Chapter 52
Vol. 5 Ch. 52
ချန်ဖန်းရှုက လုထောင်ကို ကြည့်လိုက်သည်။
"ထောင်ထောင်.. အမေနဲ့ ဒေါဒေါ့်ကိုပြောပါဦး။ သမီး နံပါတ်ဘယ်နှလုံးအထိ ရေတတ်လဲ"
"ထောင်ထောင်..ထောင်ထောင်..."
လုထောင်သည် အချိန်အကြာကြီး လက်ဟန်ခြေဟန်ပြပြီးနောက် သူ(မ)၏ ဝတုတ်တုတ် လက်ချောင်းလေးငါးချောင်းကို ဆန့်ထုတ်လိုက်သည်။
"ထောင်ထောင်.. တစ်၊ နှစ်၊ သုံး၊ လေး၊ ငါးအထိ ရေတတ်တယ်"
"တခြားရောဘာရှိသေးလဲ။ စာဖတ်တတ်ရဲ့လား"
ဆရာမက ထပ်မေးလာသည်။
လုထောင်ခမျာ ဤမေးခွန်းကြောင့် လုံးဝအကျပ်ရိုက်သွားရပြီး ဖောင်းကစ်ကစ်မျက်နှာလေးထက်တွင် စိတ်ရှုပ်မှုတို့က အထင်းသားပေါ်လွင်နေ၏။
ဆရာမက သူ(မ)ပုံစံကိုမြင်သောအခါ လက်ဝှေ့ယမ်းပြလျက် လှည့်ထွက်သွားသည်။
"သူ ဘာမှမလုပ်တတ်ဘူးဆိုတာ သိသားပဲ။ ရှင် သူ့ကို နောက်နှစ်မှ ခေါ်လာခဲ့တာကောင်းမယ်"
ချန်ဖန်းရှုက လက်မလျှော့ဘဲ အနောက်ကလိုက်သွားသည်။
"ဒါက ကလေးရဲ့အပြစ်မဟုတ်ပါဘူး။ သူ့ကို သင်မပေးမိတဲ့ ကျွန်မအပြစ်ပါ"
သူ(မ)၏ ခြေထောက်များက လမ်းလျှောက်နိုင်စပြုနေပြီဖြစ်သော်လည်း အားစိုက်လိုက်သည့်အခါတိုင်း ဒဏ်ရာရထားသည့်နေရာက နာကျင်မှုကို ခံစားရသည်။
ဆရာမကလည်း သူ(မ)၏ခြေထောက်က မသန်စွမ်းလေကြောင်း မြင်လိုက်ရသောအခါ သူ(မ)လဲကျသွားမည်ကို စိုးရိမ်သောကြောင့် တစ်ဖန်ရပ်တန့်လိုက်သော်ငြား လက်မလျှော့သေးပေ။
ချန်ဖန်းရှုက ထပ်တောင်းဆိုလာသောအခါ သူ(မ)က လီကျွမ်းကို ပြန်ခေါ်လိုက်ပြီး သူ(မ) အတန်းထဲဝင်ရတော့မည်ဖြစ်ပြီး ချန်ဖန်းရှုအား ကလေးကို အနှောင့်အယှက်မပေးရန် တောင်းဆိုခဲ့သည်။
အခြားနည်းလမ်းမရှိတော့သဖြင့် ချန်ဖန်းရှုလည်း လုထောင်၏ ခေါင်းလေးကို ပွတ်သပ်ပေးပြီး ပြောလိုက်သည်။
"လူတွေက သမီး အရမ်းငယ်သေးတယ်လို့ ပြောနေကြတယ်။ မေမေတို့ နောက်နှစ်ကျမှ ပြန်လာရင်ရော"
လုထောင်ကတော့ နှုတ်ခမ်းစူပုတ်၍ ဘာမှမပြောခဲ့ပေ။
သူ(မ)ကို လူတွေမနှစ်သက်ကြောင်း အမြဲခံစားနေရသည်။
ထောင်ထောင်သည် ဆိုနာလည်းတီးတတ်ပြီး ကြက်ပုံလည်းဆွဲတတ်ကြောင်း သူ(မ)သိသည်။ ထို့ကြောင့် သူ(မ) လုံးဝမသိခဲ့ချေ။
အာ့ဝူလင်ကလည်း သူ(မ)အတွက် စိတ်မကောင်းဖြစ်နေပေသည်။
"ငါတို့ထောင်ထောင်လေးက အကုန်သိပြီးသားဆိုမှတော့ သူတို့မူကြိုကျောင်းကို ဘာလို့သွားနေမှာလဲ။ မူလတန်းကျောင်းကို တန်းတက်ပြီး ပါရမီရှင်ပဲ လုပ်တော့မှာပေါ့။ ဒီခရိုင်မှာ မူကြိုကျောင်းက ဒီတစ်ခုတည်းရှိတာလား။ သူတို့တွေ ကြီးကြီးကျယ်ကျယ်ပြောနေတာကို ကြည့်စမ်းပါဦး"
သူက လုထောင်ကို နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မကောင်းမဖြစ်နဲ့ ထောင်ထောင်..သူ မသင်ပေးဘူးဆိုရင် ဖေဖေသင်ပေးမယ်။ ဖေဖေ့မှာ အွန်လိုင်းသင်ခန်းစာတွေရှိတယ်။ သူ့ထက်တောင် ပိုကောင်းအောင်သင်ပေးမယ်လို့ ကတိပေးတယ်"
"ဒါပေမဲ့ ဖေဖေ..ဖေဖေ့မှာ ဒန်းနဲ့ ဆီးဆောရှိလား"
အာ့ဝူလင် - [……]
ဟန်ဝမ့်ကျွမ်းက ချန်ဖန်းရှုတစ်ယောက်တည်း ထွက်သွားတာကို တစ်ချိန်လုံးစိုးရိမ်နေသဖြင့် အလုပ်ပြီးသည်နှင့် မူကြိုကျောင်းသို့ မြန်မြန်လိုက်လာခဲ့သည်။
လမ်းတစ်ဝက်တွင် ထိုသားအမိနှစ်ယောက်နှင့် တွေ့လိုက်ရသောအခါ အခြေအနေ ဘယ်လိုရှိကြောင်းနှင့် ကလေးကို ဘယ်အချိန်မူကြိုပို့ရမလဲဆိုသည်ကို မေးမြန်းကြည့်လိုက်သည်။
"မူကြိုကျောင်းက လက်မခံဘူးတဲ့"
ချန်ဖန်းရှုက ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြပြီး မေးကြည့်လိုက်သည်။
"ခရိုင်ထဲမှာ ဝန်ထမ်းမူကြိုကျောင်းတွေ အများကြီးရှိတယ်လို့ ရှင်ပြောခဲ့တယ်မဟုတ်လား။ ထောင်ထောင် အဲဒီမှာတက်လို့ရမလား။ ပိုက်ဆံနည်းနည်းလောက်ပိုကုန်လည်း ပြဿနာမရှိဘူး"
"ပိုက်ဆံကုန်တာ မကုန်တာနဲ့ မဆိုင်ဘူး။ မူကြိုကျောင်းဆိုလို့ စက်ရုံကြီးတွေမှာပဲရှိတာ။ သူတို့က စက်ရုံဝန်ထမ်းတွေရဲ့ကလေးတွေကိုပဲ လက်ခံတာ။ သူတို့မိသားစုဝင်တွေနဲ့မဆိုင်ဘူး။ ဖန်းရှု..ခဏစောင့်ဦး။ ငါ သွားမေးလိုက်ဦးမယ်။ လေးနှစ်အောက်ကလေးတွေကို လက်မခံဘူးလို့ ငါမကြားဖူးဘူး"
ဟန်ဝမ့်ကျွမ်းက ဤသို့ပြောပြီးနောက် ချန်ဖန်းရှုကိုငြင်းဆန်ခွင့်မပေးဘဲ ခပ်မြန်မြန်ထွက်သွားလေသည်။
အချိန်အတော်ကြာပြီးနောက်တွင် သူ ပြန်ရောက်လာသည်။
"ငါမေးပြီးပြီ။ ကလေးတွေကို လက်မခံချင်တာမဟုတ်ဘူး။ သူတို့မူကြိုကျောင်းမှာ ကလေးတွေ အရမ်းများနေလို့တဲ့။ မကြာသေးခင်ကပဲ ဆရာမတစ်ယောက်က ကလေးမွေးဖို့ အိမ်ပြန်သွားတယ်လေ။ သူတို့လည်း အလုပ်များလွန်းလို့ တအားငယ်တဲ့ ကလေးတွေကို မလက်ခံချင်ကြတာတဲ့။ အရမ်းပြဿနာများတယ်လေ"
ထို့ကြောင့် အဆင်မပြေနိုင်ပေ။
ချန်ဖန်းရှုက မျှော်လင့်တကြီး ကြည့်နေလေသော လုထောင်လေးကို ကြည့်လိုက်ပြီး ဟန်ဝမ့်ကျွမ်းကို ကျေးဇူးတင်စကားပြောတော့မည့်အချိန်တွင် ဟန်ဝမ့်ကျွမ်းက ပြောလာ၏။
"ဒါပေမဲ့ တစ်လလောက်နေရင် ဆရာမက မီးဖွားခွင့်ပြီးသွားပြီ။ သူ အလုပ်ပြန်လာရင် ငါ မင်းကို စာလှမ်းပို့လိုက်မယ်။ အဲ့ဒီအခါကျရင် မင်း ထောင်ထောင့်ကိုခေါ်လာလိုက်လို့ရပြီ"
ဤသည်မှာ အံ့အားသင့်ဖွယ်သတင်းကောင်းတစ်ခုပင်။ ချန်ဖန်းရှုလည်း ဟန်ဝမ့်ကျွမ်းကို အထပ်ထပ်အခါခါကျေးဇူးတင်လိုက်သည်။ ဟန်ဝမ့်ကျွမ်း အလုပ်သို့ပြန်သွားသောအခါ သူ(မ)က လုထောင်၏နှာခေါင်းလေးကို ညှစ်ကာ မေးလိုက်၏။
"နောက်လကျရင် သမီး မူကြိုတက်လို့ရပြီ။ အခုကျေနပ်ပြီလား"
လုထောင်မှာမူ စိတ်မကျေနပ်သေးပေ။
ကလးမလေးက လက်သီးလေးဆုပ်လျက် မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။
"သူက ထောင်ထောင့်ကို ဘာမှမလုပ်တတ်ဘူးလို့ ပြောလိုက်တယ်"
ဤသည်မှာ သူ(မ)၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေခဲ့သည်။
ချန်ဖန်းရှုကလည်း ရယ်မောလိုက်သည်။
"ကိစ္စမရှိပါဘူး။ မေမေ သင်ပေးမယ်။ မေမေသင်ပေးရင် သမီးလည်း တတ်သွားမှာပေါ့"
သူ(မ)တို့ပတ်ဝန်းကျင်ရှိ ကလေးများလည်း ကျောင်းထားနောက်ကျတာကို မြင်နေရသည့်အတွက် လုထောင်ကို များများစားစားသင်မထားပေးခဲ့တာကို သိပ်မတွေးမိပေ။ ယခုတွေးကြည့်လိုက်လျှင် သူ(မ) ခရိုင်မူကြိုကျောင်းသို့ တက်နိုင်သွားသည့်တိုင် အခြားကလေးများက အကုန်လုပ်တတ်နေပြီး ထောင်ထောင်က မလုပ်တတ်ပါက မကောင်းပေ။
အိမ်သို့ပြန်ရောက်သောအခါ ချန်ဖန်းရှုက သူ(မ)ယူလာခဲ့သော ပစ္စည်းများကို လူတိုင်းအား ဝေငှပေးခဲ့သည်။
အဘိုးအတွက် လက်ဖက်ရည်၊ အဘွားအတွက် မာဖလာနှင့် ယောင်းမနှစ်ယောက်အတွက် မျက်နှာလိမ်းခရင်မ်တို့ပင်။
ဟူချူးရှန်းက မျက်နှာလိမ်းခရင်မ်ကို လက်ထဲမှာကိုင်ထားရင်း အံ့အားသင့်သွားသည်။
"ကျွန်မအတွက်လည်း ပါတာလား"
ထိုအကြည့်အရ သူ(မ)သည် ဤပစ္စည်းကို အသုံးပြုရန်အတွက်မဟုတ်ဘဲ အိမ်ပြန်ယူသွားပြီး ကိုးကွယ်တော့မည့်ပုံပေါက်နေသည်။
ဟွမ်ရှောင်မိန်ကမူ ပို၍တဲ့တိုးဆန်ချေသည်။ သူ(မ)က ချန်ဖန်းရှုကို ပွင့်ပွင့်လင်းလင်း ကျေးဇူးတင်လိုက်ပြီး လုထောင်၏ မူကြိုကျောင်းအပ်နှံမှုအကြောင်း မေးမြန်းလိုက်သည်။
ချန်ဖန်းရှုကလည်း အခြေအနေကို ရှင်းပြလိုက်လေရာ ဟူချူးရှန်းက ထောင်ထောင် တစ်ခုခုသင်ယူလိုပါက သူမ၏သား ချန်ပေါင်ကို သင်ပေးဖို့ပြောပေးနိုင်ကြောင်း ချက်ချင်းပြောလာလေသည်။
"တော်စမ်းပါ။ ရှောင်ပေါင်က ထောင်ထောင့်လို ငြိမ်ငြိမ်လေးမထိုင်နိုင်ဘူးလေ"
ချန်ပေါင်ကောင်းက သူမကို လှောင်ပြောင်ထေ့ငေါ့လိုက်သည်။
"ငါသင်ပေးမယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ အထက်တန်းတော့ပြီးထားတာပဲ"
ဟွမ်ရှောင်မိန်က ပြောလာသည်။
ချန်ပေါင်ခဲ့က ကန့်ကွက်လိုက်သည်။
"မရီး..မင်းက အလုပ်များတယ်လေ။ ငါ သင်ပေးမယ်"
သူ(မ)ပြောနေစဉ်တွင် လုထောင်သည် အာ့ဝူလင်၏ အသံကို ရုတ်တရက်ကြားလိုက်ရသည်။
[အားလုံးရပ်လိုက်စမ်း။ ငါပဲတာဝန်ယူလိုက်မယ်]
နောက်တစ်စက္ကန့်တွင် သူမ၏ ရှေ့၌ စနစ်၏ပုံစံချပ်တစ်ခု ပေါ်လာသည်။
[နေ့စဉ်လုပ်ငန်းတာဝန် - ကြိုးစားသင်ယူပြီး နေ့တိုင်းတိုးတက်အောင်လုပ်ပါ
လုပ်ဆောင်ချက်အကြောင်းအရာ - သင်သည် အသက်သုံးနှစ်ခွဲရှိပြီ။ သုံးနှစ်သားကလေးလေး မဟုတ်တော့ပါ။ မူကြိုပညာရေးကို ပြီးမြောက်အောင်ကြိုးစားပြီး လုံ့လဝီရိယရှိတဲ့ အမိနိုင်ငံရဲ့ပန်းတစ်ပွင့်ဖြစ်လာအောင် ကြိုးစားပါ။ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးအတွက် ပါဝင်ဆောင်ရွက်ပါ
လုပ်ဆောင်ချက်ဆုလာဘ် - ကဗျာတစ်ပုဒ် သို့မဟုတ် နံပါတ်တစ်ခုကို ရွတ်ဆိုတတ်သည့်အခါတိုင်း ဆုတံဆိပ်ရရှိနိုင်မည့် အခွင့်အရေးတစ်ခုရမည်။ ဆုတံဆိပ်များတွင် မုန့်လက်ဆောင်ထုပ်၊ အရုပ်လက်ဆောင်ထုပ်၊ ကာတွန်းများ စသည်တို့ပါဝင်ပြီး လျှို့ဝှက်ပစ္စည်းများကလည်း သင့်ကိုစောင့်မျှော်နေပါတယ်~ ဘာကိုစောင့်နေသေးတာလဲ။ လုပ်လိုက်တော့~]
လုထောင် မတုံ့ပြန်နိုင်ခင်မှာပင် သူ(မ)၏အသိစိတ်ကား ရောင်စုံစာသင်ခန်းအတုတစ်ခုထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။
စာသင်ခန်းထဲတွင် ကာတွန်းတိရစ္ဆာန်မျိုးစုံဖြင့် ပြည့်နှက်နေသည်။ စင်မြင့်ထက်ရှိဆရာမက မျက်မှန်ကိုပင့်တင်ကာ ပြောလိုက်သည်။
"မင်္ဂလာပါ ကလေးတို့.. နွေဦးပန်းပွင့်မူကြိုကျောင်းက ကြိုဆိုပါတယ်။ ဆရာမကတော့ မင်းတို့ရဲ့ဆရာမ မစ္စစ်ချန်ပါ။ ဆရာမချန်လို့ ခေါ်လို့ရတယ်"
ကလေးမလေးက ပတ်ပတ်လည်ကို အကြောင်သားလှည့်ပတ်ကြည့်ရှုပြီးနောက် သူ့ကိုယ်သူပြန်ကြည့်ကာ ရုတ်တရက် မျက်ဝန်းများတောက်ပလာသည်။
ပန်းရောင်ဂါဝန်လေးပဲ။
ထောင်ထောင်..
Peppa Pig လေး ဖြစ်သွားပြီ။
လုထောင်က စာသင်ခန်းထဲ၌ အလုပ်များနေချိန်ဝယ် ချန်မိသားစုနှင့် နှစ်အိမ်အကွာရှိ ရှုမိသားစုအိမ်တွင်မူ ငိုသံတစ်ခု ထွက်ပေါ်လာသည်။
အမျိုးသမီးကြီးရှုက မြေးမဖြစ်သူ ရှုလိုင်နန်၏ လက်မောင်းကို ဒေါသတကြီးဆွဲလိမ်လိုက်သည်။
"ငါမျက်နှာလေးလွှဲမိတာနဲ့ နင်က ကြက်ဥတစ်လုံးခိုးသွားတယ်ပေါ့။ နင့်တစ်သက် ကြက်ဥမမြင်ဖူးဘူးလား။ နင်က ကောင်းကောင်းစား ကောင်းကောင်းနေနေရတော့ ရန်ဖြစ်ချင်နေပြီထင်တယ်"
ရှုလိုင်နန်ခမျာ နာကျင်မှုကြောင့် မျက်ရည်ကျလာလေသည်။
"မဟုတ်ဘူး။ သမီး မခိုးဘူး"
"မခိုးဘူးဆိုရင် ကြက်ဥတွေက ဘယ်ရောက်သွားတာလဲ။ ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားတာလား"
အမျိုးသမီးကြီးရှုက သူမ၏မျက်နှာကို ရိုက်ပစ်လိုက်ပြီး တံမြက်စည်းရှာရန် ပြန်သွားလေသည်။
"ဝန်မခံဘူးလား။ နောက်မှ ဝန်ခံမလားဆိုတာ ကြည့်ကြသေးတာပေါ့။ နင်က အရမ်းလောဘကြီးပြီး အလိမ်အညာတွေတောင် လာပြောနေတာ။ နင့်အမေက နင့်ကို ဘာတွေသင်ပေးထားလဲမသိပါဘူး"
ရှုလောင်စန်း၏ဇနီးက အိမ်ထဲမှ ထိုစကားကိုကြားလိုက်ရသဖြင့် မြန်မြန်ပြေးထွက်လာကာ သူတို့ကိုတားဆီးရန် ကြိုးစားလိုက်သည်။
အမျိုးသမီးကြီးရှုက သူမကိုပါ ဆဲရေးပြီး သူ့ကိုဆွဲရန် ရောက်လာသည့်အခါ သူမက ပြန်တွန်းလိုက်သည်။
ထိုအချိန်တွင် ရှုလောင်စန်းက အပြင်မှပြန်ရောက်လာပြီး အနောက်တွင်လည်း ရှုမိသားစုမှ ယောကျ်ားသားအမြောက်အများက လိုက်ပါလာကြသည်။ သူတို့အားလုံး ပြေးလာရသည့်အတွက် ချွေးများရွှဲနေကြသည်။
အိမ်ထဲတွင် ပရမ်းပတာဖြစ်နေသည်ကို မြင်သောအခါ ရှုလောင်စန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
အမျိုးသမီးကြီးရှုက သူမ၏အငယ်ဆုံးသားကို ကြည့်ကာ လက်လျှော့လျက် ပြောလိုက်၏။
"ဘာမှမဖြစ်ပါဘူး။ ဒီကလေးမလေးက ငါ ဗီရိုထဲထည့်ထားတဲ့ကြက်ဥတွေကို လောဘတက်ပြီး စားပစ်လိုက်လို့ နောင်တစ်ချိန် သူ ပြဿနာမတွေ့အောင် ငါ ဆုံးမနေတာ"
"သမီးမလုပ်ဘူးလို့ ပြောနေတယ်လေ"
ရှုလိုင်နန်ခမျာ ငိုရလွန်း၍ အသက်ရှူမဝဖြစ်နေသော်ငြား သူ့အဖေဆီသို့ မသွားရဲသဖြင့် သူ့အမေ၏ ရင်ခွင်ထဲတွင်သာ တိုးဝှေ့ပူးကပ်နေသည်။
ရှုမိသားစုမှ ယောက်ျားသားများကလည်း ဤစကားကို ကြားလိုက်ရသောအခါ လည်ပင်းကို ပုထားလိုက်မိကြသည်။ အထူးသဖြင့် အငယ်ဆုံးရှုစန်းပေါင်ပင်။
"ကြက်ဥတွေ ပျောက်သွားတယ်ဆိုရင် အဲ့ဒါ လူတွေစားလို့မဟုတ်ဘူး"
"ဟုတ်တယ်။ ငါတို့အတန်းက လုကျန်းဆီက ကြားတာကတော့ သူတို့အိမ်မှာလည အရင်က သရဲခြောက်တယ်ဆိုပဲ။ ခြောက်တဲ့သရဲက လုထောင်ရဲ့အဖေလို့လည်း ပြောသေးတယ်။ သူက အဲဒီကလေးမလေးနောက်ကို အမြဲလိုက်နေပြီး သူ့အဖေနဲ့ အဘွားကိုလည်း သေလုနီးပါးဖြစ်အောင် ခြောက်လိုက်တယ်တဲ့"
ရှုမိသားစုမှ ယောက်ျားသားများက သရဲတစ်ကောင်ရှိသည်ဟု ပြောနေသော်လည်း သူတို့က အပြစ်ရှိသလို ခံစားနေရသောကြောင့် အကြောင်းပြချက်တစ်ခုကို လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်၏။
သို့သော် ရှုလောင်စန်းက ထိုစကားကိုကြားသောအခါ မျက်နှာဖြူဖျော့သွားပြီး ချွေးများလည်း ထွက်လာလေတော့သည်။
ဤအခြင်းအရာကြောင့် အမျိုးသမီးကြီးရှုက ထိတ်လန့်သွားခဲ့သည်။
"ဘာဖြစ်နေတာလဲ တတိယသားကြီး။ ဘယ်နေရာက မသက်မသာဖြစ်နေလို့လဲ"
ရှုလောင်စန်း - "ကျောက်ကပ်က မသက်သာတာ။ မဟုတ်ဘူး။ ဘယ်နေရာမှ ဘာမှမဖြစ်ဘူး"
သူသည် အမျိုးသမီးကြီးရှုကို တစ်ဖက်သို့ဆွဲခေါ်သွားလိုက်ပြီး ထိုနေ့တုန်းက ထင်းရှူးတောထဲတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို တိုးတိုးလေးပြောပြလိုက်သည်။
"နောက်ကျမှ ကျွန်တော် လိုင်နန်ကိုမေးကြည့်တော့ လုထောင်က ကျွန်တော့်ကို ရေနဲ့တကယ်ပက်ခဲ့တယ်လို့ ပြောတယ်။ အမေ..ကျွန်တော် ဒုက္ခရောက်ပြီလို့ထင်လား"
မျှော်လင့်မထားသည်မှာ အမျိုးသမီးကြီးရှုကမူ ဤစကားကိုကြားပြီးနောက် သူ့လက်မောင်းကို ပုတ်လျက် ပြောလာချေသည်။
"မင်းက တကယ်ပါးနပ်တာပဲ။ အကြံကောင်းတစ်ခုကို တွေးတတ်သားပဲ။ ငါအပြင်ထွက်ပြီး တစ်ခုခုလွဲနေတာ မင်းမဟုတ်ဘဲ အဲ့ဒီကလေးမလေး ဖြစ်တဲ့အကြောင်း လူတွေကို ပြောပြလိုက်မယ်"
ရှုလောင်စန်း - "..."
ရှုလောင်စန်း၏ မျက်နှာကား ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားပြီး အမျိုးသမီးကြီးရှုကို အလျင်အမြန်ဆွဲထားလိုက်သည်။
"အမေ..အမေ ပေါက်ကရတွေ ဘာမှမပြောပါနဲ့တော့"
သူတကယ်ကြောက်နေသည်ကို မြင်သောအခါ အဆုံးမှာတော့ အမျိုးသမီးကြီးရှုလည်း နည်းနည်းယုံကြည်သွားသည်။
"မင်း ငါ့ကို ဘာလို့စောစောစီးစီးက မပြောတာလဲ။ ငါ ဆေးတွေကြိုပြင်ထားပြီးသား။ မင်းပြန်လာပြီး သောက်မဲ့အချိန်ကိုစောင့်နေတာ"
ရှူလောင်စန်းက ဤစကားကိုကြားသောအခါ မျက်ခွံများလှုပ်သွားလေသည်။
"ဘာဆေးတွေ ယူလာတာလဲ"
"အဲဒီအပိုင်းအတွက်လေ။ ဒေါက်တာဟူ ပြောတာတော့ အသက်ခုနှစ်ဆယ်အရွယ် လူကြီးတစ်ယောက်တောင်မှ ဒါကိုသောက်လိုက်ရင် အကျိုးရှိတယ်ဆိုတာ အာမခံတယ်တဲ့"
ရှုလောင်စန်း - "..."
ကောလာဟလများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် ဒေါက်တာဟူထံသို့ ဆေးယူရန် သွားခဲ့သေးသည်။ မြစ်ဝါမြစ်ထဲသို့ ခုန်ချလိုက်လျှင်တောင် သူ့ကိုယ်သူ ဖြူစင်သွားအောင် မလုပ်နိုင်တော့ပေ။
ဤလူက သူ့ကိုယ်သူ အရိပ်အမြွက်ပေးမိမည်ကို ကြောက်နေသည်။
လုထောင်တွင် တစ်စုံတစ်ရာပြဿနာရှိသည်ဟု သေချာနေသရွေ့ အမျိုးသမီးကြီးရှု ဘယ်လိုထင်ထင် တကယ်တမ်းတွင် သူမက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်ဟု ခံစားခဲ့ရသည်။
သို့မဟုတ်ပါက သူမသည် ချန်မိသားစုနှင့် ဤမျှနှစ်ပေါင်းများစွာတိုင်အောင် မသင့်မမြတ်ဖြစ်နေခဲ့ပြီး ဘာမှလည်း မဖြစ်ခဲ့ချေ။ သို့ဖြစ်လေရာ ထိုမိန်းကလေးပြန်လာသည်နှင့် တစ်ပြိုင်နက် သူမ ဘာကြောင့် ဤမျှအထိကံဆိုးနေရသလဲ။
လုကောပင်းကို မြင်ဖူးသည်ဟု ပြောကြသူများအဖို့တော့...
ထိုကိစ္စဖြစ်ပျက်ပြီးသည်မှာ အတော်ကြာခဲ့လေပြီ။ သို့ဖြစ်လေရာ လုကောပင်းက ဘာကြောင့်များ စာတစ်စောင်တောင် မပြန်ရတာလဲ။
ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ခုဖြစ်သည်ဟု အမျိုးသမီးကြီးရှုက တွေးလိုက်မိပြီး သရဲဖမ်းရန်အတွက် တစ်စုံတစ်ယောက်ကို ရှာဖွေကာ ဤကပ်ဘေးဒုက္ခကို အဆုံးသတ်ရန် လိုအပ်လေသည်ဟု ယုံကြည်ထားသည်။
သူ(မ)က ဆွေမျိုးမိတ်ဆွေများထံ မေးမြန်းကြည့်ခဲ့ပြီး နောက်ဆုံးတွင်မူ ပိုင်ရှားရွာတွင် သရဲတစ္ဆေများကို မြင်နိုင်သည့် ရှေ့ဖြစ်ဟောဆရာတစ်ဦးရှိကြောင်း သိရှိလိုက်ရသည်။
တိုက်ဆိုင်ချင်တော့ ထိုနေရာတွင် သူ(မ)မေးမြန်းခဲ့သော နတ်ဘုရားမှာ အမျိုးသမီးကြီးလု ရှာဖွေခဲ့သော နတ်ဘုရားတစ်ပါးဖြစ်၏။
အမျိုးသမီးကြီးရှုက တတိယသား ရှုလောင်စန်းကိုပါ ခေါ်လာပြီး လက်ဆောင်များ ပေးအပ်ကာ အခြေအနေကို ယဉ်ယဉ်ကျေးကျေး ရှင်းပြခဲ့သည်။ ထို့နောက် သူ(မ)က မာသာ့ရှန်းကို မေးလိုက်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ။ သူ့ကိုလွှတ်ပေးလိုက်သင့်လား။ ဒါမှမဟုတ် သတ်ပစ်လိုက်သင့်လား"
မာသာ့ရှန်းက စီးကရက်တစ်ရှိုက်ဖွာကာ လေးနက်သောအမူအရာဖြင့် ပြောလာလေသည်။
"မင်းပြောတဲ့စကားအရဆိုရင် သူက ဘာမကောင်းမှုမှ မလုပ်ခဲ့ဘူး။ အမတတွေက ကရုဏာတရားရှိပြီး အလွယ်တကူ မသတ်တတ်ကြဘူး။ သူ့ကိုနှင်ကြည့်ကြတာပေါ့"
"သူပြန်လာရင်ရော"
ရှုလောင်စန်းမှာ အနည်းငယ် စိုးရိမ်ကြောင့်ကြနေသည်။
အမျိုးသမီးကြီးရှုကလည်း ဤနည်းလမ်းမှာ မလုံခြုံဟု ခံစားလိုက်ရသည်။ အမြစ်ပြတ်ဖြတ်ပစ်ခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်သည်။
"သူက ကျွန်မတို့ကို အများကြီးဒုက္ခပေးခဲ့တာ။ ဘာလို့သနားနေတာလဲ။ အရှင် နတ်ဘုရားတွေကို ပြောပေးပါ။ ကျွန်မတို့ကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်။ ပိုက်ဆံထပ်ပေးရလည်း ကျေနပ်ပါတယ်"
"အဲ့ဒါက ပိုက်ဆံနဲ့မဆိုင်ဘူး..."
"ဆယ်ယွမ်ပိုပေးပါ့မယ်။ မဟုတ်သေးဘူး။ နှစ်ဆယ်ပိုပေးမယ်"
နောက်ထပ်နှစ်ဆယ်ထပ်ပေါင်းလိုက်လျှင် မြို့ထဲရှိ လစာတစ်လစာနှင့် ညီမျှသည်။
မာသာ့ရှန်းလည်း အနည်းငယ်စဉ်းစားကြည့်ပြီး အမျိုးသမီးကြီးရှုဘက်က ဈေးထပ်မတင်တော့သည်ကို မြင်သောအခါ စီးကရက်မှ မီးခိုးတန်းရှည်ကြီးတစ်ချက် ရှုထုတ်ကာ ပြောလိုက်၏။
"ကောင်းပြီ။ မင်းတို့ဘက်က အရမ်းစိတ်အားထက်သန်နေမှတော့ ငါကူညီပေးမယ်"
သူက နားမလည်နိုင်သော စကားများကို တတွတ်တွတ်ရွတ်လျက် ခဏမျှစောင့်ပြီးမှ ပြောလိုက်သည်။
"နတ်ဘုရားတွေကလည်း သဘောတူလိုက်ပြီ"
ထို့နောက် သူက မေးလာပြန်သည်။
"မင်းတို့ပြောတဲ့လူရဲ့နာမည်က ဘယ်လိုခေါ်တာလဲ။ သူ့မွေးသက္ကရာဇ်ကိုရော သိလား"
"လုကောပင်းကို မေးတာလား။ ဒါမှမဟုတ် သူ့သမီးလုထောင်ကို မေးတာလား။ လုထောင်က ဒီနှစ်ထဲ သုံးနှစ်ကျော်ပြီဆိုတာတော့သိပေမဲ့ မွေးနေ့ကိုတော့ အတိအကျမသိဘူး..."
အမျိုးသမီးကြီးရှု၏ စကားမဆုံးသေးခင်မှာပင် မာသာ့ရှန်းက ဒုန်းခနဲပြုတ်ကျသွားသည်။
"မင်းတို့ ဘယ်သူလို့ပြောလိုက်တာလဲ။ လု...လုထောင်လား"