Chapter 54
Vol. 5 Ch. 54
ဝင်လာရင်တော့ ဘယ်လိုလုပ်ရမှန်းသိပေမဲ့ ပြန်ထွက်သွားရင်တော့ မလုပ်တတ်တော့ဘူးတဲ့။ အခြားသူများမဆိုထားနှင့်။ ချန်ပေါင် ကိုယ်တိုင်ပင်လျှင် ထိုစကားကို မယုံရဲပေ။
လုဟွေ့က သူ့ကို အထင်သေးဟန်အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူလည်း သူ့ဝမ်းကွဲကိုဆွဲခေါ်ပြီး ပြောလိုက်သည်။
"ငါတကယ်ပြောနေတာ။ မင်းမယုံရင် ငါနဲ့အတူလာစမ်းကြည့်လေ။ ဟုတ်တယ်။ အတူစမ်းကြည့်ရအောင်။ ငါ ဒါကိုမယုံနိုင်ဘူး"
နှစ်မိနစ်အကြာတွင် ချန်ပေါင်က တံခါးဝ၏ အပြင်ဘက်တွင် မတ်တတ်ရပ်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်နေချေသည်။
"ရှောင်ဟွေ့.. မေးတော့"
လုဟွေ့က သူ့အိမ်စာ စာအုပ်ကိုကြည့်ပြီး မေးခွန်းတစ်ခုကို ကျပန်းရွေးဖတ်ပြလိုက်သည်။
ချန်ပေါင်လည်း တဒင်္ဂမျှ ခက်ခက်ခဲခဲ စဉ်းစားကြည့်ပြီးနောက် ခေါင်းကို အပြင်းအထန်ခါလိုက်သည်။
"မသိဘူး"
"တကယ်မသိဘူးလား"
လုဟွေ့က မျက်လုံးပင့်၍ သူ့ကိုကြည့်လိုက်သည်။
"မသိဘူး"
ချန်ပေါင်က ထိုသို့ပြောရင်း တံခါးဘောင်ကိုကျော်၍ အထဲကိုဝင်လာလိုက်သည်။
"ရှောင်ဟွေ့.. ထပ်မေးကြည့်"
လုဟွေ့ - "တစ်နဲ့တစ်ပေါင်းရင် ဘာရလဲ"
ချန်ပေါင် - “…”
ဤမေးခွန်းကား အလွန်ဝတ်ကျေတမ်းကျေ နိုင်လှသည်ဖြစ်ရာ စိန်ခေါ်ရဲသည့် ချန်ပေါင်ကလည်း သူ့ဝမ်းကွဲကို နောက်မေးခွန်းတစ်ခု ထပ်ပြောင်းခိုင်းလိုက်သည်။
ထို့ကြောင့် လုဟွေ့က ခေါင်းစောင်းငဲ့ရင်း ခဏမျှတွေးကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
"မင်းရဲ့တတိယဦးလေးရဲ့ ဒုတိယညီမရဲ့အကြီးဆုံးသားရဲ့ဒုတိယအစ်မရဲ့ယောက္ခမရဲ့ညီမရဲ့အကြီးဆုံးတူကို ဘယ်လိုခေါ်မလဲ"
ချန်ပေါင်ခမျာ ဆွေစဉ်မျိုးဆက်အတန်းလိုက်ကြီးကြောင့် ရှုပ်ထွေးသွားချေသည်။
"ဘယ်လိုခေါ်မှာလဲ"
လုဟွေ့ - "ငါ့ကို အဖေလို့ခေါ်လေ"
"အဖေ"
"ဘာလို့လဲ"
ချန်ပေါင်ကတော့ အကြောင်သားဖြစ်နေဆဲပင်။ သို့သော် လုဟွေ့ကတော့ ရယ်မောနေပြီး တက်တက်ကြွကြွတုံ့ပြန်လာသည်။
နောက်ဆုံးမှာတော့ ချန်ပေါင်လည်း သဘောပေါက်သွားသည်။
"မင်း ငါ့ကိုအမြတ်ထုတ်သွားတာပဲ"
သူက လုဟွေ့ကိုရိုက်ရန် လက်ဆန့်ထုတ်လိုက်သော်ငြား လုဟွေ့က ငါးခူတစ်ကောင်လို ချော်ထွက်နေပြီး ပြုံးပြုံးလေးထွက်ပြေးသွားသည်။
ညီအစ်ကိုနှစ်ယောက်သားဟာ တစ်ယောက်ကပြေးပြီး တစ်ယောက်က လိုက်ဖမ်းရင်းဖြင့် ပွက်လောရိုက်နေလေသည်။
အိမ်ထဲတွင် နေရာကျဉ်းလှသည်ဖြစ်ရာ ချန်ဖန်းရှုလည်း သူတို့ကို ဂရုစိုက်ရန်နှင့် ပစ္စည်းများကို ဝင်မတိုက်မိစေရန် ပြုံးလျက် သတိပေးလိုက်သည်။
လုထောင်ကတော့ သူ့လက်ချောင်းလေးကို ကိုက်ရင်း နားမလည်နိုင်ဖြစ်နေဆဲပင်။
"ရှောင်ပေါင်က သူ့ကို ဘာလို့အဖေလို့ခေါ်တာလဲ"
သူမ အမေးကို ပြန်ဖြေလာသူကား တည်ငြိမ်အေးဆေးလှသောအသံဖြင့် အာ့ဝူလင်ပင်။
"ဘာလို့လဲဆိုတော့ သူက ငတုံးမို့လို့လေ"
လုဟွေ့က ကြားဖြတ်ဝင်နှောင့်ယှက်လိုက်သည့်အတွက် ချန်ဟန်ဟန်၏ စမ်းသပ်မှုလည်း ကျရှုံးသွားခဲ့သည်။
သူကတော့ ထိုအကြောင်းနှင့်ပတ်သက်ပြီး သိပ်စိတ်မပူချေ။ သူက သူ့အိမ်စာစာအုပ်ကို နေ့တိုင်းယူလာပြီး လုဟွေ့နှင့်အတူ အမြဲလုပ်ဖြစ်သည်။ ဤသည်မှာ အချိန်ကုန်သက်သာစေသည်။
ဤအကြောင်းပြချက်ကြောင့် အာ့ဝူလင်က လုထောင်ကိုပြောလိုက်လေသည်။
"ချန်ဟန်ဟန်ကိုကြည့်လိုက်။ သူက သမီးထက်တောင် ပစ္စည်းတွေအကြောင်းသိသေးတယ်"
လုထောင်ကတော့ နားမလည်ပေ။ "ဖေဖေ..ဟန်ဟန်က ဘယ်သူလဲ"
အာ့ဝူလင် : [..ဘာမှမပြောခဲ့ဘူးလို့သာ သဘောထားလိုက်ပါတော့]
မည်သူဖွလိုက်သလဲမသိသော်ငြား ပိတ်ရက်အတွင်းမှာ လျူရှောင်ဝေ့က အိမ်သို့ အရှက်မရှိ ရောက်ချလာသည်။
သူက လုဟွေ့နှင့်အတူ အိမ်စာလုပ်ဖို့ ရောက်လာခြင်းဖြစ်ကြောင်း ပြောသည်။ သို့သော် အခန်းထဲသို့ ဝင်လာပြီးပြီးချင်းမှာပင် သူက လက်ထဲတွင် ကျောင်းလွယ်အိတ်ကိုပွေ့လျက် လုထောင်ဆီကို ရောက်လာပြီး ပြောလိုက်၏။
"ထောင်ထောင်.. အကောင်လေး သက်သာသွားပြီလား"
"ပီကာချူး"
"ဟုတ်တယ်။ ဟုတ်တယ်။ ပီကာချူးရော အဆင်ပြေရဲ့လား။ ဒီနေ့ ငါ သူ့အတွက် စားစရာလေးနည်းနည်းယူလာခဲ့တယ်"
လျူရှောင်ဝေ့က သူ့ကျောင်းလွယ်အိတ်ကို ဖွင့်လိုက်လေရာ အထဲတွင် မုန်လာဥနီ၊ အာလူး၊ နေကြာစေ့နှင့် မုန်ညင်းရွက်တို့ ရှိနေပေသည်။
သူက တစ်ခုပြီးတစ်ခု စိတ်လှုပ်ရှားစွာထုတ်ယူရင်း….
"ငါ့ဘိုးဘိုးကိုမေးခဲ့တယ်။ အစင်းကြားရှဉ့်လေးတွေက ဒါတွေကိုစားတယ်တဲ့"
လုဟွေ့ခမျာ စိတ်အနှောင့်အယှက် ဖြစ်လွန်းသဖြင့် မေးလိုက်သည်။
"မင်း အိမ်စာလုပ်ဖို့ လာခဲ့တာမဟုတ်ဘူးလား။ မင်းရဲ့အိမ်စာစာအုပ်က ဘယ်မှာလဲ"
"အိမ်စာစာအုပ်လား။ ယူခဲ့တယ်။ ယူခဲ့တယ်"
လျူရှောင်ဝေ့က တခစ်ခစ်ရယ်လျက် သူ့ကျောင်းလွယ်အိတ်၏ အောက်ခြေရှိ တွန့်ရှုံ့နေသော မှတ်စုစာအုပ်ကို ထုတ်ယူလိုက်သည်။
လုဟွေ့ - "…."
လျူရှောင်ဝေ့က သူ့အိမ်စာစာအုပ်ကို ဘေးသို့ပစ်ချထားလိုက်ပြီး လုထောင်လေးနှင့်အတူ အစင်းကြားရှဉ့်လေးကို အစာကျွေးနေသည်ကို မြင်လိုက်ရသောအခါ လုဟွေ့က မျက်နှာမသာမယာဖြင့် သူ့ကို ဆွဲခေါ်ပြီး ပြောလိုက်၏။
"ကိုယ့်အိမ်စာကိုယ် အရင်လုပ်။ ပြီးမှ ကစား"
သူတို့ စာရေးလို့ပြီးချိန်တွင် ထောင်ထောင်ကလည်း ဆိုနာတီးလိမ့်မည်ဖြစ်ရာ သူနှင့်အတူ ကစားဖို့အချိန်ရှိမည်မဟုတ်။
လုဟွေ့က ထိုအကြောင်းကို စဉ်းစားနေခိုက်မှာပင် လုကွေ့ယင်းက အပြင်မှ အထဲကိုဝင်ချလာသည်။ သူ့အနောက်တွင်လည်း လူငယ်လေးဝေ့ချောင်က ပါလာသည်။
အဘွားကြီးက တံခါးဖွင့်ရင်း မကျေမနပ်ညည်းတွားလိုက်သည်။
"ထောင်ထောင်က အိမ်မှာရှိတယ်။ ဝင်ခဲ့လေ။ တံခါးနားမှာ ဘာလို့မတ်တတ်ရပ်နေတာလဲ။ အေးကအေးနဲ့"
အလှအပအသင်း၏ အဖွဲ့ဝင်လေး လုထောင်က အစင်းကြားရှဉ့်လေးကို အစာကျွေးနေခဲ့သည်။ ဝေ့ချောင်ရောက်လာကြောင်း ကြားလိုက်ရသောအခါ သူ(မ)က လက်ထဲတွင် ဂေါ်ဖီရွက်တစ်ရွက်ကိုင်ရင်း ပြေးသွားလိုက်သည်။
"ကိုကိုဝေ့ချောင်.. ထောင်ထောင်နဲ့အတူ လာကစားလှည့်"
သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့က အထင်းသားပင်။
လျူရှောင်ဝေ့ကတော့ မနာလိုဖြစ်သွားရလေသည်။
"ငါလာတုန်းကတော့ ထောင်ထောင်က ဘာလို့အဲ့လောက်မပျော်ရတာလဲ"
သူ့ကို မည်သူမှအရေးမလုပ်ကြပေ။
လုဟွေ့က ဝေ့ချောင်ကို စိုက်ကြည့်နေဆဲသာ။
"မင်း ဒီကိုရောက်လာတာ အိမ်စာလုပ်မလို့လို့တော့ မပြောနဲ့နော်"
"အိမ်စာလုပ်မှာတဲ့လား"
ဝေ့ချောင်ခမျာ အံ့ဩမှင်တက်သွားရချေသည်။ ခဏအကြာမှာပင် သူက ပြောလိုက်သည်။
"အာ.. ဟုတ်တယ်။ ငါ အိမ်စာလုပ်ဖို့ ရောက်လာတာ"
"ဒါဆို မင်းရဲ့ကျောင်းလွယ်အိတ်ကို ဘာလို့ယူမလာတာလဲ"
လျူရှောင်ဝေ့က အဓိကအချက်ကို ထောက်ပြလိုက်သည်။
ဝေ့ချောင်ခမျာ ထိုမေးခွန်းကြောင့် ကြောင်အသွားရပြီး နှုတ်ခမ်းကိုစုရှုံ့ကာ ဘာပြန်ဖြေရမှန်း မသိတော့ပေ။
ထို့ကြောင့် လုဟွေ့လည်း အနည်းငယ်အံ့ဩသွားရသည်။
ဝေ့ချောင်က အမြဲတမ်း လူကြီးလိုနေတတ်ထိုင်တတ်ပြီး အရာအားလုံးကိုလည်း စနစ်တကျ စီမံတတ်လေ့ရှိသည်။ ဒီနေ့ကျမှ ဘာလို့ထူးဆန်းနေရတာလဲ။
'အပြင်မှာအကြာကြီးရပ်နေရလို့များ ဦးနှောက်ကို လေပြင်းတိုက်ပြီး ပျက်စီးသွားတာများလား။'
သူ တစ်ခဏမျှအာရုံပြောင်းသွားပြီး စကားမှားပြောလိုက်မိကြောင်း ဝေ့ချောင် သဘောပေါက်သွားသည်။
ထို့ကြောင့် ခပ်မြန်မြန်ပင် စကားပြောင်းလိုက်သည်။
"ငါ ကျောင်းလွယ်အိတ်ယူလာခဲ့ဖို့ မေ့သွားတာ။ တံခါးနားကိုရောက်မှ သတိရတာလေ"
သူ တံခါးအပြင်ဘက်မှာ ရပ်နေပြီး ဘာလို့ အထဲကိုဝင်မလာခဲ့ရလဲဆိုသည်ကို ရှင်းပြလိုက်သည်။
လုဟွေ့ကတော့ မယုံကြည်ပေ။ သို့သော် လုထောင်ကတော့ ဝေ့ချောင် ဘာကြောင့်ရောက်လာလဲဆိုသည်ကို လုံးဝဂရုမစိုက်ချေ။
"ကိုကိုဝေ့ချောင်.. ပီကာချူးကို အတူတူအစာကျွေးချင်လား"
နူးညံ့အိစက်လှသော သူမ၏ လက်ကလေးက ကောင်လေး၏အင်္ကျီအနားစကို ဆွဲယူလိုက်ပြီး သူမ လက်ထဲရှိ ဂေါ်ဖီထုပ်များကို ပြလိုက်သည်။ ထို့နောက် သူမ၏ မျက်နှာသေးသေးလေးက မော့ကြည့်လာပြီး ချိုမြိန်လှသည့် မက်မွန်သီးလေးနှယ် ပြုံးပြနေလေတော့သည်။
မက်မွန်စေ့သဏ္ဌာန်ရှိသော ဝေ့ချောင်၏ မျက်ဝန်းနက်နက်တို့ကလည်း နူးညံ့ညင်သာသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သူက ဘာမှစဉ်းစားမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ"
ယခုတော့ လျူရှောင်ဝေ့ မပျော်တော့ပေ။ ထို့ကြောင့် အစင်ကြားရှဉ့်လေးကို ကောက်ပွေ့ကာ လုထောင်ကို အာရုံပြောင်းအောင် လုပ်လိုက်သည်။
ထင်မထားပါဘဲ သူ့လက်က အစင်းကြားရှဉ့်လေးကို ထိလိုက်သည်နှင့် အကောင်ပေါက်လေးကလည်း ရုတ်တရက်ထခုန်ပြီး သူ့လက်ထဲက ထွက်ပြေးလေသည်။
လျူရှောင်ဝေ့လည်း အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး "အား"ဟု အော်ငိုပါတော့သည်။ သူ နောက်တစ်ခါထပ်ဖမ်းဖို့ ကြိုးစားလိုက်သောအခါ အကောင်ပေါက်လေးက တစ်ဝက်ဖွင့်ဟထားသော တံခါးမှတစ်ဆင့် အပြင်သို့ထွက်ပြေးသွားပြီဖြစ်၏။
အခန်းထဲတွင် ဝရုန်းသုန်းကားဖြစ်ကုန်တော့သည်။ ကလေးများက အခြားအရာများကို ဂရုမစိုက်ကြတော့ဘဲ အလျင်စလိုဖြစ်နေကြသည်။ လျူရှောင်ဝေ့၏ မျက်နှာအမူအရာကလည်း ပို၍ပင်ပြောင်းလဲသွားသည်။ သူက ထိတ်လန့်တကြားဖြင့် လုထောင်၏ အနောက်ကို ပြေးလိုက်လိုက်သည်။
"တောင်းပန်ပါတယ်။ ငါ တမင်လုပ်တာ မဟုတ်ပါဘူး"
သို့သော် အကောင်ပေါက်လေးက အလွန်လျင်မြန်စွာ ထွက်ပြေးသွားလေပြီ။ သူတို့ ခြံဝင်းထဲသို့ ရောက်သွားချိန်မှာ ရွှေရောင်အမြီးလေးက နံရံကိုကျော်လျက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။
ကလေးတွေလည်း ဘာမှရွေးချယ်စရာ မရှိတော့သဖြင့် ခြံဝင်းအပြင်ကိုထွက်ကာ ပီကာချူးကို အော်ခေါ်ရင်း လိုက်ရှာနေကြတော့သည်။
သူတို့က လုထောင် ထင်းရှူးစေ့သွားကောက်လာသည့် သစ်တောထဲကိုလည်း သွားရှာကြည့်သော်ငြား ရှာမတွေ့တော့ပေ။
အဆုံးမှာတော့ ကလေးမလေးခမျာ ထိန်းမထားနိုင်တော့ဘဲ မျက်လုံးများ နီရဲလာလေသည်။ သူမက နှုတ်ခမ်းလေးစူလျက် အနိုင်ကျင့်ခံလိုက်ရသည့် ယုန်လေးတစ်ကောင်အလား ဖြစ်နေချေသည်။
လျူရှောင်ဝေ့လည်း ဘာလုပ်ရမှန်း မသိတော့ပေ။
"တောင်းပန်ပါတယ် ထောင်ထောင်.. ငါ့ဘိုးဘိုးကို နောက်တစ်ကောင်ထပ်ဖမ်းခိုင်းပေးမယ်လေ"
လုထောင်က ဘာမှမပြောပေ။
သူမ ပီကာချူးဘယ်နှကောင်ပဲ ဖမ်းမိဖမ်းမိ သူမ အပိုင်ဖြစ်နိုင်မည်မဟုတ်ဟု ခံစားမိသည်။
ပီကာချူးကို လျှပ်စီးခွဲနည်းသင်ပေးဖို့ သူမ အဖေကို မတောင်းဆိုရသေးပေ။ သို့ဖြစ်လေရော သူက ဘာလို့ထွက်သွားရတာလဲ။
သူမ ဝမ်းနည်းနေတုန်းမှာပင်။ မက်မွန်စေ့သဏ္ဌာန်မျက်ဝန်းများနှင့် ဆံပင်ကောက်ကောက်ပိုင်ရှင် ကောင်လေးတစ်ယောက်က သူမရှေ့သို့ ကိုင်းညွတ်လိုက်သည်။
လုထောင်ကလည်း မော့ကြည့်လိုက်လေရာ လက်တစ်ဖက်က သူမကို ဂရုတစိုက်ပွတ်သပ်ပေးနေသည်ကို ခံစားလိုက်ရသည်။
"ဝမ်းမနည်းပါနဲ့။ ပီကာချူးက အိမ်ပြန်သင့်ပြီလေ"
"အိမ်ကိုလား"
"ဟုတ်တယ်။ အခုဆိုရင် သူ့ဒဏ်ရာလည်း သက်သာပြီဆိုတော့ အိမ်ပြန်ဖို့အချိန်ကျပြီပေါ့။ မဟုတ်ရင် သူ့မိဘတွေ စိတ်ပူနေလိမ့်မယ်"
"အိုး ဟုတ်သားပဲ။ ပီကာချူးမှာလည်း ဖေဖေနဲ့မေမေရှိတာကိုး"
ကလေးမလေးမှာ အနည်းငယ် နားလည်သွားသော်ငြား သူမ၏ လက်များကို တင်းတင်းဆုပ်ထားလိုက်သည်မှာ ခွဲခွာရန် အင်တင်တင် ဖြစ်နေသည့်အလားပင်။
သူမက ရုတ်ခြည်းဆိုသလို ဝေ့ချောင်၏ အနားကို တိုးကပ်သွားလိုက်ပြီး အင်္ကျီအနားစကို ဆုပ်ကိုင်ထားလိုက်သည်။
"ကိုကိုဝေ့ချောင်.. ကိုကိုရော မပျော်ဘူးလား"
ဝေ့ချောင်ခမျာ ကြက်သေသေသွားရသည်။
"ငါလား"
"ဟုတ်တယ်။ ကိုကိုဝေ့ချောင် ဒီနေ့ထူးဆန်းနေတယ်"
ကလေးမလေးကထ ထိုသို့ပြောရင်း ခြေဖျားထောက်ရပ်ကာ ဝေ့ချောင်ကို ဖက်ထားလိုက်ပြီး လေးနက်သည့်ဟန်ပန်ဖြင့် သူ့ကျောကို ပုတ်ပေးလိုက်သည်။
"ဟုတ်ပြီလေ။ ထောင်ထောင်လည်း ဝမ်းမနည်းဘူး။ ကိုကိုဝေ့ချောင်လည်း ပျော်ပျော်နေနော်"
ကောင်ငယ်လေးခမျာ သူ အပြင်မထွက်ခင်က ကြားခဲ့ရသောစကားများကို ရုတ်တရက် ပြန်သတိရလိုက်သည်။
ထောင်ထောင်ကို အခုပြောပြချင်လား။
'ခဏလောက် ထပ်စောင့်လိုက်ပါဦး။ လပိုင်းလောက်တော့ အချိန်ကျန်ပါသေးတယ်။ ဒီတော့ အချိန်မီပါသေးတယ်…'
သူတို့ရုန်းကန်နေရချိန်မှာပင် တစ်စုံတစ်ခုက သူတို့ခေါင်းပေါ် လာမှန်လေသည်။
ဝေ့ချောင်ကလည်း ထောင်ထောင်ကို ကာကွယ်ဖို့အတွက် လက်ဆန့်ထုတ်လိုက်သည်။
ထိုပစ္စည်းက သူ့လက်ကို "ဘန်း"ခနဲမှန်ပြီး မြေကြီးပေါ်သို့ လိမ့်သွားသည်။ ၎င်းမှာ ထင်းရှူးစေ့ပင်။
ဝေ့ချောင်က ခေါင်းမော့၍ အပေါ်ကိုကြည့်လိုက်လေရာ မည်းနက်နေသော မျက်ဝန်းတစ်စုံနှင့် တွေ့လိုက်ရသည်။
အကောင်ပေါက်လေးကလည်း တစ်စုံတစ်ယောက်ကို မှန်သွားလိမ့်မည်ဟု ထင်ထားဟန်မတူချေ။ ခဏအကြာတွင် သူက နောက်ထပ်တစ်ပင်ကို ခုန်ကူးသွားပြီး ထင်းရှူးစေ့ကို ခူးလိုက်သည်။ ခူးပြီးနောက် လုထောင်၏ ခြေထောက်နားကို ထပ်ပစ်လိုက်သည်။
လုထောင်က ပါးစပ်အဟောင်းသားဖြင့် အကြာကြီးငေးကြည့်နေပြီးမှ တုံ့ပြန်လာသည်။
"ဒါက ထောင်ထောင့်အတွက်လား"
အဆုံးမှာတော့ ပီကာချူးကိုမမိခဲ့ပေ။
သို့သော် လုထောင်ကတော့ ထင်းရှူးစေ့အများကြီးကို နှစ်သိမ့်မှုတစ်ခုအဖြစ် ရရှိခဲ့သည်။
အပြန်လမ်းတွင် ကလေးမလေးက ထင်းရှူးစေ့ကိုကိုင်လာရင်း ရေရွတ်ပြောဆိုလေသည်။
"ဒါက ပီကာချူးက ထောင်ထောင့်ကို လက်ဆောင်ပေးတာပဲဖြစ်ရမယ်"
တံခါးနားတွင် ကစားနေသော ရှုစန်းပေါင်ကလည်း ထိုစကားကိုကြားပြီး သရော်လေသည်။
"အရူးမလေး.. ဘာလို့အကူအညီ လှမ်းမတောင်းတာလဲ"
ရင်းနှီးဖော်ရွေမှုမရှိသော မျက်လုံးများက သူ့ဆီသို့ ချက်ချင်းဆိုက်ရောက်လာသည်။
"မင်း ဘယ်သူ့ကို ပြောလိုက်တာလဲ"
လူသတ်ချင်နေသော အရိပ်အယောင်တို့က အလွန်ပြင်းထန်လှသဖြင့် သူ့မှာ ကြည့်ပင်မကြည့်ရဲချေ။ ရှုစန်းပေါင်က လည်ပင်းလေးပုဝင်သွားပြီး သူ့ခြံထဲသို့ ဝင်ပြေးသွားတော့သည်။ သူ ဝင်သွားပြီးနောက်မှသာ သတိရလိုက်သည်။
'မဟုတ်သေးပါဘူး။ဒါက သူ့အိမ်ရှေ့လေ။ သူက ဘာလို့ကြောက်ရမှာလဲ။'
ရှုစန်းပေါင်က ရင်ကော့လျက် လက်စားချေဖို့ အပြင်ထွက်ရန်အပြုမှာပင် သူ့ခေါင်းကို တစ်စုံတစ်ခုက လာမှန်လေသည်။
နာကျင်မှုကြောင့် သူ အော်လိုက်မိပြီး ဘယ်သူက ကျောက်ခဲကို လှမ်းပစ်လိုက်လဲဟု ရှာဖွေတော့သည်။
ခေါင်မိုးပေါ်တွင် ရွှေရောင်အစင်းကြားရှဉ့်လေးတစ်ကောင်က သူ့ကိုအော်ဟစ်ကာ သူ့လက်ဖဝါးသေးသေးလေးဖြင့် နောက်ထပ်ကျောက်ခဲတစ်လုံးကို ကောက်ယူကာ သူ့ဆီသို့ပစ်လိုက်ပြန်သည်။
ရှုစန်းပေါင်ကလည်း အလွန်ဒေါသထွက်လွန်းသဖြင့် သူ့ခြေထောက်နားက ကျောက်ခဲကိုကောက်ယူပြီး ပြန်ပစ်ရန်ဟန်ပြင်လိုက်သည်။
အိမ်ထဲက အခုမှထွက်လာသည့် ရှုလောင်စန်းကလည်း ထိုအရာကိုမြင်သွားပြီး သူ့ကို ချက်ချင်းတားလိုက်သည်။
"မပစ်နဲ့။ အဲ့ဒါက နတ်သမီးရဲ့အကြိုက်ဆုံးအိမ်မွေးတိရစ္ဆာန်လေး။ မင်း ပစ်လို့မရဘူး"
ရှုလောင်စန်းက သူ့တူလေးကို ချော့မော့ကာ သကြားလုံးတစ်ထုပ်ဝယ်ပေးမည်ဟု ကတိပေးလိုက်ပြီး ထိုအစင်းကြားရှဉ့်လေးကို ပြဿနာထပ်မရှာရန် ကတိတောင်းလိုက်ရသည်။
သူ့ကို ချော့မော့ပြီးနောက်တွင် နဖူးထက်ရှိ ချွေးများကို သုတ်ကာ အမျိုးသမီးကြီးရှုကို အလျင်စလိုသွားရှာလိုက်သည်။
"အမေ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဆရာမာ ပြောလိုက်တဲ့ကိစ္စကို ကျွန်တော်တို့ မြန်မြန်လေးလုပ်သင့်လား"
အမျိုးသမီးကြီးရှုက ခဏကြာသည်အထိ မမှတ်မိချေ။
"ဘာကိုလဲ"
"နတ်သမီးကို တောင်းပန်ဖို့လေ "
ရှုလောင်စန်းက အသံတိုးတိုးပြောလိုက်သည်။
"နတ်သမီးက ထပ်မစောင့်နိုင်တော့လို့ ထင်တယ်။ ကျွန်တော်တို့ကို ခဲနဲ့ထုဖို့ သူ့အိမ်မွေးတိရစ္ဆာန်လေးကို လွှတ်လိုက်တယ်"
အမျိုးသမီးကြီးရှု၏ အမူအရာကား ပြောင်းလဲသွား၏။
"တကယ်လား"
"တကယ်.. ကျွန်တော်သာ အခုလေးတင် သူ့ကိုမတားလိုက်ဘူးဆိုရင် စန်းပေါင်တော့ ပြဿနာအကြီးအကျယ်တက်တော့မှာ။ ကျွန်တော်တို့ ခပ်မြန်မြန်လေးသွားတောင်းပန်သင့်တယ် ထင်တယ်နော်။ အကြာကြီးအချိန်ဆွဲထားလို့ သူ့အစောင့်အရှောက်က ကျွန်တော်တို့မိသားစုကို ထပ်နှောင့်ယှက်နေရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ရှုသားအမိနှစ်ယောက်က ဆွေးနွေးပြောဆိုပြီးနောက် ဈေးဆိုင်သို့သွားကာ ပစ္စည်းတစ်လှေကြီးဝယ်လာခဲ့လိုက်သည်။
ရှုစန်းပေါင်က လောဘကြီးသည်။ ပြတင်းပေါက်နားက သူဖြတ်သွားချိန်မှာ အရသာရှိသော အစားအသောက်များကို မြင်လိုက်ရသောအခါ လမ်းလျှောက်နေခြင်းကို ချက်ချင်းရပ်ပစ်လိုက်သည်။
သူက အိမ်ထဲသို့ဝင်သွားလိုက်ပြီး ထိုပစ္စည်းများကို မမှိတ်မသုန်ကြည့်နေလိုက်သည်။
"ဘွားဘွား.. ဈေးဆိုင်ကိုသွားခဲ့တာလား"
အမျိုးသမီးကြီးရှုက သူ့သားနှင့် ဘယ်လိုတောင်းပန်ရမလဲဆိုသည်ကို ဆွေးနွေးနေခြင်းပင်။
သူတို့က ချန်မိသားစုနှင့် ဆက်ဆံရေး အဆင်မပြေကြောင့် တစ်ရွာလုံးသိထားကြသည်။ သူတို့သာ ခယလိုက်ရပါလျှင် မျက်နှာပျက်ရချေတော့မည်။
ရှုစန်းပေါင်က အထဲဝင်လာပြီး ပြဿနာရှာနေသည်ကို မြင်သောအခါ သူမက စိတ်မရှည်လက်မရှည်ဖြင့် လက်ခါပြလိုက်သည်။
"ငါ မအားဘူး။ တခြားနေရာမှာ သွားဆော့ချေ"
သူက စကားပြောရင်း တုံ့ခနဲရပ်သွားသည်။
"နေဦး.. မင်း ဟိုနေ့တုန်းက လုထောင်ရဲ့သကြားလုံးကို လုခဲ့သေးလား"
ရှုစန်းပေါင်ခမျာ စိတ်ရှုပ်ထွေးသွားဟန်ပင်။ သူ့ဘွားဘွားက ဤအကြောင်းကို ရုတ်တရက်ကြီးဘာလို့မေးလဲဆိုသည်ကို သူနားမလည်နိုင်ပေ။ ရှုလောင်စန်းက သူ့ဘဝတွင် အကြီးမားဆုံးသော ဉာဏ်အားစိုက်မှုမျိုးဖြင့် သကြားလုံးတစ်ထုပ်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
"ဒီမှာရော့.. ခဏနေရင် မင်း ငါတို့နဲ့လိုက်ခဲ့"
ရှုစန်းပေါင်လည်း ဤသကြားလုံးက သူ့ဦးလေး သူ့ကိုကတိပေးထားသည့် သကြားလုံးများဟု ထင်သွားပြီး ပြုံးရယ်လျက် အခွံခွာဖို့ ကောက်ကိုင်လိုက်သည်။
"မင်းကို ဘယ်သူကစားခိုင်းလို့လဲ"
အမျိုးသမီးကြီးရှုက သူ့လက်ကို ရိုက်ချလိုက်သည်။
ရှုစန်းပေါင်ခမျာ စိတ်ရှုပ်ထွေးသွားရသည်။
"ကျွန်တော့်ကိုပေးလိုက်ပြီလေ။ ဘာလို့စားလို့မရတာလဲ"
"ဘယ်သူက မင်းကိုပေးတယ်လို့ ပြောလို့လဲ"
ရှုလောင်စန်းက သူ့ကိုစိုက်ကြည့်နေ၏။
"ဒါတွေအကုန်လုံးက လုထောင်အတွက်"
"လုထောင်အတွက်လား"
ရှုစန်းပေါင်ခမျာ သူ့နားကိုတောင် သူ မယုံနိုင်ပေ။ သို့သော် သကြားလုံးများက သူ့လက်ထဲမှာ ရှိနေသည်ဖြစ်ရာ နောက်ဆုံးတစ်ကြိမ်တော့ ကြိုးစားကြည့်ချင်သေးသည်။
"သူ..သူက မလိုချင်ဘူးဆိုရင်ရော"
အမျိုးသမီးကြီးရှုနှင့် ရှုလောင်စန်းတို့က တစ်ညီတစ်ညွတ်တည်းပြောလာချေသည်။
"ဒါဆို မင်း သူ့ကို ဒီသကြားလုံးတွေ ယူဖို့ တောင်းပန်ရမယ်"