← Chapters

Chapter 68

Vol. 6 Ch. 68

Chapter 68

Vol. 6 Ch. 68

ချန်ဖန်းရှူက ခရိုင်မြို့တွင် စက်ရုံထောင်မည်ဟု ကြားတော့ အားလုံးက သူမကို ရူးနေပြီဟု ထင်ကြသည်။

ဒါကြောင့် စက်ရုံလည်ပတ်ပြီး အတော်ကြာသည့်အခါတွင်တောင် ခရိုင်မြို့မှ အလုပ်လက်မဲ့ အမျိုးသမီးကြီးနှစ်ဦးသာ အင်တာဗျူး လာဖြေကြသည်။

တခြားအလုပ်ရှိသူများက သူမနှင့်အတူ စွန့်စားရန် ဆန္ဒမရှိကြပေ။

သို့သော် ဒါက လုကောပင်း ပြန်မလာခင်ကဖြစ်သည်။

သူစီးလာသည့်ကားက အရမ်းစျေးကြီးလွန်းသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးတောင် မဝယ်နိုင်ဟု ကြားမိသည်။ သူနှင့်အတူပြန်လာသော လူငယ်လေးကလည်း အလွန်ချမ်းသာပုံပေါ်သည်။ လူတိုင်းက သူတို့သာ အရှုံးပေါ်မည့်သူများ ဖြစ်သည့်အတွက် ချန်ဖန်းရှုက လျော်ကြေးပေးရလျှင်တောင် သိပ်များမည်မဟုတ်ဟု ထင်ကြ၏။

ကောက်ဦးထုပ် ရက်တတ်အောင်ပင် မသင်ရသေးသည့် အဖွဲ့ထဲမှ မိန်းကလေးအချို့က ချန်ဖန်းရှုထံ လာရောက်ကြပြီး စက်ရုံမှ အလုပ်သမားအရေအတွက်ကလည်း ရုတ်တရက် နှစ်ဆတိုးလာခဲ့သည်။

အလုပ်သမားများလာသည်နှင့်အမျှ ထုတ်လုပ်မှု ပမာဏကလည်း တိုးလာခဲ့သည်။ ချန်ဖန်းရှုက ပြည်နယ်မြို့တော်ကို ကုန်ပစ္စည်းတစ်သုတ် ထပ်ပို့ရန် စီစဉ်နေပြီး အနီးဆုံးမြို့နှစ်မြို့ကို သွားကာ မြို့ထဲမှ ဆိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးဖို့ စီစဉ်ခဲ့သည်။

ဒီတစ်ခေါက် ကုန်ပစ္စည်းပမာဏက အတော်လေးများပြီး ရထားနှင့်သွားရန် အဆင်မပြေသည့်အတွက် ကျန်းချီဟန်က သူမကို ကားမောင်းလိုက်ပို့မည်ဟု ကမ်းလှမ်းခဲ့သည်။ သူမ မထွက်ခွာခင် လုကောဖုက ရုတ်တရက် အပြေးအလွှား ရောက်လာပြီးပြောလိုက်၏။

"အစ်ကို၊ အိမ်ပြန်ပြီး ကျွန်တော်တို့အမေကို သွားကြည့်ပါဦး၊ သူနေမကောင်းဘူး။"

မစ္စလုက နေမကောင်းဘူးတဲ့လား။

လုကောပင်းနှင့် ချန်ဖန်းရှုတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့၏ မျက်နှာအမူအရာများကို ထိန်းလိုက်ကြသည်။။

"ဘာဖြစ်တာလဲ။"

လုကောဖုက လုကောပင်းထက် ခေါင်းတစ်ဝက်လောက် ပိုပုပြီး အရပ်ရှည်သည့် လုကောပင်း၏ ရှေ့တွင် အမြဲတမ်းလိုလို ပိန်လွန်းနေပုံပေါ်သည်။

သူက လုကောပင်း၏ အရှိန်အဝါကို နည်းနည်းလေး ပြင်းသည်ဟု ခံစားလိုက်ရသဖြင့် ထစ်ထစ်အအနှင့် ပြောလိုက်သည်။

"ကျွန်တော့်အမေ နှလုံးဖောက်သွားလို့ပါ။"

လုကောပင်းက အဘွားလုတွင် နှလုံးရောဂါရှိသည်ဟု တစ်ခါမှ မကြားဖူးသည့်အတွက် ဒီစကားကို ကြားတော့ မျက်မှောင်ကြုတ်သွားခဲ့၏။

လုကောဖုက အသံကျယ်ကျယ်နှင့် ရှင်းပြလိုက်သည်။

"မနှစ်က ကျွန်တော့် မရီး ပြောင်းသွားတုန်းက အမေ ရောဂါထပြီး ဆေးရုံ လဝက်လောက် တက်လိုက်ရတယ်။ မနေ့က နောက်တစ်ခါ ရောဂါထပြန်ပြီ၊ သူ့လက်တွေ၊ ခြေထောက်တွေက ခေါက်ဆွဲလို ပျော့ဖတ်နေတာပဲ။ ကျွန်တော်ကတော့ သူ အဆင်မပြေဘူးလို့ထင်တယ်။ ဒါကြောင့်၊ အဲ့ဒါကြောင့် အစ်ကို့ကို လာရှာတာပါ..."

လုကောပင်းက ပြန်ရောက်လာသော်လည်း လုမိသားစုထံ မပြန်ခဲ့ပေ။ လူအတော်များများက မျက်နှာချင်းဆိုင် မပြောကြပေမဲ့ စိတ်ထဲတွင်တော့ မကျေမနပ် ဖြစ်နေကြသည်။ အခု အဘွားလု နေမကောင်းဖြစ်နေတော့ သူသာ မပြန်ဘူးဆိုလျှင် မကောင်းသည့်ကိစ္စများ ဖြစ်လာလိမ့်မည်။

ချန်ဖန်းရှူက ဒီအမှန်တရားကို နားလည်ပြီး လုကောပင်း ဘာမှမပြောခင်မှာပဲ သူမက အရင်ပြောလိုက်၏။

"ကောပင်း၊ ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်။"

ဒါကိုမြင်တော့ ကျန်ချီဟန်က ကားသော့ကိုယူပြီး ပြောလိုက်၏။ "ကျွန်တော် မောင်းပို့ပေးမယ်။"

"မလိုပါဘူး။" လုကောပင်းက ခြံထဲပြန်ဝင်ပြီး ၂၆ လက်မ စက်ဘီးကို ထုတ်လိုက်သည်။

"မင်းမရီးကို ငါစက်ဘီးနဲ့ပဲ ပို့ပေးလိုက်မယ်။"

လုကောဖုက ဒီနေ့ ကားစီးပြီး ပျော်ပါးရမည်ဟု ထင်ထားခဲ့ပေမဲ့ ဒီစကားကို ကြားလိုက်ရတော့ အလွန်စိတ်ပျက်သွားခဲ့သည်။

ဒါပေမဲ့ လုကောပင်းက ပြောလိုက်သည့်ကိစ္စ ဖြစ်သဖြင့် သူက မဝံ့မရဲနှင့် အကြည့်လွှဲလိုက်ပြီး အလျင်အမြန် လိုက်သွားခဲ့သည်။

သူတို့အဖွဲ့က မကြာခင်မှာပဲ သာ့ဟွာတပ်မဟာကို ရောက်လာခဲ့သည်။ သူတို့ ဝင်သွားချိန်တွင် မစ္စလု၏ ဝေးလံသည့် ညီအစ်မဝမ်းကွဲ ဟယ်ချွိန်ဖန်နှင့် သူမ၏ သားလည်း ထိုနေရာတွင်ရှိနေခဲ့သည်။

အသက်ရှင်လျက်ရှိနေသည့် လုကောပင်းကို မြင်လိုက်ချိန်တွင် ဟယ်ချွိန်ဖန်က အလွန်စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။

"ကောပင်၊ မင်း အဆင်ပြေတယ်ဆိုလို့ ငါ အရမ်းဝမ်းသာတယ်!"

သူမက သူ တကယ်သေသွားပြီး သူ့ဝိညာဉ်က အဘွားလုကို လက်စားချေရန် ပြန်လာသည်ဟုပင် ထင်ခဲ့သည်။ သူမ အရမ်းကြောက်ခဲ့သောကြောင့် လုမိသားစုထံ နှစ်ဝက်လောက်အထိ မလာရဲခဲ့ပေ။

လုကောပင်းက ဟယ်ချွိန်ဖန်၏ ရုတ်တရက် ခင်မင်ရင်းနှီးမှုစွာပြောဆိုနေမှုကို မခံနိုင်ခဲ့ပေမဲ့ သူမကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီးမေးလိုက်၏။

"အမေ ဘယ်မှာလဲ။"

"အတွင်းထဲမှာ။"ဟယ်ချွိန်ဖန်က အလျင်အမြန် အထဲကိုလှမ်းခေါ်ပြီးပြောလိုက်၏။

"အစ်မ၊ ကောပင်း ပြန်ရောက်ပြီ။"

အဘွားလုက ခုတင်ပေါ်တွင် စောင်ခြုံပြီး လဲလျောင်းနေ၏။ သူမက မနှစ်ကထက် အများကြီး ပိန်သွားပြီး သူမ၏ မျက်နှာပေါ်မှ အရေးအကြောင်းများကလည်း ပိုပေါ်လာခဲ့ပြီဖြစ်သည်။ သို့သော် သူမ၏ နှုတ်ခမ်းများကတော့ ပုံမှန်အရောင်သာရှိပြီး ပြင်းထန်သည့် နှလုံးရောဂါဝေဒနာ ခံစားနေရသူတစ်ဦးကဲ့သို့ ခရမ်းရောင်နှုတ်ခမ်းများ မဟုတ်ခဲ့ပေ။

လုကောပင်းနှင့် ချန်ဖန်းရှု ဝင်လာသည်ကို မြင်သည့်အခါ သူမက သိသိသာသာ မပျော်မရွှင်ဖြစ်သွားပြီးပြောလိုက်၏။

"မင်းတို့မှာ အမေရှိသေးတယ်ဆိုတာ မင်းတို့ သိတုန်းပဲလား။"

ဒီစကားများက လုကောပင်းထက် ချန်ဖန်းရှုကို တမင်တကာ ပြောခြင်းဟု ပြောရင် ပိုမှန်လိမ့်မည်။

လုကောပင်းက ပြန်မဖြေဘဲ လုကောဖုကို လှည့်ပြီးမေးလိုက်၏။

"ဘာလို့ ဆေးရုံမပို့တာလဲ။"

"ဒါက..."

လုကောဖုက အဘွားလုကို ကြည့်ပြီး ရပ်နေခဲ့သည်။

မစ္စလုက မျက်လုံးလှန်ပြီး ပြောလိုက်၏။

"မင်းမိန်းမက အိမ်မှာရှိတဲ့ ပိုက်ဆံတွေ အကုန်ယူသွားတယ်။ ကောဖု တစ်ယောက်တည်းက မိသားစုငါးယောက်ကို ရှာကျွေးနေရတာ။ ငါတို့စားဖို့တောင် မနည်းရှာနေရတာ။ ဆေးရုံသွားတက်ဖို့ ပိုက်ဆံဘယ်ကရမှာလဲ။"

အရင်ကဆိုလျှင် မစ္စလုက မကြာခဏ စိတ်တိုတတ်ပြီး လုကောပင်းက သူမကို လိုက်လျောပေးခြင်း ဒါမှမဟုတ် ပိုက်ဆံနည်းနည်းပေးလိုက်လျှင် အဆင်ပြေသွားတတ်သည်။

သို့သော်လည်း ဒီနေ့တော့ ဒီစကားများက လုကောပင်း၏ နားထဲတွင် စိတ်မချမ်းသာစရာ ဖြစ်နေခဲ့သည်။

သူမကို ထပ်ပြီး လိုက်လျောပေးချင်စိတ် မရှိတော့ပေ။

အဘွားလုက သူမ မှားနေပြီဟု မထင်ဘဲ ဆက်ပြီး ညည်းတွားနေ၏။

"ငါ့လိုမျိုး ထိုင်စားနေတဲ့သူမျိုးက စောစောသေတာ ပိုကောင်းတယ်။ အထင်သေးခံရတာမျိုးလည်း မရှိတော့ဘူး..."

လုကောပင်း စိတ်မပျော်ဖြစ်နေသည်ကို မြင်တော့မှ ဟယ်ချွိန်ဖန်က သူမကို တွန်းပြီးပြောလိုက်၏။ "အစ်မ၊ တော်ပါတော့။ အစ်မကလည်း စိတ်ဆိုးနေပြန်ပြီ။"

ထိုအခါမှ မစ္စလုက သူမ စကားများမိသွားမှန်း သတိထားမိပြီး ရင်ဘတ်ကို အားလျော့သည့်ပုံစံဖြင့် ပြောလိုက်သည်။

ဟယ်ချွိန်ဖန်က အခြေအနေကို ပြေလည်အောင် လုပ်ပေးရန် ထွက်လာပြီးပြောလ်ိုက်၏။

"ကောပင်း၊ မင်းအမေရဲ့ စကားကြမ်းတာကို အပြစ်မတင်ပါနဲ့။ သူမက တကယ် ခက်ခဲတဲ့နှစ်တွေကို ဖြတ်သန်းခဲ့ရတာပါ။ မင်းဒုက္ခရောက်တုန်းက သူစိတ်ပူပြီး ဒေါသထွက်ခဲ့ရတယ်၊ ပြီးတော့..."

သူမက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

"မင်းအမေက မင်းတို့ညီအစ်ကိုနှစ်ယောက်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရတာ၊ သူ့ကျန်းမာရေးက အစကတည်းက မကောင်းဘူး။ ကောဖုရဲ့ မိန်းမက ကိုယ်ဝန်ရှိနေလို့ အလုပ်မလုပ်နိုင်ဘူး၊ မိသားစုကလည်း အဆင်မပြေဖြစ်နေတာ၊ ဆေးကုဖို့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ။"

လူအတော်များများက တစ်ခွန်းစ နှစ်ခွန်းစနှင့် ပိုက်ဆံအကြောင်း ပြောနေကြတော့ ချန်ဖန်းရှုက ဘာဖြစ်နေသည်ကို နောက်ဆုံး၌ နားလည်သွားခဲ့သည်။

အဘွားကြီးတွင် တကယ်တမ်းတော့ ပြဿနာကြီးကြီးမားမား ရှိပုံမပေါ်ပေ။ သူမကိုသာ သွယ်ဝိုက်ပြီး ဆူပူနေသလိုပင်။ သူတို့က လုကောပင်းကို အခုလို အမြန်ပြန်ခေါ်သည်မှာ သူချမ်းသာသွားပြီဟု ကြားသဖြင့် ပိုက်ဆံတောင်းလိုခြင်း ဖြစ်နိုင်သည်။

သူ့မိန်းမကတော့ မိဘအိမ်မှာ ချမ်းသာနေပြီး သူ့အမေကတော့ ဆေးကုဖို့တောင် ပိုက်ဆံမရှိဘဲ ဆင်းဆင်းရဲရဲဖြစ်နေပြီ။ ကောပင်းက အရမ်း သိတတ်သူ မဟုတ်ဆိုလျှင်တောင် ဘယ်လို ယောက်ျားကမှ ဒီလိုအရာမျိုးကို သည်းခံနိုင်မည် မဟုတ်ပေ။

ချန်ဖန်းရှုက မျက်လွှာချထားကာ လုကောပင်း ဘယ်လို ဖြေရှင်းမည်ကိုသာ စောင့်ကြည့်နေခဲ့သည်။

မထင်မှတ်ထားဘဲ လုကောပင်းက ဒါကို ကြားသည်နှင့် ပြောလိုက်၏။

"ငွေ လိုချင်နေတာလား။"

မစ္စလုက ဆို့နင့်သွား၏။

"ငါ သိနေတယ်..."

" ပိုက်ဆံလိုချင်လား၊ မလိုချင်ဘူးလားဆိုတာပဲ ပြောပါ!"

လုကောပင်းက သူမစကားကို ဖြတ်ပြောလိုက်သည်။

"မလိုချင်ဘူးဆိုရင် ကျွန်တော် အခုပဲ သွားတော့မယ်။"

သူကပြောရင်း လှည့်ထွက်သွားဟန်ဆောင်လိုက်သောကြောင့် မစ္စလုက ဒေါသထွက်ပြီး အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။

"မင်း၊ မင်း! ငါက မင်းကို မွေးပေးခဲ့တယ်၊ ကျွေးမွေးခဲ့တယ်၊ ပညာရေးအတွက်လည်း ပိုက်ဆံတွေ အကုန်အကျခံခဲ့တယ်။ ပိုက်ဆံနည်းနည်းလောက် တောင်းတာက ဘာများ မှားနေလို့လဲ? လူတွေက သားသမီးတွေကို အိုမင်းတဲ့အခါ ပြုစုဖို့ မွေးကြတာ။ ငါ ဘယ်ဘဝက ဘာအကုသိုလ်တွေ လုပ်ခဲ့လို့ မင်းလိုမျိုး ကျေးဇူးမသိတတ်တဲ့သားကို မွေးခဲ့ရတာလဲ!"

အခြေအနေက မကောင်းတော့မှန်းသိတော့ ဟယ်ချွိန်ဖန်က ကြားဝင်ဖျန်ဖြေပေးရန် ထွက်လာပြီး ပြောလိုက်၏။

"အားလုံးက မိသားစုတွေပဲ၊ ပြောစရာရှိရင် ကောင်းကောင်းမွန်မွန် ပြောကြပါ။ ကောပင်းက စစ်တပ်မှာလည်း အလုပ်ကောင်းရှိခဲ့တာပဲ၊ ဖန်းရှုကလည်း အခု စက်ရုံဒါရိုက်တာဖြစ်နေပြီ။ ဒီအကြောင်းတွေသာ ပြန့်သွားရင် ရှက်စရာကောင်းလိမ့်မယ်..."

သူမ စကားမဆုံးခင်မှာပဲ လုကောပင်းက သူမကို တစ်ချက်ကြည့်လိုက်၏။

ထိုအကြည့်က အရမ်းကိုလေးနက်ပြီး လှောင်ပြောင်မှုများ ပါနေသဖြင့် သူမ ချက်ချင်းပါးစပ်ပိတ်သွားခဲ့၏။

ပြီးတော့မှ လုကောပင်းက အဘွားလုကို ကြည့်ပြီးပြောလိုက်၏။

"အမေက ကျွန်တော့်ဆီကနေ ပိုက်ဆံတွေ တွက်ချင်နေတာလား? ကောင်းပြီ။ ပထမဆုံးအနေနဲ့ ဖန်းရှုရဲ့ အသက်က ဘယ်လောက်တန်လဲဆိုတာ တွက်ရအောင်။ ရှောင်ဟွေ့နဲ့ ထောင်ထောင်တို့က ဘယ်လောက်တန်လဲ။ ပြီးတော့..."

မစ္စလု၏ ဒေါသထွက်နေသည့်မျက်နှာကိုကြည့်ရင်း သူက တစ်လုံးချင်းစီ ပြောလိုက်၏။

"ကျွန်တော့်ရဲ့ ဘိုးဘွားအမွေအဖြစ်ရတဲ့ သက်ရှည်သော့ကရော ဘယ်လောက်တန်လဲ။"

ဟယ်ချွိန်ဖန်က လုမိသားစုတွင် သက်ရှည်သော့ ရှိသည်ဆိုသည်က်ို သိထားသည်။ လုချန်း မွေးဖွားချိန်က ဝတ်ထားသည်ကို သူမ မြင်ဖူးခဲ့သည်။

ထိုသက်ရှည်သော့က ငွေနှင့်လုပ်ထားသော်လည်း ထွင်းထားသည့်ပုံစံများက အလွန်လှပပြီး အဖိုးတန်သည့် ကျောက်မျက်ရတနာများလည်း အများအပြားပါဝင်၏။ ထိုအချိန်တုန်းက လုနှင့်ရယ်မိသားစု၏ ဘိုးဘွားများသည် ဆင်းရဲသည့် တောင်သူလယ်သမားများဖြစ်သည့်အတွက် ဒီလိုပစ္စည်းကောင်းမျိုးကို ဘယ်ကရခဲ့သည်ဆိုသည်ကိုတော့ သူမ စဉ်းစားမိသေးသည်။

သို့သော်လည်း ချန်ဖန်းရှုက လုဟွေ့နှင့် လုထောင်ကို မွေးပြီးနောက်ပိုင်းမှာတော့ အဘွားလုက ထိုအရာကို ပြန်မထုတ်လာတော့ပေ။ ထိုပစ္စည်းက အရမ်းတန်ဖိုးရှိသည့်အတွက် လူအာရုံစိုက်မည်ကိုကြောက်လို့လား၊ ဒါမှမဟုတ် သူမက ပုံမှန်လိုပဲ ဘက်လိုက်ပြီး သူမ၏သားအကြီးဆုံးမိသားစုကို မကြိုက်လို့လားဆိုသည်ကိုတော့ မသိနိုင်ပေ။

လုကောပင်းက သက်ရှည်သော့အကြောင်း ပြောလိုက်ချိန်တွင် သူ့စကားထဲ၌ ပိုပြီးနက်ရှိုင်းသည့်အဓိပ္ပာယ်များ ပါနေသလိုပင်။ သူမက ခေါင်းလှည့်ပြီး အဘွားလုကို ကြည့်လိုက်သည်။

မစ္စလု၏ မျက်နှာက ချက်ချင်းအရောင်ပြောင်းသွားပြီးပြောလိုက်၏။

"မင်း ဘာသိထားလို့လဲ။"

သူမ၏အသံ တိုးသွားမှန်း သိလိုက်တော့ သူမက စောင်ကို ရိုက်လိုက်ပြီး ပြောလိုက်၏။

"လုကောပင်း၊ မင်း ဘယ်သူ့ရဲ့ ကောလာဟလတွေကို နားထောင်လာတာလဲ။ ချန်ဖန်းရှုလား။ မင်းတို့၊ မင်းတို့ ငါ့ကို စိတ်တိုပြီး သေစေချင်နေကြတာလား။"

ဘာကြောင့်မှန်းမသိသော်လည်း ဟယ်ချွိန်ဖန်က အဘွားလု၏ အော်ဟစ်သံတွင် ဒေါသစိတ်ထက် အပြစ်ရှိစိတ်ကိုသာ ပိုခံစားရနေရသလိုပင်။

သူမက ခဏတွေဝေသွားပြီး တိတ်တဆိတ် ဘေးကိုဆုတ်လိုက်ကာ ဝင်မပါတော့ပေ။

သို့သော် လုကောဖုကတော့ ဒီလောက် သတိမထားမိတော့ပေ။

"ကျွန်တော်တို့ အမေက ဘာဖြစ်လို့လဲ။ အခုထိ သူမကို စိတ်ဆိုးနေတုန်းပဲလား။ နည်းနည်းလောက် လျှော့ပြောလို့မရဘူးလား။"

အဘွားလုက ညီအစ်ကိုများအပေါ် ဘက်လိုက်သည့်အတွက် ငယ်စဉ်ကတည်းက သူတို့ကြားတွင် ပဋိပက္ခတစ်ခုခုဖြစ်တိုင်း နောက်ဆုံးတွင် အမြဲတမ်း လုကောပင်း၏အမှားသာ ဖြစ်သွားခဲ့သည်။

အဘွားလုရှေ့တွင်ရှိချိန်တိုင်း လုကောဖုက အမြဲတမ်း ခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်။ လုကောပင်း၏ ဒေါသကို ရပ်တန့်နိုင်မည့်နည်းကိုလည်း သူသိပြီး သူ့အမေက ညီအစ်ကိုနှစ်ယောက်ကို ပျိုးထောင်ခဲ့ရသည်မှာ ဘယ်လောက်ခက်ခဲသည့်အကြောင်း ပြန်ပြောပြရန် စကားစလိုက်သည်။

အရင်ကဆိုလျှင် ဒီလှည့်ကွက်က အမြဲအလုပ်ဖြစ်သည်။

သေချာပေါက် လုကောပင်းက ဒီစကားကို ကြားသည်နှင့် အသံတိတ်သွားပြီး ပြောလိုက်၏။

"ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရတာက မလွယ်ပါဘူး။"

လုကောဖုက စိတ်သက်သာရာရသွား၏။

"အတိတ်အကြောင်း ပြန်မပြောရအောင်။ အမေ့ရဲ့ ကျန်းမာရေးက ပို အရေးကြီး..."

သူက စိတ်ခံစားမှုကို အရင်ခြယ်လှယ်ရန်လုပ်ပြီးမှ လုကောပင်းကို လစာ ဆက်ပို့ပေးရန် တောင်းဆိုချင်လိုခြင်းဖြစ်သည်။

မထင်မှတ်ထားဘဲ လုကောပင်းက ရုတ်တရက် စကားလမ်းကြောင်းပြောင်းပြီး မစ္စလုကို မေးလိုက်၏။

"ကျန်းအိမ်တော်က ဒုတိယသမီးငယ်ကို မှတ်မိသေးလား။ သူမရဲ့သားကို အိမ်က ကလေးထိန်းက ခိုးသွားခဲ့တာ။ သူတို့က အနှစ် ၃၀ ကျော်ကြာ ရှာခဲ့ရတာ။ မလွယ်ကူပါဘူး။"

ဒီစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် မစ္စလု၏ မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွား၏။

အနှစ်သုံးဆယ်ကျော်လောက်က သူမ၏သားအကြီးဆုံးဖြစ်သူသည် မွေးပြီးမကြာခင်မှာပင် ဆုံးသွားခဲ့၏။

ထိုအချိန်တွင် ကျန်းမိသားစုမှ ဒုတိယသမီးက ကလေးမွေးပြီး နို့မထွက်သဖြင့် သူမ၏ ဒုတိယသားအတွက် နို့ထိန်းရှာရန် ပြင်ဆင်ခဲ့၏။ သူမ၏မိသားစုက ဆင်းရဲသဖြင့် ရွာသားတစ်ယောက်က သူမကို ကလေးထိန်းအလုပ် ရှာပေးခဲ့ပြီး မွေးကင်းစသခင်ငယ်လေးကို ပြုစုစောင့်ရှောက်ခိုင်းခဲ့သည်။

ကျန်းမိသားစုက ပိုက်ဆံကောင်းကောင်းပေးသလို အစားအသောက်လည်း ကောင်းကောင်းကျွေးသဖြင့် သူမက ထိုအချိန်များတွင် တကယ်ကို ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရသည်။

သို့သော်လည်း ထိုကာလများသည် ရှုပ်ထွေးသည့်ကာလများဖြစ်ပြီး အချိန်ကောင်းများက သိပ်မကြာလိုက်ဘဲ စစ်ဖြစ်သွားတော့သည်။

သူမက ကြောက်ရွံ့ပြီး ကျန်းမိသားစု၏ ဘဏ္ဍာရေးတစ်စိတ်တစ်ပိုင်းကို အလွဲသုံးစားလုပ်ကာ လျှို့ဝှက်စွာထွက်ပြေးခဲ့သလို ကျန်းမိသားစုမှ သခင်လေးကိုလည်း ခေါ်သွားခဲ့သည်။

သူမကို ပြန်ရှာတွေ့သွားလျှင်လည်း စစ်ဖြစ်တော့မည်ဟု ကြားသဖြင့် သခင်လေးအတွက် စိုးရိမ်သောကြောင့် ကလေးကို ခေါ်ပြီး ကျေးလက်ကို ပုန်းအောင်းရန် ထွက်ပြေးခဲ့သည်ဟု ပြောလို့ရသည်ဟု သူမထင်ခဲ့ခြင်းဖြစ်သည်။ စစ်မဖြစ်လျှင်လည်း ကလေးကို ပြန်ခေါ်သွားပြီး ကောင်းကောင်းမွန်မွန် ဆက်နေလို့ရသည်။

သူမ၏ လက်ထဲတွင် ကလေးကို တစ်နှစ်ကျော်ကြာ ခေါ်ထားခဲ့သည့်အတွက် လူတိုင်းက သူမ၏သားဟု ထင်နေကြပြီး သူမက ပစ်ချင်လျှင်တောင် မပစ်ရက်တော့ပေ။

သို့သော်လည်း ဆုံးပါးသွားသည့် သူမ၏ ခင်ပွန်းအပြင် သူမ၏ မိသားစုထဲမှ ဘယ်သူကမှ ဒီအကြောင်းအရာများကို သိပ်မသိကြပေ။ လုကောပင်းက ဘယ်လိုသိသွားတာလဲ။

ကန်ချန်းမှ အဖြစ်အပျက်ဖြစ်ပြီးနောက်မှသာ လုကောပင်းက ကျန်းမိသားနှင့် တွေ့ဆုံပြီး သူ့ဘဝအကြောင်းကို သိခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်တွင် သူက အတိတ်မေ့နေသဖြင့် အများကြီး မခံစားခဲ့ရပေ။ မှတ်ဉာဏ် ပြန်ရလာတော့ မစ္စလုထံမှ ဖြေရှင်းချက်ကို ကြားချင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမက စစ်ပွဲကာလတွင်တောင် သူ့ကို မစွန့်ပစ်ဘဲ မွေးထားခဲ့သည် မဟုတ်လား။

မထင်ထားဘဲ သူခရိုင်မြို့တော်မှ ပြန်လာတော့ မြင်လိုက်ရသည်မှာ ဖုန်ထူသော အိမ်အလွတ်တစ်လုံးသာဖြစ်နေသည်။

All Chapters