← Chapters

Chapter 70

Vol. 6 Ch. 70

Chapter 70

Vol. 6 Ch. 70

နောက်နေ့မှာတော့ သူမက မူကြိုကျောင်းကို အဝတ်အစား အသစ်များ ဝတ်သွားပြီး နတ်သမီးလေးတစ်ပါးနှယ် တောက်ပစွာ သွားခဲ့သည်။

သူမ၏ အတောင်ပံလေးများကို လူတိုင်း မြန်မြန်သတိထားမိအောင် သူမက ကျောင်းလွယ်အိတ်ကို မလွယ်ဘဲ ရင်ခွင်ထဲ ထည့်ထားခဲ့သည်။

သူမ၏ ဆွဲဆောင်မှုကြောင့် ကျောင်းသို့ပင် မရောက်သေးဘဲ ကလေးငယ်တစ်အုပ်က သူမနောက်ကို လိုက်လာကြသည်။

"အမေ သမီးလည်း လိုချင်တယ်။"

"ထောင်ထောင် လိုမျိုး ဝတ်ချင်တယ်။"

အခြားသော ကလေးများထံမှ စကားအစုံထွက်လာတော့၏။ အချို့ကလေးများက တံခါးကိုဖက်ကာ ငိုနေကြ၏။

"အထဲမဝင်ချင်ဘူး၊ အင်္ကျီအသစ် လိုချင်တယ်။"

လုထောင်က အံ့သြသွားပြီး အဝတ်ပဲ လဲပစ်ရမလား အတောင်ပံပဲ ချွတ်ပစ်ရမလား တွေးနေ၏။

ဒါကြောင့် ချန်ဖန်းရှူကလည်း အားနာသွားပြီး သူမကို လွယ်အိတ်အမြန် လွယ်ပေးလိုက်၏။

ကဗျာရွတ်ဆိုနေကြပြီဖြစ်သည့်အတွက် စိတ်သက်သာရာရခါနီးဆဲဆဲတွင် လင်သို့သို့က ခြေတစ်လှမ်းချင်းစီ တိုးကပ်လာပြီး ရှက်နေသည့်ပုံစံဖြင့် သူမ၏ အင်္ကျီစကို ကိုင်ရင်းမေးလိုက်၏။

"အဒေါ်၊ ထောင်ထောင်က ဒီအင်္ကျီကို ဘယ်မှာဝယ်တာလဲ။"

ကျန်းယွီကျီကလည်း ဒီချည်သားအင်္ကျီလေးကို လှသည်ဟု ထင်မိသည်။

ချန်ဖန်းရှူက ခရိုင်မြို့တွင် အလုပ်မလုပ်ဘူးဟု ငြင်းခဲ့တုန်းက သူမ နည်းနည်းစိတ်ရှုပ်ထွေးခဲ့သည်။ သို့သော် လုကောပင်း ကလေးများကို လာကြိုသည်ကိုတွေ့ရတော့မှ ချန်ဖန်းရှူ ခရိုင်မြို့တွင် စက်ရုံထောင်ထားသည်ဟုလို့ ကြားလိုက်ရပြီး သူမအတွက် အလုပ်မရှားဘူးဆိုသည်ကို သဘောပေါက်သွားခဲ့သည်။

ကျန်းယွီကျီက ဒီလိုမျိုး ရဲရဲဝံ့ဝံ့ တွေးခေါ်လုပ်ကိုင်တတ်သည့် အမျိုးသမီးရဲဘော်ကို ချီးကျူးပြီး ချန်ဖန်းရှူနှင့် အရင်ကထက် ပို၍ရင်းနှီးသွားတော့သည်။

လင်သို့သို့ လုထောင်ကို မနာလိုသည့်အကြည့်နှင့် ကြည့်နေသည်ကိုတွေ့တော့ သူမလည်း နည်းနည်း စိတ်ဝင်စားသွားပြီး ချန်ဖန်းရှူကို မေးလိုက်၏။

"ရှင်တို့ စက်ရုံက ဒီအင်္ကျီကိုချုပ်တာလား။ ဟုတ်တယ်ဆိုရင် သို့သို့နဲ့သူ့အစ်ကိုအတွက် နှစ်ထည်လောက် ဝယ်ချင်လို့ပါ။"

ချန်ဖန်းရှူက ထိုအဝတ်အစားများကို သူမ သမီးပျော်ရန်သာ ချုပ်ခဲ့ခြင်းဖြစ်ပြီး ရောင်းရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ဒီကလေးများ၏ တုံ့ပြန်မှုတွေကို မြင်တော့ သူမက အတွေးတစ်ခုရသွားပြီး ကျန်းယွီကျီကို လိုချင်သည့်ဆိုဒ်နှင့် အရောင်ကို မေးလိုက်၏။ မေးပြီးနောက် စက်ရုံကို ပြန်သွားပြီး အထည်များကို ရေတွက်လိုက်သည်။ ခေတ်စားနေတုန်းမှာ အစမ်းအနေနဲ့ ခရိုင်မြို့တွင် နည်းနည်းချုပ်ပြီး ရောင်းရန် စီစဉ်လိုက်သည်။

မွန်းလွဲပိုင်းတွင် လုထောင်ကို ကျောင်းသွားကြိုတော့ ထင်သည့်အတိုင်းပဲ အမှာနှစ်ခု ထပ်ရလာခဲ့၏။

လုထောင်က သူမကို တိုက်တွန်းလိုက်၏။

"အမေ၊ မြန်မြန်လုပ်၊ မူကြိုကျောင်းကို သွားရအောင်။"

"ဘာလို့ တခြားကျောင်းကို သွားရမှာလဲ။"

"ထောင်ထောင်ရဲ့ အဝတ်အစားအသစ်တွေကို တခြားကလေးတွေ မြင်ရအောင်လို့လေ။ အမေ၊ မြန်မြန်သွားရအောင်။ နောက်ကျသွားရင် လူတွေပြန်သွားလိမ့်မယ်။"

ချန်ဖန်းရှူ – "...ဒါက ဘယ်သူ့ဆီက သင်လာတာလဲ။"

"ဒါက မျိုးရိုးလိုက်တာလေ။ ကျွန်တော်တို့ ကျန်းမိသားစုက စီးပွားရေးမှာတော်ကြတယ်။"

ကျန်းချီဟန်က ပြုံးပြီးပြောလိုက်၏။

"မရီး မသိပါဘူး၊ ဟောင်ကောင်မှာဆို ဒါကို မော်ဒယ်လို့ခေါ်တယ်။ ထောင်ထောင်လို ချစ်စရာကောင်းတဲ့ မော်ဒယ်လေးတွေက မလုပ်နိုင်တော့တဲ့အထိ ကြော်ငြာတွေ ရိုက်ရတယ်။"

လုထောင်က ဒါကိုကြားတော့ မျက်လုံးပြူးသွားပြီး မေးလိုက်၏။

"တကယ်? တကယ်လား။"

"တကယ်ပေါ့ ကလေးသရုပ်ဆောင်ဖြစ်သွားပြီး ရုပ်ရှင်တွေမှာတောင် ပါလို့ရနိုင်တယ်။"

ရုပ်ရှင် ရိုက်ရမယ်...

လုထောင်က သူမအရင်က ကြည့်ဖူးသည့် ပြင်ပရုပ်ရှင်များကို သတိရလိုက်သည်။ ကာတွန်းများလောက် မကောင်းပေမဲ့ သူမအတင်းအကျပ်တော့ ကြိုးစားကြည့်ရန် လက်ခံနိုင်သေးသည်။

ဒါကြောင့် သံမဏိစက်ရုံအခြေစိုက် မူကြိုကျောင်းသို့ရောက်ချိန်တွင် ကားပေါ်မှဆင်းတော့ သူမ၏မျက်နှာတွင် ယုံကြည်မှုအပြည့်နှင့် နာမည်ကြီးတစ်ယောက် ကားပေါ်မှဆင်းပြီး ကော်ဇောနီအပေါ် လမ်းလျှောက်နေသလိုမျိုးပင်။

ရလဒ်များကလည်း ကျေနပ်စရာပင်။

ခရိုင်မူကြိုကျောင်း နောက်ထပ်တစ်ခုမှ နောက်ထပ်အခြားတစ်ခုအထိ

"လိုချင်တယ်"၊ "အရမ်းလိုချင်တယ်" ဆိုသည့်အသံများနှင့် ပြည့်နှက်နေပြီး သူမ၏ အကြံအစည် အောင်နိုင်ခဲ့ပြန်ပါတယ်။

ကောင်းသည်ဆိုသော အထောက်အထား မရှိသော်လည်း လုထောင်က ချက်ချင်းဆိုသလို အာရုံစိုက်ခံရသူဖြစ်လာပြီး အရွယ်ရောက်ပြီးသူများနှင့် ကလေးငယ်များစွာ၏ စကားပြောဆိုခြင်းကို ခံခဲ့ရသည်။ ချန်ဖန်းရှုကတော့ သူမသမီးကို တစ်စုံတစ်ယောက်က လုယူသွားမည်ကို ကြောက်သဖြင့် ကားပေါ်သို့ အမြန်တင်လိုက်သည်။

ဒါကိုကြည့်ခြင်းအားဖြင့် နောက်ထပ်ကျောင်းတစ်ကျောင်းကို မသွားနိုင်တော့ပေ။

လုထောင်က အနည်းငယ် စိတ်မပျော်တော့ပေ။ လုဟွေ့က ဒါကိုတွေ့တော့ သူမလည်း သူ့လိုပဲ စိုးရိမ်နေသည်ဟု ထင်လိုက်၏။

လူကြီးများ သတိမထားမိခင်မှာပဲ သူက ညီမလေးကို တိုးတိုးလေးပြောလိုက်၏။

"မင်းလည်း အဲဒါကို သိလား။"

လုထောင်၏ မျက်တောင်များက ပန်ကာငယ်လေးလို လှုပ်ခတ်နေပြီး မေးလိုက်၏။

"ဘာကိုလဲ။"

"အဲဒါက... အဲဒါက ငါတို့အဖေက ငါတို့အဘွားရဲ့ သားအရင်းမဟုတ်ဘူးဆိုတာ မင်းသိလား"

"ဒါလား၊ ထောင်ထောင်က အရင်တည်းက သိပြီးသား။"

'အရင်ကတည်းက သိခဲ့တာလား?' လုဟွေ့က အံ့အားသင့်သွားပြီးမေးလိုက်၏။

"ဘယ်တုန်းက သိတာလဲ။"

"မနှစ်က။"

ဒီတစ်ခါတော့ လုဟွေ့က ပိုပြီး အံ့သြသွား၏။

သူက ဒီလို အံ့သြစရာလျှို့ဝှက်ချက်ကို လုံးဝ မသိထားပေ။ ထောင်ထောင် စားဖို့သာ သိပြီး နေ့တိုင်း စားနေခဲ့သည်ကို ဒါကို ဘယ်လိုသိခဲ့တာလဲ။

လုထောင်က သူမအဖေသည် အဘိုးနှင့် အဘွား မွေးထားသူမဟုတ်ဟု တွေးခဲ့မိသည်။

သို့သော် သူမအဖေ၏ သူမက်ိုပေးသော တာဝန်အသစ်က ခက်လွန်းသည်။ သူမက နည်းနည်းလေးသာ ပြီးသေး၏။

လုထောင်က မျက်လုံးဝိုင်းလေးများဖြင့် လှည့်ပတ်ကြည့်နေပြီး ရုတ်တရက် ချန်ဖန်ရှုကို ရှာရန် ပြေးသွားလိုက်၏။

"အမေ၊ အစ်ကို့အတွက် ထောင်ထောင်လိုမျိုး ဝတ်စုံအသစ်လေး ချုပ်ပေးပါဦး။"

လုဟွေ့ကတော့ အံ့သြတုန်လှုပ်နေဆဲပင်။ ဒီစကားကို ကြားလိုက်ရတော့ ခဏတာ မှင်တက်သွားပြီးမှ ရင်ထဲနက်ရှိုင်းစွာ ခံစားလိုက်ရ၏။

အဘွားက သူ၏ အဘွားအရင်းမဟုတ်သော်လည်း သူ့မိဘများနှင့် ညီမလေးကတော့ သူ၏ သွေးဖြစ်၏။

သူက သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ရင်ဆိုင်ပြီး ဟန်ဆောင်ကာ ငြင်းရန် ကြိုးစားခဲ့သော်လည်း လုထောင်ကတော့ ပျော်ပျော်ရွှင်ရွှင် ပြန်ရောက်လာခဲ့သည်။

"အစ်ကိုလည်း အဝတ်အသစ် ဝတ်ပြီး ကျောင်းတွေအများကြီး သွားရမယ်နော်။ အစ်ကိုရောင်းတာက ထောင်ထောင် ရောင်းတာပဲ။"

လုဟွေ့ - "..."

တောင်းပန်ပါတယ်၊ ငါ အတွေးလွန်သွားတယ်။

ချန်ဖန်းရှူက လက်မြန်၏။ နှစ်ရက်အတွင်းမှာပဲ လုထောင်နှင့် ပုံစံတူ အဝတ်အထည်များ အများကြီး ထုတ်လုပ်လိုက်သည်။

သူမက မစ္စရွှီနှင့် ကျန်းယွီကျီတို့ မှာထားသည့် ပစ္စည်းများကို အရင် ပို့ပေးပြီး ကျန်သည့်အရာများကို ခရိုင်ကုန်တိုက်သို့ ယူသွားခဲ့သည်။

ရှို့ချွေခရိုင်သည် ခရိုင်မြို့တော်လောက် မစည်ကားသလို စားသုံးမှုအဆင့်ကလည်း နိမ့်ပြီး အဆင်သင့်ချုပ်ပြီးသား အဝတ်အစားများက သိပ်ခေတ်မစားပေ။

ဆိုင်မန်နေဂျာက ချန်ဖန်းရှုက သူတို့နှင့် ကုန်ပစ္စည်းထောက်ပံ့မှုအကြောင်း ဆွေးနွေးချင်သည်ဆိုသည်ကို ကြားတော့ ဒုတိယအကြိမ် စဉ်းစားမနေဘဲ ငြင်းလိုက်၏။

ချန်ဖန်းရှုက ဝတ်စုံကို ဖွင့်ပြီး ကျောဘက်ကို လှည့်ပြလိုက်၏။

"အရင်ဆုံး ပုံစံကို ကြည့်လိုက်ပါဦး၊ ပြီးမှ ဆုံးဖြတ်လို့ရပါတယ်။"

မန်နေဂျာက အဝတ်အစားများအားလုံးကို ရောင်းကုန်လုနီးပါး ဖြစ်နေပြီသော်လည်း အရောင်းရပ်လိုက်၏။

"ဒီအတောင်ပံပါတဲ့ ဝတ်စုံက မင်းတို့ စက်ရုံက ထုတ်တာလား။"

သူ၏ မြေးလေးက လွန်ခဲ့သည့် နှစ်ရက်တည်းက ဒီကိစ္စကြောင့် ပြဿနာရှာနေပြီး သူလည်း ကောင်းကောင်း မအိပ်ရ မစားရဖြစ်နေခဲ့ရသည်။

သို့သော် သူက ကုန်တိုက်မန်နေဂျာဖြစ်၏။ ကုန်တိုက်တွင် ဤသို့သော အဝတ်အထည်မျိုးရှိလျှင် သူမသိဘဲ နေမည် မဟုတ်ပေ။

ခရိုင်မြို့ကုန်တိုက်တွင် မရှိသည်သာမက မြို့ပေါ်တွင်လည်းမရှိနိုင်ဆိုသည်ကို သူသိထားသလို ထိုဝတ်စုံ ဘယ်ကရလာသည်ကိုတော့ သူမသိပေ။

တစ်ယောက်ယောက်က ဒီအဝတ်အစားများကို ခရိုင်ကုန်တိုက်သို့ လာရောင်းပြီး ရောင်းသူကလည်း နာမည်ပင်မကြားဖူးသော စက်ရုံလေးတစ်ရုံမှ ဖြစ်နေမည်ဟုတော့ သူ လုံးဝ ထင်မထားခဲ့ပေ။

မန်နေဂျာက အံ့အားသင့်သွားသော်လည်း မျက်နှာတည်တည်ထားပြီး အကျင့်အရ ဈေးဆစ်ရန် ကြိုးစားခဲ့၏။

စကားမပြောခင်မှာ ကလေးတစ်ယောက်က သူ့မိဘများကို ဆွဲခေါ်လာပြီး ပြောလိုက်၏။

"ဒါပဲ! ဒါ သမီးတွေ့တဲ့ဟာပဲ! ဆိုင်မှာ ဒါမျိုးမရောင်းဘူးလို့ ပြောခဲ့တယ်မလား။ သမီးကို လိမ်တာပဲ!"

ကလေးချီထားသည့် အဘွားကြီးက လာကြည့်ပြီး အဝတ်များကို ကိုင်ထားသည့် ချန်ဖန်းရှုကိုမေးလိုက်၏။

"ဒီအဝတ်တွေကို ဘယ်လောက်နဲ့ရောင်းတာလဲ။"

မန်နေဂျာက ဒါကို မြင်တော့ ချန်ဖန်းရှုက သူတို့နှင့် မပူးပေါင်းတော့ဘဲ အခြားနေရာများတွင် ဆိုင်ထောင်သွားမည်ကို ကြောက်သွား၏။ ဈေးဆစ်ရမည်ကို ဂရုမစိုက်တော့ဘဲ အဘွားကြီးကို ဒီအရာအားလုံးက ဆိုင်၏ပစ္စည်းအသစ်များဟု အမြန်ပြောလိုက်ပြီး ချန်ဖန်းရှုကို သူ့ရုံးခန်းသို့ ခေါ်သွားလိုက်၏။

နောက်နေ့ လုထောင် ကျောင်းသွားတော့ တောင်ပံငယ်လေးများနှင့် ကလေးများ ပိုများနေသည်မှာ သိသာ၏။

အာ့ဝူလင်က ဒါကိုမြင်တော့ပြောလိုက်၏။

[Host၊ မင်း ပစ္စည်းရောင်းတဲ့အစွမ်းအဆက တကယ်ကိုတော်တယ်။ ဒါပေမဲ့ နှစ်သုံးဆယ်စောပြီး မွေးလာတာ နှမြောစရာပဲ။ မဟုတ်ရင် တိုက်ရိုက်ထုတ်လွှင့်ပြီး အခုလို ရာချီရောင်းရုံတင်မကဘဲ တစ်သောင်းကျော်ကိုတောင် တစ်မိနစ်အတွင်း ရောင်းရမှာ]

သူက လုထောင်ကို ချီးကျူးလေ့သိပ်မရှိပေ။

ချန်ဖန်းရှုက အဝတ်များ ဒီလောက်ထိ ရောင်းကောင်းမည်ဟု မမျှော်လင့်ထားပေ။ စဉ်းစားပြီးတော့မှ လုထောင်ကို ဓာတ်ပုံစတူဒီယိုသို့ခေါ်သွားပြီး ဓာတ်ပုံနှစ်ပုံရိုက်လိုက်၏။

နောက်တစ်ခေါက် ခရ်ိုင်မြို့တော်သို့သွားသည့်အခါ ဓာတ်ပုံများကို ယူသွားနိုင်သည်။ ဒီလိုဆိုလျှင် ချန်ဖန်းရှုက အမျိုးသမီးဝတ်များအပြင် ကလေးဝတ်များကိုပါ လုပ်ကြည့်လို့ရ၏။

ဓာတ်ပုံစတူဒီယိုမှ ထွက်လာပြီးနောက် ချန်ဖန်းရှုက လမ်းဘေးမှ စတော်ဘယ်ရီ လတ်လတ်ဆတ်ဆတ် အနည်းငယ်ဝယ်ပြီး နဖူးတွင် အနီရောင်အစက်လေးရှိသည့် လုထောင်ကို ခေါ်ကာ စက်ရုံသို့ ပြန်လာခဲ့သည်။

မမျှော်လင့်ထားဘဲ တံခါးကဝင်ဝင်ချင်း အထည်ချုပ်ဌာနမှ အမျိုးသမီးဝန်ထမ်းတစ်ယောက်က ရုံးခန်းထဲတွင် သူ့ကို လာရှာပြီး ပြောခဲ့၏။

"အလုပ်မရှုပ်ဘူးဆိုရင် ဂိုဒေါင်ကို လာကြည့်ပါဦး။ ဒီတစ်သုတ် အထည်တွေက တစ်ခုခုမှားနေပုံရတယ်။"

ချန်ဖန်းရှူက ဒါကို ကြားတော့ ချက်ချင်း မျက်နှာပြောင်းသွားပြီးပြောလိုက်၏။

"ချက်ချင်း လာခဲ့မယ်။"

ဂိုဒေါင်ကိုရောက်တော့ အထည်များက တကယ်ကို တစ်ခုခုမှားနေသလိုပင်။

အားလုံးတွင် ပြဿနာရှိနေသည်တော့ မဟုတ်သော်လည်း အများစုတွင် အနာအဆာများပါနေပြီး အကုန်လုံးကို သုံး၍မရတော့ပေ။

ချန်ဖန်းရှုက တစ်ယောက်ကို အထည်စများ စစ်ဆေးခိုင်းခဲ့ပြီး အနာအဆာများ ပါသည့်အထည်များကို ချက်ချင်း အထည်လိပ်စက်ရုံသို့ ပို့ခိုင်းခဲ့သည်။

သူမ အပြင်သွားတော့ လုကောပင်းနှင့် ကျန်ချီဟန်တို့ကို တွေ့လိုက်၏။ သူတို့က သူမအကြောင်းကြားတော့ သူမနောက်ကို လိုက်လာခဲ့ကြသည်။

အထည်လိပ်စက်ရုံကိုရောက်သည်နှင့် သူတို့က ရုပ်ဆိုးသည့် ဒုတိယစက်ရုံမှူး၊ အလွန်ရုပ်ဆိုးသည့် ဒုတိယအစ်ကိုနှင့် တွေ့လိုက်ရသည်။

"ဟေး၊ ဒါက ဒါရိုက်တာချန် မဟုတ်လား။ အထည်လာဝယ်တာ ဘယ်လောက် ကြာသေးလို့လဲ။ လုပ်ငန်းက ကောင်းနေတာပဲ။"

သူက ချန်ဖန်းရှူကို မြင်တော့လှောင်ပြောင်သည့် လေသံနှင့် ပြုံး၍ပြောလိုက်ခြင်းဖြစ်သည်။

ချန်ဖန်းရှူက သူ့ကိုတစ်ချက်ကြည့်ပြီး အထည်ကိုဖြန့်ကာ မေးလိုက်၏။

"ဒါကဘာဖြစ်တာလဲ။"

ရုပ်ဆိုးသည့် ဒုတိယစက်ရုံမှူးက အံ့သြသွားသည့်ပုံစံမျိုးနှင့် ပြောလိုက်၏။

"ဒီအထည်က ဘယ်လိုလုပ်ထားတာလဲ။ ဘာလို့ဒီလောက် ပွနေရတာလဲ။"

"ကျွန်မက မယက်တတ်တော့ ဘယ်လိုလုပ်သိမလဲ။"

ချန်ဖန်းရှုက ပြန်မေးလိုက်ပြီး တစ်ဖက်လူကို လှောင်ပြောင်သည့်အကြည့်နှင့် ကြည့်ရင်းပြောလိုက်၏။

"ကျွန်မတို့က ခရိုင်တူချင်းတွေပဲ၊ ရှင်တို့ စက်ရုံက ဒီလိုလုပ်တာ မမှန်ဘူး မဟုတ်လား။"

ရုပ်ဆိုးသည့် ဒုတိယစက်ရုံမှူးက ရယ်မောပြီးပြောလိုက်၏။

"ပြဿနာ သေးသေးလေးပဲဟာကို ဘာလို့ ဒီလောက်အုတ်အော်သောင်းနင်း ဖြစ်နေရတာလဲ။ စက်တွေက နေ့တိုင်း အထည်တွေအများကြီး ယက်နေရတာဆိုတော့ အထည်နည်းနည်းပါးပါး ပုံမကျတာက ပုံမှန်ပဲလို့မထင်ဘူးလား။"

"ဒါကို ပုံမှန်လို့ ရှင် သတ်မှတ်တာလား။"

ချန်ဖန်းရှူက လှောင်ပြောင်လိုက်ပြီး သူနှင့် စကားဆက်မပြောချင်တော့ပေ။

"ရှင်တို့ စက်ရုံမှူး ဘယ်မှာလဲ။ ဒါရိုက်တာချန်ကို တွေ့ချင်တယ်။"

"ကံမကောင်းတာပဲ။ စက်ရုံမှူးက လေဖြတ်ပြီး ဆေးရုံတက်နေရတယ်။ အခု စက်ရုံကိစ္စအားလုံးကို ကျွန်တော်ကပဲ ဆုံးဖြတ်တာ။"

ရုပ်ဆိုးသည့် ဒုတိယစက်ရုံမှူးက သူ၏ အနည်းငယ်ပူနေသည့် ဗိုက်ကို ပွတ်သပ်လိုက်ပြီး တော်တော်ကို ကျေနပ်နေပုံပေါ်၏။

ဒါကိုမြင်တော့ လုကောပင်းက မျက်မှောင်ကြုတ်လိုက်၏။

"ခင်ဗျား တမင်လုပ်တာမလား။"

"ရဲဘော် ခင်ဗျားပြောတာ မှားနေပြီ။ ကျွန်တော်တို့ စက်ရုံက ဆယ်စုနှစ်တစ်ခုလောက် ရှိနေခဲ့ပြီးသား၊ ဘယ်လိုလုပ် ဒီလိုလုပ်ရပ်မျိုး လုပ်ရမှာလဲ။ ပြီးတော့ အထည်တွေကို ယူသွားတာက ရက်ကြာပြီ၊ အစကတည်းက ဒီလိုဟုတ်မဟုတ် ဘယ်သူသိမှာလဲ။"

ပြောစရာပင် မလိုတော့ဘဲ ဒီစကားများက ဘာကိုရည်ရွယ်သည်ဆိုသည်ကို လူတိုင်းသိနိုင်၏။

ချန်ဖန်းရှု၏ မျက်နှာက မည်းမှောင်သွားပြီး ပြောလိုက်၏။

"ရှင် အထည်တွေကို ပြန်လည်းမလဲပေးသလို ပြန်အမ်းငွေလည်း မပေးဘူးပေါ့။"

"ကျွန်တော်က အဲ့လိုပြောတာမဟုတ်ပါဘူး။"

ရုပ်ဆိုးသည့် ဒုတိယစက်ရုံမှူးက သူ့လက်များကို နောက်ပစ်လိုက်ပြီး ခဏတွေဝေသွားကာ ပြောလိုက်၏။

"ဒီလိုလုပ်ပါလား၊ ကျွန်တော့်ရုံးခန်းကိုသွားပြီး စကားပြောရအောင်။ မင်းနဲ့ ချုံတကောက ရင်းနှီးတဲ့လူတွေဆိုတော့ မင်းကို မျက်နှာသာပေးရမှာပေါ့။"

ချန်ဖန်းရှုက ချုံတကော အကြောင်း ပြောလာသည်ကိုကြားတော့ ဆွေးနွေးစရာ ဘာမှမရှိတော့ဘူးဆိုသည်ကို သိလိုက်၏။

သူမက လက်ခံရန် အဆင်သင့်မဖြစ်သေးပေ။

"အထည်ကလွဲရင် ရှင်နဲ့ ဆွေးနွေးစရာ ဘာမှမရှိဘူး။"

"ဒါဆို သွားလို့ရပါပြီ။"

ရုပ်ဆိုးသည့် ဒုတိယစက်ရုံမှူးက သူ့လက်ကို ဆန့်ထုတ်ပြီး ပြောလိုက်၏။

"ဪ၊ ကျွန်တော် ပြောဖို့မေ့သွားတယ်၊ အနီးအနားမြို့တွေထဲမှာ ကျွန်တော်တို့စက်ရုံက အကြီးဆုံးဖြစ်ပြီး အထည်အမျိုးအစား အစုံလင်ဆုံးပဲ။ ဘေးနားမြို့မှာ ပိုကြီးတဲ့တစ်ခုတော့ရှိတယ်၊ ဒါပေမဲ့ သူတို့က စစ်ဘက်ထုတ်လုပ်ရေးလုပ်တာဆိုတော့ တခြားမြို့တွေကို မရောင်းဘူး။"

ဒီစကား၏ အဓိပ္ပာယ်ကတော့ ချန်ဖန်းရှု ကုန်ကျစရိတ်ကို ထိန်းသိမ်းချင်လျှင် သူတို့စက်ရုံကိုသာ ရွေးချယ်ရမည်ဆိုသည့် သဘောပင်။

ချန်ဖန်းရှုက ဘာမှမကြားသလို ဟန်ဆောင်ပြီး လှည့်ထွက်သွား၏။

သူမ အရမ်းစိတ်ဆိုးနေသည်ကိုတွေ့တော့ လုကောပင်းက လေးနက်သည့်အသံနှင့် မေးလိုက်၏။

"မင်းတို့ နှစ်ယောက် ရန်ငြိုးရှိတာလား။"

ချန်ဖန်းရှု – "ကျွန်မကို ကားနဲ့တိုက်တဲ့သူက သူ့ရဲ့ ရုပ်ဆိုးတဲ့ညီပဲ။"

ကျန်းချီဟန်က ဒါကိုကြားတော့ ဒေါသထွက်သွား၏။

"မရီး ဘာလို့ ဒါကိုစောစောက မပြောတာလဲ။"

သူက ပြန်လှည့်ဖို့ပြင်ရင်းပြောလိုက်၏။ "ကျွန်တော် သူနဲ့ သွားရှင်းလိုက်ဦးမယ်! သူတို့က မရီးကိုကားနဲ့တိုက်ပြီးတာတောင် အခုထိ ဆက်ပြီး ဒုက္ခပေးရဲသေးတယ်။"

လုကောပင်း၏ မျက်နှာလည်း မှုန်မှိုင်းနေသည့်တိုင် သူက ပိုပြီးတည်ငြိမ်၏။

"သူက ဒီလိုလုပ်ရဲတယ်ဆိုရင် ကိုယ်တို့နဲ့ ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိဘူး။ ပြဿနာရှိတဲ့အထည်ကို ဓာတ်ပုံရိုက်ပြီး တိုင်ကြားလိုက်ကြရအောင်။"

ချန်ဖန်းရှူ ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ကုန်ကြမ်းအတွက် ဘာလုပ်ရမလဲဆိုတာပဲ စဉ်းစားနေတာ။"

"ဆိပ်ကမ်းမြို့ကနေ သင်္ဘောနဲ့ပို့ရင်ရော။"

လုကောပင်းက ကျန်းချီဟန်ကိုကြည့်ပြီး မေးလိုက်၏။

"အဲ့ဒီဘက်မှာ မိသားစုဘက်က လူအသိရှိလား။"

ကျန်းချီဟန်က ခေါင်းညိတ်ပြပြီးပြောလိုက်၏။

"ရှိတာပေါ့၊ ပြီးတော့ ဒီထက် အမျိုးအစား ပိုစုံပြီး ဈေးလည်း ပိုသက်သာမှာ သေချာတယ်။"

ပြည်တွင်းထောက်ပံ့မှုက အမြဲတမ်း ကန့်သတ်ချက်ရှိပြီး အထည်ဈေးနှုန်းကလည်း အလွန်မြင့်မားသောကြောင့် ဟောင်ကောင်ရှပ်အင်္ကျီများက စျေးကွက်တွင် အားသာချက်ကြီးကြီးမားမားရှိနေခဲ့သည်။ ဟောင်ကောင်မှ အထည်များကို တိုက်ရိုက်တင်သွင်းနိုင်မည်ဆိုလျှင် ကုန်ကြမ်းစရိတ်ကို လျှော့ချနိုင်မည်ဆိုသည်မှာ သေချာသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်ကတော့ တိုးလာမည်ဖြစ်၏။

ဒါ့အပြင် မူဝါဒအကြောင်းပြချက်များကြောင့် ဟောင်ကောင်မှ ပြည်တွင်းသို့ ပစ္စည်းများ သယ်ယူပို့ဆောင်ရန်က မလွယ်ကူပေ။

ချန်ဖန်းရှု စဉ်းစားနေတုန်းမှာပဲ ချန်ပေါင်ခဲ့က အဝေးမှ ပြေးလာခဲ့၏။

"ယောက်ဖ၊ သာ့ဟွာတပ်မဟာက လူတစ်ယောက်လာတယ်၊ ကြေးနန်းစာ ရောက်နေတယ်လို့ ပြောတယ်ဗျ။"

All Chapters