Chapter 51
Vol. 5 Ch. 51
အခြားသူများကတော့ ရေဘယ်ကရောက်လာလဲဆိုသည်ကို မသိကြသော်လည်း သူ(မ)က လက်သည်တရားခံ မဟုတ်ပါလား။
သူက လုထောင်လေးကို ဒေါသတကြီးလက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ငါ့ဘောင်းဘီကို စိုအောင်လုပ်တာ ငါမဟုတ်ဘူးလို့ပြောနေတယ်လေ။ ငါ့ကိုရေနဲ့ပက်တာ သူပဲ"
လုထောင်က ထိုစကားကိုကြားသောအခါ သူ(မ)အနောက်ရှိ ကြွေအိုးလေးကို အမှုမဲ့အမှတ်မဲ့ဝှက်ထားလိုက်မိသည်။
ချန်ပေါင်ခဲ့ကမူ နှာမှုတ်၍သရော်လိုက်သည်။
"မင်းမှာ အပြစ်တင်စရာ လူမရှိတော့ဘူးလား။ သူ့ဘာသာနေနေတဲ့ဟာကို သူက မင်းကို ဘာလို့ ရေနဲ့ပက်ရမှာလဲ။ ပြီးတော့ မင်း သေချာလည်းကြည့်လိုက်ဦး။ သူ့အိုးရဲ့အောက်ခြေကပေါက်နေတာ။ ဘယ်ကရေနဲ့ သူကပက်လို့ရမှာလဲ"
ထိုအချိန်မှသာ လုထောင်၏အိုးလေးမှာ အောက်ခြေတွင် လက်သည်းခွံအရွယ်ခန့်ရှိသော အပေါက်တစ်ပေါက်ရှိနေလေကြောင်း ရှုလောင်စန်းသိလိုက်ရသည်။ ထိုအိုးထဲတွင် ဘာရေမှမရှိပေ။
သူ့အမူအရာကား သိသိသာသာပြောင်းလဲသွား၏။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူဆိုတာ သိသာနေတာ…"
ဤပြဿနာကား ရှင်းပြရန် ခက်ချေသည်။ ရှုလောင်စန်း ဘယ်လောက်ပဲရှင်းပြရှင်းပြ ဘယ်သူကမှ သူ့ကိုယုံမည်မဟုတ်ပေ။
နောက်ပိုင်းတွင် ရှုလောင်စန်းကိုယ်တိုင်ပင် သူ အရက်မူးနေသဖြင့် အမှားလုပ်လိုက်မိသလားဟု သံသယစဝင်လာသည်။
ထိုသို့ဆိုလျှင် လုထောင်နှင့် စာရင်းရှင်းဖို့ မဖြစ်နိုင်တော့ပေ။ သူ့မှာ လုပေါင်ခဲ့ထံမှ အလကားအတွန်းခံခဲ့ရုံသာရှိသည်။
အဓိကအချက်မှာ သူ လုထောင်ကို လိုက်ဖမ်းပြီး ရိုက်နေသည်ကို လူတိုင်းမြင်သွားကြသည်။ လုထောင်က သူ့ကိုမြင်သွားသဖြင့် ရှက်ရှက်နှင့်လိုက်ဖမ်းသည်ဟု ထင်သွားကြပြီး ဒေါသထွက်ကာ မနှစ်မြို့ဟန်ပြလာကြသည်။ ချန်ပေါင်ခဲ့ကတော့ ပို၍ပင်ရိုင်းစိုင်းပြီး သူ့ကို ကြမ်းကြမ်းတမ်းတမ်းဆဲဆိုခဲ့သည်။
သိပ်မကြာခင်မှာပင် ထိုသတင်းကား တောမီးအလား ပျံ့နှံ့သွားပြီး ပို၍ပင်ကိစ္စကြီးလာချေသည်။
အစတုန်းကမူ သူ့ကျောက်ကပ်များက အခြေအနေမကောင်းသောကြောင့် အရက်အများကြီး သောက်မိပြီး အပေါ့သွားဖို့အတွက် တောအုပ်ထဲဝင်သွားရင်း မရောက်ခင်မှာပင် သေးထွက်သွားသည်ဟုသာ ပြောနေကြရုံရှိသည်။
နောက်ပိုင်းတွင် သူ တစ်ခုခုဖြစ်နေပြီး သူ့မျိုးစေ့ကလည်း မကောင်းတော့သောကြောင့် မိန်းကလေးများသာ တစ်ယောက်ပြီးတစ်ယောက် မွေးနေသည်ဟု ပြောကြပြန်သည်။
အချိန်တော်တော်ကြာသည်အထိ သူအပြင်ထွက်တိုင်း ထိုလူများက သူ့ကို ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်နေကြသည်ဟု ရှုလောင်စန်း ခံစားမိခဲ့သည်။ တချို့ဆိုလျှင် သူ့ကို ဆေးရုံသွားပြီး အမြန်ဆုံးကုသမှုခံယူဖို့အကြံပေးကြပြီး သူ့အမေနှင့် မိန်းမကိုပါ အကြံပေးနေကြသေးသည်။
ရှုလောင်စန်းလည်း အလွန်ဒေါသထွက်သွားပြီး သူ တကယ်စွမ်းဆောင်နိုင်ကြောင်းလည်း ထိုနေရာတွင် ထုတ်မပြနိုင်ပေ။ သူက သူ့မိန်းမကို အပြင်သွားပြီး ရှင်းပြခိုင်းသော်ငြား သူ့မိန်းမက ရှက်ရွံ့နေပြီး သူရှင်းပြလျှင်တောင် လူများက ယုံချင်မှယုံကြလိမ့်မည်။
ပိုဆိုးသည်မှာ ရေ ဘယ်ကရောက်လာသလဲဆိုသည်ကိုပင် သူမသိချေ။
လုထောင်လည်း မစဉ်းစားတတ်ပေ။
ရှုလောင်စန်း ထွက်သွားပြီးနောက် သူ(မ)က ကြွေအိုးကို ကောင်းကင်ထက်သို့ ညွှန်ထားလိုက်ပြီး မျက်လုံးတစ်ဖက်မှိတ်ကာ အပေါက်မှတစ်ဆင့် ကြည့်လိုက်သည်။ ထို့နောက် စိတ်ထဲကလည်း အာ့ဝူလင်ကို မေးလိုက်သည်။
"ဖေဖေ ရေကို ရေအဖြစ်ပြောင်းလဲနိုင်လားဟင်"
[ဒါပေါ့။ အခု ဖေဖေက အရည်အချင်းတွေ အများကြီး ပွင့်သွားပြီ။ ဖေဖေ သမီးကို မကြာမကြာ ကူညီနိုင်ပြီ။ အာကာသပုံပျက်မှုရဲ့ ကျေးဇူးကြောင့်..လျှပ်စစ်သံလိုက်မုန်းတိုင်းရဲ့ကျေးဇူးကြောင့် ငါ့ကိုမွေးဖွားပြီးပြုစုပျိုးထောင်ပေးခဲ့တဲ့ ကြိုးကိုင်သူဖခင်ကြီးရဲ့ကျေးဇူးကြောင့်ပေါ့…]
"ဒါဆို ပီကာချူးကိုရော လျှပ်စီးလက်အောင် လုပ်ပေးလို့ရလား"
အာ့ဝူလင် - [……]
ရှုလောင်စန်း ထွက်ခွာသွားပြီးနောက်တွင် ချန်ပေါင်ခဲ့က လုထောင် ဘေးနားတွင်ချထားသည့် ခြင်းတောင်းနှင့် ထိုအထဲရှိ အစင်းကြားရှဉ့်လေးနှင့် ထင်းရှူးစေ့များကို တွေ့လိုက်သည်။
သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးမလေးကို အပြင်မှာထွက်ကျနေသည့် ထင်းရှူးစေ့များ ကူကောက်ပေးကာ မေးလိုက်သည်။
"သမီး ထင်းရှူးစေ့တွေ လိုချင်လို့လား"
လုထောင်ကလည်း ခေါင်းညိတ်ပြသည်။
"ပီကာချူးကိုပေးဖို့လေ"
သူ(မ)က ချစ်စရာကောင်းလွန်းလှသောကြောင့် ချန်ပေါင်ခဲ့နှင့်အတူ လိုက်လာသော လူများမှာ သူ(မ)နှင့်အတူ လာကစားနေကြသည်။
ထိုစကားကိုကြားသော် တစ်စုံတစ်ယောက်ရယ်၍ ပြောလိုက်သည်။
"ထင်းရှူစေ့တွေရဖို့ အဲ့ဒီလောက်မလွယ်ဘူး။ ငါတို့ ခဏနေမှ ခူးပေးမယ်။ သမီးက ကြီးတဲ့ဟာတွေကို ကြိုက်သလောက်သာခူး"
ချန်ပေါင်ခဲ့၏ သူငယ်ချင်းတစ်ယောက်က မြန်ပေသည်။ သူက သစ်ပင်ပင်စည်ကြီးကိုဖက်ပြီး ခုန်တက်လိုက်သည်။ ထို့နောက် ချိတ်တစ်ခုကိုကိုင်ထားပြီး အောက်ဘက်မှတစ်ဆင့် ထင်းရှူးစေ့များကို ရိုက်ခြွေလိုက်သည်။
လုထောင်က ခေါင်းမော့ကြည့်လျက် မျက်လုံးအပြူးသားဖြစ်သွားလေသည်။
"ဝိုး အရမ်းမိုက်တာပဲ"
"ထောင်ထောင်.. သမီးရော စမ်းကြည့်ချင်လား"
ချန်ပေါင်ခဲ့က သူ(မ)ကိုမေးလိုက်၏။
"ထောင်ထောင် အဆင်ပြေရဲ့လား"
လုထောင်က ထိုလူ့ကိုကြည့်ပြီးနောက် သူ(မ)၏ ခြေထောက်တိုတိုလေးများကို ပြန်ကြည့်လိုက်ပြီး သူ(မ)၏ မျက်နှာဖောင်းဖောင်းလေးက ရှုံမဲ့သွားလေသည်။
ချန်ပေါင်ခဲ့က ပြောလိုက်၏။
"နိမ့်တဲ့အပင်တစ်ပင်ရှာလိုက်လေ။ အဆင်ပြေမှာပါ"
သူက လုထောင်ကို ပခုံးပေါ်တင်၍ သစ်ပင်သေးသေးလေးတစ်ပင်ကို ရွေးလိုက်သည်။ လုထောင်လည်း ထိုအပင်ကို လက်လှမ်းမီသဖြင့် လက်ဆန့်လျက် အားရဝမ်းသာ ခူးတော့သည်။
သူ(မ)ခူးထားသော ထင်းရှူးစေ့များကို ထားစရာနေရာမရှိသောကြောင့် သူ(မ)ခြေရင်းကို ပစ်ချလိုက်ပြီး အကုန်ခူးပြီးမှသာ ကောက်လိုက်သည်။
ကလေးမလေးက သူ(မ)အလုပ်ကြိုးစား၍ရလာသည့် အသီးအပွင့်ကို အလွန်နှစ်သက်မြတ်နိုးနေ၏။ ထင်းရှူးစေ့တစ်စေ့ လိမ့်ထွက်သွားချိန်မှာပင် သူ(မ)က ထိုထင်းရှူးစေ့ကို ပြေးကောက်သည်။
ထို့နောက် ထင်းရှူးစေ့များကို ဖယ်ရှားပြီးသွားသောအခါ သစ်ရွက်များအောက်တွင် နီရဲရဲအသီးလေးများ ပေါ်လာသည်။
လုထောင်က ထိုအရာကို လက်ချောင်းလေးများဖြင့် တို့ကြည့်လိုက်သည်။
"ဒါကဘာလဲဟင်"
ချန်ပေါင်ခဲ့က ထိုအသံကိုကြားသော် အနားကိုရောက်လာပြီး ထိုအရာကိုမြင်သောအခါ အံ့ဩမှင်တက်သွားလေသည်။
"အဲ့ဒါက ဂျင်စင်းလား"
သာမန်အားဖြင့် ဂျင်စင်းကို နက်ရှိုင်းသောတောင်တန်းများတွင် အတွေ့များသော်လည်း လူများသွားလာတတ်သော နေရာများတွင် မတွေ့နိုင်ဟု မဆိုလိုပေ။
အဆုံးတွင်မူ ဤကိစ္စမှာ အနည်းငယ်ထူးဆန်းလှပြီး ကံနှင့်သာ ဆိုင်ပေသည်။
ဂျင်စင်းဆိုတာ ဘာမှန်း လုထောင်ကတော့ မသိပေ။ သို့သော် သူ(မ)၏ဦးလေး အံ့အားသင့်ပြီး ပျော်ရွှင်သွားပုံထောက်လျှင် ကောင်းသောအရာတစ်ခုဖြစ်လိမ့်မည်ဟု သူ(မ)နားလည်လေသည်။
အမှန်တကယ်တွင် ၎င်းမှာ ရှားပါးလှသည့် ကောင်းသောအရာတစ်ခုဖြစ်သည်။ ထင်းရှူးတောထဲတွင် ထင်းရှူးစေ့ခူးနေကြသူများက အားကျပြီးလေးစားနေရုံသာမက အိမ်သို့ယူသွားသောအခါတွင်လည်း ချန်မိသားစုမှာ အလွန်ပျော်ရွှင်ပြီး သူ(မ)ကို ပွေ့ဖက်နမ်းရှုပ်နေကြတော့သည်။
အဘိုးချန်ကွမ်ဖာ့က အတွေ့အကြုံရှိသည်။ သူက ဂျင်စင်းကို ချိန်ကြည့်လိုက်ပြီးနောက် ပြောလာလေ၏။
"အနည်းဆုံး ယွမ်နှစ်ရာနဲ့ ရောင်းလို့ရတယ်"
"နှစ်ရာကျော်တယ်"
ထိုအခိုက်တွင် ဟူချူရှန်းက တံတွေးမျိုချလိုက်မိပြီး ပမျက်လုံးအပြူးသားဖြစ်သွားလေသည်။
သူ(မ) ထိန်းချုပ်မှု လွတ်ထွက်သွားသည်ကို မြင်သောအခါ ချန်ပေါင်ကောင်းက ခပ်မြန်မြန်ပင် သူ(မ)ကို အနောက်သို့ တိတ်တဆိတ်ဆွဲခေါ်လိုက်သည်။
ဟူချူရှန်းသည် သူ(မ)၏ မျက်နှာအမူအရာကို ထိန်းညှိလိုက်ပြီး ပြောလိုက်၏။
"ငါတို့ထောင်ထောင်လေးက အရမ်းကံကောင်းတာပဲ။ ထင်းရှူးစေ့လိုက်ကောက်တာ ဂျင်စင်းရှာတွေ့လာတယ်"
သူ(မ) ဤစကားကိုပြောနေချိန်ဝယ် ဤကိစ္စကို သူ(မ)၏ ခဲအို ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စိတ်ထဲတွင် တွေးနေမိသည်။
လုကောပင်းက သူ့ဇနီးနှင့် သားသမီးများကို အလွန်ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သော်လည်း စောစောစီးစီးသေဆုံးသွားရခြင်းမှာ အလွန်ဝမ်းနည်းစရာကောင်းလှသည်။
ချန်ဖန်းရှုက ချန်ပေါင်ကောင်း၏ လှည့်ကွက်သေးသေးလေးများအားလုံးကို မြင်နေရသော်လည်း မသိချင်ယောင်ဆောင်လိုက်သည်။
လုထောင်လေးက ယွမ်နှစ်ရာကျော်က ဘယ်လောက်ရှိသလဲဆိုသည်ကို သူ(မ)၏ လက်ချောင်းလေးများဖြင့် ရေတွက်နေတာကို မြင်သောအခါ ပြုံးလျက် သူ(မ)ကိုပွေ့ချီလိုက်သည်။
"မေမေတို့ ဒါကိုရောင်းပြီးရင် အမေက သိုးမွေးချည်ဝယ်ပြီး ထောင်ထောင့်အတွက် ဆွယ်တာအင်္ကျီနဲ့ ဘောင်းဘီချုပ်ပေးမယ်လေ။ ဘာအရောင်လိုချင်လဲ"
"ဘာအရောင်လဲ"
လုထောင်လေးက ခေါင်းစောင်းလျက် ပြန်ဖြေလိုက်သည်။
"ထောင်ထောင် ပန်းရောင်လေးလိုချင်တယ်"
"ကောင်းပြီလေ။ ဒါဆို ထောင်ထောင့်အတွက် ပန်းရောင်လေးချုပ်ပေးမယ်"
အမျိုးသမီးကြီးရှုက ပြဿနာရှာသူတစ်ယောက်ပင်။ ညတာရှည်နေမည်စိုးသောကြောင့် ချန်မိသားစုသည် နောက်တစ်ရက်တွင် ဂျင်စင်းရောင်းဖို့အတွက် စီရင်စုဘက်သို့ ထွက်လာခဲ့လိုက်ကြသည်။
စုစုပေါင်းအမြတ်ငွေမှာ ယွမ်နှစ်ရာ့ခုနှစ်ဆယ်ကျော် ရခဲ့သည်။ ချန်ဖန်းရှုသည် ကတိပေးထားသည့်အတိုင်း သိုးမွေးချည်များဝယ်ယူပြီး မိသားစုဝင်အားလုံးအတွက်လည်း ပစ္စည်းများဝယ်ယူလာခဲ့သည်။
သကြားလုံးဆိုင်နားမှ ဖြတ်သွားသောအခါ လုထောင်က ဆက်မသွားနိုင်တော့ဘဲ အထဲရှိသကြားလုံးများကို ငေးကြည့်နေပေသည်။ သူ(မ)ကလည်း ၎င်းကိုမြင်လိုက်ရသဖြင့် အမျိုးအစားတစ်ခုချင်းစီမှ အနည်းငယ်စီဝယ်ယူခဲ့သည်။ အထူးသဖြင့် ယခင်က မဝယ်ပေးနိုင်ခဲ့သော အဖြူရောင် ယုန်ပုံစံ နို့သကြားလုံးနှင့် အနီရောင်ပုစွန်ကြွပ်ကြွပ်ရွရွ သကြားလုံးများကို ဝယ်ယူခဲ့သည်။
ဝယ်ယူပြီးနောက် သူတို့တစ်သိုက်သည် မူကြိုကျောင်း၏ လိပ်စာကို မေးမြန်းရန်အတွက် ဟန်ဝမ့်ကျွမ်းကို သွားရှာခဲ့သည်။
မူကြိုကျောင်းများက နေ့ခင်းဘက်တွင် နေ့လယ်စာပါ ကျွေးသောကြောင့် ကျူရှင်ခကလည်း အတန်ငယ်မြင့်မားပြီး တစ်လလျှင် ငါးယွမ်ကျသင့်သည်။
လူတော်တော်များများက ထိုပမာဏအထိ မပေးချင်ကြပေ။ ပင်မစက်ရုံများမှဦးစီးသော ဝန်ထမ်းမူကြိုကျောင်းများမှလွဲ၍ ဤခရိုင်ထဲတွင် တရားဝင်မူကြိုကျောင်းတစ်ကျောင်းသာ ရှိသည်။
သို့သော် ချင်းရှန်ရွာက ခရိုင်မှ သိပ်မဝေးလှပေ။ စက်ဘီးစီးသွားပါက မိနစ်နှစ်ဆယ်ကျော်သာ ကြာမြင့်သည်။
ဟန်ဝမ့်ကျွမ်း၏ သားကလည်း ခရိုင်မူကြိုကျောင်းမှာ တက်နေသော်ငြား သူ(မ)က အလုပ်များလှသဖြင့် သူတို့ကို လိုက်ပို့ရန် အချိန်မရှိချေ။
ချန်ဖန်းရှုကလည်း တွန်းအားမပေးပါဘဲ လိပ်စာကိုသာ မေးမြန်းပြီးနောက် လုထောင်ကို ခေါ်သွားလိုက်သည်။
မူကြိုကျောင်းက အတန်ငယ်သစ်လွင်သော တစ်ထပ်တိုက်ထဲတွင် တည်ရှိပြီး ခြံဝင်းအသေးလေးတစ်ခုလည်းရှိသည်။ ခြံဝင်း၏ဘေးနားတွင် ဒန်းများတန်းစီထားသေးသည်။ မလှမ်းမကမ်းတွင်လည်း ကလေးအများအပြား ကစားနေကြရာနေရာတွင် ဆီးဆောတစ်ခုရှိသည်။
လုထောင်က ဤအရာများကို ယခင်က လုံးဝမမြင်ဖူးပေ။ သူ(မ)က သူ့အမေ၏ အဝတ်များကိုဆွဲကာ တောက်ပလင်းလက်နေသော မျက်ဝန်းအစုံဖြင့် လက်ညှိုးထိုးပြလိုက်သည်။
ချန်ဖန်းရှု စိတ်ဝင်စားသောအရာမှာ မူကြိုကျောင်း၏ ပတ်ဝန်းကျင်အနေအထားနှင့် သန့်ရှင်းမှုဖြစ်သည်။
ခြံဝင်းသည် သန့်ရှင်းပြီး ခြံဝင်းထဲ၌ ကစားနေသော ကလေးများကလည်း ရှုပ်ပွမနေကြောင်း မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားပြီး လုထောင်ကို မေးလိုက်သည်။
"ထောင်ထောင် ဒီနေရာကိုကြိုက်လား"
လုထောင်က ခေါင်းညိတ်ပြလိုက်သည်။
"သမီးကြိုက်တယ်"
သို့သော် မူကြိုကျောင်းထဲရှိ ကလေးတစ်ယောက်က ဘောင်းဘီထဲ အလေးသွားမိသဖြင့် ဆရာမကလည်း သူ့ကို သန့်ရှင်းရေး လုပ်ပေးရန်အတွက် အလုပ်များသွားလေရာ အခြားအရာများကို အာရုံမစိုက်နိုင်တော့ချေ။
သို့သော် ဟန်ဝမ့်ကျွမ်း၏သား လီကျွမ်းသည် သူတို့အုပ်စုကို သတိထားမိသွားပြီး မေးမြန်ရန်အတွက် ပြေးလာလေသည်။
"ဒေါ်ဒေါ်ရှုလား"
"ဟုတ်တယ်။ မတွေ့ရတာ တော်တော်ကြာပြီနော်။ ကျွမ်းကျွမ်းက ဒေါဒေါ်ရှုကို မှတ်မိနေသေးတာပဲ"
"တကယ်ကြီး ဒေါ်ဒေါ်ရှုပဲ"
လီကျွမ်း၏ မျက်လုံးများက တောက်ပလင်းလက်သွားပြီး လုထောင်ကို တစ်ဖန်ကြည့်ကာ..
"ဒါက...ဒါက..."
"ထောင်ထောင်လေ"
ကောင်လေးခမျာသည် ချက်ချင်းပင် နှုတ်ဟပြီး ပြောလိုက်သည်။
"ထောင်ထောင်က အရမ်းလှလာတာပဲ။ မှတ်တောင်မမှတ်မိဘူး"
သူစကားပြောနေချိန်တွင် အသက်သုံးဆယ်အရွယ် ဆရာမတစ်ယောက်က သန့်ရှင်းရေးလုပ်ပေးပြီး သူတို့နားသို့ မျက်မှောင်ကြုတ်လျက် ရောက်လာသည်။
"ဘာလိုချင်လို့လဲ။ ကိစ္စမရှိရင် ကလေးတွေကို လာမနှောင့်ယှက်နဲ့။ မကြာခင် အတန်းစတော့မှာ"
ချန်ဖန်းရှုကလည်း ပြုံးရယ်လျက် အလျင်အမြန်နှုတ်ဆက်လိုက်ပြီး လာရင်းကိစ္စကို ရှင်းပြလိုက်သည်။
"ဘယ်သူက မူကြိုတက်မှာလဲ။ ရှင့်သမီးလား"
ချန်ဖန်းရှူက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်။ သူပါ"
သူ(မ)က လုထောင်ကို တစ်ဖန်ထပ်ခေါ်လိုက်သည်။
"ထောင်ထောင်.. ဒေါ်ဒေါ့်ကို နှုတ်ဆက်လိုက်ဦးလေ"
လုထောင်က အနည်းငယ်ရှက်နေသောကြောင့် သူ့အမေ၏ လက်ကိုကိုင်ကာ တိုးတိုးလေးပြောလိုက်သည်။
"ဒေါ်ဒေါ် မင်္ဂလာပါ"
ထိုအမျိုးသမီးက သူ(မ)ကို နှစ်ကြိမ်မျှကြည့်ပြီး မေးလေသည်။
"အသက်ဘယ်လောက်ရှိပြီလဲ"
ချန်ဖန်းရှုက ပြောလိုက်၏။
"သုံးနှစ်ခွဲနီးပါးရှိပြီ။ လာမဲ့နွေရာသီက သူ့မွေးနေ့လေ"
မျှော်လင့်မထားပါဘဲ ဆရာမက ထိုစကားကိုကြားပြီးနောက် ချက်ချင်းငြင်းလိုက်သည်။
"မဖြစ်နိုင်ဘူး။ ဒီလိုအရွယ်လေးတွေကို ကျွန်မတို့ လက်မခံဘူး။ အရမ်းငယ်လွန်းလို့ ဘာမှမသိသေးဘူး"
မလာခင်ကတည်းက ချန်ဖန်းရှုသည် ဟန်ဝမ့်ကျွမ်းထံမှတစ်ဆင့် ဤကိစ္စအကြောင်း မေးမြန်းထားခဲ့သည်။
ခရိုင်မူကြိုကျောင်းသည် သုံးနှစ်နှင့်အထက်ကလေးငယ်များကို လက်ခံကြောင်း သိရှိထားပြီးမှသာ သူ(မ) လုထောင်ကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်၏။
ဆရာမ၏ စကားကိုကြားသောအခါ သူ(မ) အတော်အတန် အံ့အားသင့်သွားသည်။
"ကျွန်မသမီးက သုံးနှစ်ကျော်ပါပြီ။ သူက ဝမ်းသွားချင်တာတို့ အပေါ့သွားချင်တာတို့ကို ပြောပြတတ်ပါတယ်။ သူ့ကိုထိန်းရတာ မခက်ပါဘူး"
"အဲ့ဒါက ပြဿနာမဟုတ်ဘူး။ ခုနက ကလေးဆိုရင် ရှင့်သမီးထက် လပိုင်းလောက်အသက်ပိုကြီးတာပဲ။ ဒါပေမဲ့ သူ့ဘောင်းဘီထဲမှာ အလေးစွန့်နေတုန်းပဲ"
ဆရာမက နှာခေါင်းဝတွင် ဆိုးဝါးသောအနံ့အသက်များ ကျန်ရှိနေသေးသည်ဟု ခံစားလိုက်ရသဖြင့် နှာခေါင်းရှုံ့လိုက်ပေသည်။
"ကျွန်မတို့ရဲ့ခေါင်းဆောင်ဆရာမက လေးနှစ်အောက်ကလေးတွေကို လုံးဝမလက်ခံဘူးလို့ ပြောထားတယ်။ ရှင်ပြန်လိုက်သင့်ပြီ။ ရှင့်သမီးကို ထိန်းပေးဖို့အတွက် တစ်ယောက်ယောက်ကိုသာ ငှားလိုက်ပါ"
တစ်စုံတစ်ယောက်ကို ငှားရမ်းရမတဲ့လား။
ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးဖို့အတွက် လူငှားခြင်းမှာ မူကြိုကျောင်းကို ပို့ခြင်းထက် ပို၍ငွေကြေးအကုန်အကျများသည်။ တစ်လလျှင် အနည်းဆုံး ဆယ်ယွမ်ခန့် ကုန်ကျနိုင်သည်။
အဓိကအချက်မှာ ထောင်ထောင်သည် အသက်သုံးနှစ်ကျော်နေပြီဖြစ်၏။ သူ(မ)သည် သူ(မ)၏ သမီးလေးကို တစ်စုံတစ်ခုသင်ပေးနိုင်မည့် နေရာတစ်ခုကို ရှာချင်ရုံသက်သက်သာ။ သူ(မ) ဖျော်ဖြေပေးမည့်လူတစ်ယောက်ကို ငှားရမ်းလိုခြင်းမဟုတ်ပေ။
ချန်ဖန်းရှုက ပြုံးရယ်လျက် ပြောလိုက်သည်။
"ကျွန်မတို့ရဲ့ခရိုင်မူကြိုကျောင်းက အသင်အပြကောင်းတယ်လို့ ကြားထားလို့ ကလေးကို ဒီမှာ တစ်ခုခုသင်ယူခိုင်းဖို့အတွက် လာအပ်တာပါ။ ကျွန်မသမီးက အရမ်းနာခံတတ်တာမို့ ဆရာမတို့ကို ဒုက္ခပေးမှာမဟုတ်ပါဘူး။ ဆရာမ.. ကျွန်မတို့ကို နှစ်ရက်လောက် စမ်းကြည့်ခွင့်ပေးပါလား။ တကယ်လို့ ကလေးက လိုက်လျောညီထွေမဖြစ်ဘူးဆိုရင် ဒါမှမဟုတ် ဆရာမတို့ကို ဒုက္ခပေးခဲ့တယ်ဆိုရင် ကျွန်မပြန်ခေါ်သွားပါ့မယ်"
သူ(မ)က ပါးစပ်ဟလိုက်သည်နှင့် မူကြိုကျောင်း၏ အသင်အပြကောင်းမွန်မှုကို ချီးကျူးခဲ့သည်။
သို့သော် ဆရာမက လက်မခံသေးပေ။
"တစ်ခုခုသင်ယူချင်တာလား။ ရှင့်ကလေးက နံပါတ်ဘယ်နှလုံးအထိ ရေတွက်တတ်လဲ"
ချန်ဖန်းရှုက ဤအချက်ကို အမှန်တကယ်မသိခဲ့ပေ။ မူကြိုကျောင်းတက်ရန်အတွက် နံပါတ်များ ရေတတ်ရမည်ဟု ပြောထားတာမျိုးကိုလည်း သူ(မ)မကြားဖူးပေ။