Chapter 72
Vol. 6 Ch. 72
လုထောင်က ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း သူမ၏ လက်သန်းလေးကို ပွတ်နေခဲ့သည်။ ခုနက ဖြစ်ခဲ့သည်များကိုလည်း သူမ နားမလည်နိုင်သေးပေ။
သူမ၏ ဘယ်ဘက်တွင်တော့ ချန်ဖန်းရှုက နှုတ်ခမ်းများကို စေ့ထားကာ ငြိမ်သက်နေပုံပေါ်သော်လည်း မျက်လုံးများကတော့ မှုန်ဝါးနေ၏။ ညာဘက်တွင်တော့ လုဟွေ့က မျက်နှာထားတင်းနေပြီး ခါးကိုမတ်ထားကာ အချိန်မရွေး သူမရှေ့တွင် ရပ်တည်ပေးရန် အသင့်ပြင်ထားတယ်။
လုကောပင်း တစ်ယောက်တည်းကသာ သူတို့သုံးယောက်၏ တစ်ပြိုင်နက်တည်း အကဲဖြတ်မှုကိုခံနေသလိုမျိုး ဆန့်ကျင်ဘက်တွင် ရှိနေခြင်းပင်။
"ဘာဖြစ်နေတာလဲ။"
သူက လုထောင်၏ ခြေထောက်နားက စက်ဘီးလေးကို ကြည့်ရင်း မေးလိုက်၏။
လုထောင်က မစဉ်းစားဘဲ ဖြေလိုက်၏။ "အဖေပေး... အွန်း... အွန်း..."
လုဟွေ့က သူမ၏ ပါးစပ်လေးကို သူ့လက်ဖြင့် အုပ်လိုက်ပြီး ချန်ဖန်းရှူကလည်း ပြောလိုက်၏။
"ကျွန်မ ဝယ်လာတာပါ။ ရှင် နောက်ဆုံးအကြိမ် ပြန်လာတုန်းက ထောင်ထောင်အတွက် ဘာမှ ယူမလာခဲ့လို့ ကျွန်မ သူ့အတွက် စက်ဘီးတစ်စီး ဝယ်ပေးလိုက်တာ။ ရှင်ဝယ်ပေးထားတာလို့ ပြောထားတာပါ။"
လုကောပင်းက ဒီတစ်ခေါက်ပြန်လာတော့ အလျင်လိုသဖြင့် စက်ဘီးသေးသေးလေးတစ်စီးကိုသာ အထူးတလည် ဝယ်လာခဲ့ပြီး ကလေးအတွက်တော့ ဘာမှမဝယ်နိုင်ခဲ့ပေ။ ချန်ဖန်းရှု၏ ရှင်းပြချက်ကတော့ ဆီလျော်မှုရှိနေသည်။
သို့သော်...
လုကောပင်းက စက်ဘီးကို တစ်ချက် ထပ်ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
"ခုနလေးတင်ပဲ အဲဒါက လေထဲက ရုတ်တရက် ပေါ်လာတာကို ကိုယ်မြင်လိုက်တယ်။"
"ကြည့်ပါဦး၊ ရှင် အမြင်မှားတာပဲ ဖြစ်ရမယ်။"
ချန်ဖန်းရှုက ခြောက်ကပ်ကပ် ရယ်လိုက်ပြီး ပြောလိုက်၏။
"ဒီစက်ဘီးကို ကျွန်မဝယ်ထားတာ ကြာလှပြီ။"
လူကောပင်း ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ့ဇနီး၏ စကားကို နားမထောင်ချင်ခဲ့ပေ။
သူက ချန်ဖန်းရှုကို လက်ညှိုးထိုးလိုက်ပြီး လုဟွေ့ကိုပါ လက်ညှိုးထိုးလိုက်သည်။
"စကားဖြတ်မပြောနဲ့၊ ထောင်ထောင် ပြောပါစေ။"
သူတို့သုံးယောက်ထဲတွင် လုထောင်က အငယ်ဆုံးဖြစ်ပြီး မလိမ်တတ်သူဖြစ်သည်။
လုကောပင်းက သေချာသိသွားနိုင်မည့် အချက်ကို ရှာချင်ရုံသက်သက်ဖြစ်သော်လည်း သူဒီစကားကို ပြောလိုက်ချိန်တွင် ချန်ဖန်းရှုနှင့် လုဟွေ့တို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားမည်ဟုတော့ သူ မထင်ထားခဲ့ပေ။
အခုတော့ လုထောင် တစ်ခုခုသိနေပြီဆိုသည်က်ို သူပိုပြီး သေချာသွားခဲ့ပြီ၊ ဒါကြောင့် သူက လုထောင်ကို သူ့ပေါင်ပေါ်တင်ပြီး မေးလိုက်သည်။
"သမီး ခုနက စက်ဘီးက အဖေပေးတာလို့ ပြောတာလား။"
လုထောင်က ခေါင်းညိတ်လိုက်သည်။
"အဖေက သမီးကို စက်ဘီးရယ်၊ ဘာဘီကျူးရယ် ပေးတာ။"
သူက စားပွဲပေါ်မှ မကုန်သေးသည့် အစားအစာများကို ပြန်ကြည့်ပြီး လက်ချောင်းများကို ကိုက်လိုက်သည်။
"ဘာဘီကျူးက အရမ်းကောင်းတာ၊ အဖေ၊ ဒါမျိုးကို နောက်ဆို နေ့တိုင်း စားလို့ရမလား။"
လုဟွေ့က အနောက်မှ မျက်စိမှိတ်ပြနေသော်လည်း သူ့ညီမက မမြင်တော့ မျက်နှာကိုအုပ်လိုက်မိသည်။
ပြီးသွားပြီ၊ သူ့ညီမ ရူးမိုက်ပြီး အကုန်ပြောပြလိုက်ပြီ။
ချန်ဖန်းရှုက လုကောပင်း၏ မျက်လုံးကိုပင် စေ့စေ့မကြည့်ရဲပေ။
စက်ဘီးအကြောင်းကတော့ ရှင်းပြလို့ရသော်လည်း ဘာဘီကျူးကတော့ ရှင်းပြလို့မရပေ။ အထူးသဖြင့် ခြေလက်အများကြီးပါသည့် အကောင်အကြောင်းပင်။
ချန်ဖန်းရှူနှင့် လုဟွေ့တို့၏ တုံ့ပြန်မှုများကြောင့် လုထောင် အံ့ဩသွားခဲ့ရသည်။
လုထောင်လေးက သူတို့ကို ကြည့်လိုက်၊ ပြီးတော့ မျက်နှာမဲမှောင်လာသည့် လုကောပင်းကို ကြည့်လိုက်လုပ်ခဲ့ပြီး လက်ညှိုးထောင်လိုက်သည်။
“မဟုတ်ဘူး၊ မရဘူးလား။ ဒါဆို ထောင်ထောင် ဘာဘီကျူး မစားတော့ဘူး။ အဖေ၊ ဆုမဲပဲ ဆက်ဖောက်ရအောင်။ ဒီတစ်ခါ ထောင်ထောင် ပစ္စည်းတစ်ခု ထပ်ဖောက်ချင်တယ်။”
ဆုမဲဖောက်တာ? ပစ္စည်း?
လုကောပင်းက ရင်းနှီးမှုမရှိသည့် စကားလုံးနှစ်လုံးကို ထပ်ကြားရပြန်သည်။
“သမီးအဖေက သမီးကို ဆုလည်း ဖောက်ပေးသေးတာလား။”
“အဖေက ထောင်ထောင်ကို ပစ္စည်းတွေ အများကြီး ပေးတယ်လေ~”
အဖေဖြစ်သူ၏ စကားလုံးများက အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း လုထောင်လေးက သူမ၏ လက်ညှိုးလေးနှင့် အင်္ကျီထဲမှ ခရာငယ်လေးကို ထုတ်လိုက်သည်။
“ဒါက ထောင်ထောင် ဆုမဲပေါက်တာ။ အမှန်ပဲလေ၊ အဖေ မေ့သွားပြီလား?”
စပီကာကို လှမ်းယူလိုက်တုန်း မတော်တဆ ခလုတ်ကို ဖိမိသွားရာ နားထဲ၌ ဒေါသတကြီး အသံတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
[ဆက်ပြော၊ ဆက်ပြောနေ! ပြီးပြီ၊ ပြီးသွားပြီ! ဒီတစ်ခါတော့ တကယ်ကို ပြီးသွားပြီ! ပေါ်သွားမယ်မှန်း သိရင် မင်းအဖေအဖြစ် ဟန်ဆောင်မှာ မဟုတ်ဘူး! အားးးးးး သူ ဘာလို့ ပြန်လာတာလဲ? သူ ဘာလို့ ဒီလောက်မြန်မြန် ပြန်လာရတာလဲ!]
သူမအဖေအဖြစ် ဟန်ဆောင်တာလား။
လုထောင်က အံ့ဩသွားသည်။
သူမကို ပိုပြီး စိတ်ရှုပ်ထွေးစေသည်က သူမကို ပွေ့ထားသည့် လုကောပင်းက တစ်ချိန်တည်းမှာပဲ သူမကို မေးလိုက်ခြင်းပင်။
“သမီးအဖေက ဘယ်လိုပုံစံလဲ?”
လုထောင်လေးက လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားပြီးပြောလိုက်၏။ “ဘယ်လို၊ ဘယ်လိုလုပ် အဖေနှစ်ယောက် တစ်ချိန်တည်း စကားပြောနိုင်တာလဲ။”
တစ်ချိန်တည်း စကားပြောတာလား။
ရုံးခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။ လုကောပင်း၏ မေးရိုးများ တင်းမာသွားပြီး သူ့ကမ္ဘာကြီး တုန်ခါသွားသလို ခံစားလိုက်ရသည်။
ခဏအကြာမှာတော့ သူ စိတ်ကို ထိန်းပြီး လုထောင် ကို မေးလိုက်သည်။
“သမီး တခြားသူတွေကို မြင်ရလား။"
“မမြင်ရဘူး။”
လုထောင်က ခေါင်းခါလိုက်သည်။
“ထောင်ထောင်က အဖေ စကားပြောတာကိုပဲ ကြားရတာ။”
ထိုသို့ပြောပြီးနောက် သူမ တစ်ခုခု မှားနေပြီဟု ထပ်ခံစားလိုက်ရပြီး ခေါင်းညိတ်လိုက်သည်။
“အဖေ့ရဲ့ ဘောင်ကိုတော့ မြင်ရသေးတယ်။”
“ဘောင်?”
လုကောပင်းက ဘောင်ရှိသည့် ဘယ်အရာကိုမှ စဉ်းစားလို့မရခဲ့။
“သူက လေးထောင့်မျက်နှာ ပုံစံလား။”
လုထောင်က ကောင်းကောင်း မဖော်ပြတတ်သောကြောင့် သူ့ပေါင်ပေါ်မှ လျှောဆင်းပြီး ပုံဆွဲလေ့ကျင့်နေသည့် စာအုပ်ကိုယူကာ စဆွဲလိုက်သည်။
“ဒီလို ဘောင်မျိုးပဲ၊ တခါတလေ အရောင်တွေ လင်းတယ်၊ တခါတလေ ရွေ့တယ်၊ အံ့ဩစရာပဲ။”
ပန်းချီသင်တန်း အတော်ကြာကြာ တက်ပြီးသည့်နောက် သူမက ပန်းချီကားများနှင့် သူမပြောချင်သည်များကို အသက်ဝင်လာအောင် ဖော်ပြနိုင်ခဲ့သော်လည်း ကျန်သုံးယောက်ကတော့ နားမလည်ကြသေးပေ။
လုကောပင်းက ချန်ဖန်းရှုကို မေးလိုက်သည်။
"ဒီပရလောကသားက ဘာအမျိုးအစားလဲ။"
ချန်ဖန်းရှုလည်း သိပ်နားမလည်သည်နှင့် ခန့်မှန်းလိုက်၏။
"ကျောက်သင်ပုန်းများလား။"
[မင်းပဲ ကျောက်သင်ပုန်းစောင့် ဝိညာဉ်!]
၂၅၀ က ဒေါသထွက်လွန်းပြီး သေလုနီးပါးဖြစ်သွားခဲ့သည်။
[ငါက စနစ်ပါဟ! အစွမ်းအထက်ဆုံး အနက်ရောင်နည်းပညာပဲ၊ နားလည်လား။ မင်းတို့က ငါ့ကို စော်ကားနေတာ!]
လုထောင်က ဒါကိုကြားတော့ ရိုးသားစွာဖြင့် ပြောလိုက်သည်–
"ကျောက်သင်ပုန်း မဟုတ်ဘူး။ အဖေက စနစ်တဲ့။"
သူမပြောလို့ မပြီးသေးခင်တွင် ရုံးထဲ၌ မိုးခြိမ်းသံ ထွက်ပေါ်လာခဲ့သည်။
အဖြူရောင်အလင်းတန်းတစ်ခု လင်းသွားပြီး လုကောပင်း၏ ခေါင်းပေါ်မှ အစိမ်းရောင် မီးခိုးငွေ့တစ်ချို့ ထွက်လာကာ ဆံပင်များက ကောက်ကောက်ကွေးဖြစ်သွားခဲ့သည်။
အာ့ဝူလင်က ခဏရပ်သွားပြီး ရုတ်တရက် ရယ်လိုက်လေသည်။
"ဟားဟားဟား! ကောက်သွားပြန်ပြီ! ဒီတစ်ခါ သေချာကောက်သွားတယ်! လှလှပပလေး ကောက်သွားတာပဲ!"
လုထောင်က သူဘာလို့ ပျော်နေသည်ကို နားမလည်နိုင် ဖြစ်နေပြီး လုကောပင်းကို ကြည့်လိုက်သည်။
"အဖေ၊ အဖေ့ဆံပင်တွေ ကောက်သွားပြီ။"
လုကောပင်းတစ်ကိုယ်လုံး ထုံကျင်သွားသည့်အတွက် သူ့ဆံပင်ကို သတိမထားမိခဲ့ပေ။ ဒီစကားကို ကြားတော့မှ လှမ်းကိုင်ကြည့်လိုက်သည်။
အင်း၊ အခုတော့ သမီးဖြစ်သူ၏ ဆံပင်ကောက်ကောက်များ ဘယ်ကလာမှန်း သူသိသွားခဲ့ပြီ။
သူတို့မျက်စိရှေ့မှ အရာအားလုံးက အလွန် ထူးဆန်းလွန်းသည့်ကြောင့် လူကောပင်းနှင့်ချန်ဖန်းရှုတို့ ခဏလောက်အထိ နားမလည်နိုင်ခဲ့ကြပေ။
လုထောင် တစ်ယောက်တည်းသာ သက်ရောက်မှုမရှိခဲ့။ သူမက လုကောပင်း၏ လက်မောင်းကို ဆွဲပြီး မေးလိုက်သည်။
"အဖေက အဖေအစစ်မဟုတ်ဘူးလား။ ဒါဆို ထောင်ထောင်မှာ အဖေနှစ်ယောက်ရှိတာလား။"
အခြားသူတွေမှာ အဖေတစ်ယောက်ပဲ ရှိပေမဲ့ သူမမှာတော့ နှစ်ယောက်တောင်ရှိတာဆိုတော့ ထောင်ထောင်က အရမ်းချမ်းသာတာပဲ~
ကောင်မလေးက ပျော်ရွှင်စွာဖြင့် လုကော်ပင်၏ထံ ပြေးသွားပြီး သူ့ပေါင်များကို ဖက်လိုက်သည်။
"အဖေ၊ ထောင်ထောင်ကို ကာတွန်းပြပေးလို့ ရမလား။"
လုကောပင်း ကြောင်သွားသည်။ "ကာတွန်းဆိုတာ ဘာလဲ"
"ပီကာချူးလေ..."
လုထောင်က အမူအရာပြလိုက်သော်လည်း သူနားမလည်သည်ကို မြင်တော့ အနည်းငယ်စိတ်ပျက်သွားခဲ့သည်။
"ဒါဆို အဖေက ထောင်ထောင်ကို အလုပ်တစ်ခုခု ပေးမှာလား။"
လုကောပင်း တိတ်ဆိတ်သွားသည်။
"ဘာတာဝန်မှ မပေးဘူးလား။"
လုထောင်က နှုတ်ခမ်းဆူလိုက်ပြီး မျက်လုံးဝိုင်းများဖြင့် "ဒါဆို အဖေ ဘာလုပ်တတ်လဲ" ဆိုသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
လုကောပင်း ရင်ဘတ်ထဲမြှားနှင့် ထိုးစိုက်လိုက်သလို ခံစားလိုက်ရပြီး ကောင်မလေးကို ပွေ့ချီကာ ပခုံးပေါ်တင်လိုက်သည်။
လုထောင်က ချက်ချင်းပျော်သွားခဲ့ပြီး သူမ၏ လက်ဖဝါး ဖောင်းဖောင်းလေးများနှင့် နဂါးလှေပွဲတော်တုန်းက တံခါးတွင်ချိတ်ထားသည့် တံမြက်စည်းလေးကို လှမ်းကိုင်လိုက်သည်။
လုကောပင်း သူမနှင့် ခဏလောက် ကစားပေးပြီးမှ ပြန်ချပေးလိုက်ပြီး ချန်ဖန်းရှုကို မေးလိုက်သည်
"မင်း အစကတည်းက သိနေတာ မဟုတ်လား"
ချန်ဖန်းရှု ရှက်သွားတော့သည်။
"အဲ့လောက် စောစောစီးစီးတော့ မဟုတ်ပါဘူး၊ ကျွန်မက ရှင်လို့ပဲ အမြဲထင်နေတာ။"
ဒါကြောင့် သူတို့ ပြည်နယ်မြို့တွင် တွေ့တုန်းက ပထမဆုံးလုပ်သည်က သူရှိမရှိ စစ်ဆေးခြင်းဖြစ်ပြီး သူမက လူမှားသည်ဟု အတင်းပြောခဲ့ခြင်းပင်။
လုကောပင်း စကားမပြောနိုင်တော့ပေ။ "ဒီအကြောင်းကို တခြားသူတွေ မသိသေးဘူး မဟုတ်လား"
"သိမှာ မဟုတ်ပါဘူး။ အမေက အစက ရှင်လို့ ထင်ခဲ့တာ၊ ကျွန်မ လှည့်စားနိုင်ခဲ့ပါတယ်။"
သမီးဖြစ်သူနှင့် ပတ်သက်သည့်ကိစ္စဖြစ်သည့်အတွက် ချန်ဖန်းရှုက အတော်လေး သတိထားသည်။
ရုံးခန်းတံခါး၏ သော့က နည်းနည်းဟောင်းနေကာ ကျိုးနေပြီး သူမက အသစ်လဲရန် အချိန်မရသေးပေ။ ပုံမှန်ဆိုရင်တော့ လူလာလျှင် တံခါးခေါက်တတ်ကြသည်ဖြစ်၍ လုကောပင်း ဒီလောက်စောစော ပြန်ရောက်လာပြီး ထိုမြင်ကွင်းကို တွေ့လိုက်ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ခြင်းဖြစ်သည်။
ဒီအကြောင်းတွေးမိတော့ ချန်ဖန်းရှု နောက်တစ်ခုကို သတိရသွားသည်။
"ကောပင်၊ ဘာလို့ ဒီလောက်စောစော ပြန်လာတာလဲ။"
လုကောပင်း ခဏရပ်လိုက်ပြီး သူ့အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံအထပ်လိုက်နှင့် ငွေဖြတ်ပိုင်း အများကြီးကို ထုတ်ပြီး သူမကို ပေးလိုက်သည်။
"ဒါက ကိုယ့်ရဲ့ လွန်ခဲ့တဲ့ နှစ်နှစ်စာ လစာတွေရယ်၊ စစ်တပ်က အန္တရာယ်ရှိတဲ့ မစ်ရှင်တွေအတွက် ပေးတဲ့ စရိတ်တွေရယ်ပဲ။"
ချန်ဖန်းရှု အကုန်ယူသွားတာကို မြင်တော့ သူဆက်ပြောလိုက်သည်။
"ဖန်ရှူ၊ ကိုယ် ပြောင်းရွှေ့ဖို့ လျှောက်ထားလိုက်ပြီ။"
"ပြောင်းရွှေ့မယ်။"
ချန်ဖန်းရှု အံ့အားသင့်သွားသည်။
"ရှင်က တပ်ရင်းမှူး ရာထူးတောင် မကြာခင် တက်တော့မှာ မဟုတ်လား။ ဘာလို့ ပြောင်းချင်ရတာလဲ"
လုကောပင်းက ပြောလိုက်သည်။
"ဒီမစ်ရှင်မှာ ကိုယ် ဒဏ်ရာရခဲ့လို့ စစ်တပ်မှာ ဆက်ပြီးလုပ်ကိုင်ဖို့ မသင့်တော်တော့ဘူး။ ဒေသခံနေရာကို ပြောင်းရွှေ့တာက ပိုကောင်းမယ်။ ဒါမှ မင်းနဲ့ ကလေးတွေကို အချိန်ပိုပေးနိုင်မှာ။ ဒီနှစ်တွေအတွင်း မင်းတို့ကို ကိုယ် အချိန်နည်းနည်းလေးပဲ ပေးနိုင်ခဲ့တယ်"
ချန်ဖန်းရှို နားထောင်ရင်းနှင့် လည်ချောင်းထဲ တစ်ဆို့သွားကာ ရုတ်တရက် ဘာပြောရမှန်းမသိတော့ပေ။
လုထောင်ကတော့ ဘာဘီကျူး ပြန်စားနေသည်။ သူမ အားရပါးရ စားနေတုန်း ရုတ်တရက် နားထဲမှ အော်သံကိုကြားလိုက်ရ၏။
[ဘာ? သူ စစ်တပ်ကို ပြန်မသွားတော့ဘူးလား။ သူ ရည်ရွယ်ချက်ရှိရှိ လုပ်တာ။ ဒီစနစ်က အရမ်းကောင်းနေတယ်လို့ ထင်ပြီး ငါ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာပဲ]
လုထောင်၏ ပါးဖောင်းဖောင်းလေးများက ထိန့်လန့်မှူကြောင့် တုန်သွားသည်။
'အဖေနှစ်ယောက်က အဆင်မပြေနိုင်ဘူးလို့ ဘာလို့ ခံစားရတာလဲ။'
စနစ်က ပေးထားသည့် ဘာဘီကျူး သုံးပွဲက လူကြီးတစ်ယောက်စားသည့် ပမာဏအပေါ် အခြေခံထားသည်ဖြစ်၍ နည်းနည်းလေးသာ ကျန်တော့သည်။
လုကောပင်း တွေဝေမနေတော့ဘဲလက်ဆေးရန် ထွက်သွားလိုက်ကာ မိသားစုနှင်အတူ ထိုင်စားလိုက်သည်။
အာ့ဝူလင်က အလွန်ဒေါသထွက်နေသဖြင့် လုထောင်၏ နားထဲ ဆက်တိုက် ရေရွတ်နေခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ လုကောပင်းက သူ့အသံကို မကြားနိုင်သလို ဘာသက်ရောက်မှုမှလည်း မရှိပေ။
ညစာစားပြီးနောက် လူတိုင်းက ၂၅၀ ၏ မှော်ဆန်သည့် အစွမ်းကို ထပ်မံ မြင်တွေ့ခဲ့ရသည်။
ထမင်းပန်းကန်ထဲမှ မုန့်နှင့် ဟင်းချိုများက ချက်ချင်း ပျောက်သွားသည့်အတွက် သူတို့ ခုလေးတင် အစားအသောက်များကို ပျော်ပျော်ပါးပါး စားသုံးထားကြသည်ဟု ဘယ်သူမှ မပြောနိုင်ပေ။
အာ့ဝူလင်က အလွန် ဂုဏ်ယူနေသည်။
[တွေ့လား ထောင်ထောင်၊ ဖေဖေကမှ ထောင်ထောင်ရဲ့ တကယ့်ရွှေခြေထောက်ပဲ]
သို့သော် လုကောပင်းကတော့ မျက်နှာတည်တည်နှင့် လုထောင်နှင့် လုဟွေ့တို့ကို ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ အကြိမ်ကြိမ် မှာကြားခဲ့သည်။
ညနေဘက် အလုပ်ပြီးတော့ မိသားစုလေးယောက်စလုံး ချင်းရှန်တပ်မဟာသို့ အတူတူ ပြန်လာခဲ့ကြတယ်။
ချန်မိသားစုက လုကောပင်း ဒီလောက် မြန်မြန်ပြန်လာမည်ဟု မမျှော်လင့်ထားခဲ့။ သူပြန်လာသည်နှင့်နဲ့ စက်ဘီးနှစ်စီးတောင် ဝယ်လာခဲ့သေးသည်။
ဟူချူရှန်းတစ်ယောက်သာ ထူးခြားသည့် အမြင်ရှိပြီး ပထမဆုံး သတိထားမိသည်က လုကောပင်း၏ လောလောလတ်လတ် ကောက်ထားသည့် ဆံပင်က်ိုပင်။
လာပြန်ပြီ၊ ရင်းနှီးသည့်အနံတစ်ခု လာပြန်ပြီ။
ဒီတစ်ခါတော့ သက်သေမရှိသည့်တိုင် သူမခဲအိုက သာမန်လူတစ်ယောက်ဆိုသည်ကို သူမ မယုံနိုင်ပေ။ သူပျောက်သွားခဲ့သည့် နှစ်နှစ်အတွင်းတွင် စွန့်စားခန်းများ ကြုံခဲ့ရသည်မှာ သေချာသည်။
ဒီအကြောင်းတွေးရင်း ဟူချူရှန်းက လုကောပင်းကို ထူးဆန်းသည့် အကြည့်နှင့် ကြည့်လိုက်၏။ ပူဇော်ပွဲအတွက် ပစ္စည်းများ စားပွဲပေါ်တင်ကာ သူ့ကို ပူဇော်ချင်နေသလိုပင်။
လုထောင်ကလည်း နှုတ်ဆက်ချင်နေပြီ။ သူမမိဘများထံမှ အာ့ဝူလင်က ကျောက်သင်ပုန်းဝိဉာဉ် ဖြစ်နိုင်သည်ဟု အခုလေးတင် ကြားခဲ့ရခြင်းဖြစ်သည်။
ကောင်မလေးက သူမ၏ အရသာရှိသည့် အစားအသောက် အားလုံးကို တစ်ခုပြီးတစ်ခု စားပွဲပေါ်တင်လိုက်ပြီး နို့ပါ ဖျော်ခဲ့သေး၏။
ပြင်ဆင်ပြီးနောက် သူမက ချန်ဖန်းရှုကို မေးလိုက်သည်။
"အမေ၊ သမီးတို့ အမွှေးတိုင်ထွန်းရဦးမလား ဒါမှမဟုတ် စက္ကူမီးရှို့ရဦးမလား။"
၂၅၀ - "[......]"
"[ဘာလို့ စက္ကူမီးရှို့ရမှာလဲ။ မင်းအဖေ၊ ငါ မသေသေးဘူး။ မဟုတ်ဘူး၊ မင်းအဖေ၊ ငါက လုံးဝမသေနိုင်ဘူး။]"
လုကောပင်း၏ ကမ္ဘာ့အမြင်က ပြိုလဲသွားခဲ့သော်လည်း သူက ဘယ်လို မကောင်းမှုကိုမှ မလုပ်ချင်ပေ။
"သူက ကျောက်သင်ပုန်းဝိဉာဉ် မဟုတ်ဘူးလို့ ပြောတယ်၊ ဒါကြောင့် အမွှေးတိုင်ထွန်းဖို့ မလိုဘူး။ လာ၊ အဖေက စက်ဘီးထုတ်ပေးမယ်၊ ခဏနေရင်စီးလို့ရပြီ။"
သူက စနစ်က ထုတ်လုပ်ထားသည့် စက်ဘီးကို တည်တည်ငြိမ်ငြိမ်ပဲ ထောင့်တစ်နေရာကို ရွှေ့လိုက်ပြီး သူဝယ်ထားသည့် စက်ဘီးကို ကောက်ယူကာ လုထောင်၏ လက်ကို ဆွဲလိုက်သည်။
စက်ဘီးစီးရတော့မည်က်ို ကြားတော့ လုထောင်၏ မျက်လုံးများ ကွေးသွားသည်အထိ ပြုံးလိုက်ပြီး ၂၅၀ အကြောင်းကို ချက်ချင်း မေ့သွားတော့သည်။
သားအဖနှစ်ယောက်က ခြံထဲကို လက်ချင်းတွဲပြီး ထွက်သွားကြသည်။ လုကောပင်းက ကိုယ်တိုင် လက်ကိုင်ကို ကိုင်ပြီး သူ့သမီးကို စက်ဘီးစီးနည်း သင်ပေးလိုက်သည်။
ဒီစက်ဘီးက ပြည်နယ်မြို့တော်မှ ဝယ်လာသည့်အရာဖြစ်ပြီး ခရိုင်ထဲတွင် ရှားပါး၏။ လုထောင် စီးထွက်လာသည်နှင့် ချက်ချင်းပဲ ရွာထဲ၌ အကျော်ကြားဆုံးလူ ဖြစ်သွားပြန်သည်။
လူကြီးရော ကလေးပါ ဖြတ်သွားဖြတ်လာတိုင်း ရပ်ပြီး ကြည့်ကြ၏။ ကလေးများကတော့ ပို၍ အားကျကြသည်။
ရွှီမိသားစုမှ ရွှီစန်းပေါင်နှင့် ရွှီလိုင်နန်တို့က အားကျနေ၏။ ရွှီစန်းပေါင်က ရွှီလိုင်နန်ကို ပြောလိုက်သည်။
"အဖေနဲ့စကားပြောဖို့ အဘွားကို သွားပြောသင့်တယ်ထင်လား။ အဖေ့ကို ငါ့အတွက် တစ်စီးဝယ်ခိုင်းလို့ ရမလားလို့မေးခိုင်းဖို့လေ။"
ရွှီလိုင်နန်ကတော့ အလွန်ရိုးသား၏။
"မရဘူး"
"ဟုတ်တယ်နော်။"
ရွှီစန်းပေါင်က စိတ်ပျက်အားငယ်စွာ ခေါင်းငုံ့လိုက်သည်။
"အဘွားက ထောင်ထောင်အတွက် စက်ဘီးထိုင်ခုံပေါ်တင်ဖို့ ကူရှင်ချုပ်ဖို့ပဲ စဉ်းစားနေတာ။"
သို့သော် မကြာခင်မှာပဲ သူ့စိတ်ပြန်လန်းဆန်းလာခဲ့၏။
"ပြောပါဦး၊ ထောင်ထောင် ဒီပန်းရောင်စက်ဘီးစီးတော့ ပိုပြီး ချစ်စရာမကောင်းသွားဘူးလား။ ထောင်ထောင်ထက် လှတဲ့ကောင်မလေးကို ငါတစ်ခါမှ မမြင်ဖူးဘူး။ ငါ့မှာ သူ့လို ညီမလေး ဘာလို့ မရှိတာလဲ။"
ရွှီလိုင်နန် - "..."
လုကောပင်းက လုထောင်နှင့် အပြင်ဘက်တွင် ခဏနေပြီးနောက် ချန်ဖန်းရှုက သူ့ကို အထဲကို ခေါ်ပြီး ထင်းနှစ်ချောင်း ခုတ်ခိုင်းခဲ့သည်။
လုထောင်က အတော်လေ့လာပြီးသွားပြီမို့လို့ သူ့လက်ကို ဆွဲပြီးပြောလိုက်၏။
"အဖေ၊ သွားလိုက်ပါ၊ ထောင်ထောင် ကိုယ့်ဘာသာ စီးလို့ရပြီ။"
လုကောပင်းက ပြန်ဖြေလိုက်ပြီး အင်္ကျီလက်များကို လိပ်တင်ကာ ခြံထဲ ဝင်သွားလိုက်သည်။
သူထွက်သွားသည်နှင့် အာ့ဝူလင်က ချက်ချင်း ပေါ်လာပြီးပြောလိုက်၏။
[ထောင်ထောင်၊ အချစ်လေး၊ မင်းအဖေက အကြံအဖန်သမား ဖြစ်ရမယ်၊ ငါ့ကိုယုံ။]
လုထောင်က "အကြံအဖန်သမား" ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို သိပ်နားမလည်ဘဲ မေးရန်လုပ်လိုက်စဉ် ရွှီလိုင်နန် ရောက်လာခဲ့၏။
သူမက ရွှီလိုင်နန်ကို မှတ်မိနေသေးသည်။ သူ့ကို မြင်တော့ ချက်ချင်း သတိထားမိပြီး မေးလိုက်၏။
"ဘာလုပ်ချင်တာလဲ။"
ရွှီလိုင်နန်က သူ့ကို ဒီလိုမေးသည်ကို ကြားလိုက်ရတော့ မျက်နှာနီရဲသွားတော့သည်။ သူက အတောင်ပံသေးသေးလေးများပါသည့် အင်္ကျီကို ငုံ့ကြည့်ပြီး ဘာမှ မပြောခဲ့တော့ပေ။
ဟမ်?
ဒီလူက ဘာလို့ ကြောက်စရာမကောင်းတော့တာလဲ။
လုထောင်က မျက်လုံးဝိုင်းများက်ို မှိတ်တုတ်မှိတ်တုတ်လုပ်နေပြီး နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားပုံရသည်။
သူမ တွေးနေတုန်းမှာပဲ ရွှီလိုင်နန်က ရုတ်တရက် ပြေးလာပြီး တစ်ခုခုကို သူမလက်ထဲ ထိုးထည့်လိုက်ကာ "တောင်းပန်ပါတယ်" ဟုပြောပြီး လှည့်ထွက်သွားတော့သည်။
ဒါက... ကြက်ဥပြုတ်လား။
သူမလက်ထဲ အတင်းထိုးထည့်ခံလိုက်ရသည့် ပစ္စည်းကို ကြည့်ပြီး လုထောင် ပို၍ စိတ်ရှုပ်ထွေးသွားရသည်။
အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က သူမကို တိုးတိုးလေး ခေါ်လိုက်၏။
"ထောင်ထောင်။"
လုထောင် ခေါင်းထောင်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အရေးအကြောင်းများဖြင့် အဘွားလုက သူမရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရပြီး သူမ၏ဘေးမှာကတော့ အလွန်စိတ်ပူနေပုံရသည့် လုကောဖုရှိနေသည်။
အဘွားလုက ဝေ့ထံမှ ကြားဖူးသည့် ချစ်ခင်သည့်လေသံဖြင့် သူမကို မေးလိုက်သည်။
"မတွေ့တာကြာပြီနော်။ အဘွားကို မှတ်မိသေးလား။"
"မှတ်မိပါတယ်။"
လုထောင်က အမှန်အတိုင်းပြောလိုက်၏။
"အဘွားက အဘွားအတုလေ။"
အဘွားလု၏ မျက်နှာမှ အပြုံးက ခဏတာ ရပ်တန့်သွားခဲ့သည်။
သို့သော်လည်း လုထောင်ကတော့ မပြီးသေးဘဲ လုကောဖု ဘက်ကိုပါ လှည့်ပြီးပြောလိုက်၏။
"ဦးလေးက ဦးလေးအတု။"
"ဖတ်–"
အနားမှ တစ်စုံတစ်ယောက်က မရယ်မောဘဲ မနေနိုင်တော့ပေ။
ဒီစကားကို ကြားပြီးနောက် အဘွားလုနှင့် လုကောဖု တို့၏ မျက်နှာများ နီရဲသွားကြသည်။ စိတ်လှုပ်ရှားစရာပင်။
ခဏအကြာမှာတော့ အဘွားကြီးက သူမ၏ ချစ်ခင်ကြင်နာသည့်အပြုံးကို ပြန်ရလာသည်။
"ဘယ်သူက မင်းကို အဓိပ္ပာယ်မရှိတာတွေ ပြောထားတာလဲ။ ငါက မင်းကို သုံးနှစ်လောက် ပြုစုပျိုးထောင်ခဲ့တာ။ ငါ့မျက်လုံးထဲမှာ မင်းက ငါ့ရဲ့ မြေးအရင်းလေးပါပဲ..."
သူမ စကားမဆုံးခင်မှာပဲ ခုနက ရယ်ခဲ့သည့်လူက ပြောလိုက်၏။
"အိုး၊ ဦးလေးပြန်လာပြီပဲ။"
အဘွားလုက ခေါင်းလှည့်ကြည့်လိုက်ရာ SUV ကားတစ်စီး ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရပြီး အနောက်မှ ထရပ်ကားတစ်စီး လိုက်လာသည်ကို တွေ့လိုက်ရ၏။ ထရပ်ကားက ပစ္စည်းများ အပြည့်နှင့်ဖြစ်သည်။
အဝေးမှ ကျန်းချီဟန်က အော်ပြောလိုက်၏။
"ထောင်ထောင်၊ သမီးအတွက် သမီးအဘွားဆီက ပစ္စည်းတွေ ယူလာပေးတယ်!"