Chapter 53
Vol. 5 Ch. 53
သူတို့ သရဲဖမ်းရန် ဆွေးနွေးနေချိန် မာသာ့ရှန်းက ရုတ်တရက် လဲကျသွားလေရာ ရှုမိသားစုမှ သားအမိနှစ်ယောက်လည်း ထိတ်လန့်သွားလေသည်။
ရှုလောင်စန်းသည် ရေပက်ခံရသည့်ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံထားဖူးသူဖြစ်လေရာ ထိုင်နေရာမှ ထခုန်လိုက်မိသည်။
"ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။ သရဲရောက်လာပြီလား"
အမျိုးသမီးကြီးရှုက ထိုစကားကိုကြားသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။
"သူ ရောက်လာပြီ။ သူ ရောက်လာပြီ။ ကျေးဇူးပြုပြီး သူ့ကိုမြန်မြန်နှင်ထုတ်လိုက်ပါ မြန်မြန်လေး.."
သူ့စကားမဆုံးခင်မှာပင် မာသာ့ရှန်းက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"ပါးစပ်ပိတ်ထား"
အမျိုးသမီးကြီးရှုကလည်း မသိစိတ်၏ စေ့ဆော်မှုအရ စကားပြောနေတာကို ရပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် မာသာ့ရှန်းက အနည်းငယ်သက်သာလာသည်။ သူက ကြမ်းပြင်ပေါ်မှ ကုန်းထလာပြီး လက်နှစ်ဖက်ကိုယှက်ကာ တီးတိုးဆိုလိုက်သည်။
"ငါ့ကို အပြစ်မတင်ပါနဲ့။ ငါ့ကို အပြစ်မတင်ပါနဲ့။ သူတို့မိသားစု မင်းကိုစော်ကားခဲ့တာကို ငါ မသိခဲ့လို့ပါ။ ကျေးဇူးပြုပြီး ငါ့ကိုအပြစ်မယူပါနဲ့.."
ရှုမိသားစုမှ သားအမိနှစ်ယောက်လည်း လုံးဝစိတ်ရှုပ်ထွေးသွားရသည်။ သူတို့ခမျာ တစ်ယောက်ကိုတစ်ယောက် မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ နဖူးထက်မှာလည်း ချွေးစေးများပြန်နေလေသည်။
'ဒါက…'
'ဒီဆရာသခင်က အဲ့ဒီသောက်ကျိုးနည်းသရဲကို မနိုင်ဘူးလား။'
အခန်းကား ထိုခဏဝယ် တိတ်ဆိတ်သွားပြီး မူမမှန်သလို တတွတ်တွတ်ရွတ်နေသော မာသာ့ရှန်း၏ အသံတစ်သံတည်းကိုသာ ကြားနေရသည်။
အချိန်အတော်ကြာပြီးနောက် ဘာမှဖြစ်မလာသည်ကို မြင်သောအခါ မာသာ့ရှန်းက စိတ်ငြိမ်သွားအောင်လုပ်လိုက်ပြီး ရှုမိသားစုမှ သားအမိနှစ်ယောက် ယူလာသည့် ပစ္စည်းများကို ပြန်တွန်းထုတ်လိုက်သည်။
"ဒါတွေကို ငါမယူဘူး။ မင်းတို့ဘာသာ တခြားဘယ်သူ့ကိုပဲဖြစ်ဖြစ် သွားရှာကြ"
အမျိုးသမီးကြီးရှုက ထိုစကားကိုကြားသောအခါ စိတ်သောကရောက်သွားချေသည်။
"ရှင်က သရဲဖမ်းတဲ့နေရာမှာ အတော်ဆုံး မဟုတ်ဘူးလား။ ဘာလို့လက်မခံတော့တာလဲ"
"ဟုတ်တယ်လေ။ ခင်ဗျား သူ့ကိုမနိုင်ရင် ကျွန်တော်တို့က ဘယ်သူ့ကို သွားရှာရမှာလဲ"
သူတို့နှစ်ယောက်က သူ့အား သရဲတစ်ကောင်ကိုခေါ်ကာ နှင်ထုတ်ခိုင်းနေသည့်စကားများကို ကြားသောအခါ မာသာ့ရှန်းလည်း ထိုမိစ္ဆာနှစ်ကောင်ကို ရိုက်ထုတ်ပစ်ချင်စိတ်များပေါက်လာသည်။
ခြောက်သွေ့သွေ့နိုင်လှသော သူ၏လက်များမှာ တုန်ယင်နေပြီး ဒေါသထွက်ရမလား ကြောက်လန့်ရမလားဆိုသည်ကိုပင် မသိတော့ပေ။
"အဲ့ဒါက သရဲလို့ မင်းတို့ကို ဘယ်သူကပြော..ပြောလဲ"
"အဲ့ဒါက သရဲမဟုတ်ဘူးလား"
ရှုမိသားစုမှ သားအမိနှစ်ယောက်က အံ့ဩမှင်တက်သွားချေသည်။
"ဘယ်ဟုတ်ပါ့မလဲ"
မာသာ့ရှန်းက ပြောလိုက်၏။
"လုထောင်လို့ခေါ်တဲ့ ပန်းကလေးက မယ်တော်ကြီးရဲ့ဘေးမှာနေခဲ့တဲ့ မိန်းကလေး ပြန်ဝင်စားတာ။ သူ့မှာ သူ့ကိုစောင့်ရှောက်ပေးနေတဲ့ အစောင့်အရှောက်တစ်ယောက်ရှိတယ်။ မင်းတို့ သူ့ကိုစော်ကားနှောင့်ယှက်လို့မရတဲ့အပြင် ငါလည်း သူ့ကို သွားစော်ကားလို့မရဘူး"
မျက်စိတစ်မှိတ်အတွင်းမှာပင် သေသွားသောမိန်းကလေးလုထောင်က ဘယ်လိုလုပ်ပြီး နတ်သမီးတစ်ပါးဖြစ်လာရလေသလဲ။
အမျိုးသမီးကြီးခမျာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေလေသည်။
"ဆရာ.. တစ်ခုခုမှားနေတာများလား"
မာသာ့ရှန်းလည်း သူ အထင်မှားခြင်းဖြစ်ပါစေဟု မျှော်လင့်မိသည်။ သို့သော် ရှုချွေးခရိုင်တစ်ခုလုံးတွင် လုထောင်ကဲ့သို့သော ထူးဆန်းလှသည့် သုံးနှစ်အရွယ်မိန်းကလေးမျိုး နောက်တစ်ယောက်မရှိနိုင်ပေ။
သူလည်း သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီး သူတို့ကိုနှင်ထုတ်လိုက်သည်။ သူတို့သာ သူ့အိမ်ထဲမှာ အကြာကြီးဆက်နေနေပါက မတိုင်မီကလိုအဖြစ်မျိုး နောက်တစ်ခါထပ်ဖြစ်လာမည်ကို စိုးရိမ်နေသည်။
မာသာ့ရှန်းက သူတို့ယူလာသော ပိုက်ဆံများနှင့် ပစ္စည်းများကို လိုချင်ပုံမပေါက်တော့သည်ကို မြင်လိုက်ရသောအခါ ရှုသားအမိနှစ်ယောက်မှာ လုံးဝကြောက်လန့်သွားသည်။
ထိုနှစ်ယောက်သားဟာ တခြားဘာကိုမှဂရုမစိုက်တော့ဘဲ တံခါးဘောင်ကိုသာ ဆွဲကိုင်ထားပြီး ထွက်သွားရန် တင်းခံနေပေသည်။ သူတို့က မာသာ့ရှန်းကို သူတို့အားကယ်တင်ပေးပါရန်နှင့် သူတို့အား အကြံတချို့ပေးဖို့ တောင်းပန်နေကြသည်။
မာသာ့ရှန်းက သူတို့ကို တွန်းမထုတ်ပစ်နိုင်သောကြောင့် ပြောလိုက်သည်။
"မင်းတို့ ငါ့ကိုလာနှောင့်ယှက်နေတော့ရော ဘာအကျိုးရှိမှာလဲ။ ငါ့ကိုနှောင့်ယှက်ဖို့ မင်းတို့မှာ အချိန်ရှိတယ်ဆိုရင် အဲ့ဒီကောင်မလေးဆီကိုသာ ပြန်သွားပြီး မင်းတို့ကိုလွှတ်ပေးဖို့ တောင်းပန်လိုက်လေ"
"ဒါက.."
ရှုသားအမိနှစ်ယောက်ကား တွေဝေသွားကြလေ၏။
ထိုအခိုက်တွင် အဝေးတစ်နေရာမှ လူတစ်စုဟာ ရုတ်ခြည်းအပြေးရောက်လာကြသည်။
"အဲ့ဒါ သူတို့မိသားစုပဲ။ သူတို့မိသားစုကြောင့် ဒီလိုမကောင်းတဲ့ကိစ္စတွေဖြစ်နေတာ"
ဆယ်မိနစ်အကြာတွင် ရှုသားအမိနှစ်ယောက်နှင့်အတူ မာသာ့ရှန်းကိုပါ ပိုင်ရှားရွာရှိ အတွင်းရေးမှူးဝမ်၏ ရုံးခန်းဆီသို့ ခေါ်ဆောင်လာခဲ့ကြသည်။
သုံးယောက်သားက ခေါင်းပေါ်လက်မြှောက်၍ ရုံးခန်းအပြင်ဘက်ရှိ နံရံကို မျက်နှာမူနေကြသည်။ တစ်ယောက်က ငေးငိုင်နေပုံရပြီး နောက်တစ်ယောက်ကလည်း ငေးငိုင်နေကာ နောက်ဆုံးတစ်ယောက်ကမူ ရှေ့နှစ်ယောက်ထက်ပို၍ မူမမှန်ဟန်ပေါက်နေလေသည်။
မာသာ့ရှန်း - "ငါအလုပ်မှားရွေးမိပြီး သူ့ကိုဒေါသထွက်အောင်လုပ်ခဲ့မိတဲ့ပုံပဲ။ ဖြစ်နိုင်တာက.."
အမျိုးသမီးကြီးရှုနှင့် မစ္စတာရှု - "…."
'နေရောင်ခြည်က ငါ့နောက်ကျောဘက်မှာ ထိန်ထိန်သာနေပေမဲ့ ဘာလို့တအားအေးနေရတာလဲ။'
ဆောင့်ကြောင့်ထိုင်ရလွန်း၍ သားအမိနှစ်ယောက်၏ ခြေထောက်များ ထုံကျဉ်လာသောအခါ အနီရောင်လက်မောင်းပတ်ပတ်လာသော အမျိုးသားတစ်ယောက်က ရောက်ချလာပြီး သူတို့ကိုမေး၏။
"မင်းတို့နှစ်ယောက်က သူ့ကို ဘာကိစ္စနဲ့တွေ့ဖို့ရောက်လာတာလဲ"
တစ်စုံတစ်ယောက်ရောက်လာသဖြင့် မာသာ့ရှန်းလည်း တိတ်တိတ်ရေရွတ်နေခြင်းကို ရပ်တန့်လိုက်သည်။
သို့သော် "ဖြစ်နိုင်တာက.."ဟူသော သူ၏စကားများက ရှုမိသားစုမှ သားအမိနှစ်ယောက်၏ စိတ်ထဲတွင် ကွင်းတစ်ခုအလား ချာလပတ်လည်နေပြီး သူတို့ကို အလွန်အမင်းစိတ်ဖိစီးစေသည်။
ရောက်လာသူက သူတို့ကိုနှစ်ကြိမ်မျှ မေးသော်လည်း သူတို့ကတော့ ဘယ်လိုဖြေရမှန်းမသိဘဲ တွေဝေတုံ့ဆိုင်းနေကြသည်။
သူတို့က လုထောင်ကို ကြောက်ရွံ့နေကြပြီး သရဲဖမ်းသည့်ကိစ္စအကြောင်းကိုလည်း တခြားလူများအား ပြောမပြရဲပေ။ အခြားလူများ၏ အမြင်တွင်မူ သူတို့ တစ်စုံတစ်ခုကို ဖုံးကွယ်နေသည်ဟု မြင်နေကြသည်။
သူတို့ကိုမေးခွန်းထုတ်ခဲ့သော အနီရောင်လက်မောင်းပတ်နှင့် အမျိုးသားက ရုံးခန်းထဲသို့ ချက်ချင်းဝင်သွားလိုက်ပြီး ထိုလူနှစ်ယောက်က မူမမှန်စွာပြုမူနေကြသည်ဟု အတွင်းရေးမှူးဝမ်ကို အစီရင်ခံလိုက်သည်။
အတွင်းရေးမှူးဝမ်က ထိုစကားကိုကြားသောအခါ ဤသို့နှယ်တွေးလိုက်မိသည်။
'ဒါက အဆင်သင့်လိုက်တဲ့ရလဒ်ပဲ။'
မာသာ့ရှန်းက အလွန်တော်သောပုဂ္ဂိုလ်တစ်ယောက်ပင်။ သူသည် သာမန်နာမကျန်းမှုလေးများနှင့် ထိတ်လန့်မှုများကို ပျောက်ကင်းသွားအောင် ကုသပေးနိုင်သည်။ သူ့အား လက်ပူးလက်ကြပ်မိခဲ့သည်ဆိုလျှင်တောင် သူ့ကိုယ်သူ ဖြောင့်ချက်ပေးဖို့ ဆင်ခြေပေါင်းများစွာရှိသည်။ သို့မဟုတ်ပါက ဝရုန်းသုန်းကားနိုင်လှသော ထိုဆယ်နှစ်တာကာလကို သူ ဘေးကင်းကင်းကျော်ဖြတ်နိုင်ခဲ့မည်မဟုတ်ချေ။
သူ့၏နှုတ်ကို ဟလာအောင်လုပ်ဖို့မှာ ခက်ခဲလှသဖြင့် ရှုမိသားစုမှ သားအမိနှစ်ယောက်က စုံစမ်းစစ်ဆေးရေး၏ အခရာဖြစ်လာခဲ့သည်။
လူတစ်စုက သူတို့နှစ်ယောက်၏ ပတ်ပတ်လည်တွင်ဝိုင်းထားကြပြီး တစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်နေကြသည်မှာ တစ်ယောက်၏ မေးခွန်းက ရှေ့တစ်ယောက်ထက် ပိုရက်စက်လာလေသည်။
ထိုလူနှစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာအကာအကွယ်များကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ရန်အတွက် အတွင်းရေးမှူးဝမ်က ချင်းရှန်းရွာကို လှမ်းဆက်သွယ်၍ အတွင်းရေးမှူးလျူကို စုံစမ်းစစ်ဆေးရေးတွင် ကူညီပေးဖို့ တောင်းဆိုလိုက်သည်။
ရှုလောင်စန်းသည် ယခင်က ဤကဲ့သို့သော အခြေအနေမျိုးကို မကြုံတွေ့ဖူးသောကြောင့် ပြိုလဲလုနီးပါးဖြစ်နေလေသည်။ အမျိုးသမီးကြီးရှုကလည်း သူ့ထက် အခြေအနေပိုကောင်းလှသည်မဟုတ်။
သူတို့နှစ်ယောက်စလုံး ဘာမှမပြောသည်ကို မြင်သောအခါ အတွင်းရေးမှူးလျူက တွေဝေသွားရသည်။
"တတိယအစ်ကို နေမကောင်းလို့များလား"
ထိုအချိန်ဝယ် ရှုလောင်စန်းမှာ ပြောစရာစကားများ ဆွံ့အသွားရလေသည်။
"ငါ နေမကောင်းမဖြစ်ဘူး"
ဤမျှမြန်မြန်ဆန်ဆန် ငြင်းဆန်လိုက်ခြင်းမှာ ပို၍ပင်သိသာထင်ရှားသွားစေသည်။
အတွင်းရေးမှူးလျူလည်း သူ့အတွေးကို ပိုယုံကြည်သွားပြီး မျက်နှာထက်တွင် ပူပန်နေသောအမူအရာမျိုး ဆင်မြန်းလျက် ပြောလာလေသည်။
"မင်း ဘာလုပ်နေတာလဲ။ မင်းမှာ ပြဿနာတစ်ခုခုရှိရင်လည်း ဆေးရုံကိုသွားပါ့လား။ ဒီလိုမဟုတ်မဟတ်နည်းလမ်းတွေက ဘာအသုံးဝင်မှာလဲ။ ပိုဆိုးဝါးသွားရင် မင်း ဘယ်နားသွားငိုရမှန်းတောင် သိမှာမဟုတ်ဘူး"
မဟုတ်ဘူး။ ဘာမှစိတ်ပူနေစရာမရှိဘူး။
ရှုလော်စန်းခမျာ ယခုမှ တကယ်ငိုချချင်လာသည်။
သင့်တော်သည့် အကြောင်းပြချက်တစ်ခုကို ရှာမတွေ့သည့်အတွက် အဆုံးမှာတော့ ရှုလောင်စန်းလည်း သူ့မာနကို ခဏချိုးနှိမ်ကာ လူတိုင်းရှေ့တွင် မာသာ့ရှန်ကိ သူလာရှာရခြင်းမှာ သူ၏ကျန်းမာရေးပြဿနာကြောင့်ဖြစ်ကြောင်း ဝန်ခံလိုက်ရသည်။ မာသာ့ရှန်းကလည်း သူ့စကားအတိုင်း ရေလိုက်ငါးလိုက်လုပ်၍ သူ၏ ရည်ရွယ်ချက် အစစ်အမှန်ကိုမူ ဖုံးကွယ်ထားလိုက်သည်။
ထိုကိစ္စက ပြီးဆုံးသွားပြီဖြစ်ပြီး အလွန်ဆုံးရှိလှ အတွင်းရေးမှူးလျူထံမှ အနည်းငယ်အဆူခံရပြီး နိုင်ငံရေးသင်ခန်းစာအချို့ကို နားထောင်ရလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။
သို့သော် ထင်မှတ်မထားပါဘဲ ချင်းရှန်ရွာက ပထမဆုံးကောက်ရိုးဦးထုပ် စမ်းသပ်ရေး နယ်မြေဖြစ်သောကြောင့် လူတော်တော်များများက စောင့်ကြည့်နေကြသည်။
အတွင်းရေးမှူးလျူပြန်သွားသည်နှင့် လူတော်တော်များများက ဤကိစ္စနှင့်ပတ်သက်၍ မေးမြန်းကြပြီး အခြားရွာမှ အတွင်းရေးမှူးများကလည် သူ့ကိုခေါ်လာကြသည်။
သူ ထိုအကြောင်းကိုတွေးကြည့်လိုက်ပြီး အဖွဲ့အစည်းကသိသွားပြီး သူ့ကို ထိုအကြောင်းများ လာမမေးခင် ဤကိစ္စကိုကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့ကြောင့် ရှုမိသားစုမှ သားအမိနှစ်ယောက်ကို အိမ်ပြန်လွှတ်လိုက်ပြီးနောက် လုထောင်၏ နတ်သမီးသရုပ်မှန်သတင်းအကြောင်း မယုံမကြည်နိုင်ဖြစ်နေဆဲမှာပင် မထင်မှတ်ထားသော နောက်ထပ်ကိစ္စတစ်ခုက သူတို့ကို ရိုက်ခတ်လာပြန်သည်။ အတွင်းရေးမှူးလျူက တစ်ဖွဲ့လုံးရှေ့တွင် သူတို့ကိုယ်သူတို့ သုံးသပ်ပြရန် တောင်းဆိုလာသည်။
ထိုနေ့တုန်းက ချင်းရှန်ရွာ၌ စည်များ၊ ဒရမ်များ၊ ဗြောက်အိုးများ၊ အနီရောင်အလံများနှင့် ရောင်စုံအလံများဖြင့် ပြည့်နှက်နေခဲ့သည်။
လူတွေလည်း အများကြီးပင်။
အတွင်းရေးမှူးလျူက ရွာသူရွာသားများက ကောက်ရိုးတလင်းပေါ်တွင် အစည်အဝေးတစ်ခုလုပ်ရန် ခေါ်လိုက်ပြီးနောက် အမျိုးသမီးကြီးရှုနှင့် ရှုလောင်စန်းတို့က ရှုလောင်စန်း၏ ကျန်းမာရေးပြဿနာကြောင့် အမှားလုပ်ခဲ့မိကြောင်းနှင့် ဆေးကုသမှုခံယူရန်အတွက်လည်း အပူတပြင်း စိတ်အားထက်သန်နေကြောင်း ပြောပြခဲ့သည်။
သို့သော် ထိုကောလာဟလက ရက်ပေါင်းများစွာပျံ့နှံ့နေပြီးဖြစ်သဖြင့် ရှုလောင်စန်း ဘာဖြစ်နေသလဲဆိုသည်ကို လူတိုင်းသိထားပြီးဖြစ်၏။
ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ကျင်းပပြီးသည်နှင့် ရှုလောင်စန်းက စွမ်းဆောင်နိုင်ခြင်းမရှိကြောင်း တရားဝင်ကြေညာလိုက်သည်။
ယခင်က သံသယရှိခဲ့ဖူးသူများလည်း ယခုမူ ယုံကြည်လာကြပြီဖြစ်၏။ သူတို့အားလုံးက ရှုလောင်စန်နှင့် သူ့မိန်းမကို သနားစာနာစွာဖြင့် ကြည့်နေကြသည်။
"မင်းက အသက်သုံးဆယ်တောင် မပြည့်သေးဘဲနဲ့ ဒီလောက်အထိ အားနည်းနေလိမ့်မယ်လို့ ငါထင်မထားဘူး"
"သူနဲ့ချန်ဖန်းရှုတို့ကြား တစ်ခုခုရှိနေတယ်ဆိုတာ ဘယ်သူပြောတာလဲကွ။ သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် ဘာများဖြစ်နိုင်မှာမို့လို့လဲ"
"ဟုတ်တယ်။ အဲ့ဒီလိုပြောတဲ့လူက မနာလိုလို့ပဲ ဟုတ်တယ်မလား။ အခုဆိုရင် ရှောင်ချန်ကို မနာလိုဖြစ်နေတဲ့လူတွေမှ အများကြီးပဲ"
ထိုဆွေးနွေးမှုများကြောင့် ရှုမိသားစုလည်း လုံးဝစိတ်ဓာတ်ကျသွားရပြီး ရှုလောင်စန်းဆိုလျှင် ရက်တော်တော်ကြာသည်အထိ အလုပ်မသွားပေ။
လုထောင်ကတော့ ရှုမိသားစုအတွက် မည်မျှကြီးမားသော ထောင်ချောက်တစ်ခုကို သူမ ထောင်ပေးခဲ့မိမှန်း မသိရှာပေ။
မပြတ်တမ်းအားထုတ်မှုများကြောင့် အဆုံးမှာတော့ သူမ "ဘဲငန်းကဗျာ"ကို အလွတ်ရသွားပြီး ဆုမဲပေါက်နိုင်သည့် အခွင့်အရေးတစ်ခုကို အောင်အောင်မြင်မြင်ရရှိလိုက်သည်။
"ဖေဖေ.. ထောင်ထောင် နိုင်လောက်မယ်လို့ထင်လား"
ကလေးမလေးက သူ့လက်သူပွတ်လိုက်သည်။ သူမ၏ မျက်ဝန်းတို့က ဆုမဲမျက်နှာပြင်ကိုကြည့်ရင်း မျှော်လင့်စောင့်စားဟန်တို့က အထင်းသားပင်။
အာ့ဝူလင် - [မင်း ဒီစနစ်နဲ့ချိတ်ဆက်မိတာ တော်တော်ကံကောင်းတယ်။ ငါထင်တာတော့ မင်းရဲ့ဆုမဲအတွက် "ကျေးဇူးတင်ပါတယ်"ဆိုတဲ့ မဲကိုတောင် မရနိုင်ဘူး။ ငါတို့ မုန့်ထုပ်ပဲဖြစ်ဖြစ် ကာတွန်းပဲဖြစ်ဖြစ် ရသင့်တယ်နော်။ ဆန်းကြယ်ပစ္စည်းကတော့ ထားလိုက်ပါတော့။ နိုင်နိုင်ခြေကလည်း အဆတစ်သောင်းမှာ တစ်ပုံလောက်နိုင်ဖို့တောင် ခဲယဉ်းတယ်။ ဒါက မင်းရဲ့ပထမဆုံးအကြိမ်ဆိုတော့…]
သူ့စကားမဆုံးခင်မှာပင် လည်နေသော ဆုမဲလှည့်ဘီးက ရပ်တန့်သွားပြီး မြားကလည်း အမေးသင်္ကေတပုံစံဆွဲထားသော လက်ဆောင်ဘူးတစ်ခုကို ညွှန်ပြလိုက်သည်။
အာ့ဝူလင် - [မြောင် မြောင် မြောင် မြောင်! ပထမဆုံးတစ်ခေါက်မှာတင် ဆန်းကြယ်လက်ဆောင်ကို ရသွားတာပဲ။ သမီးမှာ ဘယ်လိုကံမျိုးရှိနေတာပါလိမ့်]
လုထောင်လည်း အနိုင်ရနိုင်ခြေက အဆတစ်သောင်းမှာတစ်ပုံစာမျှအထိ နည်းပါးလှသည်ဟုဆိုသော ဆန်းကြယ်ပစ္စည်းကို ကြည့်လိုက်သည်။ သို့သော် သူမ သိပ်မပျော်ပေ။
၎င်းမှာ လူကြီးလက်ဖဝါးတစ်ဝက်စာမျှရှိသော ကိုးထပ်အမြင့်သစ်သားမျှော်စင်လေးတစ်ခုဖြစ်ပြီး ရှေးဟောင်းအငွေ့အသက်တစ်မျိုး ကိန်းအောင်းနေချေသည်။
ကလေးမလေးက ထိုမျှော်စင်လေးကို ထပ်ခါထပ်ခါကြည့်ပြီး နှုတ်ခမ်းစူလိုက်သည်။
"အရမ်းရုပ်ဆိုးတာပဲ"
[တကယ်..တကယ်ရုပ်ဆိုးတာလား]
အာ့ဝူလင်၏ အသံကား ကျယ်လာလေသည်။
"ဒါကဘာလဲဆိုတာသိလား။ ဒါက ဝမ်ချန်းမျှော်စင်နော်။ ဝမ်းချန်းမျှော်စင်ဆိုတာက စနစ်က ဖန်တီးထားတာ။ အဲ့ဒါနဲ့ဆိုရင် သမီးရဲ့သင်ကြားမှုစွမ်းရည်က နှစ်ဆမြင့်တက်လာမှာ။ အဲ့ဒါကိုရုပ်ဆိုးတယ်လို့ တကယ်ထင်နေတာလား"
"ဒီတိုင်းရုပ်ဆိုးတာပဲ"
လုထောင်က နောက်တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် ဝမ်ချန်းမျှော်စင်ကို မနှစ်မြို့ဟန်အမူအရာဖြင့် ဘေးချထားလိုက်ပြီး အာ့ဝူလင်ကို မေးလိုက်သည်။
[ဖေဖေ. သမီးတို့ အခု ရေတွက်တာစသင်လို့ရပြီလား။ ထောင်ထောင် ရေတွက်တာကိုသင်ချင်တယ် အဟင့်]
အာ့ဝူလင် - [……]
ချန်ဖန်းရှုသည် သူမ သမီးလေးကို ကိုယ်တိုင် စာသင်ပေးချင်သော်လည်း ကလေးအဖေသင်ပေးတာက ပိုကောင်းနေသည်ကို မြင်လိုက်ရသောအခါ သူမ ဝင်မနှောင့်ယှက်တော့ပေ။
သူမပြန်ရောက်လာသောအခါ လုထောင် နံပါတ်များရေတွက်နေသံကို ကြားလိုက်ရပြီး အပြုံးလေးဖြင့် မေးလိုက်လေသည်။
"သမီး ဘဲငန်ကဗျာကို ရွတ်လို့ပြီးသွားပြီလား"
"ရွတ်ပြီးသွားပြီ"
ကလေးမလေးက အားတက်သရော ခေါင်းညိတ်ပြလာသည်။
"မေမေ သမီးရွတ်ပြမယ်"
"ကောင်းပြီ"
လုထောင်က ခေါင်းလေးတခါခါဖြင့် ကလေးသံလေးနှင့် စတင်ရွတ်ဆိုလေတော့သည်။
"ဘဲငန်းလေး ဘဲငန်းလေး ဘဲငန်းလေး.. ကောင်းကင်ကိုခေါင်းမော့ထားရင်း သီချင်းဆိုနေရှာ.."
ချန်ဖန်းရှုလည်း သေချာဂရုတစိုက်နားထောင်နေလိုက်သည်။ သူမ ကဗျာရွတ်ပြီးသွားသောအခါ ပြုံး၍ ချီးကျူးလိုက်၏။
"ထောင်ထောင်က အရမ်းတော်တာပဲ။ ကဗျာကိုတောင် ခပ်မြန်မြန်ရွတ်ပြနိုင်တယ်"
"ဟုတ်တယ်။ ထောင်ထောင် ဖေဖေ့ဆီကလည်း ဆုရထားတယ်"
ဤတစ်ကြိမ်တွင်မူ ကလေးမလေးက ဝမ်ချန်းမျှော်စင်ကို ရုပ်ဆိုးသည်ဟု မထင်တော့ပါချေ။ သူ(မ)က သူမ အမေကိုပြရန်အတွက် ထိုအရာကို မြှောက်လိုက်ပုံမှာ ရတနာတစ်ခုကို ပြသနေသည့်အလားပင်။
ချန်ဖန်းရှုက ဝမ်ချန်းမျှော်စင်ကို မမှတ်မိသော်လည်း ကလေးကို ကလေးအဖေဖြစ်သူက ပေးထားခြင်းဖြစ်သောကြောင့် စားပွဲပေါ်တွင် ဂရုတစိုက်တင်ထားလိုက်သည်။
နေရာချလိုက်ပြီးသည့်အချိန်မှာပင် လုဟွေ့က အေးတိအေးစက်ဟန်ဖြင့် ကျောင်းမှပြန်လာသည်။
သူက အထဲသို့လျှောက်ဝင်လာပြီး ကျောင်းလွယ်အိတ်ကိုချကာ မီးဖိုဆီသို့ ပြေးသွား၍ သူ့ကိုယ်သူနွေးနေအောင် ခဏလုပ်လိုက်ပြီး သူ့ညီမနှင့် သွားကစားတော့သည်။
ချန်ဖန်းရှုကလည်း ကလေးနှစ်ယောက်ကို ခဏမျှကစားခွင့်ပြုလိုက်ပြီးနောက် သူမ၏သားကို သတိပေးလိုက်သည်။
"အခုဆိုရင် နေ့တာတိုနေပြီနော်။ အဲ့ဒါကြောင့် သားရဲ့အိမ်စာတွေကို စောစောပြီးအောင် လုပ်ထားမှဖြစ်မယ်"
လုဟွေ့ကလည်း ခေါင်းညိတ်ပြလိုက်ပြီး လုထောင်၏ ဘေးနားရှိ မီးဖိုအစွန်းတွင် သူ့အိမ်စာ စာအုပ်ကိုဖြန့်ကာ ခုံအပုလေးပေါ်တွင်ထိုင်ကာ အိမ်စာလုပ်တော့သည်။
သူ တစ်ဝက်လောက်ရေးပြီးသွားသောအခါ ချန်ပေါင်က သူ့အိမ်စာစာအုပ်ကိုကိုင်၍ အပြေးရောက်ချလာသည်။
"ဒေါ်ဒေါ်.. ကျွန်တော် ဒီမေးခွန်းကိုမဖြေတတ်လို့"
ချန်မိသားစု၏ သားများက ပညာရေးပိုင်းမှာ အားနည်းကြသည်။ ချန်ပေါင်ကောင်းတစ်ယောက်တည်းသာ ထက်ထက်မြက်မြက် ရှိသော်ငြား သူသည် ဉာဏ်များလှပြီး စာလုပ်ရတာကို သိပ်မကြိုက်ပေ။
ချန်ဖန်းရှုတစ်ယောက်တည်းသာ စာလုပ်ရတာကို သဘောကျသဖြင့် စာလုပ်ခဲ့သည်။ သူမက အထက်တန်းကျောင်း အောင်ထားသည်ဖြစ်လေရာ အိမ်ရှိကလေးများအားလုံးက အိမ်စာပါလာသည့်အခါမျိုးတွင် သူမထံမှ အကူအညီလာတောင်းကြသည်။
ထိုအချိန်တွင် သူမကလည်း အလုပ်များနေခြင်းမရှိသဖြင့် ချန်ပေါင်၏ အိမ်စာစာအုပ်ကိုယူကာ ပြောပြလိုက်သည်။
"ကြည့်ရအောင်။ အမြင့်ဆုံးဂဏန်းက အကြီးဆုံးတစ်လုံးတည်းသောဂဏန်းဖြစ်ပြီး သန်းဂဏန်းနဲ့ ထောင်ဂဏန်းနှစ်ခုစလုံးက ခြောက်ပဲ။ ကျန်တဲ့ဂဏန်းတွေအကုန်လုံးက သုည။ ဒီဂဏန်းက…"
မေးခွန်းကို တစ်ဖန်ပြန်ကောက်ကြည့်ပြီးနောက် ချန်ဖန်းရှုက ချန်ပေါင်ကို မေးလိုက်သည်။
"အကြီးဆုံးတစ်ခုကိန်းကဘာလဲ"
"ကိုး ဟုတ်တယ်မလား"
ချန်ပေါင်က ခေါင်းကုတ်လိုက်လေသည်။
"ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်သိသွားပြီထင်တယ်"
"ဒါဆို လုပ်ပြပါဦး"
ချန်ဖန်းရှုက သူ့အိမ်စာစာအုပ်ကို သူ့ထံသို့ပြန်ပေးလိုက်သည်။
ချန်ပေါင်က စားပွဲပေါ်တွင်လှဲ၍ အပြီးသတ်ရေးသားလိုက်သည်။ အမှားမပါကြောင်း ချန်ဖန်းရှုသေချာစစ်ဆေးပြီးနောက်တွင် သူက သူမကို ကျေးဇူးတင်စကားပြောပြီး ပြန်သွားခဲ့သည်။
ချန်ဖန်းရှုကလည်း မီးဖိုဘောင်ကိုမှီ၍ လုထောင်၏ ဆွယ်တာအင်္ကျီကို ကောက်ယူကာ နှစ်ချက်မျှချုပ်လိုက်ပြီးနောက် ချန်ပေါင် ပြန်ရောက်လာသည်။
ဤတစ်ခေါက်တွင်မူ စာလုံးပုစ္ဆာတစ်ခုဖြစ်၏။
သို့သော် ချန်ဖန်းရှု မေးခွန်းကိုရှင်းပြလို့မပြီးသေးခင်မှာပင် သူ့ဘာသာ အဖြေထုတ်လိုက်နိုင်သည်။
သူ သွားလိုက်ပြန်လိုက်ဖြစ်နေသည်ကို မြင်သောအခါ ချန်ဖန်းရှုလည်း သူ့ကိုပြောလိုက်၏။
"ဒီမှာပဲရေးလိုက်ပါ့လား။ မင်းအတွက်လည်း နေရာရှိတာပဲကို"
"မလိုပါဘူး"
ချန်ပေါင်က သူ့အိမ်စာစာအုပ်ကို ကောက်ယူ၍ ပြေးထွက်သွားသည်။
"ကျွန်တော် ကျန်တဲ့ပုစ္ဆာတွေကိုလည်း ကြည့်ပြီးသွားပြီ။ အကုန်လုပ်နိုင်လောက်မယ် ထင်တာပဲ"
သို့သော် နှစ်မိနစ်အတွင်းမှာပင် ကိုးရိုးကားရားဖြစ်နေသော သူ့အသံက တံခါးဝမှ ထပ်မံထွက်ပေါ်လာပြန်သည်။
"ညီမလေး.."
လုထောင်ကလည်း သူ အခေါက်ခေါက်အခါခါ သွားလိုက်ပြန်လိုက်လုပ်နေသည်ကို မြင်လိုက်ရသဖြင့် မမေးဘဲ မနေနိုင်တော့ချေ။
"ကိုကိုရှောင်ပေါင်.. ဘာလို့ပြန်ရောက်လာတာလဲ"
ချန်ပေါင်ကလည်း ဝမ်းနည်းနေဟန် မျက်နှာထားမျိုးဖြင့် ပြောလာလေသည်။
"ဘာဖြစ်သွားမှန်းမသိဘူး။ ငါ အပြင်ထွက်လိုက်တာနဲ့ မလုပ်နိုင်တော့ဘူး"