် မကြာခင် ကျဆုံးသွားမှာပဲ"
ချန်းဖန် အနေဖြင့် သူ၏ အတိတ်ဘဝက ကင်ဂျန်ယူ၏ အဖြစ်အပျက်များအား ပြန်လည် သတိရမိလာသည်။ ထိုလည်ဆွဲက သူမအား အဆုံးထိ ဆွဲချခဲ့သည်။
သို့သော်လည်း ချန်းဖန်မှာ မတရားမှု တွေ့တိုင်း ဝင်ပါရလောက်သည် အထိ ဖြောင့်မှန်သူ မဟုတ်ချေ။ သူ့အနေဖြင့် ထိုမိန်းကလေးအား သိသော်လည်း ထိုကိစ္စတွင်မူ ဝင်ပါရန် အကြောင်းရင်း မရှိချေ။
ကင်ဂျန်ယု အခြား သီချင်းတစ်ပုဒ်ဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ခန်းမအတွင်းသို့ အနက်ရောင်ဝတ် လူများ ဝင်ရောက်လာသည်။ ထိုတစ်ရာခန့် ရှိသော လူများက စားပွဲများအား တွန်းဖယ်ရင်း ရှေ့သို့ အတင်းတိုးဝင် လာကြသည်။
"မင်းတို့က ဘယ်သူတွေလဲ ..."
တစ်စုံတစ်ယောက်က ဝတ်စုံနက်များအား တင်းမာစွာ မေးလိုက်သည်။
"မင်းကိစ္စမပါဘူး။ ဝေးဝေးသွားစမ်း"
အနက်ရောင်ဝတ် လူတစ်ယောက်က အေးစက်စွာ ပြန်ပြောလိုက်သည်။
ပထမလူက တစ်ခုခု ပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဘေးမှ လူတစ်ယောက်က တားဆီးလိုက်သည်။
"သွားမလုပ်နဲ့ကွ။ သူတို့က ဖူဟိုင် လုပ်ငန်းစုက လူတွေ။ မင်း သူတို့ကို ဆန့်ကျင်ရင် သင်္ဘောပေါ်ကနေ ပစ်ချ ခံရလိမ့်မယ်"
သူ၏ စကားက ပထမလူအား ပါးစပ်ပိတ်သွားစေသည်။
အနက်ရောင်ဝတ် လူများက မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ချီတုန်ရှန်းထံ ဦးတည် သွားလိုက်ရင်း ...
"သခင်ကြီးချီ ... သခင်ကြီးတင်းက သခင်ကြီးချီကို တွေ့ချင်နေပါတယ်"
"ဟမ့် ... တင်းဖူဟိုင် ငါ့ကို တွေ့ချင်ရင် သူလာခဲ့ပါလား။ ငါက ဘာလို့ သူ့ဆီသွားရမှာလဲ"
ချီတုန်ရှန်းက စားပွဲအား ထုရိုက်ရင်း ပြန်ပြောလိုက်သည်။ သူ၏ အစောင့်နှစ်ယောက်မှာလည်း တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ဝတ်စုံနက်လူများက စတင်လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာပင် အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"ချီတုန်ရှန်း ... မင်းဒီမှာ ငါနဲ့ တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူးမလား။ ဂျပန်နဲ့ အဆက်အသွယ်ရှိတာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား"
အသံနှင့်အတူ ဝတုတ်တုတ်၊ တရုတ်ရိုးရာ ပန်းပွင့်ရိုက် အင်္ကျီ ဝတ်ဆင်ထားသော လူတစ်ယောက် ဝင်လာသည်။ သူ၏ လက်တစ်ဖက်တွင်မူ ကျောက်စိမ်းတုံးနှစ်ခုကို လှည့်ကစား နေခဲ့သည်။ သူ၏ နောက်တွင်မူ သာမန် အဝတ်အစားနှင့် လူတစ်ယောက် လိုက်ပါလာ၏။
သူတို့ နှစ်ယောက် အခန်းအတွင်း ရောက်လာသည်နှင့် အနက်ရောင် သက်တော်စောင့်များက တညီတညွတ်တည်း နှုတ်ဆက်လိုက်သည်။
"ကြိုဆိုပါတယ် ... သခင်ကြီးတင်းနဲ့ သခင်ကြီးရန် ..."
ထိုနာမည်များက လူများစွာအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ကင်ဂျန်ယုပင်လျှင် စိတ်လှုပ်ရှား နေဟန်ရသည်။
ချီတုန်ရှန်းကား တင်းဖူဟိုင်ကို တွေ့စဉ်က တည်ငြိမ် နေသေးသော်လည်း သူ့နောက်မှ လူအား တွေ့သည်နှင့် မျက်နှာတစ်ခုလုံး ဖြူရော်သွားတော့သည်။
"ရန်ချင်ဟူ ..."
"ဟုတ်တယ် ... သူက သခင်ကြီးရန်ပဲ ..."
တင်းဖူဟိုင်က ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။
"ချီတုန်ရှန်း ... သခင်ကြီးရန်က မင်းတောင်းပန်တာကို လိုချင်ခဲ့တာ။ ဒါပေမဲ့ မင်း ဘာလုပ်ခဲ့လဲ ကြည့်စမ်း။ ဂျပန်ကိုလာပြီး အကူအညီ လာတောင်းနေတယ်။ ကဲ အခု ... သခင်ကြီးရန် ဒီမှာရှိနေပြီ။ မင်း ဘာလုပ်မလဲ"
ချီတုန်ရှန်းကား မျက်နှာ တစ်ခုလုံး မည်းမှောင်နေခဲ့ပြီ ဖြစ်သည်။ သူ၏ သက်တော်စောင့် နှစ်ယောက်မှာလည်း အံများကို တင်းတင်းကြိတ်ကာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသော်လည်း သူတို့၏ မျက်လုံးများကမူ ကြောက်လန့်ခြင်းများ အထင်းသား ပေါ်နေခဲ့သည်။
သူတို့၏ ရန်သူကား ကောင်းကင် စာအုပ်၏ နံပါတ်နှစ်ဆယ်တွင် ရှိသည့် ရန်ချင်ဟူ ဖြစ်သည်။ သူတို့မှာမူ အတွင်းအား ထိပ်သီး အဆင့်သို့ပင် မရောက်သေးသည့် သာမန် သိုင်းပညာရှင်လေးများ ဖြစ်ကြသည်။
ရန်ချင်ဟူက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ချီတုန်ရှန်းထံ လျှောက်လာရင်း ...
"ချီတုန်ရှန်း ... မင်းနဲ့ ဖူဟိုင် လုပ်ငန်းစုကြားက ပြဿနာကို ငါစိတ်မဝင်စားဘူး။ မင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ငါတို့ နယ်မြေထဲက ရုပ်သိမ်းပြီး ယွမ်တစ်ဆယ် ဘီလျံ လျော်ကြေးပေးမယ် ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်"
ချီတုန်ရှန်းက တိတ်ဆိတ်စွာ စဉ်းစား နေသော်လည်း သူ၏ နှလုံးမှာမူ အဆက်မပြတ် ခုန်နေခဲ့ပြီ ဖြစ်သည်။
***