Chapter 63
Vol. 6 Ch. 63
ချန်ဖန်းရှု စီးပွါးရေးလုပ်ငန်း စလုပ်တော့မယ်လို့ ချန်မိသားစု ကြားတဲ့အခါ အားလုံး အံ့အားသင့်သွားခဲ့သည်။
တည်ငြိမ်တဲ့ အလုပ်တစ်ခုရှိတာ မကောင်းဘူးလား။ ဘာလို့ ကိုယ်ပိုင်စက်ရုံ စလုပ်မှာလဲ။ ဒါက ပင်ပန်းရုံသာမက စွန့်စားရပေမည်။
ချန်ဖန်းရှုက ဘာမှပြောမနေဘဲ ဟောင်ကောင် အင်္ကျီနှစ်ထည်ကို တိုက်ရိုက် ထုတ်ပြလိုက်သည်။ “ဒါတွေကို ကျွန်မ ဝယ်လာပြီး ကိုယ်တိုင် ပြုပြင်ထားတာ၊ ကြည့် ကြည့်ပါဦး၊ ဒါတွေက မူလဟာနဲ့စာရင် ပိုကြည့်မကောင်းဘူးလား။”
အဲ့ဒီအထည်ချုပ် စက်ရုံကို ပိတ်ပစ်ရတဲ့ အကြောင်းရင်းမှာ ထိုစက်ရုံသည် မူလကတည်းက အသေးစား စက်ရုံဖြစ်နေပြီး အခုဆို ဟောင်ကောင်မှ ဖက်ရှင်သစ်တွေရဲ့ လွှမ်းမိုးမှု ခံနေရလို့ပင်။ အခြားစက်ရုံတွေဟာ အလုပ်ဝတ်စုံအတွက် မှာယူမှု သိပ်မရရှိသဖြင့် အသင့်အဝတ်အစားတွေကို မရောင်းချနိုင်ခဲ့ပေ။ ထို့ကြောင့် ထိန်းသိမ်းဖို့ ခက်ခဲသည်မှာ သဘာဝပင်။
ချန်ဖန်းရှုက ဒီအကြောင်းကို တွေးမိပြီး ဟောင်ကောင် အင်္ကျီလိုမျိုး ဒီဇိုင်းသစ်တွေ ဖန်တီးဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ချုပ်လုပ်ရာမှာ တော်ပြီး အတော်လေး ဖန်တီးနိုင်စွမ်း ရှိ၏။ ဟောင်ကောင်အင်္ကျီလိုမျိုး သူမ ကောင်းကောင်း ချုပ်ခဲ့ရင် ခရီးဝေးမှ သင်္ဘောဖြင့် တင်ပို့ရသော ဟောင်ကောင်အင်္ကျီထက် ဈေးပိုသက်သာပေလိမ့်မည်။
ချန်ဖန်းရှုက ထိုဟောင်ကောင် အင်္ကျီနှစ်ထည်ကို ဝယ်လာစဉ်က မိသားစုဝင်တိုင်း အဲ့ဒါကို မြင်ခဲ့လေသည်။ သူမက ဒါတွေကို ပြုပြင် ပြောင်းလဲပြီးနောက်မှာ တကယ့်ကိုပဲ ပိုထူးခြားလာသည်။
လုထောင်လေးကို ကြည့်လိုက်သော ဟူချူရှန်းရဲ့ မျက်လုံးတွေဟာ တောက်ပနေပြီး ပထမဆုံး တိတ်ဆိတ်သွားသူ ဖြစ်လေသည်။
အခြားသူတွေက ချန်ဖန်းရှုကို သတိထားဖို့ အကြံပေးခဲ့လေသည်။ သို့သော် သူတို့မှာ ဘာမှ ထပ်ပြောစရာ မရှိတော့ပေ။ လူတိုင်း ထွက်သွားကြပြီးနောက်မှာ အဖွားအို လုကွေ့ရင်းက သူမသမီးရဲ့အခန်းထဲ တိတ်တဆိတ် ဝင်လာပြီး ချန်ဖန်းရှုကို ယွမ်တစ်ထောင် ပေးခဲ့သည်။
“စက်ရုံတည်ထောင်ဖို့ နင် နေရာတစ်ခု လိုအပ်ပြီး စက်ပစ္စည်းတွေ ဝယ်ဖို့လည်း လိုအပ်တယ်။ ဒီငွေတွေဟာ အစက နင့်အတွက် အိမ်ဆောက်ပေးဖို့ သီးသန့်ဖယ်ထားခဲ့တာ။ ဒါကို အရင်သုံးထားလိုက်။ ပြီးမှ မလုံလောက်သေးရင် ငါ့ကိုပြော။”
ချန်ဖန်းရှုမှာလည်း ပိုက်ဆံရှိလေသည်။ သို့သော် ကနဦးအဆင့်မှာ ပိုက်ဆံများလေ ပိုကောင်းလေပင်။
သူမ မငြင်းနိုင်ခဲ့ပေ။ “ကျွန်မ ဒါကို အရင် ယူထားလိုက်မယ်။ ကျွန်မ ဒါကို သုံးလိုက်တယ်ဆိုရင် အမေ့ကို နောက်မှ အတိုးနဲ့ ပြန်ဆပ်မယ်နော်။”
“အရင်းနဲ့ အတိုး ပြန်ပေးမယ်ဆိုတာ နင် ဘာကို ဆိုလိုတာလဲ။ နင်က နင့်အမေအပေါ် ယဉ်ကျေးနေတာလား။”
လုကွေ့ရင်းက သူမကို ပုတ်လိုက်ပြီး အခြားမေးခွန်းတွေ မေးလေသည်။ “နင် စက်ရုံတစ်ခု ရှာတွေ့ပြီလား။ ဝန်ထမ်းတွေကိုရော ဘယ်လို ရှာမှာလဲ။”
အထည်ချုပ်စက်ရုံလေးမှာ အခြားအစီအစဉ် မရှိဘူးဆိုရင် သူတို့ဆီက စက်ရုံ အဆောက်အဦးကို တိုက်ရိုက် ငှားရမ်းနိုင်လေသည်။ လူအင်အား ရှာဖို့မှာလည်း လွယ်ကူပေသည်။ ဒီခေတ်တွင် အခြားအရာများကိုသာ ရှာဖို့ ခက်ခဲ၏။ စက်ချုပ်တတ်တဲ့ အမျိုးသမီးတွေမှာ အများကြီးပင်။ အဓိကသော့ချက်မှာ အဝတ်အထည်ရဲ့ အရည်အသွေးနှင့် ဒီဇိုင်းပင်။
ချန်ဖန်းရှုသည် မြို့ပြနှင့် စီရင်စုမြို့တော်သို့ အလည်အပတ် သွားရောက်ရန် အချိန် စီစဉ်ထားသည်။ စီရင်စုတွင် လူကြိုက်များသည့် အရာများကို ကြည့်ရှုပြီး ထိုအရာများနှင့် ကိုက်ညီအောင် တိုးတက်မှုများ ပြုလုပ်လိုသည်။
နောက်ဆုံးတစ်ခေါက် သူမ ခရီးရှည်ကြီးကို တစ်ယောက်တည်း ထွက်ခဲ့သည်မှာ သူမ အသစ်စက်စက် လက်ထပ်ပြီးခါစတွင် လုကောပင်း တပ်စွဲထားတဲ့ စစ်တပ်က ဆွေမျိုးတွေဆီ အလည်သွားခဲ့တုန်းက ဖြစ်သည်။ ကံကောင်းချင်တော့ စီရင်စုမြို့တော်က သိပ်မပြောင်းလဲသွားပေ။ သူမမှတ်ဉာဏ် နောက်လိုက်ပြီး ရထားဘူတာရုံမှ ထွက်ခွါခဲ့သည်။ အနီးတဝိုက်၌ မေးမြန်းအပြီးမှာ ကုန်တိုက်က ဘယ်မှာဆိုတာ သူမ သိခဲ့သည်။
လူပြည့်ကျပ်နေတဲ့ ဘတ်စ်ကားလေးပေါ် မတက်ခင် ချန်ဖန်းရှုဟာ လမ်းဘေးမှာ အကြာကြီး စောင့်နေခဲ့သည်။
သူမ ထွက်သွားပြီး မိနစ်အနည်းငယ်အကြာတွင် သူမ ရပ်ခဲ့တဲ့နေရာ၌ ကားတစ်စီး ရပ်တန့်လိုက်ပြီး ကားထဲမှ လူငယ်နှစ်ယောက် ဆင်းလာလေသည်။
အငယ်တစ်ယောက်က အသားဖြူဖြူနဲ့ ဟောင်ကောင်လေသံဖြင့် မန်ဒရင်း စကားပြောလေသည်။ “အစ်ကို၊ အခုတလော ဒီကို ခင်ဗျား နေ့တိုင်းလာနေတယ်နော်။ ဒီလို လုပ်တာက အတိတ်ကို အမှတ်ရဖို့ ခင်ဗျားအတွက် အကူအညီ ဖြစ်တယ်ဆိုတာ သေချာလား။”
အသက်ပိုကြီးသူက သုံးဘက်မြင် ရုပ်သွင်နဲ့ နက်ရှိုင်းတဲ့ မျက်ခုံးမွှေးတွေ ရှိသည်။ ဒါကို ကြားတော့ သူက လေသံဖြင့် အတည်ပြုလိုက်သည်။
ဒီရထားဘူတာရုံကို သူ တစ်ကြိမ်မက ရောက်ဖူးတာ သေချာပေမဲ့ ဒီထက် ပိုပြီးတော့ သူ မမှတ်မိပေ။
လွန်ခဲ့တဲ့ တစ်နှစ်က သူ ဟောင်ကောင်မှာ နိုးလာတော့ ဒဏ်ရာတွေနဲ့ ပြည့်နေပြီး သူ ဘယ်သူဆိုတာကိုတောင် မမှတ်မိခဲ့ပေ။ အဲ့ဒီနေ့မှာပင် သူဟာ ကလေးတစ်ယောက်ဆီမှ မက်မွန်သီးစေ့ကို မတော်တဆ ကောက်ယူမိတဲ့အခါ သူ့ရဲ့ ဖုန်တက်နေတဲ့ မှတ်ဉာဏ်တွေက နောက်ဆုံးတော့ ပေါက်ထွက်လာသည်။
ကံဆိုးစွာပင် သူ့မှာ သမီးလေးတစ်ယောက် ရှိနေတာကို မှတ်မိသွားတဲ့အချိန်မှာ မက်မွန်စေ့နဲ့ ကောင်လေးက အဝေးကို ထွက်သွားနှင့်လေပြီ။ သူ မေးချင်ရင်တောင် ဘယ်သူကိုမှ ရှာမတွေ့တော့ပေ။
ပြီးခဲ့တဲ့ လအနည်းငယ်တွင် သူဟာ သူ့မှတ်ဉာဏ်တွေကို ရှာဖွေနေခဲ့၏။ တစ်ယောက်ယောက်က တစ်နေရာရာမှာ သူ အိမ်ပြန်လာဖို့ကို စိတ်ပူစွာ စောင့်ဆိုင်းနေတယ်လို့ အမြဲခံစားနေရသည်။
ထိုလူငယ်က သူ့တိတ်ဆိတ်မှုကို ကျင့်သားရနေလေပြီ။ သူ မျက်မှောင်ကြုပ်သွားတာကို တွေ့တော့ အခြားအကြောင်းအရာ တစ်ခုကို သူ စပြောလိုက်သည်။ “ခင်ဗျား ဒီနေ့ နေ့လည်စာအတွက် အစိုးရ စားသောက်ဆိုင်ကို သွားမလား။ တရုတ်ပြည်ကြီးမှာ အစား စားရဖို့က တကယ့်ကို အဆင်မပြေဘူးပဲ။”
သူပြောနေစဉ် စိတ်လှုပ်ရှားတဲ့ အသံတစ်သံဟာ သိပ်မဝေးတဲ့ နေရာကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ “လက်ထောက် ဗိုလ်ကြီးလု!”
မျက်မှောင်ကြုပ်နေတဲ့ ထိုလူဟာ သူ့ခန္ဓာကိုယ်ရဲ့ ပင်ကိုဗီဇအရ ထိုနာမည်ကို ကြားတော့ အသံထွက်လာတဲ့ဘက်ကို မသိစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် စစ်ဝတ်စုံနှင့် အသားမည်း လူငယ်တစ်ယောက် ကမန်းကတမ်းပြေးလာသည်။ “တကယ်ပဲ ခင်ဗျားကို! တကယ့်ကို လက်ထောက် ဗိုလ်ကြီးလုပဲ! ခင်ဗျား မသေဘူးဆိုတော့ ကောင်းလိုက်တာ! ခင်ဗျား အစွမ်းထက်လွန်းတယ်ဆိုတာ ကျွန်တော် သိတာပေါ့၊ ခင်ဗျား သေချာပေါက်ကို သေမှာမဟုတ်ဘူး …”
ဗန်ကားလေးသည် လူပြည့်ကျပ်ကာ ဆူညံနေပြီး ဓာတ်ဆီနံ့တွေဖြင့် လူများကို အလွန်အဆင်မပြေ ဖြစ်စေသည်။
ချန်ဖန်းရှုဟာ အပြင်ဘက်မှ မရင်းနှီးတဲ့ လမ်းမြင်ကွင်းကို လူအုပ်စု ကြားအဟထဲကနေ ကြည့်နေပြီး အကြောင်းတစ်ခုခုကြောင့် သူမဟာ စိတ်ရှုပ်နေသည်။
သူမ ကောပင်းကို သူ့တပ်ရင်းဆီမှာ သွားတွေ့တာက နောက်ဆုံးအကြိမ် ဖြစ်သည့်အပြင် တစ်ခေါက်တည်းသော အကြိမ်လည်း ဖြစ်သည်။ ရထားပေါ်က ဆင်းတော့ သူမ ဒီလိုမျိုး ဘတ်စ်ကားလည်း စီးသွားရသည်။
အဲ့ဒီအချိန်က ကောပင်းဟာ စစ်တပ်ထဲမှာ အလုပ်ရှုပ်နေပြီး တစ်နှစ်ကို အကြိမ်အနည်းငယ်သာ အိမ်ပြန်နိုင်ခဲ့သည်။ အိမ်ထောင်ကျပြီး ခြောက်လကျော်အကြာမှာ သူမ ကိုယ်ဝန်ရှိတုန်းပင်။ ဒါဟာ ဖြေရှင်းနည်း မဟုတ်ဘူးလို့ သူမအမေ တွေးမိပြီး သူ့မိသားစုနဲ့ တွေ့ဆုံဖို့ စစ်တပ်ဆီ သွားရန် အကြံပေးခဲ့သည်။ ရှောင်ဟွေ့ကို အဲ့အချိန်မှာ မွေးဖွားခဲ့တာပင်။
ကိစ္စတွေက ယခုလို မဟုတ်ခဲ့ပေ။ အပြင်မှာက အရမ်းကို ပရမ်းပတာ ဖြစ်နေသည်။ သူ သူမကို မြင်တော့ ကောပင်းဟာ သိသိသာသာ ထိတ်လန့်သွားခဲ့သည်။
သူ စိုးရိမ်နေခဲ့သဖြင့် သူမ ထွက်ခွာမယ့်နေ့မှာ သူမကို ရထားပေါ် လိုက်ပို့ပေးဖို့ အထူးတလည် အားထုတ်ခဲ့သည်။
သူ အဲ့အချိန်တုန်းက ပြောခဲ့တာကို သူမ မှတ်မိသေးသည်။ အနာဂတ်မှာ အခွင့်အလမ်းရရင် သူမကို စီရင်စု မြို့တော်ဆီ သေချာပေါက် ခေါ်သွားမည်ဟုပင်။ အဲ့ဒီအချိန်တုန်းက သူတို့ရဲ့ အကြီးမားဆုံး အိပ်မက်မှာ ကောပင်း အတွေ့အကြုံ လုံလုံလောက်လောက် ရှိပြီး ကလေးနဲ့အတူ သူမပါ စစ်တပ်ဆီ လိုက်ပါနိုင်ဖို့ လျှောက်တင်ရန် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာအောင် စောင့်ပြီးနောက် အခွင့်အလမ်း ရောက်လာလုနီးပါးအချိန်တွင် လူ ပျောက်ဆုံးသွားသည်မှာ စိတ်မကောင်းစရာပင်။
လက်မှတ်ရောင်းသူမှ သူတို့ စျေးဝယ်စင်တာကို ရောက်ပြီလို့ အသံကျယ်ကျယ် အော်သည့် အချိန်တိုင်အောင် ချန်ဖန်းရှုဟာ မိန်းမောတွေဝေနေခဲ့သည်။ အဲ့ဒီအခါမှသာ သူမကိုယ်သူမ စိတ်ငြိမ်သွားစေပြီး ဘတ်စ်ကားပေါ်မှ ဆင်းခဲ့သည်။
ရှုရွှေကောင်တီနှင့် နှိုင်းယှဉ်ပါက စီရင်စုမြို့တော်မှာ ပိုကြီးမားသည်။ ဈေးဝယ်စင်တာကတောင် လေးထပ် မြင့်သည်။
ဒါပေမဲ့ ချန်ဖန်းရှု စျေးဝယ်ထွက်ချင်စိတ် မရှိခဲ့ပေ။ သူမဟာ စီရင်စုမြို့တော်မှာရှိတဲ့ အထည်ဆိုင်အားလုံးကို သွားကြည့်ဖို့ တစ်ရက်ထက်ပိုပြီး အချိန်ကုန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ သူမဟာ ပင်ပန်းနေပေမဲ့ မျက်လုံးတွေက တောက်ပနေလျက် သူမဟာ စွမ်းအင်အပြည့်နှင့်ပင်။
ချန်ဖန်းရှု မထွက်ခွာခင် အိမ်မှုကိစ္စတွေ အားလုံးကို စီစဉ်ခဲ့ပြီး လုထောင်အတွက် ကျောင်းပို့ ကျောင်းကြို တာဝန်ကို သူမရဲ့ မောင်ငယ် ချန်ပေါင်ခဲ့ထံ အပ်ခဲ့သည်။
ဒါပေမဲ့ လုထောင် သိပ်အဆင်မပြေခဲ့သည်မှာ သိသာလေသည်။
ဒါဟာ ကလေးဘဝကတည်းက သူမအမေ သူမကို ချန်ထားခဲ့တဲ့ ပထမဆုံးအကြိမ်ပင်။ ပထမညမှာ လုကွေ့ရင်း သူမနဲ့ လာအိပ်တော့ ကောင်မလေးက နည်းနည်း ဝမ်းနည်းနေခဲ့သည်။ လုကွေ့ရင်းက သူမကို အခန်းထဲမှာ ချီထားပြီး သူမ အိပ်ပျော်သွားအောင် အချိန် အတော်ကြာကြာ ပုတ်ပေးနေခဲ့သည်။
နောက်မနက် သူမ အိပ်ရာက နိုးတော့ မျက်လုံး ဖွင့်တာနဲ့ ပထမဆုံး သူမ လုပ်တာက သူမအမေ ဘယ်မှာလဲဆိုတာ မေးခြင်းပင်။ ညနေခင်း သူမ မူကြိုက အိမ်ပြန်ရောက်တော့လည်း မေးမြန်းလိမ့်ဦးမည်။
တစ်ခါတစ်လေ ပျော်ရွှင်နေချိန် သူမ မေ့သွားပြီလို့ ထင်ပေမဲ့ သူမက ရုတ်တရက် တစ်ခုခု ပြောလာ၏။
အခုလိုပင်။ အစား စားနေတုန်းမှာ ကလေးမလေးက ရုတ်တရက် နှုတ်ခမ်းဆူပြီး ပြောလာသည်။ “သမီး အမေ့ကို လွမ်းတယ်။” မျက်ရည်တွေက သူမမျက်လုံးအိမ်ကြီးတွေထဲမှာ စုဝေးလာပြီး ပုံစံမှာ သနားစရာကောင်းနေသည်။
ဟွမ်ရှောင်မိန်ဟာ ကိုယ်ဝန်ရှိနေပြီး သူမရဲ့ စိတ်ခံစားချက်တွေက သာမန်လူတွေထက် ပိုပြီး ဆတ်ဆတ်ထိမခံ ဖြစ်လေသည်။ ဒါကိုကြားတော့ သူမဟာ အရမ်းကို စိတ်မကောင်း ဖြစ်သွားခဲ့သည်။ “မငိုပါနဲ့ ထောင်ထောင်။ အမေက မကြာမီ ပြန်လာတော့မှာပါ။” သူမရဲ့ ခင်ပွန်း ချန်ပေါင်မင်းကို မေးလိုက်သည်။ “စီရင်စု မြို့တော်ကို ခရီးတစ်ခေါက် သွားဖို့ လေးရက်ဆို လုံလောက်တယ်မို့လား။”
ချန်ပေါင်မင်းဟာ ဒီအကြောင်းနှင့်ပတ်သတ်ပြီး ဘာမှမသိပါ။ ဒါကို ကြားတော့ သူက နှစ်ခါလောက် လေသံဖြင့် တုံ့ပြန်လိုက်သည်။ “ဟုတ်လောက်တယ်။”
“တကယ်လား”
လုထောင်က မျက်ရည်တွေဖြင့် တောက်ပနေသည့် သူမမျက်လုံးကြီးတွေနဲ့ သူမရဲ့ ဒုတိယဦးလေးကို လှည့်ကြည့်လာသည်။
ချန်ပေါင်မင်းဟာ သူမ သူ့ကို ကြည့်လာတော့ သူ့လက်တွေ ဘယ်မှာထားရမှန်း မသိခဲ့ပေ။ ထို့ကြောင့် ဆားငံစိမ်ထားတဲ့ ဘဲဥတစ်လုံး ယူကာ အနှစ်အကြီးကြီးကို ခပ်ယူပြီး သူမရဲ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ချန်ဖန်းရှု ပြန်လာဦးမှာ မဟုတ်ဘူးဆိုတာကို သိတော့ တစ်မိသားစုလုံးက ဒီတန်ဖိုးရှိတဲ့ ကလေးမလေးကို နှစ်သိမ့်မပေးတတ်ကြတော့ပေ။ နောက်ဆုံးတွင်တော့ ချန်ဖန်းရှု ပြန်ရောက်လာလေသည်။
သူမအမေကို တွေ့တာနဲ့ လုထောင်က အစာစားနေတာကို ရပ်လိုက်၏။ ဇွန်းကို ချကာ ပြေးလာပြီး သူ့အမေရဲ့ပေါင်တွေကို ပွေ့ဖက်လိုက်သည်။
ချန်ဖန်းရှုဟာ သူမရဲ့ မျက်လုံးနီတွေကို မြင်တော့ စိတ်မကောင်းဖြစ်ခဲ့ပေမဲ့ ပြုံးပြီး မေးလာသည်။ “ဘယ်သူ့ကလေးက ဒီလောက် အသုံးမကျလို့ ငိုနေတာလဲ။”
လုထောင်က နှုတ်ခမ်းတွေ စေ့ကာ ရပ်တန့်သွားပြီး တစ်ခဏကြာတော့ မျက်ရည်မကျအောင် ထိန်းလိုက်သည်။ “မဟုတ်ဘူး၊ ထောင်ထောင် မငိုဘူး။”
ချန်ဖန်းရှုဟာ ခြေထောက်မှာ ချိတ်ဆွဲနေတဲ့ ဆွဲသီးလေးကို အိမ်ထဲ တရွတ်တိုက် သယ်သွားပြီး သူမလက်ထဲက အရာတွေကို ခန်(ကုတင်) ပေါ် တင်လိုက်သည်။ “ကောင်းပြီ၊ ဆံပင်ကောက်ကောက်နဲ့ အရုပ်ကို သမီး လိုချင်တာမလား။ ဒါ ဘာလဲဆိုတာ ကြည့်ပါဦး။”
သူမ အိတ်ထဲက အရုပ်ကို ထုတ်ယူလာပြီး သူမကို ပေးလိုက်သည်။ ကလေးမလေးက ချက်ချင်း ရွှင်မြူးသွားပြီး အဲ့အရုပ်ကို သူမရဲ့လက်မောင်းတွေနဲ့ ပွေ့ဖက်လေသည်။
သူမ ရယ်မောနေတာကို တွေ့တော့ တစ်မိသားစုလုံးဟာ စိတ်သက်သာရာ ရသွားသည်။
ဟူချူရှန်းဟာ ချန်ဖန်းရှုအတွက် ပန်းကန်နဲ့ တူတွေ အလျင်အမြန် ထပ်ထည့်ပေးပြီး စားသောက်နေစဉ်မှာ သူမရဲ့ စီရင်စု မြို့တော် ခရီးစဉ်အကြောင်း မေးမြန်းခဲ့သည်။
ချန်ဖန်းရှုက သူမသမီးကို ပေါင်ပေါ်မှာ တင်ထားပြီး ပြောလေသည်။ “အတော်လေးကို ချောချောမွေ့မွေ့ပါပဲ။ ကျွန်မ ရောင်းအား ကောင်းတဲ့ ဒီဇိုင်းတွေ အားလုံးကို ဆွဲလာခဲ့တယ်။ ပိုရှုပ်ထွေးတဲ့ ဒီဇိုင်း နှစ်မျိုးရှိတော့ တစ်ထည်စီ ဝယ်လာခဲ့တယ်။ ပြီးတော့ ဒါတွေကို တစ်စစီ ဖြုတ်ပြီး တစ်ချက်လောက် ကြည့် ကြည့်မလို့။”
မိသားစုထဲ၌ ချန်ဖန်းရှုအပြင် ဟွမ်ရှောင်မိန်က အပ်ချုပ် အတော်ဆုံးပင်။
ဒါကို ကြားပြီး သူမဟာ ထမင်းစားတာကို အလျင်အမြန် လက်စသတ်လိုက်ပြီး လက်ဆေးဖို့ အောက်ထပ်ကို ဆင်းသွားကာ ချန်ဖန်းရှု ပြန်ယူလာတဲ့ မှတ်စုနဲ့ အဝတ်တွေကို ကြည့်လိုက်သည်။
လုထောင်ကလည်း အရုပ်ကိုကိုင်ပြီး ကြည့်နေသည်။ သူမ ကြိုက်တဲ့အရာကို တွေ့တော့ သူမလက်တုတ်တုတ်လေးနဲ့ လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။ "ကြည့်ကောင်းလိုက်တာ။”
[ထောင်ထောင် ပန်းချီဆွဲနည်း သင်ချင်လို့လား။ ]
၂၅၀ က ရုတ်တရက် ထွက်ပေါ်လာသည်။ [အဓိက ရှာဖွေမှု] လက်ရှိ အနုပညာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အဝတ်အစားတစ်ထည် အောင်မြင်စွာ ဒီဇိုင်းထုတ်ဖို့ သင့်စိတ်ကူးကို သုံးပါ။ ဆုလာဘ်ကတော့ အကောင်းဆုံးဘာဘီကျူး သုံးပွဲစာနဲ့ ဖက်ရှင်ဒီဇိုင်း စာအုပ်တစ်အုပ်ပါ။]
လောင်ကျွမ်းစမ်း၊ ကင်လိုက်စမ်း။
အခုလေးတင် ထမင်းစားပြီးတဲ့ လုထောင်က ပါးစပ် အနည်းငယ် ဟသွားပြီး နွားတစ်ကောင်လုံးကိုတောင် စားပစ်နိုင်လောက်သည်အထိ သူမ ဗိုက်ဆာနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။
ချန်ဖန်းရှုဟာ အိမ်ကို ပြန်လာပြီး ညမှာ ကောင်းကောင်း အနားယူခဲ့ကာ နောက်နေ့၌ အလုပ်တွေ စလုပ်လေသည်။
သူမသည် ကောင်တီက အထည်ချုပ်စက်ရုံလေး၏ တာဝန်ရှိသူထံသို့ ဦးစွာ သွားပြီး စက်ပစ္စည်းများကို ဈေးချိုစွာဖြင့် ဝယ်ယူခဲ့သည်။ ဒီနောက်မှာ စက်ရုံ အဆောက်အဦးနဲ့ ရုံးခန်းကို ငှားဖို့ တစ်ဖက်လူနဲ့ သူမ ညှိနှိုင်းခဲ့သည်။
အဲ့ဒီစက်တွေဟာ အတော်လေး ဟောင်းနေသည်။ အခြားစက်ရုံတွေကို ပို့မယ်ဆိုရင် ဘယ်သူမှ အဲ့ဒါတွေကို မဝယ်ချင်လောက်ပေ။ ချန်ဖန်းရှုဟာ စက်တွေကို ဝယ်ပြီး စက်ရုံကိုပါ ငှားဖို့ ဆန္ဒရှိခဲ့သည်။ ဒါကလည်း ဝင်ငွေနည်းနည်း ရနိုင်သည်။ တာဝန်ရှိသူက အထက်လူကြီးတွေကို အစီရင်ခံပြီး မကြာခင်မှာ ခွင့်ပြုချက်ရခဲ့သည်။
ဒါက ဖြစ်နိုင်လောက်တယ်လို့ တွေးပြီး အခြားဘက်မှ ချန်ဖန်းရှုကို အထည်စ လိုချင်ပါက ကုန်လှောင်ရုံမှာ တစ်ချို့တစ်လေ ရှိသေးတယ်လို့ ပြောလေသည်။
ချန်ဖန်းရှု သွားကြည့်တော့ အဲ့ဒါတွေဟာ ပြန့်ကျဲနေတဲ့ အထည်စတွေဆိုတာ တွေ့လေသည်။ အရေအတွက်က မများပေမဲ့ အရည်အသွေးကတော့ ကောင်းသည်။
သူမ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီး ချက်ချင်းပဲ စက်ရုံကို စတင် ရှင်းလင်းကာ လူငှားရမ်းဖို့ ကြော်ငြာတွေ တင်ခဲ့သည်။
ချန်းရှုအထည်ချုပ်စက်ရုံဆိုတဲ့ ဆိုင်းဘုတ်ကို လျင်မြန်စွာ ချိတ်ဆွဲခဲ့သော်လည်း အလုပ်သမား ငှားရမ်းမှုကတော့ အလျင်မလိုပေ။ ချန်ဖန်းရှုက နမူနာပုံကြမ်းတွေကို ပြုပြင်ပြောင်းလဲခဲ့ပြီး အထည်စအနည်းငယ် ရွေးချယ်ကာ ဟွမ်ရှောင်မိန်နဲ့အတူ နမူနာအဝတ်တွေ အမြန်ထုတ်ခဲ့သည်။
ပုဂ္ဂလိကစက်ရုံတွေဟာ ပေါ်လာခါစပဲ ရှိသေးပြီး သူတို့တွေကို အပြင်လူတွေက ကျယ်ပြန့်စွာ အသိအမှတ်မပြုသေးပေ။
သူမ ပထမဦးဆုံး စီရင်စုမြို့တော်ကို သွားပြီး ဟောင်ကောင်နဲ့ ပူးပေါင်းဆောင်ရွက်ကာ ဒါက ဟောင်ကောင် အင်္ကျီအသစ်တွေလို့ ပြောဖို့ စီစဉ်ခဲ့သည်။ စီရင်စုမြို့တော်မှာ ရောင်းချလို့ ရလာရင် သူမဟာ မြို့ကိုပြန်လာပြီး အဲ့ဒါတွေဟာ စီရင်စုမြို့တော်ရဲ့ ဒီဇိုင်းအသစ်တွေပါလို့ ဆို၍ ကောင်တီ၌ အဲ့ဒါတွေကို သူမ ရောင်းချရမည်။
ဒီကာလအတွင်း သူမမိသားစုက သူမကို အများကြီး ပံ့ပိုးပေးသည်။ ဟွမ်ရှောင်မိန်က သူမကို အဝတ်တွေနဲ့ ပတ်သတ်ပြီး ကူညီပေးတာအပြင် ယွမ် ၄၀၀ လည်း ထုတ်ပေးသည်။
ယွမ်လေးရာက ဒီခေတ်တွင် ကျေးလက်မှာ ဇနီးတစ်ယောက်ကို လက်ထပ်ဖို့ လုံလောက်ပြီး ဒါဟာ သင့်တင့်တဲ့ ပမာဏ ဖြစ်သည်။
ချန်ဖန်းရှု အရမ်း အံ့အားသင့်သွားခဲ့သည်။ သို့သော် ပိုအံ့ဩစရာကောင်းတာ တစ်ခု ရောက်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။
သူမက စက်တွေကိုသာမက အထည်ကိုပါ ဝယ်ထားမှန်း သိလိုက်တော့ ဟူချူရှန်းဟာ သူရဲကောင်းဆန်တဲ့ မျက်နှာအမူအရာနဲ့ အဝတ်အိတ်လေးကို သူမရဲ့ လက်ထဲကို ထိုးထည့်လိုက်သည်။ အိတ်ထဲမှာ ယွမ် ၆၀၀ ကနေ ၇၀၀ လောက် ပမာဏရှိတဲ့ ပိုက်ဆံ အပုံလိုက်ကြီး ရှိသည်။
ခဏလောက်တော့ သူမဟာ ချွေတာတတ်တဲ့သူတွေက ပိုက်ဆံ စုဆောင်းနိုင်တယ်လို့ ပြောရမလား မသိတော့ပေ။ (သို့) ဆေးကုသစရိတ်တွေ ချွေတာဖို့ သူမရဲ့ ဒဏ်ရာအကြောင်း ဖုံးကွယ်ခဲ့တဲ့ သူမရဲ့ယောင်းမဟာ တကယ်ပဲ သူမကို ငွေချေးပေးလာသဖြင့် သူမ အံ့ဩသွားမိသည်။
ချန်မိသားစုတစ်စုလုံး အသင့်ပြင်ဆင်နေကြချိန် လုထောင်လည်း အအားမနေပါ။
သူမ၏ အဓိကတာဝန်ဖြစ်တဲ့ အဝတ်အထည် ဒီဇိုင်း လက်တွေ့ ရေးဆွဲခြင်း တာဝန်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေသည်။
အရင်က လုထောင်ဟာ မင်္ဂလာဆောင်နဲ့ အသုဘတွေရဲ့ အဓိကကိုသာ အာရုံစိုက်ခဲ့သည်။ အာ့ဝူလင်က သူမရဲ့ ငတုံးမလေးဟာ ဒီလောက် စိတ်ကူးဉာဏ် ကြွယ်ဝတယ်ဆိုတာ မသိရှိခဲ့ပေ။ သူမရဲ့ ပထမဆုံးဒီဇိုင်းမှာ မက်မွန်သီးကို လက်နှစ်ဖက်နဲ့ ခြေနှစ်ဖက် ထည့်ထားခြင်းပင်။
အာ့ဝူလင်ဟာ သူမရဲ့ မက်မွန်သီး ပုံကြမ်းကို ခဏလောက် ကြည့်ပြီး သူမအတွက် အွန်လိုင်း ပန်းချီသင်တန်းတစ်ခုကို တက်ရောက်ရန် တိတ်တိတ်လေး ရက်ချိန်းထားခဲ့သည်။
မကြာခင်မှာပဲ ပန်းသီးဝိညာဉ်၊ ငှက်ပျောသီးဝိညာဉ်နဲ့ အီးပုံဝိညာဉ်တို့ကို တွေ့လိုက်ရလေသည်။ = =.
သူ့ပန်းချီကားက အတော်ကောင်းတယ်လို့ ဖက်ထုပ်လုံးလေး တွေးထင်သည်။ သူမမျက်လုံး မှေးစင်းထားကာ အဲ့ဒါကို အတော်ကြာကြာ အာရုံစိုက်ကြည့်၏။ ပြီးနောက် အီးပုံဝိညာဉ်ပေါ်တွင် ယင်ကောင် ထည့်လိုက်လေသည်။
၂၅၀ - [......]