Chapter 59
Vol. 5 Ch. 59
ဝေချောင်ရဲ့ မိဘနှစ်ပါးစလုံးက ကျေးလက်မှာ အလုပ်သွားလုပ်ကြသည့် တက္ကသိုလ် ကျောင်းသားတွေဖြစ်သည်။
အခုအခါ၌ နိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုနဲ့ အခွင့်အလမ်းတွေ ပွင့်ထွန်းလာသော အခြေအနေတွင် ရှိနေလေရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်သူတွေ အများအပြား လိုအပ်နေလေ၏။ တစ်ယောက်ယောက်က သူ့မိဘတွေကို ဆက်သွယ်လာသောကြောင့် သူတို့ မြို့တော်ကို ပြန်သွားဖို့ ပြင်နေကြသည်။
ဝေချောင် ဒီသတင်းကို ကြားတော့ ပထမဆုံး သူ့စိတ်ထဲ တွေးလိုက်မိတာက လုထောင်ကို နှုတ်ဆက်ဖို့ပင်။ ဒါပေမဲ့ သူရောက်လာပြီးတဲ့အခါမှာတော့ ဘယ်လို စပြောရမှန်း မသိခဲ့ပေ။ ထို့ကြောင့် သူဟာ ချန်မိသားစုရဲ့ အိမ်ရှေ့တံခါးဝမှာ အကြာကြီး ရပ်နေခဲ့သည်။
အခု သူ့မိဘတွေ အိမ်ပြန်မယ့် အချိန်ကို ဆုံးဖြတ်ပြီးလောက်ပြီပင်။ ဒီနှစ်ကုန်ပိုင်း ဖြစ်နိုင်၏။
ဝေချောင်ဟာ သူ့ပစ္စည်းတွေကို တိတ်တဆိတ် ထုတ်ပိုးလိုက်ပြီး သူ့ကျောင်းလွယ်အိတ် အပြည့်နဲ့ လုထောင်ကို ပေးလိုက်လေသည်။
အဲ့ဒီပစ္စည်းတွေထဲမှာ အစားအစာ၊ အရုပ်တွေနဲ့ လုထောင် စိတ်ပျော်ရွှင်စေဖို့ သူသုံးခဲ့တဲ့ စာအုပ်တွေလည်းပါသည်။
ကလေးမလေးက တစ်ခါတည်းနဲ့ လက်ဆောင်တွေ အများကြီး ရလိုက်သည်။ သူက သူမကို တစ်ခုခု ထပ်ဝယ်ပေးချင်တယ်လို့ ထင်လိုက်၏။ သူ့မှာ ငွေအလုံအလောက် မရှိသောကြောင့် လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ သူမကို ပစ္စည်းတွေပေးနေတယ်လို့ပေါ့။
သူမက မျက်မှောင်ကြုပ်ကာ အချိန်ကြာကြာ တုံ့ဆိုင်းနေခဲ့သည်။ ပြီးနောက် သူမဟာ မူကြိုတက်နေပြီဖြစ်တော့ စျေးလည်း တက်သွားပြီလို့ ဣန္ဒြေတခွဲသားဖြင့် ပြောလေ၏။
ဝေချောင်ဟာ သူမရှေ့မှာ မျက်နှာအမူအရာ မထိန်းနိုင်လုနီးပါးပင်။ သူ ထွက်သွားတော့မယ်လို့ မပြောခင် အချိန်အတော်ကြာကြာ တိတ်ဆိတ်နေခဲ့သည်။
စျေးတက်လာကြောင်း ကြားပြီးနောက် သူ မဝယ်ပေးတော့ဘူးဆိုတာ မြင်တော့ ကလေးမလေးက အစ၌ နည်းနည်း စိတ်မကောင်းဖြစ်သွားလေသည်။ သူမ မျက်နှာမို့မို့လေးဟာ ဖောင်းကားလာလေ၏။ တဝက်တပျက်တွင် နောက်ဆုံးတော့ သူမ တုံ့ပြန်လာလေသည်။ "ကောကော ထွက်သွားတော့မှာလား။ ဒါဆို ထောင်ထောင်ကို လက်ထပ်ဖို့ ပြန်လာဦးမှာလား။"
ဒါကိုကြားတော့ လုဟွေ့က သူ့ညီမရဲ့ ခေါင်းကိုရိုက်လိုက်ပြီး ပြောလေသည်။ "မင်း သူ့ကို အရမ်းကြိုက်နေမှတော့ သူနဲ့ပဲ လိုက်သွားတော့"
လုထောင်ရဲ့ မျက်လုံးကြီးကြီးတွေမှာ မျက်ရည်တွေ ပြည့်လျှံသွားပြီး စွပ်စွဲနေသော အကြည့်များဖြင့် နှုတ်ခမ်းဆူလိုက်သည်။ "ထောင်ထောင် ထောင်ထောင် အစ်ကိုမပါဘဲ သူနဲ့ တကယ် လိုက်သွားမယ်။"
ဝေချောင်က လုထောင်ကို သူနဲ့အတူ လိုက်စေချင်ပေမဲ့ ကြိုးစားမယ်ဆိုရင်တောင် ဒါက မဖြစ်နိုင်ဘူးဆိုတာ သူသိသည်။
သူ ဘာမှ မပြောခဲ့ပေ။ သို့သော် လက်ဆန့်လိုက်ပြီး ကောင်မလေးရဲ့ နဖူးကို ညင်သာစွာ ပွတ်ပေးလိုက်လေ၏။
ဝေချောင် ထွက်သွားတော့မယ်ဆိုတာကို သိတော့ အပျော်ဆုံးဖြစ်လောက်မယ့်သူက လျူရှောင်ဝေ့ပင်။
လျူရှောင်ဝေ့ဟာ အရမ်းစိတ်လှုပ်ရှားနေကာ သူကိုယ်တိုင်နဲ့ ထောင်ထောင်တို့ကြား ဝင်စွက်ဖက်မှုမရှိဘဲ အတူတူ ကစားနေကြတယ်ဆိုတဲ့ အနာဂတ်တောက်တောက်ပပကို မြင်ယောင်နေခဲ့သည်။။ ဒီအတွက်ကြောင့် သူဟာ ဝေချောင်ကို စိတ်ရောကိုယ်ပါ နှုတ်ဆက်ဖို့ ရည်ရွယ်ချက်ဖြင့် ဝေမိသားစု ထွက်သွားမယ့်အချိန်ကိုတောင် အထူးတလည် မေးမြန်းထားလေ၏။
ဝေမိသားစု အိမ်ပြန်တော့မယ်ဆိုတဲ့ သတင်းက အခြားပညာတတ် လူငယ်တွေကြားမှာ အတော်လေး ဂယက်ထသွားခဲ့သည်။
အစရက်အနည်းငယ်မှာ ပညာတတ်လူငယ်တွေက ဝေမိသားစုဆီ အဆက်မပြတ် လာလည်ကြပြီး အပြင်မှာ ဘာတွေဖြစ်နေတာလဲ သူတို့ ဘယ်လို ပြန်သွားလို့ ရနိုင်မလဲဆိုတာ သိချင်နေကြသည်။
ဆန့်ကျင်ဘက်အနေနဲ့ ဒေသခံရွာသားတွေက ဒီကိစ္စကို အနည်းငယ်သာ အာရုံစိုက်ခဲ့ကြသည်။ အကြောင်းမှာ အိုက်မင်ကွန်မြူနီ တစ်ခုလုံး ဝက်တုပ်ကွေးဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ပြီး အစိုးရပိုင် (သို့) ပုဂ္ဂလိကပိုင် ဝက် ၈၀% ကျော် သေဆုံးခဲ့လို့ပင်။
အဲ့ရက်တွေမှာ နေ့စဉ်လိုလို ဝက်ဝဝဖြိုဖြိုးကြီးတွေကို မြေမြှုပ်ဖို့ တောင်အနောက်ဖက်မှာ တူးထားတဲ့ တွင်းနက်နက်တွေထဲ သယ်ယူလာခဲ့ကြသည်။ ဝက်မွေးမြူရေးသမားတွေ အားလုံးဟာ မျက်နှာ ဖြူရော်နေခဲ့ကြပြီး လူတိုင်း သူတို့ကို သနားနေခဲ့ကြတာ ပြောနေစရာတောင် မလိုပေ။
စိတ်ဓါတ်ကျမှုနဲ့ ဝမ်းနည်းမှုကြားမှာ ချန်မိသားစုရဲ့ ဝက်လေးကောင်ဟာ ဘေးအန္တရာယ်ကျရောက်မှုကနေ လုံခြုံသွားသည်မှာ နားလည်ရခက်လှသည်။ ဒါက အံ့ဩဖွယ်ရာပင်။
ဝက်လေးကောင်ဟာ အခြေအနေ ပိုကောင်းလာတဲ့ ညမှာပဲ စတင်စားသောက်ကြပြီး နောက်နေ့မှာ သူတို့တွေ ပိုတက်ကြွလာကြ၏။
အာဖရိက ဝက်တုပ်ကွေးရောဂါ အဆိုးဆုံးဖြစ်နေချိန် ချန်မိသားစုရဲ့ ဝက်တွေဟာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပြီး အသားတချို့တောင် တိုးလာကြလ
သည်။
အသင်းထဲက လူတိုင်း အံ့ဩသွားပြီး ရွာသားအများအပြားအပြင် ရှန်းချန်ရင်တောင်မှပဲ သူတို့ဘယ်လို လုပ်ခဲ့လဲဆိုတာ လာမေးကြသည်။ နောက်ပိုင်းမှာ ခရိုင်ကလည်း သတင်းကြားတော့ အခြေအနေ စစ်ဆေးဖို့ တိရိစ္ဆာန် ကြီးကြပ်ရေးပညာရှင်တွေကို စေလွှတ်ခဲ့ကြသည်။
သဘာဝကျကျပင် ဘာတစ်ခုမှ မတွေ့ခဲ့ကြပေ။
တစ်ယောက်ယောက်က ထောင့်က ပန်းအိုးအတုနဲ့တူတဲ့ ရှားစောင်းပင်လေးကို သတိထားမိသွားရင်တောင် အဲ့အပင်က ဖျားနာနေတဲ့ ဝက်တွေရဲ့ ပြန်ကောင်းလာမှုနဲ့ သက်ဆိုင်နေမယ်လို့ မထင်မိကြချေ။
ဝက်တုပ်ကွေးရောဂါ ပျောက်ကင်းဖို့ ဆယ့်နှစ်လလောက် ကြာမြင့်ခဲ့သည်။
လုထောင်လေးက ရှားစောင်းပင်ကို အိမ်ထဲပြန်ယူသွားပြီး ဝက်သားနှပ်ဟင်းလျာကို အချိန်ဘယ်လောက်ကြာကြာ စားနိုင်မလဲဆိုတာ သူမရဲ့ လက်ချောင်းလေးတွေဖြင့် စတင်ရေတွက်နေခဲ့သည်။
လပြက္ခဒိန် ဆယ့်နှစ်လမြောက်လထဲ ဝင်လာတော့ အသင်းထဲမှာ လုပ်စရာ အလုပ်တွေ နည်းသထက် နည်းလာသည်။ အထူးသဖြင့် တရုတ်နှစ်သစ် မတိုင်မီ ၁၀ ရက်အလိုမှာပင်။
ထုံးစံအတိုင်း အတွင်းရေးမှူးလျူဟာ နှစ်သစ် မတိုင်မီ ရွာတွင်း အစည်းအဝေး ကျင်းပခဲ့သည်။ အသင်းဝင်ငွေနဲ့ တစ်ဦးချင်းရဲ့ တစ်နှစ်တာ အလုပ်မှတ်တွေပေါ် မူတည်ပြီး လူတိုင်းကို ငွေခွဲဝေပေးသည်။
အညိုရောင် စက္ကူကြိုးတွေနဲ့ချည်ထားတဲ့ ငွေအပုံလိုက်ကို စားပွဲပေါ်တင်လိုက်တော့ ရွာသားတွေဟာ မြင်ကွင်းကြောင့် အသက်ရှူမှားသွားကြသည်။
နှစ်ကုန်ပိုင်းမှာ အစာဝေစုခွဲတမ်းကို နုတ်ယူပြီး ငွေခွဲဝေပေးသည်။ အချို့မိသားစုတွေမှာ ကလေးတွေ အများကြီးဖြင့် လုပ်အား နည်းသည်။ ထို့ကြောင့် သူတို့ဟာ အသင်းနဲ့ ရေရှည်ဝန်ထမ်းတွေဆီက ငွေချေးငှားကြ၏။ သူတို့တွေဟာ ဒီလောက်များပြားတဲ့ ငွေတွေကို တစ်ခါမှ မမြင်ဖူးပေ။
ငွေဟာ နှလုံးသားကနေ လက်တွေ ခြေတွေအထိ နွေးထွေးစေတဲ့ ဆောင်းတွင်း စွပ်ပြုတ်ပူပူနွေးနွေး တစ်ပန်းကန်လိုပါပဲ။ လူတိုင်းဟာ စာရင်းကိုင်မှ သူတို့ရဲ့ အမည်တွေ အော်ခေါ်မယ့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်နေခဲ့ကြသည်။ သူတို့ရဲ့ မျက်နှာတွေဟာ အသင်းရဲ့ သက်ဝင်လှုပ်ရှားမှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေဖြင့် ပြည့်နေကြသည်။
ပိုက်ဆံအိတ် ပြည့်လျှံနေပြီး နှလုံးသား နွေးထွေးတဲ့ လူတွေဟာ မဲပေးရာမှာ သဘာဝကျကျ တတ်နိုင်သလောက် ကြိုးပမ်းကြ၏။
ချန်ဖန်းရှုသည် မဲအပြတ်အသတ်ဖြင့် ဒီနှစ်ရဲ့ စံပြလုပ်သားဖြစ်လာပြီး အသင်းမှ ချီးမြှင့်သော မျက်နှာသုတ်ပဝါ၊ ဆပ်ပြာနှင့် ကြွေရည်သုတ်ခွက်တို့ကို ရရှိခဲ့သည်။
အခု သူမမှာ ရှိတဲ့ငွေတွေနဲ့ ဒါတွေအားလုံးကို တတ်နိုင်နေပြီးဆိုပေမဲ့လည်း ချန်မိသားစုက သူမအတွက် ပျော်ရွှင်ပေးနေဆဲပင်။
လုထောင်ကလည်း မုယောနို့ဖျော်ဖို့ ခွက်အသစ်ကို သုံးခဲ့သည်။ နို့သောက်နေစဉ် သူမအမေနောက်လိုက်ပြီး ကလေးသံဖြင့် ခွက်ပေါ်က "ပြည်သူတွေကို အလုပ်အကျွေးပြုပါ" ဆိုတဲ့ စာကို ရွတ်နေ၏။
ချန်ဖန်းရှုက သူမကို ကြည့်လိုက်တော့ သူမရဲ့နှလုံးသားဟာ အေးချမ်း တည်ငြိမ်မှုတွေနဲ့ ပြည့်လျှံနေသည်။
အရာရာဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ သွားနေပုံပဲ။
အစည်းအဝေးပြီးနောက် တတိယနေ့တွင် ဝေမိသားစုဟာ သူတို့အိတ်တွေ ထုပ်ပိုးပြီး မြို့တော်သို့ ပြန်ရန် ရထားပေါ် တက်ခဲ့ကြသည်။
ဝေချောင်ဟာ လုထောင်ကို သူထွက်ခွာမယ့် အချိန် အတိအကျ မပြောခဲ့ပေ။ သူဟာ ချန်မိသားစု လိပ်စာကို စာအုပ်အသေးလေးထဲမှာ ရေးမှတ်ထားပြီး လုံလုံခြုံခြုံ သိမ်းထားလိုက်၏။
ဝေမိသားစု ထွက်သွားပြီးနောက် မိသားစုတိုင်းက အိမ်ကိုလှည်းကျင်းကြပြီး နှစ်သစ်ကူးပစ္စည်းတွေ ပြင်ဆင်ကာ နှစ်သစ်အတွက် ပျော်ပျော်ရွှင်ရွှင် ပြင်ဆင်ကြလေသည်။
ယခင်နှစ်များက ဤအချိန်တွင် အသင်းဟာ ဝက်တွေ စ ပေါ်ကြသည်။
ယခုနှစ်တွင်တော့ ဝက်တုပ်ကွေးရောဂါကြောင့် အိုက်မင်တပ်မဟာ၌ ဝက်အချို့သာ ကျန်ရစ်ခဲ့ပြီး ၎င်းတို့ကို အခြားနေရာများမှ သယ်ဆောင်ခဲ့ရသည်။ ဝက်သားက ရှားပါးခဲ့ပြီး ချန်မိသားစုမှ ကျန်ရစ်နေတဲ့ ဝက်လေးကောင်ဟာ လူကြိုက်များနေခဲ့သည်။ အရင်နှစ်တွေထက် ဈေးနှစ်ဆကျော်ဖြင့် ရောင်းရသည်။
ဝက်ပေါ်တဲ့ နေ့တွေ၌ ချန်မိသားစုရဲ့ အိမ်ဟာ နေ့စဉ် လာကူညီသူတွေ (သို့) အသားလာဝယ်သူတွေဖြင့် ပြည့်ကျပ်နေလေသည်။ လူတိုင်းဟာ အပြုံးကိုယ်စီဖြင့် နှုတ်ဆက်ကြ၏။
လုကွေ့ရင်းသည် ပုလင်းထဲမှ ဆားရည်စိမ် ဂေါ်ဖီထုပ်ကို ဆယ်ယူ၍ အပိုင်းပိုင်းလှီးထည့်ထားသော ဝက်စတူးအိုးကြီးဖြင့် လာကူညီသူများကို ဧည့်ခံသည်။ လုထောင် ခေါင်းပြူထွက်လာတာနဲ့ သူမကို အနားခေါ်လိုက်ပြီး အသားနှစ်တုံး လျှို့ဝှက်စွာ ကျွေးလေ၏။
ဝက်ဗိုက်သားကို ဂေါ်ဖီချဉ်နဲ့ နှပ်ထားသည်။ ဝက်ဗိုက်သားမှာ အဆီရှိပေမဲ့ မအီဘဲ စားကောင်းသည်။ အထူးသဖြင့် တစ်ကိုက်စားလိုက်တာနဲ့ ဝက်ဆီဟာ လျှာပေါ်မှာ ပျော်ဝင်သွားပြီး အထူး မွှေးပျံ့လေ၏။
လုထောင်ရဲ့ ပါးစပ်ဟာ အများကြီးစားလို့ အဆီတွေ ပေနေလေသည်။ "အဖွားရေ၊ ဒါ ဝက်သားနှပ်ထက် ပိုကောင်းလား။"
"မင်း ဝက်သားနှပ် စားချင်လို့လား" လုကွေ့ရင်း ရယ်မောကာ ပြောလေသည်။ "နေဦး၊ အဖွား အဲ့ဟင်းကို မနက်ဖြန် မင်းအတွက် ချက်ပေးမယ်။"
လုထောင်ရဲ့ မျက်လုံးတွေဟာ ချက်ချင်းဆိုသလို လင်းလက်သွားပြီး သူမဗိုက်ကို ပြုံးရင်း ထိလိုက်၏။ "ဒါဆို ... ထောင်ထောင် ဒီည မစားတော့ဘူးနော်~"
နောက်နေ့မှာ လုကွေ့ရင်းဟာ အရည်အသွေးအကောင်းဆုံး ဝက်ဗိုက်သားကို ရွေးချယ်ပြီး အသားနှပ်ဖို့ အပိုင်းပိုင်း လှီးလိုက်သည်။
ဒီနှစ်မှာ ချန်မိသားစုရဲ့ ဝက်တွေဟာ အရင်နှစ်တွေထက် ပိုကြီးထွားသည်။ တစ်ကောင်စီက အနည်းဆုံး ပေါင် ၂၀၀ အလေးချိန် ရှိကြသည်။ ဒီတော့ သူတို့ကို အနည်းငယ်လောက် ကျွေးဖို့ သူမ ဆန္ဒရှိသည်။
ပေါင် ၂၀၀ ဟာ မများဘူးလို့ မထင်လိုက်နဲ့။ ဒီရက်တွေမှာ ဝက်တွေအတွက် အစာမရှိပေ။ ဝက်အများစုကို မြက်ကျွေးကြလေသည်။ ဂျုံမှုန့်က ကောင်းတဲ့အစာလို့ ယူဆလို့ရ၏။ ဆိုးရွားတဲ့နှစ်တွေမှာ ဝက်တစ်ကောင်ဟာ ပေါင် ၁၀၀ အထိ ကြီးထွားလာရင်ကို ကောင်းနေပြီဖြစ်သည်။ ချန်မိသားစုရဲ့ ဝက်တွေက သေချာပေါက်ကို ဝဝဖြိုးဖြိုးပင်။
ပုံမှန် နေ့ရက်တွေမှာ အသားမစားနိုင်တော့ တစ်မိသားစုလုံးက နှစ်သစ်မှာ အသားစားဖို့ စောင့်ဆိုင်းနေကြပြီး ကလေးတွေကလည်း မျက်လုံးပြူးပြူးလေးများနဲ့ မီးဖိုချောင်ထဲမှာ ဆောင့်ကြောင့်ထိုင်နေကြသည်။
ဝက်သားနှပ်ကို အိုးထဲမှ ခပ်ယူလိုက်ပြီး ထမင်းစားပွဲပေါ် မတင်ခင် အဖွားအိုက သူတို့တစ်ဦးစီကို အသားတပိုင်းစီ ကျွေးခဲ့သည်။
ချန်ကွမ်ဖာ့က သူ့ညွှန်ကြားချက်တွေအတိုင်း လုထောင်ကို ပန်းကန်လုံးလေး တစ်လုံးစာ ထမင်းကျွေးလေ၏။ "စားလိုက်ပါဦး၊ လောဘကြီးတဲ့ကြောင်ပေါက်လေး"
"ထောင်ထောင်ဟာ လောဘကြီးတဲ့ ကြောင်မဟုတ်ပါဘူး။"
လုထောင်ဟာ ပန်းကန်ကို ပွေ့လိုက်ပြီး အထဲမှာရှိတဲ့ အသားကို ကြည့်ရင်း သွားရည်ယိုလေသည်။ အာ့ဝူလင် တခစ်ခစ် ရယ်မောလေ၏။
[ထောင်ထောင်၊ မင်းအဖေကို တစ်ဝက်ပေးမယ်လို့ မင်း မပြောခဲ့ဘူးလား။]
ကလေးမလေးရဲ့ အပြုံး အေးခဲသွားသည်။ သူမ အချိန်အတော်အကြာ တိတ်ဆိတ်သွားလေ၏။ နောက်ဆုံးတော့ သူမအဖွားဆီက ပန်းကန်အလွတ်တစ်လုံး တောင်းပြီး အိမ်ကိုသယ်သွားသည်။
သူမဟာ လက်တုတ်တုတ်လေးများဖြင့် ထမင်းစားတူတွေကို ကိုင်ထားပြီး အစာကို အရမ်း ဂရုတစိုက် ခွဲဝေနေလေ၏။ တစ်တုံးက သူမအဖေအတွက်၊ တစ်တုံးကို သူမအတွက်။
နောက်ဆုံး တစ်တုံးရောက်တော့ မ ဂဏန်း ကျန်နေလေသည်။ ကလေးမလေးက တူကိုင်ရင်း တွန့်ဆုတ်နေခဲ့ပြီး နောက်ဆုံး အဲ့ဒါကို သူမပါးစပ်ထဲ ထည့်လိုက်သည်။ "အာ... အသားမရှိတော့ဘူး... တစ်ယောက် တစ်ဝက်စီ စားကြတာပေါ့"
၂၅၀ - [...အခြားအချိန်တွေမှာ မင်း ဒီလောက်တော်တာကို ဘာလို့ တစ်ခါမှမမြင်မိတာလဲ။...]
အာ့ဝူလင်ဟာ မစားနိုင်တာကြောင့် လုထောင်ကို စနောက်နေလေ၏။ အဆုံးမှာတော့ အသားပန်းကန်လေးက လုထောင်ရဲ့ ဗိုက်ထဲသာ ရောက်သွားသည်။
လုဟွေ့နဲ့ သူ့သူငယ်ချင်းတွေကလည်း အများကြီးစားခဲ့ကြသည်။ အထူးသဖြင့် ချန်ပေါင်ဟာ အသား စားရတော့ ငိုမိလုနီးပါး စိတ်လှုပ်ရှားသွားခဲ့သည်။
သူတို့ကိုယ်တိုင် စချက်ပြုတ်ကတည်းက သူတို့အစားအသောက်ရဲ့ အရည်အသွေးဟာ ကျဆင်းလာခဲ့ပြီး သူဟာ နေ့တိုင်း ဆာလောင်လို့ ငိုကြွေးနေရတဲ့ ဘေးအိမ်မှ ကလေး ဖြစ်လာခဲ့သည်။
ဒီတော့ အဖွားက အကောင်းဆုံးပဲ။ သူ့အမေက အဒေါ့်ကို ယောက်ျားတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ဘာလို့ ဒီလောက်ထိ အရူးအမူး ဖြစ်နေတာလဲဆိုတာ သူ တကယ် နားမလည်ဘူး။
စားပွဲပေါ်က လူတိုင်းဟာ အသားကို စားဖို့ အလုအယက် ကြိုးပမ်းနေစဉ်မှာ ဟွမ်ရှောင်မိန် တစ်ယောက်က သူမရဲ့ တူတွေကို မရွှေ့ခဲ့ပေ။
ချန်ပေါင်မင်းဟာ အကင်းပါးလှသည်။ လမ်းတဝက်မှာ သူ့တူကိုလှည့်လိုက်ပြီး သူ့အတွက် ယူထားတဲ့ အသားကို သူ့ဇနီးပန်းကန်ထဲ ထည့်ပေးလိုက်၏။
ဟွမ်ရှောင်မိန်ဟာ နည်းနည်း အံ့သြပြီး သူ့ဘက် ခေါင်းလှည့်ကြည့်ခဲ့သည်။
အခုလေးတင် သူ ယူပေးလိုက်တဲ့ အသားတုံးက သူ ယူခဲ့တဲ့ ဟာ မဟုတ်သလို ချန်ပေါင်မင်းဟာ အရှေ့တည့်တည့်ကို ကြည့်နေသည်။
မျက်နှာချင်း ထိုင်နေတဲ့ ချန်ပေါင်ခဲ့က မနေနိုင်ဘဲ မျက်လုံးတစ်ဖက်မှိတ်ကာ ပြောလိုက်သည်။ "ဒုတိယအစ်ကို၊ ဒုတိယ မရီးက မင်းကို ကြည့်နေတယ်။"
ချန်ပေါင်မင်းဟာ ခဏလောက် စားနေတာ ရပ်သွားလေသည်။ ဟွမ်ရှောင်မိန်က ပိုလို့တောင် ရှက်သွားပြီး စားဖို့ အလျင်အမြန် ခေါင်းငုံ့သွားလေ၏။
ဒါပေမဲ့ သူမ ဝက်သားနှပ် စားလိုက်တာနဲ့ ပါးစပ်ထဲ အီသွားလေသည်။ သူမ ပါးစပ်ကို ပိတ်ထားလိုက်ရပြီး အော့အန်လုနီးပါး ဖြစ်ခဲ့သည်။
လုထောင် ထိတ်လန့်သွားကာ မေးလိုက်သည်။ "ဒုတိယ အဒေါ်၊ အဒေါ် ဘာဖြစ်သွားတာလဲ"
လုကွေ့ရင်းကလည်း ထိတ်လန့်သွားပေမဲ့ ဖြည်းဖြည်းချင်း သတိဝင်လာပြီး မယုံနိုင်စွာ ပြောခဲ့သည်။ "ဒါ၊ ဒါ မဖြစ်နိုင်လောက်…"
နှစ်အတော်ကြာ စောင့်ပြီးနောက်မှာ နောက်ဆုံးတော့ ဟွမ်ရှောင်မိန် ကိုယ်ဝန်ရခဲ့လေပြီ။
အဖွားအို လုကွေ့ရင်းဟာ လေထဲ လမ်းလျှောက်နေရသလို အရမ်းပျော်နေခဲ့၏။ သူမရဲ့ ဒုတိယချွေးမကို ညွှန်ကြားချက်တွေ အများကြီး ပေးပြီးနောက် ပြန်လာတော့ လုထောင်ကို ခေါ်သွားခဲ့သည်။
"ငါတို့ရဲ့ ထောင်ထောင်က တကယ့်ကို ကောင်းချီးပေးခံထားရတာပဲ။ သူမသွားလေရာ နေရာတိုင်းမှာ ကံကောင်းစေတယ်။ မင်းလေး ပြန်ရောက်လာကတည်းက ငါတို့မိသားစုရဲ့ နေထိုင်မှုဟာ ပိုကောင်းသထက် ကောင်းမွန်လာတယ်။ မင်းလေးက ဒုတိယ အဒေါ်ကို မောင်လေးတောင် ခေါ်လာပေးတာပဲ။"
လုထောင်က မရှက်ပေမဲ့ ချန်ဖန်းရှုကတော့ ဒါကို ကြားပြီးနောက်မှာ ရှက်သွားလေသည်။ "ဒါက ထောင်ထောင်နဲ့ တစ်ခုခုသက်ဆိုင်နေတာလား။"
"ဘာဖြစ်လို့လဲ။ နင့်ရဲ့ ပထမဆုံး ကောက်ရိုးဦးထုပ်ရောင်းဖို့ ကူညီပေးတာက ထောင်ထောင်ပဲလေ။"
လုကွေ့ရင်းက လုထောင်ကို အချိန်ကြာကြာ ပွေ့ဖက်ပြီးတဲ့နောက် ယွမ်တစ်ရာ ထုတ်ယူပြီး ချန်ဖန်းရှုရဲ့ အိတ်ကပ်ထဲ တိတ်တဆိတ် ထည့်ပေးလိုက်၏။ "ဒါ နင်ပေးခဲ့တဲ့ ယွမ်တစ်ရာပဲ။ ဒီတစ်ခေါက်တော့ ငါတို့မိသားစု ဝက်သားရောင်းတာကနေ ပိုက်ဆံအများကြီး ရလာတော့ နင့်ဆီက ဒီယွမ်တစ်ရာ မလိုအပ်တော့ဘူး။ ပြန်ယူလိုက်တော့။"
သူမ မပြောခဲ့တဲ့ အရာတွေ ရှိပါသေးသည်။
နောက်လာမယ့် နွေဦးမှာ အိမ်ဆောက်ဖို့ သူမ ပိုက်ဆံစုချင်နေသည်။
ပထမအချက်က တတိယသားအတွက် မိန်းမတောင်းပေးဖို့ အချိန်ရောက်နေပြီပင်။ ဒုတိယက အကျိုးအမြတ်အတွက် ပြဿနာမဖြစ်ဘဲ မိသားစု ပိုသဟဇာတဖြစ်နိုင်သည်။
လုထောင်က ဝက်သားနှပ်ကို ပျော်ပျော်ရွှင်ရွှင် စားနေစဉ် ဝေချောင်က နေရာတိုင်းမှာ တစ်စုံတစ်ခုကို ရှာဖွေနေသည်။
လုထောင် သူ့ကိုပေးခဲ့တဲ့ "မင်္ဂလာအသွင်းပစ္စည်း"မှာ ကြိုး အတော်ရှည်လို့ သူ့လက်ကောက်ဝတ်မှာ ဝတ်ထားခဲ့၏။
မမျှော်လင့်ဘဲ အချိန်ကြာကြာ ဝတ်ဆင်ပြီးနောက် ကြိုးပြတ်သွားပြီး ဝတ်ဆင်လို့ မရတော့ပေ။
ကောင်လေးဟာ စကားတစ်ခွန်းမှမပြောဘဲဲ လှည့်ပြန်သွားတဲ့အထိ ပူပန်နေခဲ့သည်။ ယန်ဖုချင်နဲ့ သူ့ဇနီးဟာ သူ့ ဒီလောက် အထိတ်တလန့်ဖြစ်တာကို တစ်ခါမှ မမြင်ဖူးပေ။
နောက်တော့ သန်မာတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ အရပ်ရှည်ရှည် လူတစ်ယောက်က ထိုပစ္စည်းကို ရှာတွေ့ပြီး ကောက်ယူလေသည်။
ဝေချောင်က အဲ့ဒါ သူ့ပစ္စည်းဖြစ်ကြောင်း အမြန်ရှင်းပြပြီး ထိုသူကို ကျေးဇူးတင်လိုက်ကာ ပစ္စည်းကို ပြန်ယူသွားလေသည်။
ဝန်ထုပ်ကြီးကြီးမားမား ပေါ့သွားပေမဲ့ ထိုလူက သူ့ရဲ့ တဖြည်းဖြည်းဝေးသွားတဲ့ ပုံရိပ်ကို မျက်မှောင်ကြုပ်ကာ ငေးကြည့်နေလေသည်။
ထိုအချိန်မှာ လူတစ်ယောက်ဟာ သူ့နောက် လိုက်လာပြီး ပခုံးပုတ်လိုက်၏။ "မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးတာလေးပဲ မဟုတ်လား။ မတွေ့ချင်ရင် မတွေ့နဲ့ပေါ့။ ဘာလို့ မျက်နှာမသာမယာနဲ့ ထွက်သွားတာလဲ။ မင်းက မိန်းကလေးကို အနေခက်အောင် လုပ်နေတာပဲ။"
သူ စကားပြောနေတာကဖြင့် ကြာလှပြီ။ ထိုလူ မတုံ့ပြန်လာတာကို မြင်တော့ သူခေါင်းလှည့်ကြည့်လေ၏။ "မင်း ဘာဖြစ်နေတာလဲ။ မင်း ခေါင်းကိုက်နေပြန်ပြီလား။ မင်း မမှတ်မိနိုင်ဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကို ဖိအားမပေးဘဲ လွှတ်ထားဖို့ မပြောခဲ့ဘူးလား။"
ထိုသူ့မျက်နှာဟာ ဖြူရော်လာပြီး နဖူးက သွေးကြောတွေ ထလာခဲ့၏။ သူဟာ အသိအသာပင် နာကျင်မှုကို သည်းခံနေလေသည်။
မက်မွန်သားဖြင့် ထုလုပ်ထားတဲ့ ပန်းခြင်းအသေးလေးကို ကောက်ယူပြီးကတည်းက သူ့နားထဲမှာ ကလေးဆန်တဲ့ အသံဟာ ပဲ့တင်ထပ်နေလေသည်။ ကလေးမလေးရဲ့အသံဟာ နူးညံ့စေးကပ်နေပြီး သူ့ကို "အဖေ"လို့ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကလူသလို မြူသလို စိတ်ထိခိုက်စွာ နောက်ပြောင်ခေါ်ဆိုနေလေသည်။
သူ့နားထင်ကို ဖိလိုက်ပြီး မသိစိတ်ဖြင့် တီးတိုးခေါ်လိုက်မိ၏။ "ထောင်... ထောင်ထောင်... "