သူက ဘယ်သူလဲ
Vol. 4 Ch. 390
ရန်ချင်ဟူအနေဖြင့် ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ချေ။
လူတိုင်းက သူ၏ အလွန်အစွမ်းထက်သော တိုက်ခိုက်မှုအား တွေ့မြင်ပြီးနောက် စကားပင် ကျယ်ကျယ် မပြောရဲကြသည် အထိ ကြောက်လန့် နေကြတော့သည်။ သို့သော်လည်း ချီတုန်ရှန်းကား အခြားလူများထက် ပိုမို တုန်လှုပ်နေခဲ့သည်။ ထိုရန်သူအား ရင်ဆိုင်နေရသူက သူမဟုတ်ပါလား။
စောစောက သူ့အား ခေါင်းကိုင် အဖေဟု ခေါ်လိုက်သည့် နှစ်ယောက်မှာ မောင်နှမများ ဖြစ်ကြသည်။ ယောက်ျားလေး၏ နာမည်မှာ ယုဖန်ဖြစ်ပြီး မိန်းကလေးမှာမူ ယုလင်း ဖြစ်သည်။
ထိုမောင်နှမ နှစ်ယောက်မှာ ချီတုန်ရှန်းအတွက် သားသမီးများနှင့် မခြားပေ။ သူတို့၏ အဖေမှာ ငယ်ရွယ်စဉ်ပင် သေဆုံးခဲ့ရာ ချီတုန်ရှန်းက သူတို့အား ငယ်ရွယ်စဉ်မှပင် ပေးကမ်း စောင့်ရှောက်ခဲ့သည်။ ထိုနှစ်ယောက်ကလည်း ချီတုန်ရှန်းအား စိတ်မပျက်စေခဲ့ပေ။ ယုဖန်ဆိုလျှင် ဂျူဒို၊ ကရာတေး စသည့် ကိုယ်ခံပညာရပ်ပေါင်း များစွာကို တတ်ကျွမ်းသည့် အပြင် တရုတ်ပြည်တွင် ကျော်ကြားသော အတွင်းအား ပညာရပ်ကိုလည်း လိုက်စားသေးသည်။ ချီတုန်ရှန်း၏ လက်ထောက် မန်ကျောင်းပင်လျှင် သူ့အား အနိုင်မယူနိုင်ချေ။
"အစ်ကို ... နင် အဆင်ပြေရဲ့လား"
ယုလင်းက ယုဖန်ထံ အပြေးကလေး သွားကာ ဖေးမလိုက်ရင်း မေးလိုက်သည်။ သူတို့ နှစ်ယောက်မှာ ငယ်ရွယ်စဉ်ကပင် အတူ ကြီးပြင်းလာခြင်း ဖြစ်ရာ သာမန် မောင်နှမများထက် ပို၍ ချစ်ခင်ကြသည်။
"ငါအဆင်ပြေပါတယ် ဝေါ့ ..."
ယုဖန်က ပြုံး၍ ညီမဖြစ်သူကို နှစ်သိမ့်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။ သွေးများက ပါးစပ်အပြည့် အန်ထွက်လာပြန်သည်။
"အစ်ကို ... စကားမပြောနဲ့ဦး ... နင့်ကို ဆေးရုံခေါ်သွားပေးဖို့ အဖေ့ကို ပြောပေးမယ်နော်"
ယုလင်း၏ မျက်လုံး၌ မျက်ရည်များက ရစ်သိုင်းလာခဲ့သည်။
လူတိုင်းကား ထိုမြင်ကွင်းအား ကြည့်ရင်း ခေါင်းခါယမ်းမိကြသည်။ သခင်ကြီးရန်မှာ အရှေ့ဟွမ်ဒေသ တစ်ခုလုံးကို ပိုင်စိုးထားသူ ဖြစ်သည်။ သူ၏ လက်အောက်၌ များစွာသော သိုင်းသမား ရင့်မာကြီးများပင်လျှင် ရှုံးနိမ့်ရသည်။ သခင်ကြီးရန်၏ အလျှော့ပေးမှုကြောင့်သာ မဟုတ်လျှင် ထိုမောင်နှမ နှစ်ယောက် သေနေလောက်ပြီ ဖြစ်သည်။
ချီတုန်ရှန်း အခက်တွေ့နေစဉ်မှာပင် သက်တော်စောင့် နှစ်ယောက်က သူ့အနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။
"သခင်ကြီးချီ ... ကျုပ်တို့အလျှော့ပေးတာ ကောင်းလိမ့်မယ်။ ကျုပ်တို့ အသက်ရှင်နေသမျှ မျှော်လင့်ချက် ရှိသေးတယ်"
"ဟုတ်ပါတယ် သခင်ကြီးချီ ... သခင်ကြီးရန် သူတို့ဘက်မှာ ရှိနေသမျှ ကျုပ်တို့ ဘာမှမလုပ်နိုင်ဘူး"
ချီတုန်ရှန်းကား ဆုံးဖြတ်ရ ခက်နေသည့်ပုံ ပေါ်သည်။ သို့သော်လည်း သက်တော်စောင့်၏ စကားက မှန်ကန်သည်။ သူအသက်ရှင်နေသမျှ မျှော်လင့်ချက် ရှိနေသေးသည်။ သူက သက်ပြင်းတစ်ချက် ချရင်း ဖြူရော်စွာ ပြုံးလိုက်သည်။ ရုတ်တရက်ပင် သူကား နှစ်ပေါင်းနှစ်ဆယ်ခန့် ပိုမို အိုမင်းသွားသယောင် ထင်ရသည်။
သူက သခင်ကြီးရန်၏ တောင်းဆိုမှုများအား လိုက်လျောကြောင်း ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"သခင်လေး ... သခင်လေးက သူ့ထက် ပိုတော်တယ်မလား"
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားတော့၏။
လူတိုင်းက စကားသံ ထွက်လာသော နေရာအား အလောတကြီး ကြည့်လိုက်ကြသည်။ ထိုနေရာတွင်မူ အလွန်အမင်းလှသည့် မိန်းမငယ်လေး နှစ်ယောက်နှင့် လူငယ်တစ်ယောက်တို့ ရှိနေခဲ့၏။ မိန်းကလေး နှစ်ယောက်တည်းမှ တစ်ယောက်ကား စောစောပိုင်းက စင်ပေါ်တွင် ဖျော်ဖြေခဲ့သော အဆိုတော် မိန်းကလေးပင်။
"ဘယ်သူပြောလိုက်တာလဲ"
တင်းဖူဟိုင်က မျက်လုံးများကို ကျဉ်းမြောင်းရင်း မေးလိုက်သည်။ သူ၏ သက်တော်စောင့် ဝတ်စုံနက်များစွာမှာလည်း ချန်းဖန်တို့ထံ စူးစိုက်ကာ ကြည့်နေကြသည်။
ချန်းဖန်က ယူကီရှီရိုဆာအား ကြည့်လိုက်မိသည်။ သူမ ဆင်နေသည့် အကွက်အား ချန်းဖန် သိရှိပြီးဖြစ်သည်။ ထို့အပြင် ထိုမိန်းကလေး၏ နှုတ်ရေးကား ခူးရှူးကျွန်း မြေအောက်လောက၏ ဘုရင်မဟု မပြောရချေ။ အလွန်ပင် ထက်လွန်းသည်။
ယူကီရှီရိုဆာက ချန်းဖန်အနားသို့ အနည်းငယ် တိုးကပ်ရင်း တီးတိုးပြောလိုက်သည်။
"သခင်လေး ... သခင်လေးက ချီတုန်ရှန်းကို သဘောမကျဘူး ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ချီဝမ်စန်းက သခင်လေးရဲ့ သူငယ်ချင်းလေ။ သူ့ကို ကူညီတာက ချီဝမ်စန်းကို ကူညီတာနဲ့ အတူတူပါပဲ"
ချန်းဖန်က သူမ၏ စကားအား ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း မည်သို့မျှ မလှုပ်ရှားသေးပဲ လက်ထဲမှ ဝိုင်ခွက်ကိုသာ လှုပ်ယမ်းနေလိုက်သည်။
ယူကီရှီရိုဆာ၏ စကားကိုမူ သူကောင်းစွာ သဘောပေါက်သည်။ သူ့တွင် သူငယ်ချင်းများစွာ မရှိချေ။ ထိုအထဲမှ တစ်ယောက်ကိုမျှ သူအဆုံးရှုံး မခံနိုင်ချေ။
"တင်းဖူဟိုင် ... မိန်းကလေး ယူကီရှီရိုက ငါ့ရဲ့ဧည့်သည်ပဲ။ မင်းနဲ့ ငါ့ကိစ္စက သူနဲ့ ဘာမှ မပတ်သက်ဘူး။ ငါရှုံးတယ်ဆိုတာ ဝန်ခံတယ်။ ဒါပေမဲ့ မင်းသိထားသင့်တာက ငါမင်းကို ရှုံးတာ မဟုတ်ဘူး။ သခင်ကြီးရန်ချင်ဟူကို ရှုံးတာ ဆိုတာပဲ"
ချီတုန်ရှန်းကား အရှုံးကို ဝန်ခံနေသည့်တိုင် မာနကမူ တစ်ပြားသားမှ မလျှော့ချေ။ သူက ရန်ချင်ဟူဘက်သို့ လှည့်ရင်း ဆက်ပြောလိုက်သည်။
"သခင်ကြီးရန် ... အခုကစပြီး တုန်ရှန်း လုပ်ငန်းစုက အရှေ့ဟွမ်ဒေသကနေ ထွက်ခွာပေးပါ့မယ်။ နောက်ပြီး တစ်ဆယ်မီလျံဆိုတဲ့ ပိုက်ဆံက ကျွန်တော့်အတွက် ခုချက်ချင်း ထုတ်ပေးဖို့ အဆင်မပြေပါဘူး။ ရက်နည်းနည်းလောက် စောင့်ပေးပါ။ တစ်လ မပြည့်ခင်မှာ သခင်ကြီးရဲ့ ဘဏ်အကောင့်ထဲကို လွှဲပေးပါ့မယ်"
သူ၏စကားအား ကြားသည်နှင့် တင်းဖူဟိုင်၏ မျက်နှာက စိတ်ပျက်သွားပုံ ပေါ်လာသည်။ ချီတုန်ရှန်း အနေဖြင့် ဤမျှ လွယ်လွယ်ကူကူ အရှုံးပေးလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ဖြစ်နိုင်လျှင် ရန်ချင်ဟူ၏လက်၌ ချီတုန်ရှန်းကို တစ်ခါတည်း သေသွားစေချင်မိသည်။
သို့သော်လည်း ထူးဆန်းစွာပင် သခင်ကြီးရန်က စိတ်ငြိမ်နေသည်။ သူက ချီတုန်ရှန်း၏ စကား အပေါ်တွင် အာရုံရပုံ မရချေ။ သူ၏ အကြည့်များက ချန်းဖန် အပေါ်တွင်သာ ကပ်ညိနေသည်။
"သခင်ကြီးရန် ..."
ချီတုန်ရှန်းက ရန်ချင်ဟူအား သတိပေးဟန် ခေါ်လိုက်သည်။ သို့သော်လည်း ရန်ချင်ဟူက သူ၏ စကားအား ကြားပုံ မရချေ။ သူက ချန်းဖန်ထံသို့ လျှောက်သွားတာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။
"ကျုပ်က ဟွမ်ပြည်နယ်က ရန်ချင်ဟူပါ ... ခင်ဗျားရဲ့ နာမည်ကို သိခွင့်ရှိမလား"
လူတိုင်းက ထိုမြင်ကွင်းအား တအံ့တဩ ကြည့်နေခဲ့ကြသည်။ သခင်ကြီးရန်၏ ထိုလူငယ် အပေါ် ဆက်ဆံမှုက အလွန်ပင် ရိုကျိုးနေပုံ ပေါ်နေသည်။ ထိုလူငယ်ကား မည်သူနည်း။ စိတ်ဝင်စား စရာပင်။
ချန်းဖန်၏ ဘေးတွင် ထိုင်နေသည့် ကင်ဂျန်ယုမှာလည်း အလွန်ပင် အံ့အားသင့်နေမိသည်။ သူမက ချန်းဖန်နှင့် ယူကီရှီရိုဆာတို့အား ထူးဆန်းစွာ ကြည့်လိုက်မိသည်။
ချီတုန်ရှန်းကလည်း ချန်းဖန်အား နားမလည်စွာ ကြည့်လိုက်သည်။ သူသိသော တစ်ခုတည်းသော အရာကား ထိုကောင်လေးမှာ သူ့သား၏ အခန်းဖော် ဆိုသည့် အချက်ပင် ဖြစ်သည်။ ထိုကောင်လေးနှင့် ယူကီရှီရိုဆာတို့ အဘယ်ကြောင့် ယခုကဲ့သို့ ပူးတွဲလျက် ရှိနေကြောင်းကိုမူ သူစဉ်းစား၍ မရသေးချေ။
ရုတ်တရက် ချီဝမ်စန်းက သူ့အား ဖုန်းဖြင့် လှမ်းပြောခဲ့သည့် စကားတချို့က ချီတုန်ရှန်း၏ ခေါင်းအတွင်း ဝင်ရောက်လာသည်။ ချီဝမ်စန်းက မိသားစုအတွက် အကူအညီရမည့်သူ တစ်ယောက် တွေ့ထားကြောင်း၊ ချီမိသားစု အနေဖြင့် ရန်ချင်ဟူကို ကြောက်စရာ မလိုတော့ကြောင်း ပြောဆိုခဲ့သည်။ ပထမ၌ ချီတုန်ရှန်းမှာ အားတက်သွား၍ အကျိုးအကြောင်း မေးခဲ့သော်လည်း ထိုတစ်ယောက်မှာ ချီဝမ်စန်း၏ အခန်းဖော်ဟုသာ သိခဲ့ရသည်။ ထို့ကြောင့်ပင် သူက ဆက်မမေးတော့ပဲ ဒေါသတကြီး ဖုန်းကို ချပစ်ခဲ့သည်။
သို့သော်လည်း ယခုတွေ့နေရသော မြင်ကွင်းအရ ချီဝမ်စန်း၏စကား မှားပုံမရချေ။ သူက စိတ်ဝင်တစားပင် အေးဆေး တည်ငြိမ်ဟန်ရသော လူငယ်လေးကို ကြည့်လိုက်သည်။
ထိုစဉ်မှာပင် ချန်းဖန်၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
"ချန်းဖန် ..."
လူတိုင်းက တစ်ယောက်ကိုယ် တစ်ယောက် နားမလည်စွာ ကြည့်လိုက်မိကြသည်။ ထိုလူငယ်လေး၏ အဖြေက အလွန်ပင် ရိုးရှင်းလွန်းသည်။ သူ မည်သူဖြစ်ကြောင်း ဖော်ပြသည့် ဘွဲ့ထူး၊ မိသားစု တစ်ခုမျှ ပါမနေချေ။ သူ မည်သည့်နေရာမှ လာကြောင်းပင်လျှင် ထည့်မပြောခဲ့ချေ။ ရန်ချင်ဟူ ပင်လျှင် မိတ်ဆက်စဉ်က ဟွမ်ပြည်နယ် ဆိုသော နာမည်ကို ထည့်ပြောခဲ့သေးသည်။
သို့သော်လည်း ရန်ချင်ဟူကား ထိုနာမည်ကို ကြားသည်နှင့် ရူးသွပ်သွားပုံ ရသည်။ သူ၏ အမူအရာကား အလွန်အမင်း ကြောက်လန့်နေကာ ရုပ်တု တစ်ခုအလားပင် တောင့်တင်းသွားခဲ့သည်။
ခဏ အကြာတွင်မှ သူ၏ စိတ်များက ပြန်လည် စုစည်းလာပုံ ရကာ တံတွေးတစ်ချက် မြိုချလိုက်သည်။ ထို့နောက် သူက တပည့်ငယ် တစ်ယောက်က ဆရာဖြစ်သူကို ဆက်ဆံသည့် အလား ဦးခေါင်းအား ငုံ့လိုက်ရင်း ...
"ကျွန်တော်က ဝါစဉ်ငယ်တဲ့ တပည့်လေး ချင်ဟူပါ ခင်ဗျာ ... ဆရာချန်းကို တွေ့ရတာ တကယ်ပဲ ဂုဏ်ယူမိပါတယ်။ အနှောင့်အယှက် ပေးမိရင် တောင်းပန်ပါတယ် ခင်ဗျာ။ ခွင့်လွှတ်ပေးပါ"
သူ၏ စကားလုံးများက လူများစွာအား ဆွံ့အသွားစေခဲ့သည်။
လူတိုင်းက ထိုငယ်ရွယ်သော ကောင်လေးကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့မိကြသည်။ တင်းဖူဟိုင်နှင့် ချီတုန်ရှန်းတို့ ပင်လျှင် ကြောင်စီစီ ဖြစ်နေကြတော့သည်။
ကင်ဂျန်ယုဆိုလျှင်လည်း ပါးစပ် အဟောင်းသားဖြင့် ချန်းဖန်အား ကြည့်နေခဲ့သည်။ သူမက တစ်ခုခုကို ပြောချင်နေသည့်တိုင် စကားလုံးများက ထွက်မလာခဲ့ချေ။
"သူက ဘယ်သူလဲ ..."
ထိုမေးခွန်းက လူတိုင်း၏ စိတ်များအား ကြီးစိုးလာခဲ့တော့သည်။
***