Chapter 60
Vol. 5 Ch. 60
လက်ထဲမှာ ငွေရှိတော့ သူတို့ စိတ်ပူစရာ မလိုတော့ပေ။ အကြောင်းရင်းမှာ ကောက်ရိုးဦးထုပ် ရက်လုပ်ခြင်းမှ သူတို့ အပိုဝင်ငွေ ရလို့ဖြစ်သည်။ ချင်ရှန်းတပ်မဟာက အရင်နှစ်တွေထက် ဒီနှစ်မှာ ပိုပျော်ရွှင်စွာ ကျင်းပလေသည်။
တချို့မိန်းမတွေဟာ နွေဦးပွဲတော်မှာတောင် အလုပ်မအားကြပေ။ ကောက်ရိုးဦးထုပ် နှစ်လုံး ရက်လုပ်ရာမှာ သူတို့ရဲ့ အချိန်တွေကို ကုန်ဆုံးစေရင်း နွေဦးပွဲတော်အပြီး၌ အသင်းက လာစုဆောင်းမှာကို စောင့်ဆိုင်းနေကြလေသည်။ "နင် ဘယ်လောက် စုမိဆောင်းမိပြီလဲ။" ဒီစကားဟာ လူတွေ တွေ့ဆုံတဲ့အခါ မကြာခဏ ပြောကြတဲ့ အကြောင်းအရာပင်။
ဒီနှစ်ဟာ လုဟွေ့နဲ့ လုထောင်တို့ မောင်နှမတွေ အတွက်လည်း သက်တောင့်သက်သာ အရှိဆုံးနှစ်ပါ။
အမေက အဖွားကို အလုပ်ကူလုပ်ပေးဖို့ မလိုပေ။ သူမဟာ အိမ်မှာ ရှိသမျှ စားကောင်းတဲ့ အစားအစာတွေကို စားနိုင်သလို နွေးထွေးစေတဲ့ ဂွမ်းထည်အင်္ကျီသစ်တွေနဲ့ ချည်ဖိနပ်သစ်တွေလည်း ရှိသည်။
အရင်က လုဟွေ့ဟာ နှစ်စဉ် နွေဦးပွဲတော်အတွင်း၌ မီးရှူးမီးပန်းအတွဲလေး တစ်တွဲကိုသာ ဝယ်နိုင်ပြီး အဲ့ဒါတွေကို ခွဲထုတ်ကာ တစ်ခုချင်းဆီ ဖောက်၏။ ဒီနှစ်မှာတော့ သူဟာ အတွဲကြီးနှစ်တွဲကို ဝယ်ခဲ့လေသည်။ သူနဲ့ ချန်ပေါင်တို့ဟာ အမွှေးနံ့သာတိုင်ကို ထွန်းညှိဖို့ ကိုင်ထားရင်း အပြင်မှာ အကြာကြီး မီးရှူးမီးပန်း ဖောက်ကြလေရာ အခြားသူများကို မနာလိုစိတ် ဖြစ်စေ၏။
ပိုပြီး အားကျဖို့ ကောင်းတာက ချန်မိသားစုရဲ့ အစားအသောက်ပင်။
တရုတ်နှစ်သစ်ကူးကတည်းက သူတို့စားပွဲမှာ နေ့တိုင်း အသား ရှိခဲ့သည်။ လုကွေ့ရင်းဟာ ကြက်ကလေး နှစ်ကောင်တောင် သတ်လိုက်သည်။ အာလူး လှီးပြီး မှိုခြောက်တွေထည့်ကာ အရသာရှိတဲ့ အစားအစာတွေကို အိုးကြီးဖြင့် နှပ်လေသည်။ မိသားစုဟာ သူတို့လျှာကို မျိုချလုနီးပါး အများကြီး စားခဲ့ကြသည်။
ချန်ပေါင်ဟာ အရင်က တစ်ခါမှ ဒီလောက် မပျော်ခဲ့ဖူးပေ။ ဟူချူရှန်းဟာ ဒါကို မြင်တော့ သွေးအန်ချင်လောက်အောင် နာကျင်သွားသည်။
ဒါပေမဲ့ အခု သူမဟာ နာခံတတ်ဖို့ သင်ယူပြီးလေပြီ။ သူမစိတ်ထဲမှာ ပွစိပွစိ ပြောနေရင်တောင် အဲ့ဒါကို အသံထွက် မပြောရဲတော့ပေ။
သူမကိုယ်သူမ နှစ်သိမ့်ဖို့ နည်းလမ်းမှန်ကိုတောင် ရှာတွေ့ခဲ့သည်။ အသားကို သိုလှောင်ထားလို့ မရဘူး။ ရာသီဥတု ပူပြင်းမလာခင် စားဖို့ လိုသည်။ ကောင်းပြီ။ လာမယ့် ခြောက်လအတွင်း နေ့ရက်အများစုမှာ သူတို့ ဒါကို ကုန်အောင် မစားနိုင်လောက်ဘူး။ ဒါကြောင့် ခွေးကို စားကြွင်းစားကျန်တွေ ကျွေးလိုက်တာက ပိုကောင်းသည်။
သူမ ဒီလိုပုံစံသာ ဆက်စားနေပါက မူကြို စတက်ချိန် ရောက်ရင် လုထောင်ဟာ မလွဲမသွေပင် ဝိတ်ပြန်တက်လာပြီး ပေါက်စီတစ်လုံးလို ဝဖြိုးနေလိမ့်မည်။
မိသားစုထဲက လူကြီးတွေအားလုံးဟာ သူမကို ပွေ့ဖက်လိုက်တဲ့အခါ သူတို့ရဲ့ လက်တွေ ဘယ်လောက်တောင် လေးလံသွားကြောင်း ညည်းညူနေကြ၏။ လီကျွမ်းက သူမနဲ့ စတွေ့တော့ နှုတ်မှ လွှတ်ခနဲ ထွက်သွား၏။ “နှစ်သစ်ကူးပြီးတော့ ဘာဖြစ်လို့ မင်းမျက်နှာက ဒီလောက်တောင် ဝိုင်းနေပြန်တာလဲ။”
လုထောင်ဟာ အကြောက်လွန်သွားပြီး သူ့ပါးကို အမြန် ထိလိုက်သည်။ “တကယ်လား။ ငါ မချောတော့ဘူးလား။”
“ဟင့်အင်း၊ ဟင့်အင်း” လီကျွမ်း ခေါင်းခါလိုက်လေသည်။ “ထောင်ထောင်က လှပါတယ်။ အခု ထောင်ထောင်က ပိုပြီးတော့တောင် ချစ်ဖို့ ကောင်းလာတယ်။”
သူမဟာ သိပ်ကို ချစ်စရာကောင်းလွန်းလို့ လူတိုင်းက သူမရဲ့ ဖြူဖွေး နူးညံ့တဲ့ မျက်နှာဖောင်းဖောင်းလေးကို ညစ်ကြည့်ချင်ကြ၏။
လီကျွမ်းက ဒါကို တွေးမိပြီး သူ့အပြစ်ရှိတဲ့ လက်ကို ဆန့်လိုက်တယ်။ “အရမ်း နူးညံ့လိုက်တာ။”
ထို့ပြင် အခြားကလေးတွေကလည်း အနားကပ်လာပြီး ဖျစ်ညစ်ကြည့်ချင်ကြသည်။
ထို့နောက်မှာတော့…
ဒီနောက် လုထောင်ဟာ အမျိုးသမီးငယ်တစ်ဦးရဲ့ အနမ်းခံခဲ့ရပြီး သူမမျက်နှာမှာ တံတွေးတွေ ပေကျံနေခဲ့လေသည်။ သူမ မျက်ရည်ကျလုနီးနီးပဲ = =.
တရုတ်နှစ်သစ်ကူးအပြီးမှာ ချန်ဖန်းရှုဟာ အလျင်အမြန်ပဲ အလုပ်ရှုပ်သွားပြန်လေသည်။
အသင်းအဖွဲ့မှ ကုန်ထုတ်လုပ်မှု မြင့်မားစေရေးအတွက် နွေဦးပိုင်း ထယ်ထိုးကာလမတိုင်မီ အချိန်အပိုင်းအခြားကို အပြည့်အဝ အသုံးချနိုင်ရန် မျှော်လင့်ကာ စမ်းသပ်ရေး နေရာနှစ်ခုကို ရွေးချယ်ခဲ့၏။
ဟွမ်ရှောင်မိန် ကိုယ်ဝန်ရှိနေသဖြင့် သူမရဲ့မိသားစုဟာ သူမ ကိုယ်ဝန်ထပ်ပျက်ကျသွားမှာကို စိုးရိမ်နေကြလေသည်။ ထို့ကြောင့် သူမကို အလုပ်မလုပ်စေချင်ကြပေ။ သို့သော် ကောက်ရိုးဦးထုပ် ရက်လုပ်တာက မပင်ပန်းလောက်ဘူးဟု သူမ ထင်လေသည်။ သူမက ထိုအရာကို လုပ်နိုင်ဖို့ မရမက တောင်းဆိုနေ၍ သူမမိသားစုက ဒါကို အပြင်းအထန် မကန့်ကွက်ချင်ကြပေ။
ကံကောင်းချင်တော့ ကိုယ်ဝန်ဟာ မျှော်လင့်ထားတာထက် ပိုတည်ငြိမ်ခဲ့ပြီး ဟွမ်ရှောင်မိန်ဟာ အန္တရာယ်အရှိဆုံး ကိုယ်ဝန် အစောပိုင်းကာလကို ချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
နွေဦးထယ်ထိုးကာလ ရောက်တော့ သူမဝမ်းဗိုက်ဟာ မြင်သာစွာ ပူလာပြီး လုထောင်ကလည်း သူမရဲ့ တတိယမြောက် လျှို့ဝှက်ဆန်းကြယ်တဲ့ အသုံးအဆောင်ကို ကံစမ်းခဲ့၏။
ထိုပစ္စည်းဟာ ခရာတူရိယာမှာ အလှဆင်တဲ့ တစ်လက်မအရွယ် ရွှေရောင် အဆင်တန်ဆာလေးပါ။
၎င်းရဲ့ ပြောင်မြောက်လှတဲ့ လက်ရာနဲ့ အရောင်တောက်တောက်ကြောင့် လုထောင်ရဲ့ ရတနာကြီးနဲ့ အလွန်တူလေသည်။ အထူးသဖြင့်တော့ ကောင်မလေးရဲ့ အလှအပဆိုင်ရာ ခံစားချက်ရသနဲ့ ကိုက်ညီလေ၏။
လုထောင်က အဲ့ဒါကို ရပြီးတာနဲ့ လက်ထဲကပင် မချနိုင်တော့ဘဲ ထပ်ကာ ထပ်ကာ ကစားနေခဲ့သည်။
သူမ ဘယ်လောက် ပျော်နေလဲဆိုတာကို တွေ့တော့ အာ့ဝူလင်က ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူမကို မေးလေသည်။ [မင်း ဒါကို ကြိုက်လား]
လုထောင် ခေါင်းညိတ်ပြ၏။
[ကြည့်ကောင်းတာကြောင့်လား။]
လုထောင်က ခေါင်းဆက်ညိတ်ပြသည်။
၂၅၀ - [ဒီလို အပေါ်ယံအရာတွေကို မင်း ဘာလို့ ကြိုက်တာလဲ။ ဝမ်းချန်း မျှော်စင်က မကောင်းဘူးလား။ ရှားစောင်းပင်က မကောင်းဘူးလား။ ဘယ်ဟာက ခရာပျက်ထက် ပိုအသုံးဝင်တာလဲ။ အဲ့ဒါက တစ်ခါတစ်လေ အလုပ်ဖြစ်ပေမဲ့ တစ်ခါတစ်လေကျတော့ အလုပ်မဖြစ်ဘူးလေ။ လျှို့ဝှက်ဆန်းကြယ် အသုံးအဆောင်ဆိုတဲ့ နာမည်နဲ့ မထိုက်တန်ဘူး။ ]
သူမ ကြက်သေ သေသွားတာကြောင့် ဖြစ်မည်။ လုထောင်ဟာ ခရာမှုတ်နေတာကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။
၂၅၀ - [ဘာလဲ။ လူတွေကို အပြင်ပန်းကြည့်ပြီး အကဲဖြတ်ခြင်းက ဘယ်လိုတောင် အပေါ်ယံဆန်တယ်ဆိုတာကို မင်း သဘောပေါက်သွားပြီလား။]
“မဟုတ်ဘူး” လုထောင် ခေါင်းခါပြပြီးနောက် ရုတ်တရက် အံ့သြသွားသည်။ “ဒီဟာမှာ တခြား အသုံးဝင်တာတွေ ရှိဦးမယ်လို့ မထင်ခဲ့ဘူး”
၂၅၀ - [……]
အဲ့ဒီဟာမှာ အခြားလုပ်ဆောင်ချက်တွေ ရှိတယ်ဆိုပေမဲ့ တကယ်တမ်းတော့ ထိုလုပ်ဆောင်ချက်တွေက လုံးဝ အသုံးမဝင်ပေ။
ထိုအသံချဲ့စက်ထဲမှာ “အမှန်တရားကို ပြောပါ” ဆိုတဲ့ ပေါင်းစပ်စွမ်းရည် ပါရှိ၏။
ထိုအသံချဲ့စက်ကို တခြားလူတစ်ယောက်ဆီ ချိန်ရွယ်၍ အဲ့အပေါ်က ခလုတ်သေးလေးကို နှိပ်လိုက်ရင် အဲ့ဒီလူဟာ မသိစိတ်ဖြင့် သူ့စိတ်ထဲက အမှန်တရားကို ပြောပေလိမ့်မည်။
အတော်လေး အထင်ကြီးစရာ ကောင်းတယ်မလား။ ဒါကို ပြစ်မှုရာဇဝတ်တွေ စုံစမ်းစစ်ဆေးရာမှာ သုံးနိုင်ရင် ပြိုင်ဘက်ကင်းလောက်သည်။
ဒါပေမဲ့ ဒီပစ္စည်းကို သုံးရာ၌ ကန့်သတ်ချက်တွေ အများကြီးရှိ၏။
အခြားတစ်ဖက်က သတိထားနေတဲ့အခါ ဒီပစ္စည်းက အသုံးမဝင်ပေ။ အခြားတစ်ဖက်က သတိလျှော့ချထားရင်တောင် အကြိမ်တစ်ထောင်မှာ တစ်ကြိမ်လောက်သာ အောင်မြင်နိုင်မယ်ဆိုရင် ကောင်းပေလိမ့်မည်။
ကံကောင်းမှု လိုအပ်တဲ့ ဒီလို အသုံးအဆောင်မျိုးဟာ အာဖရိကသား မဟုတ်တဲ့ လူတစ်စု အမြင်မှာတော့ အလှဆင်တန်ဆာ သက်သက်ပါပင်။
'အာ၊ ကြည့်ရတာ ငါ အရမ်း သတိထားနေလို့ တစ်ခုခုကို ထုတ်ပြောမိခဲ့ပုံပဲ = ='
အာ့ဝူလင်မှ ရှင်းပြလာတော့ သူ့အသံက မနှစ်မြို့မှုတွေ ပြည့်နေပေမဲ့ လုထောင်က စိတ်ပါဝင်တစား နားထောင်နေသည်။
“အဖေ၊ ထောင်ထောင်သာ အဖေ့ကို အဲ့ဒါနဲ့ ချိန်ရွယ်လိုက်ရင် အဖေရော အမှန်တွေ ပြောလာမလား။”
၂၅၀ - ဟီးဟီး၊ [မင်း ငါ့ကို ရှာတွေ့နိုင်ခဲ့ရင်ပေါ့။]
“ဟုတ်ပြီ။” ကလေးမလေးက နည်းနည်းတော့ ပူပန်နေခဲ့သည်။
သူမလက်ထဲမှာ ခရာကို ကိုင်ထားပြီး အကြာကြီး တွေးနေလေသည်။ နောက်ဆုံးမှာ ခရာကို လှည့်လိုက်ပြီး သူမဘက်ကို ချိန်ရွယ်လိုက်၏။
၂၅၀ မှာ လုံးဝကို ရွှင်မြူးနေလေသည်။ [မင်းကိုယ်မင်း ချိန်ရွယ်ပြီး ငါ့ကို ရှာနိုင်တယ်ပေါ့လေ။ မင်း တစ်နေရာရာကို သွားတော့မလို့လား။ ]
ရလဒ်အနေနဲ့ နောက်တစ်စက္ကန့်မှာတော့ လုထောင်ဟာ သူမနားထဲတွင် ကြောင်တောင်တောင် စက်ရုပ်သံကို ကြားလိုက်ရလေသည်။ "တုံးအပြီး ချစ်ဖို့ကောင်းတယ် "
အာ့ဝူလင်ဟာ တခဏလောက် ရပ်တန့်သွား၏။ [မြောင် မြောင် မြောင်! ဒါ တကယ် အလုပ်ဖြစ်တာပဲ! ]
သူမနားဘေးက အသံဟာ ကြောက်စိတ်ဖြင့် ပြည့်နေပေမဲ့ လုထောင်က အဲ့အသံကို ကြားရတာ ပျော်ရွှင်နေလေသည်။ “ဖေဖေလည်း ထောင်ထောင်ကို ချစ်စရာလေးလို့ ထင်တယ်ပေါ့နော်~”
သူမအဖေက သူမကို အမြဲ မနှစ်သက်ခဲ့တော့ သူမအဖေရဲ့ နှလုံးသားထဲမှာ သူမဟာ တကယ့်ကို ရူးမိုက် တုံးအကာ နှစ်သက်စရာ မကောင်းလောက်ဘူးဟု ထင်နေမိသည်။
လုထောင် ဒါကို ပထမဆုံးအကြိမ် သုံးတော့ အာ့ဝူလင်ကို သူမ အမှန်အတိုင်း ဖွင့်ဟခဲ့ပြီးနောက်မှာ စကားတစ်ခွန်းမှ မပြောဝံ့အောင် ကြောက်လန့်သွားသည်။
သို့သော် ဒါက အရေးမကြီးပေ။ ဒါက ဆက်တိတ်ဆိတ်နေပြီး အိမ်မှာလည်း အခြားလူတွေ ရှိနေသေးသည်။
လုထောင်ဟာ အသံချဲ့စက်လေးကို လက်ထဲမှာကိုင်ရင်း ပြေးထွက်သွားပြီး မီးဖိုချောင်မှာ ချက်ပြုတ်ဖို့ ပြင်ဆင်နေတဲ့ လုကွေ့ရင်းကို ပစ်မှတ်ထားကာ ခလုတ်နှိပ်လိုက်၏။
တုံ့ပြန်မှု မရှိပေ။
သူမဟာ တခဏ ကြက်သေ သေသွား၏။ အိမ်ထဲမှာ ရေဒီယို နားထောင်ရင်း ခေါင်းငုံ့နေတဲ့ သူမအဖိုး ချန်ကွမ်ဖာ့ကို အသံချဲ့စက်ဖြင့် ချိန်ရွယ်ခဲ့ပြန်သည်။
တုံ့ပြန်မှု မရှိသေးပေ။
အဖိုးအိုဟာ မကြာမကြာ လက်ဖက်ရည် သောက်ရင်း အော်ပရာသီချင်း ညည်းနေခဲ့သည်။ အရမ်းကိုမှ လှပနေလေရဲ့။
လုထောင် လက်မလျှော့ခဲ့ဘူး။ တွေးတောပြီးနောက်မှာတော့ တံခါးအပြင်၌ ပျော်ပျော်ပါးပါး ပြေးလွှားနေတဲ့ ဟန်ဟန်ကို သူမ ကြည့်လိုက်သည်။
ဒီတစ်ကြိမ်တွင် စွမ်းရည်က အလုပ်ဖြစ်၊ မဖြစ်တောင် မသိရပေ။ အဆုံးမှာတော့ ထိုဘာသာစကားကို မပြောတတ်ခဲ့လို့ပေါ့။
အချိန်အတော်ကြာ သေနေတယ်လို့ ဟန်ဆောင်နေခဲ့တဲ့ အာ့ဝူလင်ဟာ နောက်ဆုံးမှာတော့ အသက်ပြန်ရှင်လာလေသည်။ [ဟဟား ဟဟား! မင်းက ကံကောင်းခဲ့ရုံလေးပဲလို့ ငါ ပြောသားပဲ… ]
ရယ်မောနေတုန်း ချန်ပေါင်ကောင်းဟာ ခုတ်ပြီးသား ထင်းစည်းကို ကိုင်ရင်း အပြင်မှ ဝင်လာခဲ့သည်။
လုထောင်ဟာ သူမဦးလေးထံ အသုံးအဆောင်သစ်ကို မရည်ရွယ်ဘဲ သုံးမိသွားလေသည်။ ထိုအခါ ချန်ပေါင်ကောင်းဟာ အာ့ဝူလင်လို ထပ်တူညီစွာ ရယ်နေသည်။ “ဟဟား ဟဟား! ငါ့ငွေတွေကို တတိယညီဆီ ဝှက်ထားတယ်ဆိုတာ ချူရှန်း ဘယ်တော့မှ ခန့်မှန်းမိမှာ မဟုတ်ဘူး!”
လေထုက ရုတ်ခြည်း တိတ်ဆိတ်သွားခဲ့သည်။
ဒီနောက်မှာ လုကွေ့ရင်းကို ဂျုံကူနယ်ပေးနေတဲ့ ဟူချူရှန်းက ဂျုံပန်းကန်ကို ပစ်ချလိုက်ပြီး “ချန်ပေါင်ကောင်း၊ ကိုယ်ပိုင်ငွေတွေကို နင် ဘယ်ကရလာတာလဲ။”
လုကွေ့ရင်းဟာ သူမရဲ့ မြေးတွေကို အလွန် ချစ်သည်။ မကြာသေးမီက သူမရဲ့ သားအကြီးဆုံးနဲ့ ချွေးမဟာ ကောင်းကောင်း ပြုမူနေတာကို မြင်တော့ သူမက သူတို့ရဲ့ ကလေးတွေကို ညစာအတွက် ပြန်ခေါ်လာခိုင်းခဲ့၏။
ဒါပေမဲ့ သူတို့ ခပ်ကြာကြာ မပျော်ရွှင်ရသေးခင်မှာဘဲ သူတို့အိမ်ဟာ မိုးမီးလောင်သွားပြီး ကြံရာပါ ချန်ပေါင်ခဲ့လည်း အသတ်ခံရလုနီးပါးပင်။
ချန်ပေါင်ကောင်းရဲ့ မျက်နှာမှာ ငါဘယ်သူလဲ၊ ငါဘယ်မှာလဲ၊ အမှန်တရားကို ငါ ဘယ်လိုလုပ် ပြောထွက်သွားတာလဲဆိုတဲ့ အမူအရာကို မြင်တော့ အာ့ဝူလင် ရုတ်တရက် ပါးစပ်ပိတ်သွားသည်။ [ကောင်းပြီ၊ ကောင်းပြီ၊ မင်းက ကြိုးကိုင်ခြယ်လှယ်သူ ဖခင်ရဲ့ သမီးပဲလေ။ ငါတို့လို စနစ်လေးက မင်း စိတ်အနှောင့်အယှက် ဖြစ်သွားအောင် မလုပ်ဝံ့ပါဘူး။ နှိမ့်ချနေတဲ့ ရုပ်ပုံ ]
သူမက သူမရဲ့ ဦးလေးကို မတော်တဆ ထုတ်ဖော်လိုက်မိပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပေမဲ့ လုထောင်ဟာ ဒီအသုံးအဆောင် အသစ်ကို တကယ် သဘောကျလေ၏။
သူမအမေ ချန်ဖန်းရှုကို ကြိုးတစ်ချောင်း ကျစ်ခိုင်းပြီး ထိုခရာလေးကို သူမလည်ပင်းမှာ ချိတ်ဆွဲလိုက်သည်။ ထို့ပြင် ကျောင်းသွားရာတွင်လည်း ဒါကို သူမနဲ့အတူ သယ်ဆောင်သွားဖို့ ဘယ်တော့မှ မမေ့ပေ။
အဲ့လိုနဲ့ပဲ မျှော်လင့်ချက် အပြည့်ဖြင့် ပျော်ရွှင်စွာ သွားတက်ခဲ့တဲ့ မူကြိုကျောင်းသားဘဝဟာ သူမ မျှော်မှန်းထားသလောက် မကောင်းမွန်ခဲ့ချေ။
လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက မူကြိုကျောင်းသားလေး တစ်ယောက်ဟာ သူ့မိခင်နဲ့အတူ သူ့ဇာတိမြို့ကို ပြန်သွားခဲ့သည်။ သူဟာ အဲ့ဒီမှာ လအနည်းငယ်ကြာ နေမယ်လို့ ပြောခဲ့သေးသည်။ ဒီကနေ့မှာ ချူသာ့ကျန်းကို မူကြိုသို့ ပို့လာလေ၏။ သူ့မိသားစုက ဒီသတင်းကို ဘယ်ကနေရခဲ့မှန်း မသိရပေ။
လုထောင်ဟာ သူမ အနိုင်ယူခဲ့တဲ့ သာ့ကျန်းအပေါ် အမြင် သိပ်မကြည်ပေမဲ့ ဒီချူသာ့ကျန်းဟာ သိပ်ကို တတ်နိုင်လွန်းတယ်လို့ မတွေးဘဲ မနေနိုင်ခဲ့ပေ။
ထိုလူငယ်လေးဟာ တစ်ခါက သူ့ကို စိတ်ဒဏ်ရာပေးခဲ့ဖူးတဲ့ မကောင်းဆိုးဝါးကြီးလုကို မေ့သွားခဲ့လေပြီ။ သူ မူကြိုကို ရောက်လာတာနဲ့ သူကိုယ်တိုင် စိတ်လွတ်ကိုယ်လွတ် နေပြီး အန္တရာယ် အဖြစ်စေနိုင်ဆုံး ကန့်သတ်စည်းကို ထပ်ကာ ထပ်ကာ စမ်းသပ်ရင်း အလွန့်ကို ပျော်ရွှင်နေလေ၏။
လုထောင်ဟာ နွေဦးပန်းခင်း မူကြိုကျောင်းတွင် ဂရုတစိုက် တက်ရောက်နေတဲ့ ကလေးကောင်း တစ်ယောက်ပင်။ သူမဟာ အတန်းထဲ၌ အသေအချာ နားထောင်လေသည်။
ချူသာ့ကျန်းက အရပ်ပုသဖြင့် သူမရှေ့မှာ ထိုင်ရလေသည်။ သူက အနောက်ကို ဆက်တိုက် လှည့်လာပြီး သူမအား နှောင့်ယှက်ကာ သူမရဲ့ ပစ္စည်းတွေကို ယူသွားသည်။
နေ့လည်စာ စားချိန်မှာ အခြားကလေးတွေက တိတ်တိတ်ဆိတ်ဆိတ် အိပ်စက်ကြပေမဲ့ ချူသာ့ကျန်းကတော့ သူ့နေ့လည်စာဘူးကို ဇွန်းနဲ့ အဆက်မပြတ် ခေါက်နေပြီး ဘယ်အကြံဉာဏ်တွေကိုမှ နားမထောင်တဲ့ တစ်ဦးတည်းသော ကလေးဖြစ်လေသည်။
အဲ့ဒါက အဆင်ပြေပါသေးသည်။ ဒါပေမဲ့ လုထောင် သည်းမခံနိုင်တဲ့အရာက လင်သော်သော်ကို သူ အနိုင်ကျင့်တာပင်။
လုထောင်နဲ့ လင်သော်သော်တို့ရဲ့ တော်လှန်ရေး ခင်မင်ရင်းနှီးမှုဟာ သူတို့ လက်မှတ်ထိုးခဲ့တဲ့ အချိန်ကတည်းက စတင်ခဲ့သည်။
သူတို့နှစ်ယောက်ကို စားပွဲတစ်ခုံတည်းမှာ ထိုင်ရန်၊ အတန်း တူတူသွားတက်ရန်၊ အတူတူ စားပြီး တစ်အိပ်ရာထဲမှာပင် အိပ်စေရန် စီစဉ်ထားသည်။
ချူသာ့ကျန်းက လင်သော်သော်ရဲ့ ပန်းသီးတွေကို စလုယူတော့ လုထောင် မပျော်မရွှင် ဖြစ်သွားခဲ့သည်။
မမျှော်လင့်ဘဲ လင်သော်သော်ဘက်မှ အလျှော့ပေးဖို့ ငြင်းဆန်တာကို တွေ့တော့ အခြားဘက်က လင်သော်သော်ရဲ့ ကျစ်ဆံမြီးကို အပြင်းအထန် ဆွဲလိုက်သည်။ လင်သော်သော်ရဲ့ ကျစ်ဆံမြီး ပြေကျသွားရုံတင်မက သူမလည်း မြေပေါ် လဲကျသွားခဲ့သည်။ သူမလက်ဖဝါးမှာလည်း ခြစ်ရာကြီးတစ်ခု ဖြစ်သွားသည်။
ကလေးမလေးရဲ့ အရေပြားဟာ အရမ်းကို နူးညံ့တာကြောင့် အဲ့ဒီအချိန်တွင် လင်သော်သော်ဟာ မျက်ရည်ပေါက်ကြီးတွေ ကျဆင်းလာပြီး နာကျင်မှုကြောင့် ငိုကြွေးခဲ့၏။
လုထောင်ဟာ ရုတ်တရက် စိုးရိမ်သွားသည်။ ချူသာ့ကျန်းက လင်သော်သော်ကို ကန်ချင်နေသေးတုန်းပဲဆိုတာကို မြင်တော့ သူမ ရှေ့ထွက်ပြီး သူ့ကို တွန်းလိုက်သည်။
လုထောင်ရဲ့ ခွန်အားကို ရှုလိုင်နန် ကိုယ်တိုင် အတည်ပြုခဲ့တော့ ချူသာ့ကျန်းဟာ သူမနဲ့ သေချာပေါက် မယှဉ်နိုင်ခဲ့ပေ။ ဒါ့အပြင် မူကြိုမှာ သူမရဲ့ လူကြိုက်များမှုကြောင့် တစ်ယောက်ယောက်ကသာ သူမကို အနိုင်ကျင့်ခဲ့ရင် လီကျွမ်းက တိုက်ခိုက်ဖို့ သူမအစ်ကိုအား ခေါ်လာလိမ့်မည်။
ဒီအဖြစ်အပျက်ဟာ ချူသာ့ကျန်းမှ ခွေးတစ်ကောင်လို ငိုခြင်းဖြင့် အဆုံးသတ်သွားသည်။
ကလေးတွေ ခိုက်ရန်ဖြစ်တာ ပုံမှန်ပါပင်။ လုထောင်နဲ့ လင်သော်သော်တို့က ဒါကို သိပ်အရေးတယူ မရှိကြပေ။ လုထောင် အိမ်ပြန်လာတော့ သူ့အမေကိုတောင် မပြောပြခဲ့ဘူး။
မမျှော်လင့်ဘဲ နောက်တစ်မနက်မှာ ချန်ဖန်းရှုက သူမကို ခရိုင် မူကြိုဆီ လာပို့တာနဲ့ ချူသာ့ကျန်းရဲ့ အမေ ဝမ်ရှုယွင်က သူမကို တားဆီးခဲ့သည်။
ဝမ်ရှုယွင်က ချန်ဖန်းရှုကို တားဆီးရုံတင်မက လင်သော်သော်ရဲ့ အမေ ကျန်းယွီကျစ်ကိုပါ တားဆီးလေ၏။ မူကြိုဆရာ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ မိဘများစွာရဲ့ ရှေ့မှာ ချူသာ့ကျန်းရဲ့ ဘောင်းဘီကို ချွတ်လိုက်ပြီး သူ့ တင်ပါးပေါ်က ပင်ပေါင်ဘောလုံးအရွယ် ပွန်းပဲ့ဒဏ်ရာကို ပြလိုက်သည်။
“သူတို့ ငါ့သာ့ကျန်းကို ဘယ်လိုတောင် ရိုက်လိုက်လဲဆိုတာ ကြည့်ကြပါဦး။ နင့်ကို ငါ့နေရာ ပေးပြီးပြီလေ။ တစ်ခြား ဘာလိုချင်သေးလို့တုန်း။”
သူမဟာ လင်သော်သော်ကို ချူသာ့ကျန်း အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ အကြောင်း မပြောပြဘဲ လုထောင်ဟာ အရင်ကိစ္စအတွက် မနာလိုဖြစ်ပြီး ချူသာ့ကျန်းကို တမင်တကာ ရိုက်နှက်ခဲ့တယ်လို့ အခိုင်အမာ ပြောနေ၏။
မူကြိုဆရာမက ဖြေရှင်းပေးဖို့ ထွက်လာခဲ့ပေမယ့် သူမက မျက်နှာသာ မပေးပေ။ သူမက ဒီကိစ္စအတွက် ရှင်းလင်းချက် ပေးရမည်။ ထို့ပြင် ချန်ဖန်းရှုသာ ပိုက်ဆံ မပေးရင် လုထောင်ကို မူကြိုကနေ ထုတ်ခိုင်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့၏။
ဝမ်ရှုယွင်ဟာ မူကြို ဝင်ပေါက်ကို ပိတ်ဆို့ထားသဖြင့် ဘယ်သူမှ မဝင်နိုင်ခဲ့ကြပေ။ မကြာမီ အနီးဝန်းကျင်၌ လူအများအပြား စုရုံးလာကြသည်။
ကလေးကို ကျောင်းပို့ပြီး အလုပ်သွားဖို့ အလျင်လိုနေကြတဲ့ အချို့မိဘတွေက ဒါကို မြင်တော့ စိတ်မရှည်ဖြစ်လာကြသည်။
“နင် ပြောချင်တာရှိရင် ပြောချလိုက်စမ်းပါ။ လမ်းပေါက် ပိတ်မနေနဲ့။”
“ဟုတ်တယ်။ နင်တို့က အလျင်မလိုကြပေမဲ့ ငါတို့ကတော့ အလျင်လိုတယ်။”
လင်သော်သော်ဟာ အစမှာ ရှက်နေလေ၏။ သူမ ပတ်ပတ်လည်မှ လူတွေဟာ သူမအပေါ် အတော်လေး မဖော်မရွေ ဆက်ဆံတာကို တွေ့တော့ သူမမျက်နှာ ဖြူရော်သွားသည်အထိ ကြောက်လန့်သွား၏။
ဒါပေမဲ့ လုထောင် ကျောင်းထုတ်ခံရမှာကို သူမ မလိုချင်သဖြင့် သူမ အံကြိတ်လိုက်ပြီး ဝမ်ရှုယွင်ကို ရှင်းပြလေသည်။ “အဒေါ်၊ မလုပ်ပါနဲ့၊ အဲ့ဒီလို မဟုတ်ဘူး။ ဒါက၊ ချူသာ့ကျန်း သမီးရဲ့ ပန်းသီးတွေကို ခိုးယူချင်နေလို့။ ထောင်ထောင် သူမ သူမ … “
“ငါ့ သာ့ကျန်းက ငယ်သေးတယ်၊ ဘယ်လိုလုပ်ပြီး နင့်ကို အနိုင်ကျင့်နိုင်မှာလဲ”
ဝမ်ရှုယွင်က လင်သော်သော်ကို စိုက်ကြည့်တော့ သူမမျက်လုံးတွေ နီရဲသွားပြီး အတော်ကြာကြာ စကားမပြောနိုင်တော့သည်အထိ ကြောက်လန့်သွား၏။
လင်သော်သော်ကို ခြောက်လန့်ရုံတင်မက ချန်ဖန်းရှုနဲ့ ကျန်းယွီကျစ်တို့ဟာ ဘယ်အသင်းအဖွဲ့ကလဲဆိုတာ မေးနေခဲ့ပြီး သူတို့ခေါင်းဆောင်တွေကို ရှာဖို့ အသင်းဆီ သူမ သွားချင်နေခဲ့သည်။
ဒီမဟုတ်တရုတ် စကားတွေက ဆီလျော်မှုမရှိပေ။ ဒါတောင် ပညာတတ်တစ်ယောက်လို ဝတ်ဆင်ထားတဲ့ ကျန်းယွီကျစ်ဟာ အင်မတန် စိတ်မပျော်ရွှင်နေပုံပင်။
အာ့ဝူလင်ကလည်း လုထောင်အနားမှာ ခုန်တက်လိုက်၊ ဆင်းလိုက် လုပ်နေလေသည်။ “ဘယ်လိုတောင် ဆီလျော်မှု မရှိတာလဲ! သူ့သားကို အမှန်ပြောခိုင်းဖို့ စွမ်းရည် သုံးလိုက်! သူမသားရဲ့ မျက်နှာ ဖြတ်ရိုက်တာကို ခံရပြီးရင် သူမ တစ်ခြား ဘာကို ပြောနိုင်ဦးမှာလဲ!”
ဒါနဲ့ လုထောင်လည်း သူမမှာ လျှို့ဝှက်ပရိယာယ်တစ်ခု ရှိနေသေးတာ သတိရသွားသည်။ သူမအဝတ်အောက်မှ အသံချဲ့စက်လေးကို အမြန် ထုတ်ယူလိုက်ပြီး ချူသာ့ကျန်းကို ချိန်ရွယ်လိုက်သည်။
ဝမ်ရှုယွင်က အဲ့ဒါကို စူးရှတဲ့မျက်လုံးတွေနဲ့ တွေ့လိုက်ပြီး သူမသားရှေ့မှာ ရပ်လိုက်သည်။ “နင် ဘာလုပ်ချင်တာလဲ။”
ချန်ဖန်းရှုဟာ သူမ လုထောင်ကို နာကျင်အောင် လုပ်မှာ စိုးရိမ်သွားပြီး သူမသမီးကို ကာကွယ်ခါနီးတွင် ဝမ်ရှုယွင်မှ ရုတ်ခြည်း အကြောင်းအရာ ပြောင်းပြောတာကို ကြားလိုက်ရ၏။
“ ငါ ဒါကို ဝန်မခံချင်ရုံပဲ။ နင် ငါ့ကို ဘာလုပ်နိုင်မှာလဲ။ မနှစ်က ငါ့ကလေးရဲ့ အဖေဟာ ကြယ်နီတပ်မဟာဆီ ကားမောင်းသွားခဲ့တယ်။ သူ အရက်မူးပြီး အမျိုးသမီးတစ်ဦးကို ကားတိုက် သတ်မိပေမဲ့ သူ အဆင်ပြေနေတယ်လေ။ နင့် လှည့်ကွက်လေးက မပြောပလောက်ဘူး။”
သူမ ဒီအကြောင်းကို ပြောပြီးပြီးချင်း တစ်ခုခု မှားနေတာကို သူမ သိသွားကာ မျက်နှာ အမူအရာမှာလည်း ချက်ချင်း ပြောင်းလဲသွားသည်။
ချန်ဖန်းရှုရဲ့ မျက်နှာ အမူအရာလည်း ပြောင်းသွားသည်။
သာ့ဟွာတပ်မဟာသည် ကောင်တီကနေ ကြယ်နီတပ်မဟာဆီသို့ သွားတဲ့ တစ်ခုတည်းသော လမ်းကြောင်းပေါ်မှာ တည်ရှိနေ၏။