Chapter 49
Vol. 5 Ch. 49
လုထောင်လေးက ထိုအသံကိုကြားလိုက်ရသောအခါ ဤဝတ်စုံကို သူ(မ)ယူလိုက်လို့ရမလားဟု သူ(မ)၏ အမေကိုမေးဖို့ အမြန်ပြေးထွက်လာခဲ့လိုက်သည်။
ထင်မှတ်မထားပါဘဲ သာ့ဟွာရွာမှ အတွင်းရေးမှူးဟွမ်လည်းပါလာပြီး ချန်ဖန်းရှုနှင့် စကားပြောနေလေသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သာ့ဟွာရွာကို ဒုတိယရှေ့ပြေး တည်နေရာအဖြစ် အသုံးပြုရန် ရွာအဖွဲ့အစည်းက ဆုံးဖြတ်ချက် ချထားလေသည်။ သာ့ဟွာရွာ ပုံမှန်အခြေအနေသို့ ပြန်ရောက်ပါက ကျေးရွာနှစ်ခုကို အခြားထုတ်လုပ်ရေးအသင်းများကို ဦးဆောင်ဖို့အတွက် ဗဟိုပင်မအဖြစ်အသုံးပြုနိုင်လေသည်။
အပြန်လမ်းတွင် အတွင်းရေးမှူးဟွမ်က ချန်ဖန်းရှုကို သာ့ဟွာရွာသို့ သင်တန်းပို့ချပေးစေလိုကြောင်း ချန်ဖန်းရှုနှင့် ဆွေးနွေးလာခဲ့သည်။ အများဆုံးရှိလှ သူ့ကို နေ့တိုင်းလာကြိုပေးဖို့အတွက် လူတစ်ယောက်ရှာရုံသာဖြစ်ပြီး အဖွဲ့ဝင်များကို အုပ်စုလိုက်လာခိုင်းတာထက်စာလျှင် အများကြီးပိုသက်သောင့်သက်သာဖြစ်သည်။
လူကြီးများက အရေးကြီးကိစ္စများကြောင့် အလုပ်များနေသဖြင့် လုထောင်လည်း ဝင်မနှောင့်ယှက်တော့ဘဲ အမြီးလေးတစ်ချောင်းလိုသာ အနောက်ကလိုက်သွားလိုက်သည်။
ထိုအခြင်းအရာကိုမြင်သောအခါ ဟူချူးရှန်က ချန်ဖန်းရှုကို အမြန်လာကူညီပေးပြီး အတွင်းရေးမှူးဟွမ်ကို အိမ်ထဲကိုဝင်ထိုင်စေသည်။
အတွင်းရေးမှူးဟွမ်က မလိုအပ်ကြောင်း ပြောတော့မည့်ဆဲဆဲမှာပင် ကျယ်လောင်လှစွာသော အသံတစ်သံက အပြင်ဘက်လမ်းမဆီမှ ရုတ်တရက်ထွက်ပေါ်လာသည်။
"ရှုမျိုးရိုးက ဘယ်မိသားစုဆီမှာ ရှိတာလဲ။ ရှုမျိုးရိုးတွေ ထွက်ခဲ့ကြစမ်း"
လူအများအပြားက တစ်ချိန်တည်းမှာပင် တုံ့ခနဲရပ်တန့်သွားကြပြီး လုထောင်လေးကလည်း ပတ်ပတ်လည်ကိုကြည့်ရှုလိုက်လေသည်။
"ဘွားဘွားပဲ။ ဘွားဘွားက ဘာလို့ ဒီကိုရောက်နေတာလဲ"
အမျိုးသမီးလုက ဘာလို့ဒီကိုရောက်နေတာလဲ။
သူ(မ)က ရှုမိသားစုနှင့် စာရင်းရှင်းရန်အတွက် ရောက်လာခြင်းပင်။
လီချွန်းလန် ထွက်သွားပြီးနောက် သူ(မ)လည်း ချွေးမဖြစ်သူထံမှ သတင်းကို အိမ်ထဲကနေ စောင့်ဆိုင်းနေခဲ့သည်။ အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် လီချွန်းလန်က တစ်စုံတစ်ယောက်နှင့် ရန်ဖြစ်ရင်း မတော်တဆကိုယ်ဝန်ပျက်ကျသွားသည်ဟူသော သတင်းကို ချင်းရှန်ရွာထဲက ကြားလိုက်ရသည်။
လီချွန်းလန်၏ဗိုက်ထဲက ကလေးသည် သူ့မြေးလေးဖြစ်လေရာ သူ(မ) ဘယ်လိုလုပ်ပြီးတော့များ စိတ်မပူဘဲနေနိုင်မှာလဲ။
အမျိုးသမီးကြီးလုက သူ(မ)ကို ဆေးရုံလိုက်ပို့ပေးရန်အတွက် သူ့သားကို ခိုင်းလိုက်ပြီး သူ(မ)ကိုယ်တိုင်ကတော့ ချင်းရှန်ရွာကိုလာပြီး လက်သည်တရားခံနှင့် စာရင်းလာရှင်းခြင်းပင်။
ရှုလောင်စန်းက အိမ်မှာမရှိပေ။ ယခုမူ ရှုမိသားစုတွင်လည်း အမျိုးသမီးရှုနှင့် ရှုလောင်စန်း၏ မိန်းမတို့သာ ရှိသည်။
အမျိုးသမီးရှုကလည်း လူကောင်းတစ်ယောက်မဟုတ်ပေ။ အမျိုးသမီးလု အပြင်ဘက်တွင် အော်ဟစ်နေသည့်အသံကို ကြားလိုက်ရသောအခါ သူ(မ)ကလည်း လက်ထဲတွင် ဂေါ်ပြားတစ်ခုကိုကိုင်ပြီး ထွက်ချလာသည်။
နှစ်ယောက်သားဟာ တစ်ယောက်နှင့်တစ်ယောက်မသိသေးခင်မှာပင် စတင်စကားများနေကြလေရာ ပွဲကြည့်သူအမြောက်အများကို ဆွဲဆောင်လိုက်နိုင်သည်။
"ကြည့်လိုက်ဦး။ အဲ့ဒါက အမျိုးသမီးကြီးဖန်းရှုမဟုတ်လား။ ငါ့အထင်တော့ မိသားစုနှစ်စု စေ့စပ်တုန်းက သူ့ကိုမြင်ဖူးတယ်ထင်တာပဲ"
"မသိပါဘူး။ ဖန်းရှုရဲ့အမေသာဆိုရင် သူက ဘာလို့ ရှုလောင်စန်းကိုရှာနေမှာလဲ"
"ရှုလောင်စန်းက တစ်ခုခုလုပ်ထားတာများလား။ သူ ဖန်းရှုကို လုပ်ထားတာတော့…"
ထိုလူက ဘာစကားမှမပြောလိုက်သော်ငြား သူ့အကြည့်နှင့်ပင် လူတိုင်း နားလည်သွားကြသည်။
သို့သော် ထိုစကားလေးအနည်းငယ်ကပင် အမျိုးသမီးလုကို ဒေါသထွက်စေနိုင်သည်။ သူ(မ)က ချန်မိသားစုရှိရာဘက်သို့ ခေါင်းလှည့်လိုက်သည်။
သူ(မ)က ရှုမိသားစုနှင့် စာရင်းရှင်းဖို့သာ အားသန်နေသောကြောင့် ချန်ဖန်းရှုက ချန်မိသားစုအိမ်၏ တံခါးရှေ့တွင် ရှိနေလေကြောင်း သတိမထားမိလိုက်ပေ။
ချန်ဖန်းရှုက အေးတိအေးစက်အကြည့်ဖြင့် လာကြည့်နေသည်ကို မြင်သောအခါ သူ(မ)လည်း စိတ်လှုပ်ရှားသွားပြီး မေးခွန်းထုတ်လိုက်သည်။
"ချန်ဖန်းရှု.. နင် ရှုလောင်စန်းကိုလုပ်ခိုင်းလိုက်တာလား။ အဲ့လိုမှမဟုတ်ရင် ဒုတိယသားရဲ့မိန်းမက ကိုယ်ဝန်ပျက်ကျတဲ့ကိစ္စအတွက်နဲ့ နင့်ဆီကို ဘာလို့လာမှာလဲ"
ဤလူ့ကို အပြစ်တင်စရာ အကြောင်းမရှိပေ။ ချန်ဖန်းရှုက ရွာအစည်းအဝေးကိုသွားပြီး ယခုမှပြန်ရောက်လာကြောင်း လူတိုင်းသိသည်။
ဟူချူးရှန်ကလည်း ချက်ချင်းငြင်းချက် ထုတ်ပစ်လိုက်ချင်မိသည်။ မည်သို့ပင်ဖြစ်စေ လီချွန်းလန်က သူ(မ)ကို လာရှာခဲ့သည့်အတွက် သူ(မ) ရတက်မအေးဖြစ်နေရသည်။
ထင်မထားပါဘဲ ချန်ဖန်းရှုက သူ(မ)ထင်ထားတာထက် ပိုတည်ငြိမ်နေပေသည်။
သူ(မ)က အမျိုးသမီးကြီးလုကို တစ်ချက်မျှပင်မကြည့်ပါဘဲ အတွင်းရေးမှူးဟွမ်ကို ပြောလိုက်သည်။
"ကြည့်ရတာ ရှင်တို့အဖွဲ့ထဲက လူတွေက ကျွန်မကို တော်တော် သဘောမကျကြဘူးထင်တယ်။ ဒီတော့ ကျွန်မလည်း သင်ဖို့သွားမနေတော့ပါဘူး။ ရှင့်အဖွဲ့ထဲက သင်ချင်တဲ့လူတွေကိုပဲ လာနားထောင်ခိုင်းလိုက်တော့။ ကျွန်မကတော့ အတူတူပဲသင်ပေးမှာ"
ထိုအချိန်ဝယ် အတွင်းရေးမှူးဟွမ်၏ မျက်နှာကား စိမ်းဖန့်သွားချေသည်။
ရယ်ကျူဟွာသည် အကူအညီမဖြစ်ပါဘဲ အနှောင့်အယှက်သာ ပိုပေးတတ်သည်။ အဖွဲ့တစ်ခုလုံးကို တိုးတက်အောင် ဦးဆောင်ပေးနိုင်သည့်လူတစ်ယောက်ကို မောင်းထုတ်ပစ်လိုက်ရုံသာမက အဆုံးမှာ သူတို့အဖွဲ့ သင်ကြားရာနေရာတစ်နေရာကို ရှာတွေ့လိုက်ချိန်မှာပင် သူ(မ)က ပြဿနာရှာဖို့ ရောက်လာပြန်လေသည်။
အမျိုးသမီးကြီးလု စကားကြမ်းကြမ်းတမ်းတမ်းများ ထပ်ပြောမလာခင်မှာပင် သူက ဒေါသထွက်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။
"ရဲဘော်ရယ်ကျူဟွာ.. မင်းဘာတွေပြောနေတာလဲ"
ထို့အချိန်မှသာ အမျိုးသမီးကြီးလုကလည်း အတွင်းရေးမှူးဟွမ် ရှိနေလေကြောင်း သတိထားမိသွားသည်။ သူ(မ) ဆို့နင့်သွားရပြီး မေးကြည့်လိုက်သည်။
"အတွင်းရေးမှူး. ဒီကို ဘယ်လိုဖြစ်လို့ရောက်နေတာလဲ"
"ကျုပ် အခုလေးတင် ရွာအစည်းအဝေးက ပြန်လာပြီး ရဲဘော်ချန်ဖန်းရှုနဲ့ ကောက်ရိုးဦးထုပ် ရက်လုပ်ရေးနဲ့ပတ်သက်ပြီး သင်ကြားရေးကိစ္စ စကားလာပြောတာ"
အတွင်းရေးမှူးဟွမ်က "ကောက်ရိုးဦးထုပ်ရက်လုပ်ခြင်း"ဟူသော စကားလုံးများကို တမင်တကာဖိပြောလိုက်လေရာ သတိပေးချက်ကား ရှင်းနေပြီဖြစ်၏။
အမျိုးသမီးကြီးလုကလည်း ယခုရက်ပိုင်း အဖွဲ့ဝင်များက သူ(မ)တို့မိသားစုကို ဘယ်လိုသဘောထားနေသလဲဆိုသည့်အချက်နှင့် ယခုရက်ပိုင်း သူ့ကိုတာဝန်ပေးသည့်အလုပ်များက သိပ်မကောင်းလှကြောင်း လုကောဖု ပြောဖူးသည့်စကားများကိုပါ အမှတ်ရလိုက်သဖြင့် ပါးစပ်ပိတ်ထားလိုက်လေတော့သည်။
ချန်ဖန်းရှု ပြန်သွားသည်ဖြစ်စေ မပြန်သည်ဖြစ်စေ သူတို့ကတော့ သာ့ဟွာရွာထဲမှာ ဆက်နေရဦးမည်ဖြစ်၏။
သူ(မ)သာ အတွင်းရေးမှူးဟွမ်ကို စော်ကားမိသွားပြီး အတွင်းရေးမှူးဟွမ်က ကောဖုကို ခက်ခဲအောင် လုပ်လာခဲ့ပါက ကောဖု အလွန်စိတ်မကောင်းဖြစ်နေပေလိမ့်မည်။
အမျိုးသမီးကြီးလုခမျာ သူ(မ) ယခုလေးတင်ပြောလိုက်သောစကားကို နောင်တရနေမိသည်။ သို့သော် ချန်ဖန်းရှုကိုလည်း ဦးမညွှတ်ချင်သောကြောင့် သူ(မ)၏အာရုံကို အမျိုးသမီးရှုဆီသို့ ပြောင်းလဲပစ်လိုက်ပြီး သူတို့ဆေးကုသစရိတ် ပြန်လျော်ပေးဖို့ တောင်းနေလေသည်။
အမျိုးသမီးကြီးရှုကလည်း ယခုနားလည်သွားပြီဖြစ်၏။ ထိုအဘွားကြီးက သူတို့ချွေးမအတွက်နှင့် သူ(မ)တို့၏ မိသားစုကို လာပြိုင်ခဲ့သည့်အဘွားကြီးပင်။
ရန်ငြိုးဟောင်းရော ရန်ငြိုးအသစ်ပါပေါင်းပြီး သူ(မ)က လှောင်ပြောင်သရော်ကာ ရှုလောင်စန်း၏ မိန်းမကို အော်ဟစ်ပစ်လိုက်လေသည်။
"နင်က အိမ်ထဲမှာ ဘာလို့ပုန်းနေတာလဲ။ နင့်အဘွားကြီးအနိုင်ကျင့်ခံနေရတာကို ကြည့်နေတာလား။ နင် အခုချက်ချင်းထွက်လာပြီး သူ့ကို ကန်ထုတ်ပစ်လိုက်စမ်း"
ရှုလောင်စန်း၏ မိန်းမလည်း မတတ်သာတော့သဖြင့် ကြောက်လွန်းသဖြင့်ငိုယိုနေသော သူ့သမီးကို အကြီးဆုံးသမီးလက်ထဲ၌ ထားရစ်ခဲ့ပြီး ဖျန်ဖြေပေးရန်အလို့ငှာ ထွက်လာခဲ့လိုက်သည်။
ထိုတဒင်္ဂဝယ် လောင်ရှုတို့အိမ်ရှေ့တွင် ဝရုန်းသုန်းကားဖြစ်နေလေသည်။
ချန်ဖန်းရှုက အမျိုးသမီးကြီးနှစ်ယောက် ရန်သတ်နေတာကို ကြည့်ရမှာပျင်းလွန်းလှသဖြင့် သူ့နောက် တကောက်ကောက်လိုက်နေသော လုထောင်လေးကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"ထောင်ထောင်.. လိမ္မာနော်။ အိမ်ပြန်ပြီး မေမေ့ကိုစောင့်နေနော်"
လုထောင်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး သူ(မ)၏ ခြေထောက်တိုတိုလေးများဖြင့် ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ချိန်မှာပင် သူ(မ)နားထဲ၌ ယခင်အခေါက်တုန်းကထက် ပိုပြီးဖရိုဖရဲဖြစ်နေသော ဆစ်ခနဲ လျှပ်စစ်စီးသံတစ်သံကို ကြားလိုက်ရသည်။
[မဖြစ်ဘူး။ ဒီနေရာမှာရှိတဲ့ အချိန်နဲ့ဟင်းလင်းပြင်က မူလအနေအထားအတိုင်း မဟုတ်တော့ဘူး… သံလိုက်စက်ကွင်းကြောင့် နှောင့်ယှက်ခံလိုက်ရပြီ.. ဒီစနစ်က…ဇစ်.. ပုန်းအောင်းရတော့မယ်..ကိုယ်တိုင်ကာကွယ်ရေး..ဇစ်.. စတင်ရေတွက်မယ် တစ်ဆယ်..သုံး နှစ်..]
နောက်တစ်စက္ကန့်မှာပင် သူ(မ)ကို သွေးအေးသတ္တဝါတစ်ကောင်က စိုက်ကြည့်နေသည့်အလား ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားရသည်။
ကလေးများ၏ နှလုံးသားလေးများက ဖြူစင်ပြီး တစ်ခါတစ်ရံတွင် အလွန်အမင်းထိရှလွယ်ကြသည်။
လုထောင်လည်း ထိုအကြည့်ပေါ်ပေါက်လာသည်နှင့် ချက်ချင်းခံစားမိလိုက်သည်။
ချန်ဖန်းရှုလည်း ထိုအရာကို ခံစားမိသည်။
သူ(မ)က သူ(မ)၏သမီးကို အနောက်သို့ဆွဲပို့ကာ ကာပေးထားလိုက်ရင် နောက်လှည့်ကြည့်လိုက်သည်။
ရှုမိသားစုအိမ်ရှေ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေချေသည်။ ရှုမိသားစု တတိယချွေးမသည် မြေကြီးပေါ်သို့ လဲကျသွားပြီး ခေါင်းက တံခါးခုံနှင့် ရိုက်မိသွားခဲ့လေရာ အဖုအကြီးကြီး ထသွားလေသည်။ သူ(မ)၏ ခြောက်နှစ်သမီးလေးကမူ သူ(မ)ကိုကူညီဖို့ကြိုးစားရင်း ဖိချထားခံရပြီး အငယ်မလေးကတော့ မြေကြီးပေါ်လဲလျောင်းကာ ကျယ်လောင်စွာငိုကြွေးနေချေသည်။
အမျိုးသမီးကြီးလုနှင့် အမျိုးသမီးရှုတို့မှာလည်း စိတ်အခြေအနေ မကောင်းလှပေ။ သူတို့၏ဆံပင်ဖြူတော်တော်များများလည်း အနှုတ်ခံထားရပြီး လေအဝှေ့မှာ ဖွာလန်ကြဲနေလေတော့သည်။
ရန်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို မြင်သောအခါ အခြားလူများကလည်း သည်အတိုင်း ထိုင်ကြည့်မနေနိုင်ကြတော့ဘဲ လူစုခွဲကြသူခွဲ၊ ရပ်ဖို့ စည်းရုံးသူက စည်းရုံးနေကြသည်။
ချန်ဖန်းရှုက သူ(မ)၏မျက်ဝန်းများကို မှေးကျဉ်းရင်း ပတ်ပတ်လည်ကို အချိန်အတော်ကြာအောင် ကြည့်ပါသောလည်း ထိုအကြည့်က ဘယ်ကလာလဲဆိုသည်ကို ရှာမတွေ့သဖြင့် စိတ်ရှုပ်ထွေးနေရချေသည်။
အတွင်းရေးမှူးဟွမ်၏ မျက်နှာကား ထိုအခိုက်အတန့်မှာ လုံးဝပျက်ယွင်းနေလေပြီ။
အမျိုးသမီးကြီးလုက အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်နေလေရာ သူလည်း ချန်ဖန်းရှုကို စကားဆက်ပြော၍ မရတော့ချေ။
ဒီအဘွားကြီးက သူနဲ့သူ့အဖွဲ့ကို ပြဿနာတက်အောင်မလုပ်ဘဲ ခဏလေးတောင်တိတ်တိတ်ဆိတ်ဆိတ်နေမပေးနိုင်ဘူးလား။
အခြားနည်းလမ်း မရှိတော့ပေ။ အတွင်းရေးမှူးဟွမ်လည်း နောက်ရက်မှသာ စကားပြောတော့မည်ဖြစ်ကြောင်း ချန်ဖန်းရှုကို ပြောလိုက်ရသည်။ ထို့နောက် သူသည် မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေသော အမျိုးသမီးကြီးလုကို ခေါ်သွားလိုက်လေတော့သည်။
အမျိုးသမီးကြီးလု ထွက်သွားပြီးနောက် ဘာမှဆက်ကြည့်စရာမရှိတော့သဖြင့် ပွဲကြည့်ပရိသတ်များကလည်း လူစုခွဲပြီး ကိုယ့်အလုပ်ကိုယ်သာ သွားလုပ်နေကြသည်။
တချို့လူများကတော့ အဘွားကြီး အနိုင်ကျင့်ခံနေရချိန်မှာ ချွေးမတစ်ယောက်ဖြစ်သည့် ချန်ဖန်းရှုက ဘာမှဝင်မကူပေးသည့်အတွက် မကျေမနပ်ညည်းညူနေကြသည်။
သူ(မ)နှုတ်မှ စကားများထွက်ကျလာသောအခါ သူ(မ)လည်း အဆူခံရပါတော့သည်။
"သူက သူ့ချွေးမကို နှိပ်စက်ရုံတင်မကဘူး။ သူ့မြေးကိုပါ ရောင်းပစ်ချင်ခဲ့တာလေ။ အဲ့ဒီလိုအဘွားကြီးကို ဖန်းရှု ဘာမှသွားမလုပ်တာနဲ့တင် တော်တော်ကောင်းနေပြီ။ နင်တို့က တခြားဘာဖြစ်စေချင်နေသေးတာလဲ"
ထိုစကားကိုပြောလိုက်သည့် အမျိုးသမီးကြီးမှာ စိတ်ဆတ်သူတစ်ယောက်ဖြစ်၏။ သူ(မ)သည် သူ(မ)ကို ရန်လာစပါက တံမြက်စည်းတစ်ချောင်းကိုင်ကာ လမ်းတစ်ဝက်အထိ လိုက်လံဖမ်းဆီးတတ်သူတစ်ယောက်ဖြစ်သည်။ ယခုတွင်မူ သူ(မ)တွင် ကောက်ရိုးဦးထုပ်ရက်လုပ်သည့် အလုပ်တစ်ခုရှိနေပြီမို့ ပို၍ပင် ယုံကြည်မှုရှိလာပြီး ပြဿနာရှာဖို့ ပိုခက်ခဲသွားသည်။
ထိုအမျိုးသားက စိတ်ဓာတ်ကျသွားဟန်တူလေသည်။
"ငါက သူကောင်းဖို့အတွက်ပြောတာပါ။ အကယ်၍ သူ့သားမက်သာပြန်လာခဲ့ရင်.."
"သူတို့ ပြန်လာလာမလာလာ ရှင်နဲ့ဘာဆိုင်လို့လဲ"
"…"
သူတို့ အိမ်ထဲဝင်သွားသည့်အခါမှသာ ချန်ဖန်းရှုကလည်း လုထောင်လေးကို မီးဖိုရှိရာဆီသို့ ပွေ့လာလိုက်ပြီး အဝတ်အစားအသစ်များကို ဘယ်ကရသလဲဟု မေးလိုက်သည်။
လုထောင်ကလည်း ဟူချူးရှန်ကို မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"သမီးရဲ့ဒေါ်လေးက ပေးတာလေ"
ဒေါ်လေးက ပေးတာလား။
ချန်ဖန်းရှု အနည်းငယ် အံ့အားသင့်သွားရသည်။
"ယောင်းမ.. နင် ထောင်ထောင့်အတွက် အဝတ်အစားအသစ်ချုပ်ပေးထားတာလား"
ဒုတိယယောင်းမက ပေးသည်ဟု ပြောလျှင်ပင် သူ(မ)ယုံပေဦးမည်။ သို့သော် အကြီးဆုံးယောင်းမကတော့…
ဟူချူးရှန်က အစကတည်းက အပြစ်ရှိသလို ခံစားနေရသည်ဖြစ်ရာ အမျိုးသမီးကြီးလုက ယခုလိုပြဿနာရှာသွားသည့်နောက်မှာတော့ ပို၍ပင် စိတ်မသက်မသာဖြစ်သွားရသည်။
ချန်ဖန်းရှုဘက်က မေးလာသည့်အခါမှာတော့ သူ(မ)လည်း စဉ်းစားမနေဘဲ လက်ယမ်းပြလျက် ပြောလိုက်ချေသည်။
"အဲ့ဒီလက်မှတ်က ငါ့ဟာမဟုတ်ဘူး။ ငါက ဒီအတိုင်း…"
ပြောလက်စတစ်ဝက်ရောက်မှသာ သူ(မ) လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုက်မိပြီဖြစ်ကြောင်း သဘောပေါက်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် လီချွန်းလန် သူ(မ)ကိုလာတွေ့သည့်နေ့တုန်းက ဘာဖြစ်ခဲ့လဲဆိုသည်ကို ရှင်းပြလိုက်သည်။
ဤအရာကြောင့် ချန်ဖန်းရှု ပို၍ပင်အံ့ဩသွားရသည်။
လက်ထဲတွင် တစ်စုံတစ်ခုရှိနေပါက ထိုအရာကို အခြားလူများကို ရောင်းချလို့လည်း ရသည်။ သို့မဟုတ် အခြားသူများအတွက် အဝတ်ချုပ်ပေးဖို့လည်း သုံးလို့ရသည်။
ဤပုံစံက သူ့ယောင်းမ၏ ပြုမူပုံနှင့် မတူချေ။
သို့သော် အဝတ်အစားများကို ချုပ်ထားပြီးဖြစ်သဖြင့် ပြန်ပေးမည်ဆိုလျှင်ပင် မည်သူမှ ဝတ်လို့မရတော့ချေ။ ချန်ဖန်းရှုလည်း ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ပြီး ခြောက်ပေအရှည်ရှိသော အဝတ်အစားအတွက် ဟူချူးရှန်ကို ပိုက်ဆံပြန်ပေးလိုက်သည်။ တစ်ဖက်လူကို အစားပေးခိုင်းဖို့ စိတ်ကူးမရှိပေ။
သို့သော် ဟူချူးရှန်ကတော့ မယူရဲပေ။ ထို့ကြောင့် သူ(မ)က တရုတ်ရိုးရာသိုင်းပညာ"ဆုတ်ဖြဲခြင်း"နည်းဗျူဟာကိုသုံး၍ ပိုက်ဆံကို မီးဖိုထဲသို့ပစ်ထည့်လိုက်ပြီးနောက် လှည့်ပြေးလာခဲ့လိုက်သည်။
သူ(မ) အကြာကြီး လမ်းလျှောက်လာပြီးနောက် သူ(မ) ရင်နာသွားရပြီး သူ(မ)အဖေဆုံးပါးသွားသည့်အလား ရင်ဘတ်ကို လက်ဖြင့်ဖိထားလိုက်သည်။
ထို့ကြောင့် သူမော့ကြည့်လိုက်သောအခါ သူ့သားအငယ်ဆုံး ကောရှန်က သူ့ကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
"အမေ.. သားကို ဘာလို့ အဝတ်အစားဝယ်မပေးတာလဲ။ သားကို လမ်းဘေးကကောက်လာလို့ ဝယ်မပေးတာလား"
ဟူချူးရှန် - "…."
လေထုအခြေအနေကား ရုတ်ခြည်းတိတ်ဆိတ်သွားသည်။
အာ့ဝူလင် တိတ်ဆိတ်သွားသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့သည့်အတွက် လုထောင်လည်း အသားကျနေပြီဖြစ်၏။
အိမ်ကိုရောက်လာသော အစင်းကြားရှဉ့်လေးက သူ(မ)၏အာရုံကို ဆွဲဆောင်လိုက်နိုင်လေသည်။ ကလေးမလေးမှာ အစင်းကြားရှဉ့်လေးကိုသာ အာရုံစိုက်နေရသဖြင့် အခြားအရာများကို ဂရုမစိုက်အားပေ။
ဝေချောင် အိမ်ပြန်လာပြီးနောက် သူသည် အစင်းကြားရှဉ့်လေးအတွက် အသိုက်သေးသေးလေးတစ်ခုကို လုပ်ပေးလိုက်သည်။ ထိုအသိုက်ကို သန့်ရှင်းသည့်သစ်ရွက်အလွှာထူထူတစ်ထပ်ဖြင့် ဖုံးအုပ်ထား၏။ အကောင်ပေါက်လေးမှာ သူ့အိမ်အသစ်ကို အလွန်ကျေနပ်နေပြီး လုထောင်ကလည်း အလွန်သဘောကျနေချေသည်။
သို့သော် ပျော်ရွှင်မှုကား နှစ်ရက်သာခံလိုက်သည်။ ကလေးမလေးမှာ အနည်းငယ် မသက်မသာဖြစ်လာချေသည်။
အာ့ဝူလင်၏ အသံကို မကြားရသည့်အတွက် သူ(မ) တစ်ချိန်လုံး ထူးဆန်းနေသလို ခံစားရသည်။ သူ(မ)၏ အစ်ကိုက သူ(မ)၏ ရတနာလေးကို သူ(မ)အား ပြန်ပေးလာချိန်မှာတောင် စိတ်အားတက်ကြွမနေပေ။
အစကတော့ အဆင်ပြေနေခဲ့သော်ငြား သူ(မ)အဖေက သူ(မ)ဆီကို ကျွမ်းကျွမ်းကျင်ကျင် ပြန်ရောက်လာပြီးကတည်းက သုံးရက်ထက်ပိုပြီး သူ(မ)ကို ပစ်မထားတတ်ပေ။
သို့သော် ဤတစ်ခေါက်မှာ သူ(မ)၏ အဖေက သူ(မ)ကို စကားမပြောသည်မှာ လေး..ငါး..ငါးရက်ရှိလေပြီ။
ကလေးမလေးက ပြတင်းပေါက်ဘောင်နားရှိ ခုံတန်းလေးတစ်ခုပေါ်တွင် မတ်တတ်ရပ်ရင်း ခြံဝင်းထဲရှိ သစ်တော်သီးပင်များကိုကြည့်ရတာ ဘယ်နှကြိမ်မြောက်မှန်းမသိရသည့် သက်ပြင်းကိုချလိုက်လေသည်။