← Chapters

တိုက်ကွက် တစ်ကွက်၏ အစွမ်း

Vol. 4 Ch. 389

တိုက်ကွက် တစ်ကွက်၏ အစွမ်း

Vol. 4 Ch. 389

ချီတုန်ရှန်းကား သင်္ဘောပေါ်၌ ထိုလူများနှင့် တွေ့ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ သူ့အနေဖြင့် ဂျပန်သို့သွားကြောင်း မည်သူမျှ မသိစေရန် အလွန် ဂရုစိုက်ခဲ့သည်။ ပတ်ပို့စ် စစ်ဆေးမှုများကို မခံယူချင်သောကြောင့် လေကြောင်း လမ်းခရီးကိုပင် မရွေးချယ် ခဲ့ချေ။ ထို့အစား အပျော်စီး သင်္ဘောဖြင့်သာ ခရီးသွားခဲ့သည်။

သို့တိုင် တင်းဖူဟိုင်က သူ့အား မည်သို့ သတိထားမိ သွားသနည်း။

"တုန်ရှန်း လုင်ငန်းစုထဲမှာ သစ္စာဖောက် တစ်ယောက်ယောက်တော့ ရှိရမယ်"

ချီတုန်ရှန်း စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။ တုန်ရှန်း လုပ်ငန်းစု အတွင်းလူ တစ်ယောက်ကြောင့်သာ မဟုတ်လျှင် တင်းဖူဟိုင်တို့ သတင်းရစရာ အကြောင်း မရှိချေ။

"သခင်ကြီး ရန် ... နားလည်မှု လွဲသွားခဲ့ရင် တောင်းပန်ပါတယ် ဗျာ။ ကျွန်တော်နဲ့ ဖူဟိုင် ကြားက ပြဿနာလေးအတွက် တရုတ်မြောက်ပိုင်း နယ်စပ်က လာခဲ့ရတာ တကယ်ပဲ အားနာမိပါတယ်"

ချီတုန်ရှန်းက ရန်ချင်ဟူအား အနည်းငယ် မြှောက်ပင့်၍ ပြောလိုက်သည်။

သူ၏စကားက ခန်းမအတွင်းရှိ လူများအား တစ်ခုခုကို သတိရသွားစေသည်။

"သူက တရုတ်မြောက်ပိုင်းက ရန်ချင်ဟူ ... ကျားရဲ သခင်ကြီးရန်လား ..."

"သူက တရုတ် - ရုရှား နယ်စပ်ကို စိုးမိုးနေတာ ကြာပြီမလား ... ဘာလို့ ဒီကို ရောက်လာတာလဲ"

"ချီတုန်ရှန်းတော့ ဒုက္ခနဲ့လှလှ တွေ့တာပဲ။ သခင်ကြီးရန်က မလွယ်ဘူး"

လူများစွာက ချီတုန်ရှန်းအား ကြည့်ကာ ခေါင်းခါမိကြသည်။ ရန်ချင်ဟူ ဆိုသော ဖြစ်တည်မှုက ချီတုန်ရှန်း အတွက် မည်သို့မျှ ယှဉ်၍ မရနိုင်သော အရာဖြစ်သည် မဟုတ်ပါလား။

သင်္ဘော၏ မန်နေဂျာသည် ထိုအဖြစ်အပျက်အား သူ၏ သူဌေးထံ အစီရင်ခံရန် ကပျာကယာ ထွက်ခွာသွားခဲ့၏။ သခင်ကြီး ရန်ချင်ဟူ သင်္ဘောပေါ်သို့ ရောက်ရှိလာသည် ဆိုသော သတင်းက အလွန်ပင် အရေးကြီးလှသည်။

ကင်ဂျယုကလည်း စတိတ်ပေါ်မှ ဆင်းကာ လူကြားထဲသို့ တိုးသွားလိုက်၏။ လူတိုင်းက ရန်ချင်ဟူ အပေါ်တွင် စိတ်ရောက်နေရာ သူမအား သတိမထား မိကြတော့ချေ။ သူမက သင်္ဘောပေါ်၌ အငယ်ရွယ်ဆုံး စုံတွဲ ဖြစ်ဟန်တူသည့် ချန်းဖန်နှင့် ယူကီရှီရိုဆာတို့ ဘေးနားသို့ သွားကာ ထိုင်လိုက်သည်။

"ဟဲ့ ... အဲဒီကိစ္စကို နင် ဘယ်လိုမြင်လဲ"

သူမက ချန်းဖန်အနား တိုးကပ်ကာ ပခုံးဖြင့်တိုက်ရင်း မေးလိုက်သည်။

"ကျွန်တော့်ကို ပြောတာလား ... ကျွန်တော့်ကို သိလို့လား"

ချန်းဖန်က ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်သွားသည်။ ထိုမိန်းကလေး မေးလိုက်သော ပုံစံက သူငယ်ချင်း အရင်းကြီးလိုပင်။

"အာ ... နင့်ဘေးမှာ ဒီလောက်လှတဲ့ ကောင်မလေး ရှိနေတော့ ငါသတိထားမိတာပေါ့"

ကင်ဂျန်ယုက ပြန်ဖြေလိုက်သည်။ သူမမှာ ယခုမှ စတင်၍ နာမည်ရလာခြင်း ဖြစ်ရာ ယွမ်ချင်းချင်း၊ လီရှင်းရုတို့ကဲ့သို့ မရင့်ကျက်သေးပေ။ သူမကား ပရော်ဖက်ရှင်နယ် အဆိုတော် တစ်ယောက်ထက် ကောလိပ်ကျောင်းသူ တစ်ယောက်နှင့်ပင် ပို၍ တူနေသေးသည်။

"ငါ့အမြင်အရ ဆိုရင်တော့ ဒီပွဲက ရန်ချင်ဟူရဲ့ ပွဲပဲ။ ငါက ရှင်းမြို့မှာ မွေးတာဆိုတော့ အဲဒီ ကျားရဲ သခင်ကြီးရန် အကြောင်းကို အမြဲကြားဖူးတယ်ဟ။ ငါတို့ဘက်မှာဆို သခင်ကြီးရန်ဆိုတာနဲ့ ဒူးတုန်နေကြတာ"

နှုတ်ပိတ်နေသော ချန်းဖန်ကို ကြည့်၍ ကင်ဂျန်ယုက သူမဘာသာ ပြောလိုက်သည်။

"ဟမ့် ... သခင်လေးက အဲဒီဘက်က မဟုတ်တာ သူကံကောင်းတယ်။ သူ့အဆင့်နဲ့ဆို သခင်လေးရဲ့ ဖိနပ်ကိုင်ဖို့တောင် မတန်ဘူး"

ယူကီရှီရိုဆာက ဂရုမစိုက်ဟန်ဖြင့် ဝင်ပြောလိုက်သည်။

ချန်းဖန်ပင် ယူကီရှီရိုဆာ၏ မှတ်ချက် စကားကြောင့် အနည်းငယ် လန့်သွားမိသည်။ ထိုမိန်းကလေးကား ခူးရှူးကျွန်း မြေအောက်ကမ္ဘာကို စိုးမိုးခဲ့သူဟူ၍ မပြောရချေ။ အမှန်တကယ်ပင် သတ္တိရှိလွန်းသည်။

"ဟဟ ... တစ်ခါတုန်းက သခင်ကြီးရန်နဲ့ ယှဉ်ပြိုင်ဖို့ဆိုပြီး ရှင်းမြို့ကို မြင်းရိုင်းလေး တစ်ကောင် ရောက်လာသေးတယ်။ နောက်ဆုံး သူပဲ ခြေထောက် နှစ်ချောင်းလုံး ကျိုးပြီး ပြန်သွားရတယ်။ သူ့ရဲ့ အစွမ်းထက်ပါတယ် ဆိုတဲ့ မိသားစုတောင် သခင်ကြီးရန်ကို ဘာမှ မပြောရဲဘူး"

ကင်ဂျန်ယုက ပြုံးစိစိလုပ်ရင်း ဆက်ပြောလိုက်သည်။

"သခင်ကြီးရန်က ပိုလာဝက်ဝံတစ်ကောင် ကိုတောင် လက်ဗလာနဲ့ သတ်ဖူးတယ်။ နောက်ပြီး လူတွေ အများကြီးကိုလည်း တစ်ပြိုင်နက် တိုက်ခိုက်နိုင်တယ်။ ငါတို့ဘက်မှာဆို သူ့ကို မကြောက်တဲ့သူ မရှိဘူး"

"အင်း ခင်ဗျားမှန်တယ်။ ရန်ချင်ဟူက ကောင်းကင်စာအုပ်မှာ နံပါတ်နှစ်ဆယ်ရှိတဲ့ သိုင်းသမား တစ်ယောက်ပဲဟာ။ သာမန် သူဌေးကြီးတွေက သူ့ကိုလန့်တာ မထူးဆန်းပါဘူး"

ချန်းဖန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

အထွတ်အထိပ် ပညာရှင်ထဲတွင်  အားအနည်းဆုံးဟု ဆိုနိုင်သည့် လုထျန်းဖန်ပင်လျှင် လင်းမြိုတော်နှင့် ထျန်းနန်ပြည်နယ် တစ်ခုလုံးကို စိုးမိုးနိုင်ခဲ့သေးရာ ရန်ချင်ဟူကဲ့သို့သော လူအနေဖြင့် နယ်ပယ်ဒေသ တစ်ခုကို စိုးမိုးနိုင်သည်က မထူးဆန်းချေ။

"အင်း ဟုတ်တယ် ... ကောင်းကင် ဘာဆိုလား ... ငါလည်း ကြားပါတယ် ... ဒါပေမဲ့ အဲဒါက ပေါတောတောကြီးပါဟာ ..."

ကင်ဂျန်ယု၏ ပေါ့ပျက်ပျက် စကားက သူမ၏ ဗဟုသုတ နည်းပါးမှုကို ဖော်ပြနေသည်။ ချန်းဖန်က ထိုမိန်းကလေး၏ စကားကို နားထောင်ရင်း ခေါင်းကိုသာ ခါယမ်းမိတော့၏။

ထိုအချိန်မှာပင် ရန်ချင်ဟူ၏ စကားက ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။

"ချီတုန်ရှန်း ... ငါ အချိန်မဖြုန်းချင်ဘူး။ ငါ့ကို ပိုက်ဆံပေးပြီး မြန်မြန်သွားတော့။ နောက်ထပ် မင်းနဲ့ ဖူဟိုင်ကြားမှာ ဘာဖြစ်ဖြစ် ငါဝင်မပါတော့ဘူးလို့ ကတိပေးတယ်။ မင်းဘက်က မလိုက်လျောချင်ဘူး ဆိုရင်တော့ ငါ အကြမ်းဖက်ရလိမ့်မယ်"

သူ၏ စကားလုံးများက တရုတ်မြောက်ပိုင်း၊ ဆောင်းရာသီမှ လေထုအလား အေးစက်နေခဲ့၏။ လူတိုင်းက သူ၏ စကားထဲမှ ခြိမ်းခြောက်မှုကို ခံစား၍ ရနေခဲ့သည်။

ထိုအချိန်၌ တင်းဖူဟိုင်၏ မျက်နှာက တဖြည်းဖြည်း ပြုံးရွှင်နေသလောက် ချီတုန်ရှန်း၏ မျက်နှာမှာမူ တဖြည်းဖြည်း မည်းမှောင်လာခဲ့သည်။

"မွေးစားအဖေ ... ဘာလို့ အချိန်ဖြုန်းနေတာလဲ။ သူတို့ကို သင်ခန်းစာ ပေးလိုက်ရအောင်။ သူတို့က ခြိမ်းခြောက်ရဲရအောင် ဘာတွေမို့လို့လဲ"

ရုတ်တရက် အသံတစ်ခုက ချီတုန်ရှန်း၏ နောက်မှ ထွက်ပေါ်လာသည်။

လူတိုင်းက စကားသံ ထွက်ပေါ်လာသည့် နေရာအား စိတ်ဝင်စားစွာ ကြည့်ရာ စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။

ယောက်ျားလေးမှာ အရပ်ရှည်ကာ ခန့်ညားသော ရုပ်ရည်ရှိသည်။ မိန်းကလေးကမူ သူမ၏ ဆံပင်များကို မြင်းမြီးပုံသဏ္ဌာန် စည်းနှောင်ထားသည်။

စကားပြောလိုက် သူကား မြင်းမြီးဆံပင်နှင့် မိန်းကလေးပင် ဖြစ်သည်။

မိန်းကလေး၏ စကားက ချီတုန်ရှန်းအား  ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်စေသည်။ ထိုကလေး နှစ်ယောက်ကား သူ၏ မွေးစားသားနဲ့ သမီးဟုပင် ဆိုနိုင်သည်။

ထိုနှစ်ယောက်မှာ ရန်ကျင်းမြို့နှင့် သိပ်မဝေးသည့် ထျန်းကျင်းဝေမြို့တွင် နေထိုင်ကြသည်။ ချမ်းသာသော အသိုင်းအဝိုင်းနှင့် အလိုလိုက်မှုများကြောင့် သူတို့ကား လိုတရနေသူများဟု ဆိုနိုင်သည်။ ထို့ကြောင့်ပင် သူတို့၏ မွေးစားအဖေ ဖြစ်သူအား အခြားတစ်ယောက်က အထက်စီးမှ ဆက်ဆံနေခြင်းမျိုး မခံလိုကြပေ။ အထူးသဖြင့် မြင်းမြီးဆံပင်နှင့် မိန်းကလေး ဖြစ်သည်။ သူမကား တိုက်ကွမ်ဒိုတွင် ခါးပတ်နက် အထိ ရရှိထားသည် ဖြစ်ရာ အလွန်ပင် ဘဝင်မြင့်နေခဲ့သည်။

"ရဲရင့်တဲ့ လူငယ်တွေပါလား ... ကျုပ်တကယ်ပဲ သဘောကျတယ်"

တင်းဖူဟိုင်က ရယ်မောလိုက်သည်။

ရန်ချင်ဟူကမူ အချိန်ဖြုန်းလိုဟန် မရချေ။ သူက နှာခေါင်း တစ်ချက်ရှုံ့ကာ စတင် တိုက်ခိုက်လိုက်သည်။

အထွတ်အထိပ်အဆင့် တစ်ယောက်ကို မလေးမစား ဆက်ဆံခွင့် သာမန်လူများ၌ မရှိချေ။

"ချမ်းသာပေးပါ ... သခင်ကြီးရန် ..."

ချီတုန်ရှန်းက အော်ဟစ် တောင်းပန် လိုက်သော်လည်း ရန်ချင်ဟူက ဂရုမစိုက်ချေ။

သူကား မရပ်တန့်နိုင်သော ရထားတစ်စင်း အလား လူငယ်နှစ်ယောက်ထံ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။

လူငယ်နှစ်ယောက်ကား ထိုအဘိုးအို၏ တိုးဝင်လာပုံကို တွေ့သည်နှင့် မျက်နှာများ ဖြူရော် သွားတော့သည်။ ထိုတိုက်ခိုက်မှုက အင်အားကြီးလွန်းသည်။ ကျိန်းသေ သူတို့ယှဉ်နိုင်သော အရာ မဟုတ်ချေ။

"ဘေးဖယ် ..."

လူငယ်က မိန်းကလေးအား တွန်းဖယ်ရင်း ရန်ချင်ဟူ၏ လက်ဝါးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဘုန်း ..."

ရန်ချင်ဟူကား အင်အား တစ်ဝက်ခန့်သာ သုံးထားသည့်တိုင် လူငယ်မှာ နောက်သို့ လွင့်စဉ်သွားခဲ့တော့သည်။ ရန်ချင်ဟူကဲ့သို့သော သူအား လူငယ်က မည်သို့ ယှဉ်နိုင်ပါမည်နည်း။

"ဝေါ့ ..."

လူငယ်က လဲကျနေရာမှ သွေးများ ပါးစပ်အပြည့် အန်လိုက်ရသည်။

အခန်းတစ်ခုလုံးကား လုံးဝ တိတ်ဆိတ်နေပြီ ဖြစ်၏။

လက်သီး တစ်ချက်ဖြင့် မီတာ နှစ်ဆယ်မျှ လွင့်စဉ်သွားစေခဲ့ခြင်း ...။ သာမန်လူများ အမြင်၌ ထိုလက်သီးချက်ကား အလွန်ပင် အစွမ်းထက်လွန်းသည်။

ထိုအချိန်၌ ချီတုန်ရှန်းမှာမူ မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူရော်နေခဲ့ပြီ ဖြစ်တော့သည်။

***

All Chapters