Chapter 55
Vol. 5 Ch. 55
ရှုသားအမိနှစ်ယောက်ဟာ နောက်ဆုံးမှာတော့ သူတို့ကိုယ်သူတို့ စိတ်ဖြေသိမ့်ခဲ့ပါသော်လည်း တကယ်တမ်း လက်တွေ့လုပ်ဆောင်ရန် အချိန်ကျလာသောအခါတွင်မူ တွေဝေတုံ့ဆိုင်းနေကြလေသည်။
ပထမအချက်မှာ သူတို့ကိုယ်တိုင်က ထိုအလုပ်ကို မလုပ်နိုင်ခြင်းဖြစ်ပြီး ဒုတိယအချက်ကား စိတ်နေသဘောထား ရုတ်တရက် ပြောင်းလဲသွားခြင်းအတွက် မည်သို့နှယ်ရှင်းပြရမလဲဆိုသည်ကို မသိသောကြောင့်ပင်။
အကြိမ်ကြိမ် ဆွေးနွေးပြီးနောက်မှာတော့ သားအမိနှစ်ယောက်သားလည်း လုထောင် တစ်ယောက်တည်းရှိနေချိန်ကို စောင့်ဆိုင်းပြီး သူမအနားတွင် ဘယ်သူမှမရှိတော့မှသာ ပြောပြရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သို့သော် နိုဝင်ဘာလကတည်းက ရာသီဥတုကား တစ်နေ့တစ်ခြား ပိုပိုအေးလာခဲ့သည်။
သူတို့နှစ်ယောက်သား အပြင်ဘက်မှာ အလှည့်ကျကင်းစောင့်ရင်း အအေးမိပြီး နှာရည်များ ယိုကျသည့်တိုင် လုထောင်လေး အပြင်ထွက်တာကိုတော့ မမြင်မိပေ။
ရှုလောင်စန်းခမျာ စိတ်သောကရောက်လွန်းသဖြင့် သူ့ပါးစပ်တစ်ခုလုံးတွင် အဖုအပိန့်များနှင့် ပြည့်နှက်နေခဲ့သည်။ သူလည်း သူတို့၏ဗျူဟာကို ပြောင်းလဲနိုင်ရန်အလို့ငှာ သူ့အမေနှင့် တိုင်ပင်ဆွေးနွေးခဲ့ရသည်။
လူကိုမမြင်ရသော်လည်း ပစ္စည်းရောက်သွားလျှင် အဆင်ပြေလောက်သည်ဟု သူတို့ယူဆခဲ့ကြသည်။
ထို့ကြောင့် တစ်နေ့တွင် လုထောင်က ခြံဝင်းထဲတွင် ဟန်ဟန်နှင့်အတူ ကစားနေခိုက် ကောင်းကင်ပေါ်မှ သကြားလုံးတစ်လုံး ပြုတ်ကျလာခဲ့သည်။
ကလေးမလေးခမျာ တဒင်္ဂမျှကြောင်အသွားပြီးနောက်မှသာ သဘောပေါက်လိုက်ချေသည်။
"မိုးပေါ်ကနေ သကြားလုံးတွေ ရွာကျနေတာလား"
အာ့ဝူလင်ကတော့ သူ(မ)၏ စကားကို ပိတ်ပြောပစ်လိုက်သည်။
[မင်းအိပ်မက်မက်နေတာပဲ။ မိုးပေါ်ကနေ သကြားလုံးမိုးရွာစရာလား]
သူ့စကားအဆုံးမှာပင် လိမ္မော်ရောင်ဘောလုံးလေးတစ်လုံးက လေထဲမှပျံဝဲလာပြီး မြေကြီးပေါ်သို့ သက်ဆင်းကာ "ဘန်း"ခနဲ ခုန်ပေါက်သွားသည်။
အာ့ဝူလင် - [……]
လုထောင်က ထိုဘောလုံးလေးကို မြင်သောအခါ တက်ကြွသွားပြီး…
"ဖေဖေပြောတာ အရမ်းမှန်တာပဲ"
ထို့နောက် ထိုဘောလုံးလေးနောက်ကို ပြေးလိုက်သွားတော့သည်။
ဒေသခံခွေးတစ်ကောင်အဖြစ် အရွယ်ရောက်လာပြီဖြစ်သော ဟန်ဟန်ကလည်း အနောက်က တကောက်ကောက်လိုက်ကာ သူ့ခေါင်းလေးကိုခါယမ်း၍ အမြီးတနန့်နန့်ဖြင့် ပျော်ရွှင်နေချေသည်။
အာ့ဝူလင်ကတော့ မိနစ်ဝက်မျှ တိတ်ဆိတ်နေပြီးနောက်မှ လုထောင်ကို သူ့နောက်ကမလိုက်ရန် သတိပေးလိုက်ရသည်။
[ဒီဘောလုံးက တစ်ယောက်ယောက် ကစားနေရင်းနဲ့ မတော်တဆဝင်လာတာဖြစ်မယ်။ သူတို့ မကြာခင် ပြန်လာယူမှာပဲ]
"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး"
ကလေးမလေးကတော့ မယုံပေ။
"ဖေဖေပြောတော့ ကောင်းကင်ပေါ်က ပြုတ်ကျလာတာဆို"
အာ့ဝူလင်ခမျာ ဆို့နင့်သွားရတော့သည်။
[မိုးပေါ်ကနေ သကြားလုံးမိုးရွာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောတာလေ]
ဤတစ်ခေါက်တွင်မူ သူ့စကားပင် မဆုံးသေးခင်မှာ သကြားလုံးလက်တစ်ဆုပ်စာကို အပြင်ဘက်မှတစ်ဆင့် အထဲသို့ပစ်ချလိုက်သဖြင့် မြေကြီးပေါ်တွင် ပြန့်ကျဲသွားချေသည်။
အာ့ဝူလင်လည်း ရုတ်တရက်ကြီး ဆွံ့အသွားရသည်။
လုထောင်ကတော့ သကြားလုံးများအားလုံးကို အချိန်အတော်ကြာအောင် ကောက်ယူ၍ သူမ၏ အိတ်ကပ်ထဲကို ထည့်ထားလိုက်သည်။
သူမ၏ မျက်လုံးလေးများဆိုလျှင် ရယ်ရလွန်း၍ ကွေးညွတ်နေသည်။ သူမက လက်ချောင်းလေးများဖြင့် ရေတွက်ကြည့်လိုက်သည်။
"တစ် နှစ် သုံး လေး.. အများကြီးပဲ။ ထောင်ထောင်က ကိုကို့ကိုရော ရှောင်ပေါင်ကိုရော ကောရှန့်ကိုရော ဝေ့ချောင်ကိုရော ပေးမယ်…"
သကြားလုံး ခွဲဝေရေးလုပ်နေစဉ်မှာပင် သူ့ဘောင်းဘီအောက်ခြေကို တစ်စုံတစ်ခုက လာဆွဲလေသည်။ ၎င်းမှာ ဟန်ဟန်ပင်။
လုထောင်က အောက်ငုံ့ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဟန်ဟန်.. နင်ရောစားချင်လို့လား"
ဟန်ဟန်ကလည်း အမြီးလေးတနန့်နန့်ဖြင့် သူမ၏ ဘောင်းဘီကိုကိုက်ကာ ဆွဲထားလေသည်။ ယခုမူ လုထောင်လေး စိတ်ရှုပ်ရပါတော့သည်။
သကြားလုံးက အရမ်းဈေးကြီးတယ်လို့ကြားဖူးတယ်။ အဲ့ဒါကြောင့် ချွေတာပြီးစားသင့်တယ်…
သို့သော် ဟန်ဟန်၏ ပုံစံမှာလည်း အလွန်သနားစရာကောင်းနေပေသည်။
သူ အရွယ်ရောက်လာပြီးကတည်းက သကြားလုံးမစားဖူးဘူးလား။
ကလေးမလေးခမျာ မျက်မှောင်ကြုတ်၍ မုယောသကြားလုံးတစ်လုံးကိုကိုင်ပြီး ထုတ်လိုက် ပြန်ထည့်လိုက်လုပ်ကာ တစ်ဖန် အင်တင်တင်ဖြင့် ပြန်ထုတ်လိုက်သည်။
"နင် တစ်ဝက်ပဲ စားလို့ရတယ်နော်။ ကျန်တဲ့တစ်ဝက်ကို နင့်ညီအစ်ကိုတွေနဲ့ စားရမှာ။ အများကြီးမကျန်တော့ဘူး"
ဟန်ဟန်၏အမြီးက ပို၍ပျော်ရွှင်ဝမ်းသာစွာဖြင့် တနန့်နန့်လုပ်နေလေတော့သည်။
အာ့ဝူလင်ကလည်း အနည်းငယ် စိုးရိမ်သွားရသည်။
"ထောင်ထောင် သတိထားနော်။ ဒီသကြားလုံးက ဘယ်ကရမှန်းသိတာမဟုတ်ဘူး။ စားလိုက်လို့ နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
"သကြားလုံးက နေမကောင်းဖြစ်လို့လား"
လုထောင်လေးခမျာ တုံ့ခနဲရပ်တန့်သွားပြီးနောက် သူမ၏ မျက်ဝန်းဝိုင်းဝိုင်းကြီးများမှာ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။
သူမ အဖြေပြန်မကြားရခင်မှာပင် ဟန်ဟန်က လျှာလိပ်၍ သကြားလုံးကို ပါးစပ်ထဲထည့်ကာ ထွက်ပြေးသွား၏။
ထို့ကြောင့် လုထောင်လေးလည်း ကြောက်လန့်သွားရှာသည်။
"နေဦး။ ဖေဖေက စားလို့မရဘူးလို့ပြောနေတယ်"
သူ(မ)က ခြေထောက်ပုတိုတိုလေးများဖြင့် လိုက်ဖမ်းပါသော်လည်း ဟန်ဟန်ကတော့ သကြားလုံးကို စားပြီးသွားလေပြီ။ ထို့ပြင် သူ့ပုံစံမှာ ဘေးကင်းပြီး အဆင်ပြေနေပုံပေါ်၏။
ကလေးမလေးကလည်း အနားတွင်ရပ်၍ အချိန်အတော်ကြာအောင် စောင့်ကြည့်နေလိုက်သည်။
"ဟေး.. နင် ဗိုက်နာနေလား"
ဟန်ဟန်က ပြန်မဖြေပေ။ သို့သော် အမြီးတနန့်နန့်လုပ်ပြကာ ထပ်လိုချင်နေသေးဟန်ပြသည်။
လုထောင်ကလည်း သူမ၏အင်္ကျီအနားစကို ကာထားရင်း ပြောလိုက်သည်။
"ကုန်သွားပြီ။ ထောင်ထောင့်မှာ မရှိတော့ဘူး"
သကြားလုံးကို ကာထားပြီးနောက် သူမက ခေါင်းထပ်မော့၍ သကြားလုံးနှင့် ဘောလုံးပြုတ်ကျလာရာနေရာကို ကြည့်လိုက်ပြီး မရဲတရဲမေးလိုက်သည်။
"ဖေဖေ.. မိုးပေါ်ကနေ ပေါင်မုန့်မိုးရွာအောင် လုပ်ပေးပါဦး။ ပေါင်မုန့်က အရသာရှိတယ်လို့ သမီးကြားဖူးတယ်"
အာ့ဝူလင် - […..]
အာ့ဝူလင်ခမျာ ဘာမှမပြောချင်တော့ပေ။ သို့သော် ခြံအပြင်ဘက်မှာ ရပ်နေသော အမျိုးသမီးကြီးရှုနှင့် ရှုလော်စန်းတို့ကတော့ ထိုစကားကိုကြားသော် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
"ကျွန်တော် သွားယူလိုက်မယ်"
ရှုလောင်စန်းက တိတ်တဆိတ် ပြောပြီးနောက် ငုံ့ချကာ အိမ်ကို တိတ်တိတ်လေး ပြန်ပြေးတော့သည်။
ရှုစန်းပေါင်ကတော့ သကြားလုံးတစ်လုံးပင် မရသဖြင့် ရက်အတော်ကြာအောင် တစ်ယောက်တည်းနေနေခဲ့သည်။
အတော်ကြာအောင် အထီးကျန်နေပြီးနောက်မှာတော့ သူ့အစားစားချင်စိတ်မှာ တစ်ဖန်ထကြွလာပြီး သူ့ညီအစ်ကိုနှစ်ယောက်ကိုလည်း အဘွားအိမ်တွင် အရသာရှိသော အစားအသောက်များရှိသည်ဟု ပြောလိုက်သည်။
ထိုညီအစ်ကိုများအဖို့ ပြစ်မှုကျူးလွန်သည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သူတို့က ပစ္စည်းများထားရာနေရာကို ရှာဖွေတွေ့ရှိသွားပြီးနောက် အမျိုးသမီးကြီးရှုမရှိသည့်အချိန်တွင် ချောင်းမြောင်းဝင်ရောက်သွားလိုက်သည်။
ရှုလောင်စန်း အိမ်ပြန်ရောက်ချိန်ဝယ် လူတစ်စုက ပေါင်မုန့်များကိုယူပြီး ခွဲယူရန်ပြင်နေကြသည်။
ရှုလောင်စန်းက ထိုမြင်ကွင်းကို မြင်သောအခါ ဒေါသူပုန်ထသွားပြီး ပေါင်မုန့်ကို ပြန်လုယူလိုက်သည်။
"မင်းတို့တွေက သေချင်နေကြတာပဲ။ ခိုးရဲရင်ခိုးကြည့်စမ်း"
အမျိုးသမီးရှုကလည်း ဤအကြောင်းကို ကြားလိုက်ရသောအခါ အလွန်ကြောက်လန့်တုန်လှုပ်သွားသဖြင့် ဇောချွေးများပင် ပြန်သွားရသည်။
သူမ နတ်သမီးကို ကပ်လှူမည့် အစားအသောက်များကို ကောင်စုတ်လေးများက စားမိလုမတတ်ဖြစ်သွားရသည်။ နတ်သမီးသာ ဤအကြောင်းကိုသိသွားပါက….
အမျိုးသမီးကြီးရှုခမျာ သူမ၏မြေးများကို အလွန်အလိုလိုက်ခဲ့မိလားဟု ခံစားလိုက်ရပြီး သူတို့တစ်သိုက် သူမကို ပြဿနာမရှာနိုင်တော့အောင် အိမ်ပြန်ရောက်ချိန်တွင် သူတို့ကို အပီအပြင်ဆော်တော့သည်။
လုထောင်က သူမ၏ ဆုတောင်းကို ပြုလုပ်ပြီးနောက် ခြံဝင်းထဲတွင် မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် စောင့်မျှော်နေခဲ့သည်။ သေချာပေါက်ပင် မကြာခင်၌ ပေါင်မုန့်များက ပျံဝဲလာခဲ့သည်။
ကလေးမလေးကလည်း ပေါင်မုန့်စက္ကူထုပ်များကို သုံးကြိမ်တိတိရေတွက်ကြည့်ပြီး သူမ၏ မျက်ဝန်းများကလည်း တလက်လက်တောက်ပလာခဲ့သည်။
"ဖေဖေ.. ဖေဖေက အရမ်းမိုက်တာပဲ"
အာ့ဝူလင် - [……]
လုထောင်က သူ့ကိုချီးကျူးပြီးနောက်တွင် မျက်ဆန်လည်ပြ၍ သူ့လက်ချောင်းလေးများဖြင့် စတင်ရေတွက်ပါတော့သည်။
"သမီး..သမီး မုယောနို့လည်း သောက်ချင်တယ်"
ယခုမူ ငတုံးမပြောနှင့်။ ရှုသားအမိနှစ်ယောက်ပင် ဆွံ့အသွားရချေသည်။
မုယောနို့ဆိုတာက ဘာလဲ။ သူတို့ ဘာလို့မကြားဖူးရတာလဲ။
လုထောင်က အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့သော်လည်း မုယောနို့က ရောက်မလာခဲ့ပေ။ သူမ၏ပခုံးလေးများက ပုဝင်သွားလေသည်။
"ထပ်မရှိတော့ဘူးလား"
သူမ၏ ကလေးသံလေးထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်ကို ကြားလိုက်ရသောအခါ ရှုသားအမိနှစ်ယောက်လည်း ကြောက်ဒူးတုန်သွားရလေသည်။
မြန်မြန်..မြန်မြန်သွားဝယ်…
နတ်သမီးလိုချင်တာမှန်သမျှ အကုန်ဝယ်လိုက်…
'အိမ်ပြန်ရောက်တဲ့အခါ သူ့သားမက်အကြီးဆုံးကို မေးကြည့်ရမယ်။ သူက ရွာအဖွဲ့အစည်းထဲမှာ အလုပ်လုပ်တာဆိုတော့ သူကတော့ သူတို့ထက် ပိုသိမှာပေါ့။'
အတွင်းရေးမှူးရန်ကလည်း သူ့ယောက္ခမက မုယောနို့လိုချင်နေကြောင်း သိလိုက်ရသည့်အခါ အကျပ်ရိုက်သွားရလေသည်။
သူ မုယောနို့ကိုတော့ သိသည်။ သို့သော် ထိုမုယောနို့မှာ တချို့လူများက ရပ်ဝေးမှယူလာကြခြင်းဖြစ်ပြီး ဤနိုင်ငံထဲမှာ မရနိုင်ပေ။ ယခုမူ သူ့တွင် ဘာထောက်ခံစာမှမရှိသောကြောင့် အပြင်လုံးဝထွက်လို့မရနိုင်ပေ။ သို့ဖြစ်လေရာ သူက မုယောနို့ကို ဘယ်ကသွားရှာရလေမလဲ။
ရှုမိသားစုဝင်များမှာ အလွန်စိုးရိမ်သောကရောက်နေရသဖြင့် ဆံပင်များပင်ကျွတ်နေကြရသော်ငြား လုထောင်ကတော့ အဆင်ပြေနေချေသည်။
သူမက ဝေ့ချောင်၏ အိမ်တွင် သောက်ခဲ့ရသော မုယောနို့ကို သတိရလိုက်မိသဖြင့် သာမန်ကာလျှံကာပြောလိုက်မိခြင်းသာ။ မရလျှင်လည်း ပြဿနာရှာမည်မဟုတ်ပေ။
လုထောင်က အကြောင်းပြချက် မည်မည်ရရမရှိပါဘဲ ပစ္စည်းလေးများကို ရလာတတ်မှန်း သိနေသည့်အတွက် ချန်ဖန်းရှုလည်း ကျင့်သားရနေပြီဖြစ်သောကြောင့် ပစ္စည်းများသယ်ပိုက်၍ အိမ်ပြန်ရောက်လာသော လုထောင်ကို ဘာမှသံသယမဝင်ခဲ့ချေ။ လတ်တလောတွင် ကလေးမလေးက ကောင်းရှန်းနှင့်အတူ ဘောလုံးလေးကို အတူကစားနေရင်း စာလေ့လာမှုကိုလည်း မလစ်ဟင်းစေခဲ့ချေ။
သို့သော် ကောင်းရှန်း၏ ကျန်းမာရေးက အစကတည်းက ကောင်းမွန်မနေသည့်အတွက် ရာသီဥတုအပြောင်းအလဲတွင် သေချာပေါက် ထပ်ဖျားနာတော့သည်။
လုထောင်လေးက လက်မောင်းထဲတွင် ဘောလုံးလေးကိုပိုက်၍ သူ့ကို သွားတွေ့လိုက်သောအခါ သူက ခုတင်ထက်တွင် နီမြန်းနေသောမျက်နှာဖြင့် လဲလျောင်းရင်း ခဏခဏချောင်းဆိုးနေသည်ကို တွေ့လိုက်ရသည်။
လုထောင်လေးကလည်း ခုတင်စွန်းတွင် ဝင်လှဲ၍ သူ့နဖူးကို စိုးရိမ်တကြီးထိကြည့်ကာ သက်သာလားဟု မေးလိုက်သည်။
ကောင်းရှန်းကတော့ အဆင်ပြေနေပါသည်။ မည်သို့ပင်ဖြစ်စေ သူ ကျင့်သားရနေပြီဖြစ်၏။
ဟူချူရှန်းကတော့ အလွန်သောကရောက်နေသည်။ သူ့သား၏ ကျန်းမာရေးကိုလည်း စိတ်ပူသလို လုထောင်ကိုလည်း အဖျားကူးသွားမှာစိုးနေ၏။ ကလေးနှစ်ယောက်က စကားများများစားစားမပြောခဲ့ပေ။ သူမက လုထောင်ကို ဘေးကပ်ခိုင်းလိုက်ပြီး သူ့သားကို ဂရုစိုက်ရင်း လုထောင်ကိုလည်း ချော့မော့နေလိုက်သည်။
အအေးစက်ဆုံးနှင့် အကြမ်းတမ်းဆုံးလူမှာလည်း နူးညံ့သောစိတ်ထားမျိုးရှိဟန်တူသည်။
ဟူချူရှန်းက ပုံမှန်ဆိုလျှင် အလွန်ကပ်စေးနည်းသော်လည်း သူမ၏ကလေး ဖျားနာချိန်ဆိုလျှင်တော့ ပိုက်ဆံသုံးဖို့ လိုလားပေသည်။
ကောင်းရှန်းက ကြက်ဥကိတ်မုန့်စားချင်သည်ဟု ပြောသဖြင့် သူမကလည်း အဆင်ပြေကြောင်းပြောကာ ညနေဘက်တွင် သူ့အတွက် ပေါင်းပေးခဲ့သည်။
ကောင်းရှန်းက သူ့လျှာမှာ ခါးနေသဖြင့် သကြားလုံးနည်းနည်းစားချင်သည်ဟု ဆိုလေရာ သူမကလည်း သေတ္တာအောက်ခြေရှိ သကြားလုံးများအားလုံးကို ထုတ်ယူလိုက်သည်။
လုထောင်လေး၏ မျက်ဝန်းများမှာ ထိုအခြင်းအရာကိုကြည့်ရင်း ပြူးကျယ်သွားရသည်။ အခန်းထဲက ထွက်လာပြီးနောက် သူမက အာ့ဝူလင်ကို မေးလိုက်၏။
"နေမကောင်းဖြစ်ရင် ပြန်ကောင်းလာနိုင်လားဟင်"
ရလဒ်အနေနှင့် ခြံဝင်းထဲတွင် လေအေးတိုက်ခတ်လာချိန်မှာ သူမနှာချေလိုက်မိသည်။
အာ့ဝူလင်ကလည်း သူမကို ခြောက်လှန့်လိုက်သည်။
[သမီး အဖျားတော့မကူးဘူးမလား]
ကလေးမလေးလည်း စိတ်ရှုပ်ထွေးသွားရသည်။ သို့သော် သိပ်မကြာခင်မှာပင် သူ(မ) ပျော်ရွှင်သွားပြီးနောက် ဘောလုံးလေးကိုပိုက်ကာ အိမ်ထဲသို့ ပြေးဝင်သွားလေတော့သည်။
"မေမေ.. ထောင်ထောင်ဖျားနေပြီ။ ထောင်ထောင် မုယောနို့သောက်ချင်တယ်"
အာ့ဝူလင် - [……]
ချန်ဖန်းရှုလည်း သူမ၏ သမီးလေး ဖျားနေပြီဟု ကြားလိုက်ရသောအခါ ရုတ်တရက်စိတ်ပူသွားမိသည်။
သူမက ကလေးမလေး၏ နဖူးကို စမ်းကြည့်လိုက်လေရာ သူမတွင် ဘာအဖျားမှမရှိကြောင်း သိလိုက်ရသည်။ သို့သော် သူမက စိတ်ပူနေဆဲဖြစ်သဖြင့် သူမ ကိုယ်တိုင် ဂျင်းစွပ်ပြုတ်ကို ပြုတ်လိုက်သည်။
လုထောင်ကတော့ ခုတင်ပေါ်တွင်ထိုင်စောင့်ရင်း သူမ၏ ပုတိုတိုခြေထောက်လေးများကို လွှဲယမ်းရင်း ဖိနပ်သေးသေးလေးထဲရှိ ခြေချောင်းလေးများကလည်း ပျော်ပျော်ကြီးလှုပ်ရှားနေလေသည်။
အာ့ဝူလင် - [ငါပြောသင့်လား မပြောသင့်လား ဝေခွဲမရတဲ့ ကိစ္စတစ်ခုရှိတယ်]
လုထောင်လေးက ဤအကြောင်းကိုကြားလိုက်ရသောအခါ ခြေထောက်ယမ်းနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး မေးလိုက်၏။
"ဖေဖေက ထောင်ထောင့်ဆီက မုယောနို့လုချင်လို့လား"
ကလေးမလေး၏ မျက်ဝန်းမှားမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားလေသည်။ ထိုမျက်ဝန်းများက 'ဖေဖေ့ကို အခုလိုအဖေမျိုး ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး'ဟု ပြောနေသည့်အလားပင်။
အာ့ဝူလင် - [ရပါတယ်။ သမီးဆက်စောင့်နေလိုက်]
ချန်ဖန်းရှုက ဂျင်းစွပ်ပြုတ်ယူချလာသောအခါ လုထောင်လေးကတော့ ထိုစွပ်ပြုတ်က ဘာမှန်းမသိရှာပေ။ သူမ အမေ၏ မုယောနို့က ကိုကိုဝေ့ချောင်တို့ အိမ်တွင်သောက်ခဲ့သော မုယောနို့နှင့် မတူဘဲ အရောင်ကလည်း ထူးဆန်းနေသည်ဟုသာ သူ(မခံစားမိသည်။
သူမ တစ်ငုံသောက်ကြည့်ပြီးနောက်မှာတော့ မျက်နှာလေးက ရှုံ့မဲ့သွားပြီး လျှာတစ်လစ်လေးထုတ်ကာ စပ်တယ်ဟု တစာစာအော်နေလေတော့သည်။
"မေမေညာတယ်။ ဒါက မုယောနို့မှ မဟုတ်တာ"
ကလေးမလေးက သူ့အမေကို မျက်ရည်အဝဲသားနှင့် စိုက်ကြည့်ရင်း သူမ၏ မျက်ဝန်းထဲမှာလည်း စွပ်စွဲလိုသော အရိပ်အယောင်များနှင့် ပြည့်နှက်နေသော်ငြား ချန်ဖန်းရှုကတော့ မတုန်မလှုပ်သာ။
"ဒီဂျင်းအရသာမုယောနို့ကို ထောင်ထောင် အရင်သောက်လိုက်။ မနက်ဖြန်ကျရင် မေမေက တခြားအရသာတစ်မျိုး ဝယ်ပေးမယ်"
"ဒါဆို ထောင်ထောင် မုယောနို့ မသောက်တော့ဘူး။ ထောင်ထောင့်မှာ သကြားလုံးရှိတယ်"
လုထောင်လေးက ပါးစပ်ကို တင်းတင်းပိတ်ထားလိုက်ပြီး တင်ပါးလေးစူထွက်ကာ ခုတင်ပေါ်တွင် လက်ကိုခေါင်းအုံးကာ လှဲလိုက်သည်။ သူမ၏ တစ်ကိုယ်လုံးမှာတော့ ငြင်းပယ်နေသော အရိပ်အယောင်များ အပြည့်ပင်။
ချန်ဖန်းရှုက သူမကို အတော်ကြာအောင် ချော့မော့ပါသော်လည်း သူမကတော့ ထဖို့ငြင်းနေသဖြင့် ချန်ဖန်းရှုကလည်း မေးလိုက်သည်။
"သမီး မူကြိုမသွားချင်တော့ဘူးလား"
တွန့်လိမ်နေသော ကလေးမလေးကလည်း ကြက်သေသေသွားလေသည်။
"ဟုတ် ထောင်ထောင် မူကြိုသွားချင်တယ်"
"သမီးဖျားနေရင် မူကြိုသွားလို့မရဘူး။ ထောင်ထောင်..ဒါလေးအရင်သောက်လိုက်နော်။ သမီးနေကောင်းသွားလိမ့်မယ်"
ချန်ဖန်းရှုက မူကြိုကိစ္စဖြင့် စကားစလိုက်မှသာ လုထောင်လေးကလည်း အဆုံးတွင် သဘောတူလိုက်ပြီး မျက်ရည်အဝဲသားဖြင့် ဂျင်းပြုတ်ရည်ကို သောက်တော့သည်။
သူမ သောက်ပြီးသွားသည့်နောက်တွင် ချန်ဖန်းရှုက သူမ၏ ပါးစပ်ထဲသို့ သကြားလုံးတစ်လုံး ထည့်ပေးလိုက်ပြီးနောက် ချွေးထုတ်ရန်အတွက် ဂွမ်းကပ်နှင့်ပတ်ပေးထားလိုက်သည်။
ကလေးမလေး၏ လက်လေးများနှင့် ခြေထောက်လေးများမှာ ပိုးကောင်လေးအလား ထုပ်ပိုးခံထားရသည်။ သူမက ပါးစပ်ထဲတွင် သကြားလုံးငုံထားရင်း နှာတရှုံ့ရှုံ့ဖြင့် အာ့ဝူလင်ကို တီးတိုးပြောလိုက်၏။
"ဖေဖေ.. မုယောနို့က တကယ်စပ်တာလားဟင်"
[ဖြစ်နိုင်ပါတယ်]
"သမီးနေမကောင်းဖြစ်ရင် မူကြိုသွားလို့မရဘူးလား"
[သွားလို့မရဘူး။ နေမကောင်းရင် မူကြိုမသွားရရုံတင်မကဘူး။ ဆေးပါသောက်ရမှာ]
"ဆေးသောက်ရမှာလား"
ပိုးကောင်ကလေးလေးမှာ ဂွမ်းကပ်ထဲတွင် လှုပ်ရှားလိုက်ပြီး အပြစ်ကင်းစင်စွာ မေးခွန်းထုတ်လိုက်သည်။
"ဖေဖေ.. ဆေးက အရသာရှိလားဟင်"
အာ့ဝူလင်က တိတ်ဆိတ်နေပြီးနောက် တည်တည်ငြိမ်ငြိမ်အသံဖြင့် ပြောလိုက်သည်။
[အရသာမရှိဘူး။ ဆေးကခါးတယ်]
"ခါးတယ်"
ကလေးမလေးက နှုတ်ခမ်းကိုစုရှုံ့၍ စကားမပြောတော့ချေ။
သို့သော် သိပ်မကြာခင်မှာပင် သူမက မလှုပ်ဘဲ မနေနိုင်တော့ပြန်ပေ။
"ဖေဖေ.. ဖျားရင် ဆေးမသောက်ဘဲနေလို့ရလားဟင်"
[မရဘူး။ ဆေးမသောက်ရင် အဖျားက ပိုဆိုးလာမှာ။ အဲ့ဒီလိုဆိုရင် ဆေးပါထိုးရလိမ့်မယ်]
အာ့ဝူလင်က ဆေးထိုးခြင်းမှာ ကြောက်ဖို့ကောင်းကြောင်း ပြောပြပြီးနောက် ကလေးမလေးကို အောင်အောင်မြင်မြင် ခြောက်လှန့်လိုက်နိုင်သည်။
လုထောင်ခမျာ မျက်ရည်အဝဲသားဖြင့် ဂွမ်းကပ်ထဲတွင် ပုန်းအောင်းကာ ငိုဖို့ပင်မေ့လျော့သွားရသည်။
"သမီး မဖျားချင်ဘူး။ သမီး ဆေးမသောက်ချင်ဘူး။ ဆေးလည်းမထိုးချင်ဘူး"
သူမ တကယ်ကြောက်သွားသည်ကို မြင်လိုက်ရသောအခါ အာ့ဝူလင်ကလည်း စကားလမ်းကြောင်းပြောင်းလိုက်သည်။
[ထောင်ထောင်.. ထောင်ထောင့်မှာ မဲနှိုက်ခွင့်နှစ်ကြိမ်ကျန်သေးတယ်လေ။ မဲနှိုက်ချင်လား]
ဝမ်ချန်းမျှော်စင်ကို ရထားပြီးကတည်းက လုထောင်၏ သင်ယူမှုအရှိန်က ဒုံးပျံအလား မြန်ဆန်လာခဲ့သည်။
ဤရက်ပိုင်းအတွင်းမှာပင် သူမသည် ရှေးဟောင်းကဗျာနှစ်ပုဒ်ကို ထပ်သင်ယူနိုင်ခဲ့ပြီး နှစ်ဆယ်အထိပင် ရေတွက်တတ်သွားသည်။
သို့သော် ဒုတိယအကြိမ် မဲနှိုက်ချိန်တွင် ကံဆိုးပြီး ဆီးသီးအိတ်လေးတစ်အိတ်သာ ရခဲ့သည်။
၎င်းမှာ အထုပ်သေးသေးလေးတစ်ထုပ်ဖြစ်ပြီး နှစ်ကိုက်သုံးကိုက်စားလိုက်ရုံမျှဖြင့် ကုန်သွားနိုင်သော အထုပ်လေးပင်။
သူမ စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကို မြင်သောအခါ အာ့ဝူလင်ကလည်း သူမအနေနှင့် အခွင့်အရေးနှစ်ကြိမ်ကိုစုထားပြီး တစ်ချီတည်းမဲနှိုက်နိုင်ကြောင်း အကြံပေးလိုက်သည်။ ယခုအချိန်တွင် ကလေးမလေးမှာ အခွင့်အရေးနှစ်ကြိမ်ရှိသော်ငြား အသုံးမပြုရသေးပေ။
သတိပေးခံလိုက်ရပြီးနောက် လုထောင်လည်း သူမ မဲနှိုက်လို့ရသေးကြောင်း သတိရသွားသည်။
သူမက အာ့ဝူလင်ကို မေးလိုက်သည်။
"ဖေဖေ.. ဒီတစ်ခေါက် ဟန်ဟန်ကို မဲနှိုက်ခိုင်းလို့ရလား"
[အတူတူပါပဲ။ မုယောနို့လည်း ဖြစ်နိုင်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဆန်းကြယ်တဲ့ပစ္စည်းတော့ မဖြစ်နိုင်ဘူး။ လျှို့ဝှက်ဆန်းကြယ်ပစ္စည်းတွေက ရဖို့ခက်တယ်…]
အာ့ဝူလင်၏ စကား မဆုံးသေးခင်မှာပင် မဲလှည့်စက်ဝိုင်းက ရပ်သွားပြီဖြစ်၏။ ထို့နောက်တွင်မူ….
ဘာမှဆက်မဖြစ်လာတော့ပေ = =.