← Chapters

Chapter 57

Vol. 5 Ch. 57

Chapter 57

Vol. 5 Ch. 57

ကလေးများတွင်လည်း မာနရှိသည်။

နောက်ဆုံးတစ်ခေါက် လုထောင်လာခဲ့စဉ်က ဆရာမက သူမကို ဘာမှမသိဘူးဟု ပြောခဲ့သည်။ ထိုကိစ္စကို သူမ မှတ်မိနေဆဲပင်။

ထို့ပြင် အာ့ဝူလင်ကလည်း သူမကို လက်ခံလိုက်ဖို့ တိုက်တွန်းနေသည်။

[နောက်ဆုံးတော့ ရလဒ်ကို စစ်ဆေးရမဲ့အချိန်ကျပြီ။ ထောင်ထောင် မကြောက်နဲ့။ ရဲရဲသာသွား]

ထို့ကြောင့် လုထောင်လည်း ရှေ့ထွက်လိုက်သည်။

သူမ လက်ခံသည်ကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးကြီးကလည်း ကိစ္စကို မြန်မြန်စတင်လိုက်ပြီး သူတို့ စကားပြန်ရုပ်သိမ်းသွားမည်စိုး၍ မူကြိုကျောင်းဆရာမနှစ်ယောက်ကိုပင် မျက်မြင်သက်သေအဖြစ် နေပေးဖို့ တောင်းဆိုလိုက်သေးသည်။

ထိုအမျိုးသမီးကြီး၏ အမြင်မှာတော့ ချန်ဖန်းရှုသာ သေချာနေခဲ့ပါလျှင် အစကတည်းက သူမ သဘောတူခဲ့မည်ဖြစ်၏။ သူမက သူမ၏သမီးကို ကြည့်ပြီး မေးမြန်းလိုက်ခြင်းမှာ သူမကို အတင်းဖိအားပေး၍ ခိုင်းစေနေသောကြောင့် ဘာလုပ်ရမှန်းမသိတော့သောကြောင့် ဖြစ်၏။

သူ့ကလေးက ဤပြိုင်ပွဲကို သေချာပေါက်အနိုင်ရလိမ့်မည်ဖြစ်ပြီး မူကြိုကျောင်းတွင်လည်း နာမည်ကြီးသွားပေလိမ့်မည်။

ထိုက်ကျန်းက အလွန်ဉာဏ်ကောင်းသောကြောင့် မူကြိုဆရာမများကလည်း သူ့ကိုနှစ်သက်ပြီး သီးသန့်ဂရုစိုက်မှုများ ပေးကြပေလိမ့်မည်။

အမျိုးသမီးကြီးက ယုံကြည်မှုအပြည့်ရှိနေချေသည်။ သူမက ပြုံးလိုက်ပြီးနောက် သူမ၏သားကို တွန်း၍ ပြောလိုက်သည်။

"သား…ဆရာမကို ငန်းလေးတစ်ကောင်ရွတ်ပြလိုက်စမ်း"

ထိုက်ကျန်းက လုထောင်ထက် ခေါင်းတစ်လုံးစားမျှ ပုသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူ့ပုံစံမှာ လွတ်လပ်မှုကို မြတ်နိုးသူဖြစ်ကြောင်း အတပ်သိနိုင်သည်။

သူက အခန်းထဲသို့ ဝင်လာကတည်းက အလုပ်များနေခဲ့ပြီး ဟိုဟာကိုထိလိုက်၊ ဒီဟာကိုဆွဲလိုက်လုပ်နေခဲ့သည်။

အမျိုးသမီးကြီးက သူ့ကိုလှမ်းခေါ်လိုက်သည့်အချိန်တွင် သူက ရုံးခန်းထဲရှိ အစိမ်းရောင် တိုက်ကပ်နွယ်ပင်ကို ငေးကြည့်ရင်း သွားထိကြည့်ချင်နေသည်။ ထိုစကားကိုကြားလိုက်ရသောအခါ သူ နည်းနည်းစိတ်လွတ်သွားရသည်။

"ဂတ် ဂတ် ဂတ် ဂတ်"

ထိုစာသားကို အချိန်အကြာကြီး ရွတ်နေပြီးနောက် နောက်တစ်ကြောင်းကို စဉ်းစား၍မရတော့ပေ။

သူ ဆက်မရွတ်နိုင်သေးသည်ကို မြင်လိုက်ရသောအခါ လုထောင်က စိတ်ပူသွားသည်။

"သူ့လည်ပင်းကိုကွေးလို့ မိုးပေါ်မော့ပြီး သီချင်းဆိုလိုက်တယ်.. အမွေးဖြူဖြူတွေက အစိမ်းရောင်ရေပေါ်မှ ပေါလောပေါ်ကာ အနီရောင်လက်ဖဝါးလေးတွေက ကြည်လင်တဲ့လှိုင်းလုံးတွေကို လှော်ခတ်နေလေရဲ့"

တစ်ချက်တည်းနှင့် ကျန်ကဗျာတစ်ဝက်ကို သူမ ရွတ်ပြ၍ ပြီးစီးသွားသောအခါ ဤကဗျာမှာ သူများရွတ်ရမည့်ကဗျာဖြစ်ကြောင်း မှတ်မိသွားသည့်အတွက် သူမ၏ အမေကို ရှက်ရှက်ဖြင့် လှည့်ကြည့်လိုက်သည်။

"ထောင်ထောင်ရွတ်ပြသွားတာ မှန်တယ်"

ချန်ဖန်းရှုကလည်း သူမကို အားပေးသည့်အပြုံးမျိုး ပြုံးပြလိုက်သည်။

ကလေးမလေးက ချက်ချင်းပင် ပျော်ရွှင်စွာရယ်မောလိုက်ပြီးနောက် ကွေးညွတ်နေသော မျက်ဝန်းများဖြင့် ထိုက်ကျန်းကိုကြည့်၍ ပြောလိုက်သည်။

"နောက်တစ်ပုဒ်"

အမျိုးသမီးကြီး၏ အမြင်မှာတော့ ထိုအပြုံးက ရန်စနေခြင်းပင်။

သူမ၏ပုံစံက မပျော်မရွှင်ဖြစ်သွားပြီး ပြောလိုက်သည်။

"ဒီကဗျာက လွယ်လွယ်လေးရယ်။ ငါ့သားက နှစ်နှစ်အရွယ်ကတည်းက အဲ့ဒါကို အလွတ်ရွတ်ပြနိုင်တယ်။ သား..သူ့ကို ခက်တဲ့ကဗျာတစ်ပုဒ်ရွတ်ပြလိုက်။ "နေ့ခင်းယာစိုက်ခြင်း"ကဗျာလိုမျိုးလေ"

လုထောင် - "နေ့လယ်ဘက်မှာ ငါ ယာခင်းထဲ ပေါင်းသင်တယ်။ ငါ့ချွေးတွေ မြေကြီးပေါ်တောင် စီးကျတယ်။ ပန်းကန်ပြားထဲက ထမင်းတစ်စေ့ချင်းစီတိုင်က အလုပ်ကြိုးစားမှုရဲ့ အသီးအပွင့်ဆိုတာ ဘယ်သူသိမှာလဲ"

နှစ်ထပ်ကွမ်း အနိုင်ပိုင်းလိုက်ခြင်းပင်။

အစကတည်းက ရမှတ်က သုညနှင့်နှစ်မှတ်ဖြစ်နေခဲ့သည်။ အမျိုးသမီးကြီးလည်း ရှက်သွားချေသည်။

"ဒါကိုထည့်မတွက်ဘူး။ သူက ငါ့သားကို လိုက်အနှောင့်အယှက်ပေးနေတော့ ငါ့သားလည်း အာရုံမစိုက်နိုင်ဘူးဖြစ်သွားတာ။ သူတို့ကို တစ်ယောက်တစ်ပုဒ်စီရွတ်ခိုင်းလိုက်။ ဘယ်သူက ပိုရွတ်နိုင်သလဲဆိုတာ ကြည့်ကြတာပေါ့။ သူများရွတ်နေရင် ဝင်မနှောင့်ယှက်နဲ့"

တစ်ယောက်ကို တစ်ပုဒ်ရွတ်ဆိုရာတွင် ထိုက်ကျန်းက ဘာအနှောင့်အယှက်မှမရှိဘဲ ရွတ်ပြနိုင်သည်။ သို့သော် သူ့အရည်အသွေးက စနစ်တကျ သင်ကြားမှုရရှိထားသော လုထောင်လောက်တော့ မကောင်းပေ။ ကဗျာအနည်းငယ်ရွတ်ပြီးနောက် သူက ပင်ပန်းသွားလေသည်။

ဖီလာအားဖြင့် လုထောင်လေးကတော့ ကျွမ်းကျွမ်းကျင်ကျင် ချောချောမွေ့မွေ့ ရွတ်ပြနိုင်ခဲ့သည်။ အသက်သုံးနှစ်အရွယ်နှင့်ပင် မလိုက်ဖက်ပေ။

သူမ ရွတ်ပြလေလေ မျက်ဝန်းများက တောက်ပလာလေလေပင်။ အဆုံးမှာမူ သူမက လက်သီးတင်းတင်းဆုပ်၍ သူမ၏ပြိုင်ဘက်ကို မျှော်လင့်စောင့်စားဟန်ဖြင့် ကြည့်လိုက်သည်။

"ဘာရှိသေးလဲ။ ငါ လီလီမြက်ခင်းပြင်ရယ် ရောင်စုံတိမ်တိုက်ထဲရှိ ပိုင်တိနှုတ်ဆက်ခြင်းရယ်.. တခြားကဗျာတွေအများကြီးကို ရသေးတယ်"

ထိုက်ကျန်း - "…"

ငါ အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျမိတယ်။

အမျိုးသမီးကြီးမှာလည်း ရှက်နေလေသည်။ သူမက အခေါက်ခေါက်အခါခါ ပါးစပ်ဟလိုက်သော်ငြား ဘာပြောရမှန်းမသိပေ။

ကျောင်းအုပ်ကလည်း အချိန်ကျပြီဖြစ်ကြောင်း မြင်လိုက်ရသောကြောင့် ပြိုင်ပွဲရလဒ်ကို ကြေညာပြီး ထိုသုံးယောက်ကို ပြန်လွှတ်ဖို့ ပြင်လိုက်သည်။

သူမလည်း တတ်နိုင်သမျှ မျက်နှာသာပေးထားပြီးဖြစ်၏။ ကိုယ် အရည်အချင်းမရှိတာကို သူများထံ အပြစ်ဖို့၍ မရချေ။

အမျိုးသမီးကြီးက ဤကိစ္စကို လက်ခံနိုင်မည်တဲ့လား။ သူမက ကဗျာရွတ်ခြင်းကို ထည့်မတွက်ဘဲ သင်္ချာပြိုင်ကြမည်ဟု ဆိုလာသည်။

ချန်ဖန်းရှုလည်း အလွန်ဒေါသထွက်သွားပြီး ရယ်လိုက်မိသည်။

"ရှင်ပြောသမျှ အကုန်ရတယ်များ ထင်နေတာလား။ ရှင်က ကျောင်းအုပ်မို့လို့လား"

ပြတင်းပေါက်အပြင်ဘက်မှ နားထောင်နေသော လီကျွမ်းကလည်း ဒေါသထွက်သွားလေသည်။

"သူက ဘာလို့ဒီလိုလုပ်ရတာလဲ။ ထောင်ထောင်က အလွတ်ရွတ်ပြနိုင်ခဲ့တာပဲကို"

သူ့ဘေးက သူငယ်ချင်းနှစ်ယောက်ကလည်း ခေါင်းညိတ်လျက် ပြောလိုက်သည်။

"ဟုတ်တယ်။ ထောင်ထောင်က အရမ်းတော်တာပဲ။ ငါတောင် အဲ့ဒီရှေးခေတ်ကဗျာတချို့ကို အလွတ်ရွတ်မပြနိုင်ဘူး"

ကောင်လေးနှစ်ယောက်စလုံးက မူကြိုကဖြစ်ပြီး အငယ်ဆုံးလေးက ငါးနှစ်ပြည့်ခါနီးလေပြီ။

သူတို့နှစ်ယောက်က လီကျွမ်းခိုးနားထောင်နေသည်ကို မြင်လိုက်ရသဖြင့် ဆရာမလည်း အနားမှာမရှိသောကြောင့် သူတို့ပါ ပြတင်းပေါက်အောက်နားမှာ ထိုင်၍ လိုက်နားထောင်နေခဲ့ကြသည်။ နားထောင်နေရင်း သူတို့မာနကို ထိပါးခံလိုက်ရသလို ခံစားလိုက်ရသည်။

"လီကျွမ်း.. သူက သုံးနှစ်ပဲရှိသေးတယ်ဆိုတာ သေချာလို့လား"

လက်ထောက်ဒါရိုက်တာချောင်လည်း ဤမေးခွန်းပင် မေးချင်နေခဲ့သည်။ သူက ဤအရှုပ်ထုပ်ကြီးထဲတွင် ဝင်ပါမိသည်ကို နောင်တရနေခဲ့သည်။

ဤပြိုင်ပွဲကို တိုက်တွန်းခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သော်လည်း အနိုင်ရရန်အတွက် လိမ်လည်လှည့်ဖြားရင်း ရှုံးနိမ့်ခဲ့ရသည်။ အလွန်ရှက်ဖို့ကောင်းလှသည်။

သို့သော် သူ့ဘက်က စတင်ထားသည့်ကိစ္စဖြစ်သည့်အတွက် သူ့မရီးက အလျှော့မပေးချင်ဟန်ရှိကြောင်း မြင်လိုက်ရသောအခါ သူ့အနေနှင့် ကိစ္စများကို အဆင်ပြေချောမွေ့အောင် လုပ်ရုံသာ ရှိတော့သည်။

သူတို့အနေနှင့် ဘယ်ဘက်ပါးကို အရိုက်ခံထားရပြီးဖြစ်သောကြောင့် ညာဘက်ပါးကိုပါ အသင့်ပြင်ထားရပေမည်။ ချန်ဖန်းရှုအနေနှင့် သူ့သမီးကို ယခုလိုမခံစားရစေချင်ပေ။

ရလဒ်အနေနှင့် လုထောင်က ကဗျာအပုဒ်ငါးဆယ်ကို အထစ်အငေါ့မရှိဘဲ ရွတ်ပြနိုင်ခဲ့သော်ငြား ထိုက်ကျန်းကတော့ အပုဒ်သုံးဆယ်ကျော်သည်နှင့် ဆက်မရွတ်နိုင်တော့ပေ။

ကလေးမလေးက ကျွမ်းကျွမ်းကျင်ကျင် ရွတ်ပြနိုင်နေသည်ကို မြင်သောအခါ သူ မငိုဘဲမနေနိုင်တော့ပေ။

"မေမေ.. သား မပြိုင်ချင်တော့ဘူး။ မူကြိုလည်းမတက်ချင်တော့ဘူး"

အမျိုးသမီးကြီးမှာ သူမသားက သူမ၏ကြိုးစားအားထုတ်မှုများကြားက ကျောင်းတက်ဖို့ ငြင်းလာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။

ရုံးခန်းထဲတွင် လူအများကြီးရှိနေသော်လည်း သူကတော့ နှာရည်တရွှဲရွှဲဖြင့် ဆက်တိုက်ငိုကြွေးကာ သူမကိုပင် သူ့အားလေးနှင့် ဆွဲခေါ်နေသေးသည်။

အမျိုးသမီးကြီးလည်း တကယ်ရှက်သွားရသည်။

"မင်း ဘာလို့ငိုနေတာလဲ။ မင်းမှာ အစွမ်းအစမရှိဘူးလား။ မင်း ဆရာမကို ကျွမ်းထိုးပြလိုက်လေ"

ထိုက်ကျန်းလေးခမျာ အားတက်သရောခေါင်းခါယမ်း၍ ဆက်မနာခံနိုင်တော့ပေ။

ထိုစကားကိုကြားသော် လုထောင်၏ မျက်ဝန်းများက တောက်ပလာသည်။

"ဟုတ်တယ်။ နင့်မှာလည်း အစွမ်းအစရှိတယ်။ ဒေါ်ဒေါ်က အရမ်းတော်တာပဲ"

ကလေးမလေးက သူ့ကျောင်းလွယ်အိတ်လေးကို‌ ချွတ်လိုက်ပြီးနောက် အထဲက သူ့ရတနာလေးကို ထုတ်ယူလိုက်သည်။

"ဒေါ်ဒေါ်…သမီး ဒေါ်ဒေါ်အတွက် "မုန်ညင်းဖြူလေး"မှုတ်ပြမယ်"

ဆိုနာသံအကျယ်ကြီးက တံခါးပေါက်နှင့် ပြတင်းပေါက်များဆီမှ ဖြတ်သန်းလာပြီးနောက် မူကြိုတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

မိနစ်အနည်းငယ်ကြာသောအခါ ချောင်မိသားစုကို လုထောင်၏ "မုန်ညင်းဖြူလေး"သီချင်းက အောင်အောင်မြင်မြင် မောင်းထုတ်လိုက်နိုင်သည်။

သူတို့ အပြင်ထွက်သွားချိန်အထိ ဆိုနာသံက သူတို့နားထဲ စွဲနေဆဲဖြစ်ပြီး ခေါင်းကိုက်သွားစေခဲ့သည်။

လုထောင်အနားတွင် ဆရာမများက ဝိုင်းအုံနေပြီး အနိုင်ရသူသာ ခံစားနိုင်သည့် ပန်းနှင့်လက်ခုပ်ဩဘာများ ပေးနေကြသည်။

တစ်စုံတစ်ယောက်က‌ မေးလိုက်သည်။

"ဟေး.. မင်း အရင်က ဒီကိုရောက်ဖူးတယ်မလား။ ဆံပင်ကောက်ကောက်နဲ့ ကလေးမလေးတစ်ယောက် ဒီကိုလာဖူးတာ ငါမှတ်မိတယ်"

ချန်ဖန်းရှုကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ကျွန်မ လာခဲ့ဖူးတယ်"

"ရှင့်သမီးက အဲ့ဒီတုန်းက ဘာမှမသိသေးဘူးဆို။ တစ်လတည်းနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင်တတ်သွားတာလဲ"

တစ်လသာ သင်ခဲ့ရသည်။

မျက်လုံးစွေစောင်းစောင်းနှင့် အမျိုးသမီးကြီးက အဝေးကို ရောက်မသွားသေးသည့်အတွက် ထိုစကားကိုကြားသောအခါ မျက်နှာကို ရှုံ့မဲ့ပစ်လိုက်သည်။

သူမမှာ သူမ၏ သားကို စကားပြောတတ်သည့်အရွယ်ကတည်းက ကဗျာသင်ပေးခဲ့ရသည်။ ယခု သူမ၏သားက ကဗျာငါးပုဒ်ခြောက်ပုဒ်သာ ရွတ်နိုင်သေးသည်။

တစ်လတဲ့လား။ ဘယ်သူ့ကို လာလိမ်နေတာလဲ။

သူမ ထိုအကြောင်းကို တွေးတောနေချိန်မှာ သူ့အရှေ့တွင် လျှောက်နေသည့် ရုပ်ဆိုးဆိုးစက်ရုံလက်ထောက်ဒါရိုက်တာက တုံ့ခနဲရပ်လိုက်သည်။

သူမမှာ သူ့ကိုဝင်တိုက်မိတော့မတတ်ဖြစ်သွားပြီး ခြေထောက်ကို ရပ်တန့်ပစ်လိုက်သည်။

"ဘာဖြစ်တာလဲ"

"မင်း ဒီနေ့ နောက်ကျနေတာ ဒီမိန်းမနဲ့ကြုံခဲ့လို့လား"

ရုပ်ဆိုးဆိုးလက်ထောက်ဒါရိုက်တာက သူမကို မေးလိုက်သည်။

"ဟုတ်တယ်"

ထိုအမျိုးသမီးကလည်း မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

"သူတို့ကြောင့်သာမဟုတ်ရင် ငါ့သားလည်း အစောကတည်းက စာရင်းသွင်းပြီးနေလောက်ပြီ"

မျှော်လင့်မထားပါဘဲ ထိုစကားကိုကြားသောအခါ ရုပ်ဆိုးဆိုးလက်ထောက်ဒါရိုက်တာ၏ မျက်နှာက လုံးဝပျက်ယွင်းသွားရသည်။

"ဒီကိစ္စဖြစ်ထားတာမှ ရက်ပိုင်းပဲရှိသေးတယ်။ သူက ဖြစ်ခဲ့တဲ့ကိစ္စကနေ သင်ခန်းစာမယူနိုင်ဘူး။ လောင်စန်းကို သွားပြောလိုက်။ သူ မပြောင်းလဲနိုင်ဘူးဆိုရင် ကားမမောင်းနဲ့တော့လို့။ သူသာ လူသတ်မိသွားပြီး အဖမ်းခံရရင် သူ့အရှုပ်ထုပ်ကို ဘယ်သူမှလိုက်ရှင်းပေးမှာမဟုတ်ဘူး"

မူကြိုကျောင်းထဲရှိ ဆရာမများက ကလေးများကို ဂရုစိုက်ပေးလေ့ရှိသည့်အတွက် သုံးနှစ်အရွယ်ကလေးတစ်ယောက်၏ သင်ယူနိုင်စွမ်းကို ကောင်းကောင်းသိထားသည်။

သူတို့လုပ်ဖော်ကိုင်ဖက်များ၏ စကားကြောင့်သာမဟုတ်ပါက ကလေးတစ်ယောက်က တစ်လတည်းနှင့် ဤမျှအများကြီးကို သင်ပေးနိုင်ကြောင်း သူတို့ယုံကြည်မည်မဟုတ်။

ကလေးကပဲ အလွန်တော်နေသလား။ မိခင်ကပဲ အသင်အပြ ကောင်းလေသလားမသိပေ။

နှစ်ခုလုံးလည်း ဖြစ်နိုင်သည်သာ။

ဆရာမတစ်ယောက် ထွက်လာပြီး လုထောင်ကိုခေါ်သွားပြီး စာသင်ခန်းကိုလိုက်ပြရင်း မူကြိုရှိ အခြားကလေးများနှင့် တွေ့ပေးလိုက်သည်။

လီကျွမ်းကလည်း သူ့သူငယ်ချင်းများနှင့် ချက်ချင်းရောက်ချလာသည်။

"ထောင်ထောင်က တကယ်မိုက်တာပဲ"

"ဟုတ်တယ်။ ဟုတ်တယ်"

သူ့သူငယ်ချင်းကလည်း သဘောတူသည်။

"မိုက်ရုံတင် မကဘူး။ လှလည်းလှတယ်"

လုထောင် သွားလိုက်သည့်နေရာတိုင်း သူတို့က တကောက်ကောက်လိုက်နေသည်မှာ ပရိသတ်ငယ်လေးများက သူတို့အိုင်ဒေါလ်နောက်ကို လိုက်နေသည့်အလားပင်။

လုထောင်လည်း သူတို့၏ ချီးကျူးမှုကြောင့် အလွန်ရှက်သွားသည်။

"အဲ့လောက်တောင်မိုက်တာလား"

အာ့ဝူလင် - [ဒါပေါ့။ သင်ပေးတဲ့လူက ဘယ်သူလဲဆိုတာမသိဘူးလား]

ကောင်လေးက အသည်းအသန် ခေါင်းညိတ်ပြပြီး ဟုတ်မှန်ကြောင်း ပြောကာ ဘောလုံးတစ်လုံးကို ယူလာသည်။

"အတူဘောလုံးကစားရအောင်"

လီကျွမ်းက ကန့်ကွက်လိုက်သည်။

"ဘောလုံးပုတ်ရတာက အရမ်းပျင်းဖို့ကောင်းတယ်။ ထောင်ထောင်.. နင် ခုနကမှုတ်တာ ဘာကြီးလဲ။ ငါတို့ကို ထပ်မှုတ်ပြလို့ရလား"

ယခင်ကဆိုလျှင် အိမ်မှာ လုထောင် ဆိုနာလေ့ကျင့်ချိန်တိုင်း သူ့မိသားစုဝင်များက သူ့အနားက ဖယ်ခွာသွားလေ့ရှိသည်။

သူမ ဤမျှအထိ နာမည်ကြီးနေသည်မှာ ယခုတစ်ခေါက်က ပထမဆုံးဖြစ်သည်။ သူမလည်း အသည်းအသန်ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ထောင်ထောင်က သီချင်းတွေအများကြီးမှုတ်ပြနိုင်တယ်"

သူမက ပြောရင်းဆိုရင်းဖြင့် ခုနက ရုံးခန်းထဲမှာ‌ တွေ့ခဲ့ရသည့်ကလေးမလေးက မလှမ်းမကမ်းမှ သူမကို လှမ်းကြည့်နေကြောင်း သတိထားလိုက်မိသည်။ ထို့ကြောင့် သူ့အနားသို့ ပြေးသွားလိုက်ပြီး မေးလိုက်သည်။

"နင်ရော အတူနားထောင်ချင်လား"

လုထောင် နေရာရွှေ့သွားသည်နှင့် လီကျွမ်းနှင့် ကျန်လူများကလည်း နောက်ကလိုက်လာသည်။ လင်းထိုထို အနားတွင် ရုတ်တရက်ကြီး လူများဝိုင်းအုံသွားလေတော့သည်။

သူမလည်း အနည်းငယ်ရှက်ရွံ့သွားရသည်။

"ငါ..ငါလား"

လုထောင်က ခေါင်းညိတ်ပြလိုက်သည်။

"နင့်မျက်လုံးလေးတွေက အရမ်းလှတာပဲ။ နင့်နာမည်က ဘယ်လိုခေါ်လဲ"

ကလေးမလေးက ပန်းရောင်ဘောလုံးလေးတစ်လုံးအလားပင်။ သူမ၏ ဝိုင်းစက်စက်မျက်ဝန်းတို့က သူတစ်ပါးကိုချီးကျူးနေချိန်မှာ စိတ်ရင်းဖြင့် တောက်ပနေချေသည်။

လင်းထိုထိုကလည်း ထိုအခြင်းအရာကို ကြည့်ပြီး ရုတ်တရက်ကြီး မျက်နှာရဲခနဲဖြစ်သွားသည်။

လုထောင်က အခြားကလေးများနှင့် အဆင်ပြေနေသည်ကို မြင်သောအခါ ချန်ဖန်းရှုလည်း စိတ်သက်သာရာရသွားသည်။ သူမက ကျောင်းအုပ်ကြီးကို နှုတ်ဆက်၍ မူကြိုထဲက ထွက်သွားလိုက်သည်။

အပြင်ကိုရောက်သွားသည့်အခါ လင်းထိုထို၏ အမေနှင့် တွေ့လိုက်ရပြီး သူတို့နှစ်ယောက်သား စက်ဘီးကိုယ်စီတွန်းကာ အတူလမ်းလျှောက်သွားလိုက်ကြသည်။

ချန်ဖန်းရှုသည် နေ့ခင်းဘက် အလုပ်ပြီးစီး၍ လုထောင်ကို အိမ်ပြန်ခေါ်သွားလိုက်သောအခါ သူမ၏မိသားစုက မနက်တုန်းက မူကြိုမှာဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သိထားနှင့်ပြီးဖြစ်၏။

ချန်ကွမ်ဖာ့က သူ့မြေးမလေးကို ဖက်ထားပြီး မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်ကာ ပြောလိုက်သည်။

"ငါတို့ထောင်ထောင်လေးက အရမ်းနာမည်ကြီးနေတာလို့ ကြားတယ်နော်"

လုထောင်ကလည်း သူ့မေးစေ့ပေါ်က အမွေးများကြောင့် စူးပြီး ယားနေသဖြင့် ဆက်တိုက်ရှောင်နေပေသည်။

"စူးတယ်။ မုတ်ဆိတ်မွေးကြီးက စူးတယ်"

"ဘိုးဘိုးက သမီးကိုချစ်လို့လေ။ နည်းနည်းလောက်စူးတော့ရော ဘာဖြစ်လဲ"

သူမ ပိုရုန်းလေလေ ချန်ကွမ်ဖာ့ကလည်း သူမမျက်နှာနားကို ပိုကပ်လာလေလေပင်။

"ဘိုးဘိုးက အခုပဲ သမီးရဲ့ဘွားဘွားကို နှစ်သစ်ကူးတုန်းက သတ်ထားတဲ့ဝက်ကို နှပ်ခိုင်းထားတာ။ သမီး အခုလိုရှောင်နေမယ်ဆိုရင် ဘိုးဘိုးက သမီးကိုမကျွေးတော့ဘူးနော်"

လုထောင်က သူမ၏ လက်သေး‌သေးလေးဖြင့် သူ့ကို တွန်းဖို့ဟန်ပြင်နေသော်ငြား ထိုစကားကို ကြားပြီး တုံ့ခနဲရပ်သွားသည်။

"ဝက်သားနှပ်က အရသာရှိလားဟင်"

သူမ၏ ဝတုတ်တုတ်လက်ဖဝါးလေးများဖြင့် ချန်ကွမ်ဖာ့၏မျက်နှာကို ဖိထားပြီး သူမ၏ မျက်ဝန်းဝိုင်းဝိုင်းကြီးများကို တဖျပ်ဖျပ်ခတ်၍ လေးလေးနက်နက်မေးလိုက်သည်။ ချန်ပေါင်ခဲ့လည်း သူမ၏နှာခေါင်းကို မညှစ်ဘဲမနေနိုင်တော့ပေ။

"မင်းက စားဖို့ပဲသိတယ်"

သူမ ရယ်မောနေသည့်အချိန်မှာပင် ဟူချူရှန်းက အထိတ်တလန့်ဖြင့် ပြေးလာသည်။

"အမလေး အမေ ပြဿနာတက်နေပြီ"

လုကွေ့ယင်းခမျာ ဆွံ့အသွားရသည်။

"ငါအဆင်ပြေပါတယ်။ နင့်မှာ ပြောစရာရှိရင် ကောင်းကောင်းမွန်မွန်ပြောစမ်းပါ"

"ဟုတ်တယ်။ ဝက်တွေတစ်ခုခုဖြစ်တာ"

ဟူချူရှန်းက နှစ်ကြိမ်မျှ အသက်ပြင်းပြင်းရှိုက်ရှူ၍ ပြောလိုက်သည်။

"ကျွန်မ အခုလေးတင် ဝက်တွေကို အစာသွားကျွေးတာ။ ကျွန်မတို့ ဝက်တွေအကုန်လုံးက မလှုပ်မယှက်လှဲပြီး အစာလည်းမစားကြဘူး"

ယနေ့ခေတ်တွင် ဝက်သားသည် ဈေးကွက်ထဲတွင် အကန့်အသတ်နှင့်သာ ရပြီး ကျေးလက်ဒေသတချို့မှာသာ ဝက်မွေးခွင့်ရှိသည်။ မိသားစုတစ်ခုလုံးက ဆောင်းဦးပွဲတော်တွင် အသားပေါ်ရန်နှင့် ငွေရှာရန်အတွက် ဝက်သတ်ခြင်းကို အားကိုးရသည်ဖြစ်ရာ သူတို့အနေနှင့် ဝက်များကို ဘာမှအဖြစ်မခံနိုင်ပေ။

လုကွေ့ယင်းက အင်္ကျီပင် မဝတ်ပါဘဲ အပြင်ထွက်သွားသည်။

"ငါ သွားကြည့်လိုက်မယ်"

ကျန်မိသားစုဝင်များလည်း ခပ်သွက်သွက်လိုက်လာကြသည်။

ဝက်ခြံသို့ရောက်သောအခါ ဝက်စာခွက်ထဲတွင် အစာများပြည့်နေသော်ငြား ဝက်တချို့ကတော့ မလှုပ်မယှက်လှဲနေပြီး တစ်ကောင်မှ လာမစားကြပေ။

လုကွေ့ယင်းကလည်း အထဲဝင်ပြီး ဝက်များကို တစ်ကောင်ပြီးတစ်ကောင် လိုက်ကြည့်သည်။ သူ့မျက်နှာထက်တွင် တည်ကြည်လေးနက်နေသည်။

"သူတို့ဖျားနေတာထင်တယ်။ ရှန်ချန်းယင်းကို လာကြည့်ပေးဖို့ ပြောလိုက်ရအောင်"

ရှန်ချန်းယင်းက အဖွဲ့ထဲတွင် ဝက်မွေးမြူရေးအတွက် တာဝန်ရှိသူဖြစ်သည်။ သူမက ဤအလုပ်ကို အလွန်ကျွမ်းကျင်ပြီး ဝက်များတွင် အဖြစ်များလေ့ရှိသော ရောဂါများကို ရောဂါနာမည်တပ်ပေးနိုင်သည်။ လူတိုင်းကလည်း ပြဿနာတစ်ခုခုရှိတိုင်း သူမကို အကူအညီသွားတောင်းတတ်သည်။

ချန်ပေါင်ခဲ့က ထိုအကြောင်းကိုကြားသောအခါ ခပ်မြန်မြန်အင်္ကျီဝတ်၍ အပြင်ထွက်သွားလိုက်သည်။

"ကျွန်တော်သွားလိုက်မယ် အမေ.. အဝတ်အစားသေချာမဝတ်ရသေးရင် အိမ်အရင်ပြန်လိုက်"

လုကွေ့ယင်းကလည်း ခေါင်းညိတ်ပြလိုက်သည်။ လုထောင်က တံခါးကို ကျွီခနဲဖွင့်လိုက်သည်ကို မြင်သောအခါ သူမက ကလေးမလေးကို အိမ်ထဲသို့ ခပ်မြန်မြန်တွန်းထည့်၍ ပြောလိုက်သည်။

"အပြင်မှာမှောင်ပြီး အေးလည်းအေးနေပြီ။ အအေးမမိစေနဲ့"

လုထောင်လေးကလည်း နောက်ပြန်ဆုတ်လိုက်သော်ငြား သူ့မျက်လုံးများကတော့ အပြင်ကို ကြည့်နေဆဲပင်။

"ထောင်ထောင်ရဲ့ဝက်သားက မရှိတော့ဘူးလား"

ထိုအချိန်မှာ ယခုလေးတင်မှ ခြံဝင်းထဲကထွက်သွားသော ချန်ပေါင်ခဲ့က ရုတ်တရက်အော်လိုက်သည်။

"ဘယ်သူလဲ။ အဲ့ဒီနားက ဘယ်သူလဲ"

ခဏအကြာတွင် သူက မှောင်ရိပ်ခို၍ ကြောက်ရွံ့နေသော အမျိုးသားတစ်ယောက်ကို ဆွဲခေါ်လာပြီး‌ မေးလိုက်သည်။

"ညမိုးချုပ်ကြီး မင်း ငါ့အိမ်အပြင်ဘက်မှာ ဘာလို့ပုန်းနေတာလဲ"

All Chapters