← Chapters

Chapter 56

Vol. 5 Ch. 56

Chapter 56

Vol. 5 Ch. 56

ယခုတစ်ခေါက် လုထောင် မဲပေါက်သည့်အရာကား ရှားစောင်းပင်တစ်ပင်ဖြစ်၏။

ရှားစောင်းပင်မှာ သူမ၏ လက်သီးဆုပ်ထက်ပင် မကြီးပေ။ ထို့ပြင် မီးခိုးရောင်ပန်းအိုးထဲတွင် ထည့်ထားသဖြင့် သိပ်မသိသာချေ။

ကလေးမလေးက ထိုအရာကို တစ်ချက်ကြည့်လိုက်ပြီး ရွံရှာနေဟန်အမူအရာကို ပြသလိုက်သည်။

"ဒီအမွေးပွလုံးကြီးက ဘာကြီးလဲ"

မည်သူကမှ သူမကို ပြန်မဖြေသလို အာ့ဝူလင်ကလည်း တိတ်ဆိတ်နေဆဲသာ။

သူမကလည်း စိတ်မပျက်သွားပေ။ သူ(မ)က ဂွမ်းကပ်ထဲတွင် လိပ်ကလေးတစ်ကောင်အလား ကိုယ်ကိုကွေး၍ ထိုအရာကို လက်ဖြင့်ထိုးကြည့်လိုက်သည်။

"အား.. ဒီအလုံးကြီးကကိုက်တယ်"

ရှားစောင်းပင်၏ ဆူးချွန်များကို ထိလိုက်မိသည်နှင့်တစ်ပြိုင်နက် သူမ လက်ပြန်ရုပ်လိုက်ပြီး နှုတ်ခမ်းလေးစူပုတ်ကာ အသက်ပြင်းပြင်းရှိုက်လိုက်သည်။

ယခုအချိန်မှာ ကလေးမလေးက ပို၍ပင်ရွံရှာသွားသောကြောင့် ခေါင်းအုံးစွပ်ကိုဆွဲဖွင့်ကာ ရှားစောင်းပင်ကို ပတ်ထားလိုက်သည်။ သူ့ပုံစံမှာ လူကိုက်တတ်သော ထိုအလုံးကို လွှင့်ပစ်ချင်နေသည့်အလားပင်။

အာ့ဝူလင်ကလည်း ဆက်ကြည့်မနေနိုင်တော့သဖြင့် သူမကို သတိပေးလိုက်သည်။

[မင်း အဲ့ဒါရဲ့တန်ဖိုးကို မသိဘူးလား။ အဲ့ဒါက မင်းရဲ့ကျန်းမာရေးညွှန်ကိန်းကို တိုးတက်စေနိုင်တဲ့ ရှားစောင်းပင်ပဲ။ အိမ်ထဲမှာထည့်ထားလိုက်။ ဒါဆို မင်းမိသားစုလည်း လွယ်လွယ်နဲ့ မဖျားတော့ဘူး]

လုထောင် တုံ့ခနဲ ရပ်တန့်သွားသည်။

မဖျားနာ = ဆေးသောက်ရန်မလို + ဆေးထိုးရန်မလို = မူကြိုသွားနိုင်

ယခုလေးတင် ဖျားနာမှုနှင့်ပတ်သက်သည့် ကိစ္စကို ဆွေးနွေးထားသည်ဖြစ်ရာ သူမ ထိုအချက်ကို မှတ်မိနေဆဲသာ။

ကလေးမလေးက ခေါင်းအုံးစွပ်ကို ပြန်ဖယ်လိုက်ပြီးနောက် သိပ်မထင်ရှားလှပါသော ရှားစောင်းပင်ကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေ၏။

"ဒါက တကယ်ပဲ အဲ့‌လောက်တောင်အံ့ဩဖို့ကောင်းတာလား"

[တကယ်ပါဆို။ မယုံရင် အိမ်ထဲမှာ ထည့်ထားကြည့်လိုက်လေ]

"ဒါဆို အခုလောလောဆယ် လွှင့်မပစ်သေးဘူး"

ထို့နောက်တွင် လုထောင်က သူမ၏ ကံစမ်းခွင့်နောက်ဆုံးအကြိမ်ကို အသုံးပြုလိုက်သည်။

ဤတစ်ခေါက်တွင်တော့ သူမ တစ်ချိန်လုံးလိုချင်နေခဲ့ရသော "ပန်းရောင်ဝက်ဝံပေါက်စ"လေးကို မဲပေါက်လေတော့သည်။

ချန်ဖန်းရှုတစ်ယောက် အပြင်မှ ပြန်ရောက်လာသောအခါ ကလေးမလေးက စပျစ်သီးနက်နက်လို တောက်ပနေပါသော မျက်ဝန်းကြီးဖြင့် ထိုအရာကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။

သူမ၏ဘေးနားရှိ ရှားစောင်းပင်သေးသေးလေးကို မြင်လိုက်ရသောအခါ သူမလည်း ထိုအပင်ကိုကောက်ကိုင်၍ ဘယ်ကရသလဲဆိုသည်ကို မေးကြည့်လိုက်သည်။

လုထောင် - "ဖေဖေက ထပ်ပေးတာလေ"

ချန်ဖန်းရှု - "…"

အာ့ဝူလင် - [အစုတ်ပလုတ်Host..မင်း ငါ့ရဲ့ဂုဏ်သိက္ခာကို ထပ်ဖျက်ဆီးပြန်ပြီ]

မူကြိုသွားရဖို့အရေး ပူပန်နေရသဖြင့် လုထောင်လေးခမျာ နောက်တစ်နေ့မနက် အိပ်ရာနိုးလာချိန်တွင် သူမ၏ နှာခေါင်းကို တရှုံ့ရှုံ့လုပ်ရင်း သက်သာလာပြီလားဆိုသည်ကို စစ်ဆေးကြည့်လိုက်သည်။

သူမ နေကောင်းကြောင်း သိလိုက်ရသောအခါ မျက်လုံးမှေးကျဉ်း၍ ခေါင်းတခါခါလုပ်ပြီး အဝတ်အစားကို သူမဘာသာ ဝတ်လိုက်သည်။

ချန်ဖန်းရှုလည်း မနေ့ညက ကောင်းကောင်းအိပ်ပျော်သလို ခံစားခဲ့ရသည်။

သူမ၏ ခြေထောက်လည်း မြန်မြန်ဆန်ဆန်သက်သာလာပြီး အချိန်တိုအတွင်းမှာပင် လမ်းပြန်လျှောက်နိုင်လာသည်။ သို့သော် ဒဏ်ဖြစ်ထားသည့်နေရာကတော့ နာနေဆဲပင်။ အထူးသဖြင့် အလုပ်များသည့် ရက်မျိုးတွင် ရောင်ရမ်းပြီး နာကျင်နေတတ်သည်။

အိပ်ရာမဝင်ခင်မှာ သူမက ခြေထောက်နှစ်ဖက်ကို အကြောလျှော့ရန်အတွက် အမြဲနှိပ်နယ်ပေးသည်။ ထိုသို့မဟုတ်ပါက အိပ်ရာထဲ အကြာကြီးလှဲနေသည့်တိုင် အိပ်ပျော်မည်မဟုတ်။ မနေ့တုန်းက သူမ အလွန်ပင်ပန်းနေသောကြောင့်လားမသိ။ ခေါင်းအုံးနှင့်ထိထိချင်းမှာပင် ချက်ချင်းအိပ်ပျော်သွားခဲ့သည်။ တစ်ညလုံး အိပ်မက်ပင်မမက်ချေ။

ဤအဖြစ်ကား နောက်ရက်အနည်းငယ်အထိ နေ့တိုင်းဖြစ်နေခဲ့သည်။

သူမ၏ခြေထောက်သာမက အကြီးဆုံးအစ်ကို၏ ခွေးဖြစ်သည့် ရှန်း၏အခြေအနေကလည်း နည်းနည်းချင်းတိုးတက်လာခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပင် သက်သာလာသည်မှာ ယခင်ကထက် ပိုမြန်လှသည်။

အချိန်ကြာလာသည်နှင့်အမျှ ဟန်ဝမ်ကျွမ်း သတင်းပို့လာသည့်အချိန်တွင် ချန်ဖန်းရှုလည်း စက်ဘီးစီးဖို့ ပြဿနာမရှိတော့ပေ။

ထိုအဖြစ်ကို မြင်သူတိုင်းကလည်း ဤသည်မှာ မှော်ဆန်လှသည်ဟု ဆိုကြသည်။

"ကျိုးသွားတဲ့အရိုးက ပြန်ကောင်းဖို့ ရက်တစ်ရာလောက် အချိန်ယူရတယ်။ နင့်ခြေထောက်က သက်သာတာ တော်တော်မြန်တာပဲ"

"နင့်မှာ လုပ်စရာအလုပ်တစ်ခုရှိလို့များ ဒီလောက်မြန်မြန်ကြီး ပြန်သက်သာလာတာလား။ နင် ဒီရက်ပိုင်း စိတ်အခြေအနေကောင်းနေသလိုပဲ"

အဖွဲ့ထဲက ဒေါက်တာချိုးကလည်း အရိုးကုသဆေးကို သူမဘယ်ကရသလဲဟု ထပ်ခါတလဲလဲ မေးမြန်းနေသည်မှာ ဒေါက်တာစွန်းအတွက် သွယ်ဝိုက်ပြီးကြော်ငြာပေးနေသည်။

ယခု သူမ၏ခြေထောက် သက်သာသွားပြီဖြစ်သောကြောင့် ခရိုင်သို့သွားရန် ပို၍သက်သောင့်သက်သာဖြစ်သွားလေပြီ။

ချန်ဖန်းရှုက ပို၍ သတိကြီးကြီးထားနေသည်။ သာ့ဟွားရွာကို သွားရောက်သင်ကြားပေးရန်အတွက် နေ့စဉ်ရက်ဆက်မပြတ် စက်ဘီးစီးခဲ့သည်။ စက်ဘီးစီးကျွမ်းသွားမှသာ လုထောင်ကိုပါ သူမနှင့်အတူ ခေါ်သွားရဲသည်။

လုမိသားစုဆီမှ သူမယူလာခဲ့သော ၂၆လက်မစက်ဘီးလေးကို ပြန်လည်ပြုပြင်ပြီး သော့နှင့် ဘဲလ်များကို အသစ်ပြန်လဲထားသည်။ ချန်ကွမ်ဖာ့ကလည်း သစ်သားထိုင်ခုံသေးသေးလေးကို ထွင်းထုပြီး အရှေ့တွင် တပ်ထားပေးလေရာ လုထောင်ထိုင်ဖို့အတွက် အလွန်သင့်တော်လေသည်။

သူမ ခရိုင်သို့ထွက်လာခဲ့လိုက်သည့်နေ့တွင် လုထောင်က အသစ်စက်စက်ချုပ်ထားသော ပန်းရောင်ဆွယ်တာလေးနှင့် ယုန်ပုံစံသိုးမွေးဦးထုပ်လေးကို ဆောင်းထားသည်။ ပန်းရောင်သမ်းနေသော သူ(မ)၏မျက်နှာနှင့် တောက်ပနေပါသော မျက်လုံးဝိုင်းဝိုင်းတစ်စုံကြောင့် သူမဟာ ချစ်ဖို့ကောင်းသော ပန်းရောင်မိန်းကလေးတစ်ယောက်နှင့်ပင် တူသွားချေသည်။

ချန်မိသားစုဝင်များကလည်း အလွန်ပျော်ရွှင်နေသဖြင့် ထိုသားအမိနှစ်ယောက်ကို အပြင်သွားခွင့် မပေးသေးခင်မှာပင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ပွေ့ဖက်နေကြသည်။

လမ်းတစ်လျှောက်တွင် ကလေးမလေးက လူအမြောက်အများ၏ အာရုံကို ဆွဲဆောင်နေပြီး သူမကို မြင်သူတိုင်းကလည်း နောက်တစ်ချက်ပြန်မကြည့်ဘဲ မနေနိုင်ကြပေ။

လုထောင်လေးကိုယ်တိုင်ကတော့ ထိုအဖြစ်ကို သတိမထားမိပေ။ သူမက မူကြိုတက်ရမည့်အရေးအတွက် အံ့ဩပျော်ရွှင်နေဆဲဖြစ်၏။

"မေမေ.. သူငယ်ချင်းတွေက သမီးကို သဘောကျပါ့မလားဟင်"

"ဒါပေါ့"

ချန်ဖန်းရှုက လုထောင်ကို ဂရုတစိုက်ကြည့်၍ ပြောလိုက်သည်။

"ငါတို့ရဲ့ထောင်ထောင်က အရမ်းချစ်ဖို့ကောင်းတာ။ ဘယ်သူက သဘောမကျဘဲနေမှာလဲ"

လုထောင်ကလည်း‌ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"သူတို့ သဘောမကျလည်း ကိစ္စမရှိပါဘူး။ ထောင်ထောင်က သူတို့အတွက် ဆိုနာကစားပြလိုက်မယ်လေ"

သူတို့စကားပြောနေချိန်မှာပင် ကုန်တင်ကားတစ်စင်းက လမ်း၏တစ်ဖက်ခြမ်းမှ မောင်းချလာသည်။

ထိုကားက မောင်းလာတာ အလွန်မြန်လှသဖြင့် ချန်ဖန်းရှုလည်း အချိန်မီမတုံ့ပြန်နိုင်လိုက်ဘဲ လက်ကိုင်ကိုသာ မလှည့်လိုက်နိုင်လျှင် ထိုကားကို သူတို့ဝင်တိုက်မိတော့မည်ဖြစ်၏။

ချန်ဖန်းရှုလည်း အလွန်ကြောက်လန့်သွားပြီး လုထောင်၏ အခြေအနေကို စစ်ဆေးဖို့အတွက် စက်ဘီးဆီမှ အလျင်အမြန်ခုန်ထလိုက်သည်။

ကလေးမလေးခမျာလည်း အလွန်ထိတ်လန့်သွားရှာလေသည်။ သူမဟာ ငေးငိုင်ပြီး အတော်ကြာသည်အထိ ဘာမှမတုံ့ပြန်ပေ။

ချန်ဖန်းရှုက သူမ၏ ခေါင်းလေးကို ကပျာကယာထိကြည့်လိုက်သည်။

"ဆိတ်ဖွား..မကြောက်နဲ့တော့နော်။ ဖွ.. မကြောက်နဲ့"

ချန်ဖန်းရှုလည် သူမ၏သမီးကို ချော့မော့ရင်း အလုပ်များသွားသဖြင့် ကားသမားနှင့် ပြဿနာရှင်းဖို့ရာ အချိန်မရှိပေ။ သို့သော် တစ်ဖက်လူကတော့ အလွန်တရာ မပျော်မရွှင်ဖြစ်နေလေပြီ။

သူတို့ လမ်းပိတ်ထားသလိုဖြစ်နေခြင်းကို မနှစ်မြို့သည့်အတွက် ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးက ပြတင်းပေါက်မှန်ကို အောက်ချ၍ သူတို့ကို စိတ်မရှည်လက်မရှည် အော်ဟစ်လိုက်သည်။

"အခုထိမသွားသေးဘူးလား။ မသွားသေးဘူးဆိုရင်လည်း ဒီနေရာမှာ နေရာယူမထားနဲ့"

ချန်ဖန်းရှုက သည်းခံတတ်သူတစ်ယောက်ဖြစ်သော်ငြား ဒေါသက ထောင်းခနဲထွက်သွားမိသည်။

"ကားမောင်းရင် သေချာကြည့်ပြီးမောင်းလေ။ နင်တို့ လူကို ဝင်တိုက်မိတော့မလို ဖြစ်သွားတယ်လေ။ မသိဘူးလား"

မျက်လုံးစွေစောင်းစောင်း၊ နှာတံခပ်မြင့်မြင့်နှင့် ထိုအမျိုးသမီးက ခပ်ကြမ်းကြမ်းဟန်ပေါက်သည်။

ချန်ဖန်းရှုက ပြန်မေးခွန်းထုတ်နေသည်ကို မြင်သောအခါ သူမက အပြစ်ရှိသလိုပင် မခံစားရပေ။

"ဒါက ကားလမ်းလေ။ ငါတို့ ကြိုက်တဲ့နေရာ မောင်းလို့ရတယ်။ နင့်ကို ဘယ်သူက လမ်းပိတ်ထားခိုင်းလို့လဲ။ အတိုက်ခံရတာတောင် နည်းသေးတယ်"

ဤသည်မှာ အလွန်ရှက်စရာကောင်းလှသည်။ ချန်ဖန်းရှု၏ မျက်လုံးများက အေးစက်ခက်ထန်သွားလေတော့သည်။

"နင်သာ ဒီလိုပုံမျိုးနဲ့ကားမောင်းပြီး ပြဿနာတက်မှ မှတ်မှာ"

ဤစကားကြောင့် ထိုအမျိုးသမီးက အရှိုက်ထိသွားပြီး ပေါက်ကွဲလေတော့သည်။

"နင် ဘယ်သူ့ကိုလာကျိန်ဆဲနေတာလဲ"

ကားမောင်းသူကလည်း ကားဟွန်းကိုသာ တီးလိုက်သည်။

"လမ်းပေါ်ကနေ မြန်မြန်ဖယ်ပေးစမ်းပါ။ မဟုတ်လို့ကတော့ အသေတိုက်သတ်ပစ်မှာ"

ချန်ဖန်းရှုကတော့ တုတ်တုတ်မျှမလှုပ်ပေ။

"ရဲစခန်းက မီတာတစ်ရာတောင်မဝေးဘူး။ သတ္တိရှိရင် တိုက်ကြည့်လိုက်လေ"

နေ့ခင်းကြောင်တောင်ကြီးမှာတော့ ထိုလူလည်း လူတစ်ယောက်ကို ကားနှင့်မတိုက်ရဲပေ။

ထို့ပြင် ဤနေရာက လူသူကင်းသော နေရာမဟုတ်ပေ။ တချို့လူများလည်း ဤနေရာကို ရောက်လာကြပြီဖြစ်၏။

ချန်ဖန်းရှုက စကာနားမထောင်သည်ကို မြင်သောအခါ ထိုလူက နှစ်ခါဆဲရေးလိုက်ပြီးနောက် ကားစတီယာရင်ကိုလှည့်ကာ လမ်းနံဘေးရှိ မြောင်းနားက ဖြတ်သွားလိုက်သည်။

ချန်ဖန်းရှုလည်း သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် စက်ဘီးကို လမ်းမ၏ ဘေးဘက်သို့ တွန်းကာ ရပ်ပစ်လိုက်သည်။

တစ်ဖက်လူကလည်း ကားဟွန်းတီး၍ ဘရိတ်နင်းလိုက်သောအခါ သူမ၏ စိတ်အစဉ်က ဗလာကျင်းသွားရသည်။

သူမကို တိုက်သွားသောကားသည် ယနေ့တွေ့ရသော ကားနှင့် တစ်ရွယ်တည်းပင်။ ထိုအခိုက်အတန့်လေးမှာ အတိတ်က တစ်ဖန်ပြန်လည်ရောက်ရှိလာသည်ဟု သူမ တွေးလိုက်မိသည်။

ကံကောင်းချင်တော့ ၎င်းမှာ အသံသက်သက်သာဖြစ်ပြီး ထောင်ထောင်လည်း အဆင်ပြေသည်။

အာ့ဝူလင်က သူမကို ကူညီ၍ ချော့မော့ထားပေးသဖြင့် လုထောင်က ထင်ထားတာထက် ပိုမြန်ဆန်စွာ သက်သာလာခဲ့သည်။

သူမ အမေ၏မျက်နှာ ဖြူဖျော့နေတာကို မြင်သောအခါ သူမက လက်မောင်းသေးသေးလေးကို ဆန့်ထုတ်၍ ချန်ဖန်းရှုကို ပုတ်ပေးလိုက်သည်။

"မကြောက်နဲ့နော်။ မကြောက်နဲ့"

ကလေးမလေး၏ ပုံစံကို မြင်လိုက်ရသောအခါ ချန်ဖန်းရှု၏ အမူအရာလည်း အနည်းငယ်ပြေလျော့သွားရသည်။

"မေမေက မကြောက်ပါဘူး။ ထောင်ထောင်လည်း မကြောက်နဲ့နော်"

"အင်း"

လုထောင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ ခေါင်းကိုမော့ကာ သူမ၏ အမေကို မေးလိုက်သည်။

"သူတို့က ဘာတွေရန်ဖြစ်နေတာလဲ။ ပြန်လည်မွေးဖွားဖို့ ရန်ဖြစ်နေတာလား"

ကလေးမလေးမှာ လတ်တလောတွင် မှတ်ဉာဏ်ကောင်းသည်ထက် ကောင်းလာပြီး စကားလုံးများကို ရွေးချယ်သုံးနှုန်းတတ်နေပြီဖြစ်၏။

ဤစကားက ဘယ်ကလာသလဲဆိုသည်ကို ချန်ဖန်းရှု မသိပေ။ သူမ မေးကြည့်တော့မည့်ဆဲဆဲမှာပင် သူမ၏အရှေ့ရှိ ကုန်တင်ကားက ကျွီခနဲအသံမြည်ကာ ထိုးရပ်သွားသည်။

ခဏအကြာတွင် ကားမောင်းသည့် အမျိုးသားက ကားတံခါးကိုဖွင့်၍ ကျိန်ဆဲရင်း ကားပြင်ပါတော့သည်။

ချန်ဖန်းရှုလည်း စိတ်ငြိမ်သွားပြီးနောက် သူမ၏စက်ဘီးကို စီးသွားလိုက်သောအခါ ထိုအမျိုးသားက ကားအောက်ထဲတွင် ရှိနေဆဲသာ။ မျက်လုံးခပ်စွေစွေနှင့် အမျိုးသမီးကြီးက ကောင်လေးငယ်ငယ်လေးတစ်ယောက်ကို ‌ပွေ့ထားရင်း သူ့ကို လောဆော်နေချေသည်။

"နင့်ကားအစုတ်ကြီးက ဘာဖြစ်တာလဲ။ ပြင်လို့ရောရလား"

လုထောင်က လည်ပင်းကိုကုတ်လျက် တစ်ချက်ကြည့်လိုက်သည်။ အာ့ဝူလင်က ရှုသားအမိနှစ်ယောက်ကို ဝေဖန်ပြီးနောက် ပြောလိုက်သည့်စကားကို သူမ ရုတ်တရက် သတိရလိုက်သည်။

"လုပ်ရပ်တိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်။ ငါက မင်းတို့ရဲ့ပြစ်ဒဏ်ပဲ"

ထိုအမျိုးသားမှာ အလွန်ဒေါသထွက်လွန်းသဖြင့် လက်ကိုခါယမ်းလိုက်လေရာ ခွရှင်က သူ့မျက်နှာကို လာရိုက်မိပြီး သွားတစ်ဝက်လောက် ကျွတ်သွားမတတ်ဖြစ်သွားချေသည်။

မီးဖွားခွင့်ယူသွားသော ဆရာမက အလုပ်ပြန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရပြီးနောက် ကျောင်းသားအနည်းငယ်လည်း မူကြိုကျောင်းတွင် စာရင်းသွင်းဖို့ ရောက်လာကြသည်။

ချန်ဖန်းရှုနှင့် လုထောင်တို့ ရောက်သွားသောအခါ ကျောင်းအုပ်ရုံးခန်းထဲတွင် သားအမိနှစ်ယောက်က ဝင်ကြေးပေးဖို့ စောင့်ဆိုင်းနေကြသည်။

ကလေးမလေးက အသက်လေးနှစ်ငါးနှစ်အရွယ်မျှသာ ရှိဦးမည်။ သူမသည် အသားဖြူပြီး သန့်ပြန့်နေသော်ငြား အလွန်ရှက်တတ်လေသည်။

သူမက အမေဖြစ်သူ၏လက်ကို တစ်ချိန်လုံး ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး အခြားလူတစ်ယောက် ဝင်လာတာကို မြင်လိုက်ရချိန်မှာ သူ့အမေနောက်မှာ ဝင်ပုန်းပြီး လုထောင်ကို တိတ်တိတ်လေးကြည့်နေသည်။

လုထောင်က ထန်ရှောင်ယွဲ့လိုမျိုး တက်ကြွလှသည့် မိန်းကလေးများကိုသာ မြင်ဖူးထားပြီး ယခုလိုရှက်တတ်သည့်မိန်းကလေးမျိုးကိုတော့ တစ်ခါမှမမြင်ဖူးပေ။

သူမက မျက်လုံးဝိုင်းဝိုင်းကြီးကို ပေကလတ်ပေကလတ်လုပ်လိုက်ပြီး တစ်ဖက်လူကို ကြည့်လိုက်သော်ငြား သူမ၏အမေက ကိုယ်ဝန်ဆောင်ထားသဖြင့် သူ့ကို စကားမပြောရဲပေ။

ခရိုင်မူကြို၏ ကျောင်းအုပ်မှာ အသက်ငါးဆယ်အရွယ်ခန့်ရှိပြီး အနည်းငယ်ဝဖိုင့်ကာ ဖော်ရွေရင်းနှီးချင်စရာ ကောင်းသည်။

လုထောင်က လေးနှစ်မပြည့်သေးကြောင်း သိလိုက်ရသောအခါ သူမက ဝင်ခွင့်မပေးချင်ပေ။

ကလေးငယ်လေးများက ဂရုစိုက်ရခက်ခဲပြီး သင်ယူနိုင်စွမ်းလည်း သိပ်မရှိသေးပေ။

နောက်မှသာ ချန်ဖန်းရှုက အဝေးကြီးမှ လာခဲ့ရကြောင်း သိသွားပြီး ဤသည်မှာလည်း ပထမဆုံးအခေါက် မဟုတ်တော့ကြောင်း ကြားလိုက်ရသောကြောင့် သူမ နည်းနည်းတော့ စိတ်ချသွားရသည်။

"ဒါဆို ရှင်တို့ တစ်လစာ အရင်ကြိုသွင်းထားပြီး ရက်နည်းနည်းလောက် စမ်းကြည့်လို့ရတယ်။ အလုပ်မဖြစ်ဘူးဆိုရင်တော့ နောက်မှပဲပြောကြတာပေါ့"

ထိုအခိုက်အတန့်လေးမှာပင် နောက်ထပ်မိန်းမတစ်ယောက်က ရုံးခန်းထဲသို့ဝင်လာသည်။ သူမက လက်ထဲတွင်လည်း သုံးနှစ်အရွယ် ကောင်လေးတစ်ယောက်ကို ချီထားသေးသည်။

သူမက အခန်းထဲတွင် အခြားလူတစ်ယောက်ရှိနေတာကို ဂရုမစိုက်ပါဘဲ ကျောင်းအုပ်ကြီး၏ ထိုင်ခုံဆီသို့ တန်းတန်း လျှောက်သွားလိုက်သည်။

"ကျွန်မတို့ အလျင်လိုနေလို့ပါ။ ကျွန်မတို့ကို အရင်လုပ်ပေးလို့မရဘူးလား။ ကျွန်မတို့ကို အထည်အလိပ်စက်ရုံရဲ့ ရုပ်ဆိုးဆိုးလက်ထောက်ဒါရိုက်တာက မိတ်ဆက်ပေးလိုက်တာပါ"

သူစိုးရိမ်နေကြောင်း ပြောလိုက်လျှင်ပင် အဆင်ပြေသေးသည်။ သို့သော် အထည်အလိပ်စက်ရုံ၏ ရုပ်ဆိုးဆိုးလက်ထောက်ဒါရိုက်တာဟု ပြောလိုက်ခြင်းမှာမူ…

ချန်ဖန်းရှု မျက်မှောင်ကြုတ်လိုက်မိပြီး တစ်ဖက်လူကို သူမ မြင်ဖူးသည်ဟု တွေးလိုက်မိသည်။ သူမက အစောပိုင်းတုန်းက သူတို့ကို ကားနှင့်ဝင်တိုက်မိမတတ်ဖြစ်သွားသော မျက်လုံးစွေစောင်းစောင်းနှင့် အမျိုးသမီးပင်။

သူမက အဆက်အသွယ်တချို့ကြောင့် ရောက်လာခြင်းဖြစ်ဟန်တူသည်။ ကိုယ်ပိုင်ကားစီးပြီး ဤမျှမောက်မာနေသည်မှာ မဆန်းတော့ပေ။

သူမကို ရုပ်ဆိုးဆိုးလက်ထောက်ဒါရိုက်တာက လွှတ်လိုက်သည်ဟု ဆိုသော်ငြား ကျောင်းအုပ်ကတော့ သူမကို လက်ခံရန် စိတ်ကူးရှိပုံမပေါ်ချေ။

"စာသင်ခန်းထဲမှာ အခန်းမရှိတော့ဘူး။ ကျွန်မတို့ လူတွေအများကြီး လက်မခံနိုင်ဘူး။ ရှင့်ကလေးကလည်း လေးနှစ်တောင်မပြည့်သေးဘူး။ နောက်နှစ်ကျမှ အကြီးတန်းတွေ မူလတန်းတက်တာကို စောင့်လိုက်ပေါ့။ ပြီးမှ ပြန်လာခဲ့လိုက်"

ထိုအမျိုးသမီးကြီးမှာ ဤစကားကိုကြားသော် မပျော်မရွှင်ဖြစ်သွားပြီး လုထောင်ကို လက်ညှိုးထိုးပြလိုက်သည်။

"သူလည်း လေးနှစ်မပြည့်သေးဘူးလေ။ သူတောင် တက်လို့ရရင် ကျွန်မသားက ဘာလို့မရရမှာလဲ"

"သူက အရင်ရောက်တာလေ။ သူလာတုန်းကတော့ နေရာရှိသေးတယ်"

ထိုစကားကိုကြားသော် အမျိုးသမီးကြီးက ပို၍ပင်ဒေါသထွက်သွားသည်။ အကြောင်းကား သူမ နောက်ကျနေသောကြောင့်ပင်။

သူမကလည်း လုထောင်နှင့် သူ့အမေကို မှတ်မိနေနှင့်ပြီးသားပင်။

သူမ၏အမြင်တွင် ဤနေရာမှာ မူလတုန်းက သူမသား၏ နေရာဟု တွေးထားသည်။

သူမသာ လုထောင်နှင့်သူ့အမေကို မတိုက်မိခဲ့ပါက ကားလည်း ပျက်မည်မဟုတ်။ ကားသာ မပျက်ခဲ့ပါလျှင် သူမလည်း နောက်ကျမည်မဟုတ်ပေ။

ကျောင်းအုပ်က စာရင်းလက်ခံဖို့ ငြင်းဆန်နေသည်ကို မြင်သောအခါ အမျိုးသမီးကြီးက တံခါးကိုဆောင့်ပိတ်ပြီး ထွက်သွားသည်။ သိပ်မကြာခင်မှာပင် သူမက မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်။

လိုက်လာသူမှာကား အစောပိုင်းက သူမပြောသော ရုပ်ဆိုးဆိုး လက်ထောက်ဒါရိုက်တာပင်တည်း။

သူနှင့် ကျောင်းအုပ်၏ မိသားစုမှာ အိမ်နီးချင်းများဖြစ်သောကြောင့် သူသာ တိုက်ရိုက်ရောက်ချလာပါက ကျောင်းအုပ်ကလည်း သူ့ကို မျက်နှာသာပေးရလိမ့်မည်သာ။

"ကျွန်မတို့က သူတို့ကိုလက်မခံချင်တာ မဟုတ်ရပါဘူး။ အဓိကက သူတို့က အရင်ရောက်လာတာမို့လို့လေ။ ပြီးတော့ ဒီလောက်ကလေးငယ်ငယ်လေးက မူကြိုလာတက်ရင်တောင် ဘာမှသိပ်သင်နိုင်မှာမဟုတ်ဘူး"

ဤကိစ္စကို ကြိုတင်ကြံစည်ထားလေသလားမသိ။ ရုပ်ဆိုးဆိုး လက်ထောက်ဒါရိုက်တာက ထိုစကားကိုကြားသောအခါ ကလေးနှစ်ယောက်ကို ဘယ်သူက စာပိုတတ်လဲဆိုတာကို ပြိုင်ခိုင်းဖို့ အကြံပေးလာလေသည်။

အမျိုးသမီးကြီးကလည်း သဘောတူသည်။

"ဟုတ်တယ်။ ကလေးတစ်ယောက်ရဲ့ သင်ယူနိုင်စွမ်းကို အသက်အရွယ်နဲ့ ဆုံးဖြတ်ရတာမဟုတ်ဘူး။ အဲ့ဒီကလေးရဲ့ ထက်မြက်မှုနဲ့ ဆုံးဖြတ်ရတာ။ ကျွန်မရဲ့သားအကြီးက ငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းတာ။ သူက ဘယ်အရာမဆို အတတ်မြန်ပြီး ကဗျာတွေအများကြီးကိုလည်း ရွတ်ပြနိုင်တယ်"

အမှန်အတိုင်းပြောရလျှင် တရားမျှတမှုကို အနိုင်ယူပြီး အဆက်အသွယ် အားကိုးဖြင့် အခွင့်ကောင်းယူတတ်သူများကို ချန်ဖန်းရှု သဘောမကျပေ။

သို့သော် ကဗျာရွတ်ဆိုသည့်ကိစ္စနှင့် ပတ်သက်လာလျှင်…

ချန်ဖန်းရှုက သူမ၏သမီးကို ငုံ့ကြည့်လိုက်လေရာ လုထောင်လေးက ကျောင်းလွယ်အိတ်သေးသေးလေးကို သယ်ထားပြီး ကြိုးစားကြည့်ဖို့ စိတ်အားထက်သန်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ချန်ဖန်းရှုက သိပ်မသေချာသောကြောင့် လုထောင်ကို ငုံ့ကြည့်လိုက်သည်ဟုသာ ထိုအမျိုးသမီးက ထင်သွားသောကြောင့် ပို၍ပင်မာန်တက်သွားလေတော့သည်။

ချန်ဖန်းရှု၏ သဘောတူညီမှုကိုပင် မစောင့်တော့ဘဲ သူမနှင့် ရုပ်ဆိုးဆိုးလက်ထောက်ဒါရိုက်တာတို့က ပြိုင်ပွဲကို သဘောတူလက်ခံလိုက်သည်။

"ပိုတတ်တဲ့ကလေးက အဲ့ဒီနေရာကိုရမှာပဲလို့ သဘောတူလိုက်ပြီနော်။ ကန့်ကွက်စရာရှိလား"

ချန်ဖန်းရှုက သူမကို လျစ်လျူရှုထားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချကာ လုထောင်ကို မေးလိုက်သည်။

"ထောင်ထောင် ပြိုင်ချင်လား"

All Chapters