Chapter 75
Vol. 6 Ch. 75
ချန်ကွမ့်ဖာ၏ လွှမ်းမိုးမှုကြောင့်လားမသိဘဲ လုထောင်ကလည်း လူများကို စိတ်ဝင်စားအောင် လုပ်တတ်လာသည်။
သူမက suona ကို တန်းမထုတ်ဘဲ အခန်းထဲပြန်ဝင်၍ ကျောင်းလွယ်အိတ်လေးယူပြီးမှသာ ဥယျာဉ်ထဲတွင် လူတိုင်းအတွက် ဖျော်ဖြေပေးမည်ဟု ပြောခဲ့သည်။
[ T/N suona က တရုတ်တူရိယာတစ်မျိုးပါ။]
ကျန်းချီဟန် ပြောသည့်အတိုင်းပဲ ကျန်းမိသားစု၏ ဥယျာဉ်သည် နှင်းဆီပန်းများနှင့် ပြည့်နေခဲ့သည်။ အဝေးမှကြည့်လျှင် မီးလိုရဲရဲတောက်နေပြီး လေတိုက်လိုက်လျှင် သင်းပျံ့သည့် ရနံ့လေးများ လွင့်နေခဲ့သည်။ ထိုင်ပြီး စကားပြောခြင်း ဒါမှမဟုတ် နေ့လယ်လက်ဖက်ရည်သောက်ရန်အတွက် အလွန်ကောင်းသည့် နေရာပင်။
အမေကျန်းက စားပွဲ၊ ကုလားထိုင်များကိုချခိုင်း၊ လက်ဖက်ရည်၊ သစ်သီးနှင့် မုန့်များ ပြင်ဆင်ပြီး အောက်ထပ် ဥယျာဉ်ကို ဆင်းသွားလိုက်သည်။
လုထောင်က သူမ၏ ကျောင်းလွယ်အိတ်ကို လျှို့ဝှက်ဆန်းကြယ်စွာ ဖွင့်လိုက်ပြီး ပိတ်စအနီနှင့် ပတ်ထားသည့် ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။
အမေကျန်း၏ မျက်လုံးများ လှုပ်ရှားသွား၏။
ဒီပုံစံ၊ ဒီဟာက...
ဒီအချိန်တွင် လုထောင်၏ ကျောင်းလွယ်အိတ်လေးထဲမှ ကွင်းပုံသဏ္ဌာန် ပစ္စည်းတစ်ခု ထပ်ပြုတ်ကျလာခဲ့သည်။
သူမက ကောက်ကိုင်ကြည့်လိုက်ပေမဲ့ ပြန်ထည့်ဖို့တော့ ပျင်းသဖြင့် ခေါင်းပေါ်တွက် စောင်းစောင်းလေး တပ်ထားလိုက်သည်။
ဥယျာဉ်ထဲမှ စကားသံများ ရုတ်တရက် တိတ်ဆိတ်သွားပြီး လူတိုင်းက လုထောင်၏ ဆွဲဆောင်မှုကိုခံရတော့သည်။
နောက်တစ်စက္ကန့်လောက်တွင် ကောင်မလေးက အနီရောင်ပိတ်စကို ခပ်မိုက်မိုက် ဆွဲဖွင့်ပြီးပြောလိုက်၏။ "Suona Solo - "Little Jumping Frog" ကို နားဆင်ခံစားပေးကြပါဦး။"
ဘယ်သူမှ မတုံ့ပြန်နိုင်ခင်တွင် သူမက ပါးစပ်ကို ဖောင်းအောင်မှုတ်ပြီး အားကုန်တီးခတ်နေပြီဖြစ်သည်။
ဒီလို နူးညံ့သိမ်မွေ့သည့် ကလေးလေးတစ်ယောက်က suona ကို ပီပီပြင်ပြင် မှုတ်နေသည်ကို မြင်ရသည်မှာ နည်းနည်းတော့ ရယ်စရာကောင်းသည်။
ဒါပေမဲ့ သူမ၏ မျက်နှာအမူအရာကတော့ အလွန် ပီပြင်ကာ ဂီတ၏ စည်းချက်သံကလည်း ပျော်ရွှင်စရာကောင်းသည်။ လူအများက သူမနှင့်အတူ ပခုံးများ၊ ခြေထောက်များကို လှုပ်ချင်လာလောက်အောင်အထိ ပျော်ရွှင်စရာကောင်းနေခြင်းပင်။
ပထမဆုံး ထူးဆန်းသည့် ဦးလေး ကျန်းချီဟန်က ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ စတင်လှုပ်ရမ်းလာခဲ့သည်။
နောက်တော့ ကောင်မလေး မေ့ပေါင်က ခြေထောက်များဖြင့် မြေပြင်ကို နင်းပြီး တေးသွားနှင့်အတူ ကနေခဲ့သည်။
suona ၏ရည်ရွယ်ချက်ကို သိသည့် အမေကျန်းတောင် မလွတ်မြောက်ခဲ့ပေ။ လက်ဖက်ရည်ခွက်ကို ကိုင်ပြီး ခေါင်းကို အနည်းငယ် ညိတ်နေ၏။
လုထောင်က သီချင်းကို ဒုတိယအကြိမ် တီးမှုတ်လိုက်တဲ့အခါ ကျန်းချီဟန်က လေချွန်ပြီး တိတ်တိတ်လေး သီချင်းလိုက်ဆိုလိုက်သည်။
ချန်ဖန်းရှူနှင့် လုဟွေ့တို့လို မူလက ကြည့်ဖို့တောင် မခံနိုင်သူများ အပါအဝင် လူတိုင်းက မူးယစ်ခံစားနေကြသလိုပင်။
လုထောင် ပြီးအောင် တီးမှုတ်ရန် အချိန်အတော်ကြာခဲ့ပြီးမှ သူတို့ သတိပြန်ဝင်လာကာ လက်ခုပ်တီးပြီး ချီးကျူးလိုက်ကြ၏။
မေ့ပေါင်လေးက အရှက်အကြောက်များကို ဂရုမစိုက်တော့ဘဲ လုထောင်ကို ပြေးဖက်ပြီး အံ့သြချီးကျူးစွာဖြင့် ပြောလိုက်၏။
"ထောင်ထောင် နင် အရမ်းတော်တာပဲ! ဒါ ဘာတူရိယာလဲ။ ငါ စန္ဒယား မသင်ချင်တော့ဘူး၊ ဒါကိုပဲ သင်ချင်တယ်!"
မေ့ပေါင်၏ အမေက ငယ်ငယ်က နိုင်ငံခြားမှာ ကြီးပြင်းခဲ့သူဖြစ်၍ suona ဆိုသည်ကို မသိခဲ့။ သူမက မေးခွန်းများ ထပ်မေးပြီး သူမ၏လေသံကလည်း ချီးကျူးသံများနှင့် ပြည့်နေခဲ့သည်။
ချန်ဖန်းရှုကို မေးလိုက်သည့်အခါတွင်တော့ သူမ၏ မျက်နှာက ထူးဆန်းနေ၏။
"ဒါက suona လို့ ခေါ်တယ်၊ ကျွန်မတို့နယ်မှာတော့ တော်တော်လေး အတွေ့များတယ်၊ အများကြီး... အခမ်းအနားတွေ အများကြီးမှာ သုံးလို့ရတယ်၊ ရှားပါးတာ မဟုတ်ပါဘူး။ ထောင်ထောင် ဒီသီချင်းကို တီးမှုတ်တာက နည်းနည်း ထူးခြားနေတာပါ။"
မထူးခြားဘူးလား?
လုထောင် suona ကို စထုတ်လိုက်သည့်အချိန်တွင် အမေကျန်းက စိုးရိမ်နေခဲ့ပြီး တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး အကူအညီလိုလားဟု လာမေးလျှင် ဘယ်လိုရှင်းပြရမလဲဆိုသည်ကို စိုးရိမ်နေခဲ့သည်။ သူမမိသားစုက အခုလေးတင် ဖျော်ဖြေပွဲလေးတစ်ခု လုပ်နေခြင်းဖြစ်ပြီး မင်္ဂလာဆောင်၊ နာရေး ဘာမှမရှိဘူးဟု ဘယ်လိုရှင်းပြရမှာလဲ။
ဒီလိုသီချင်းမျိုး ဖြစ်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
အဘွားကြီးက သူမ၏ မြေးမလေးကို ဖက်ပြီး ပြုံးလိုက်သည်။
"သမီး ပုလွေမှုတ်တာ ကောင်းတယ်! ဘယ်သူ သင်ပေးတာလဲ။"
မကြာသေးခင်က ၂၅၀ က လုထောင်ကို suona နှင့် ပတ်သက်သည့် အလုပ်များ အများကြီး ပေးခဲ့သည်။
"The Jumping Frog" က လုထောင်အနှစ်သက်ဆုံးနှင့် သူမသင်ထားသည့် သီချင်းအသစ်များထဲမှ သူမ အကောင်းဆုံး တီးမှုတ်နိုင်သည့် သီချင်းပင်။
အဘွားက အဲ့ဒီလိုမေးလာပြီဆိုတော့ သူမ၏ ပါးစပ်လေးက လှုပ်ရှားလာပြီး အာ့ဝူလင် အကြောင်းကို ဘယ်လိုပြောပြရမလဲ စဉ်းစားရ ခက်နေ၏။
ရုတ်တရက် လေတစ်ချက် တိုက်ခတ်သွားပြီး သူမ၏ ဝဝတုတ်တုတ် လက်လေးကို ဆုပ်ကိုင်ခံလိုက်ရ၏။
"ထောင်ထောင် နင်က ငါ့အတွက် မော်ဒယ် ဖြစ်ရမယ်!"
လုထောင် လန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ရောက်လာသူက အေးစက်ပြီး ချဉ်းကပ်ရမလွယ်သော အဒေါ်ဖြစ်နေ၏။
သို့သော် အဒေါ်ကတော့ လုံးဝအေးစက်မနေခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူမ၏မျက်နှာက စိတ်လှုပ်ရှားမှုအပြည့်ပင်။
မစ္စကျန်းက မြေကြီးပေါ်တွင် ဒူးထောက်ပြီး လုထောင်၏ လက်ကလေးများကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားခဲ့သည်။
"အဒေါ် မကြာသေးခင်ကမှ နတ်သမီးပုံလေး ဆွဲဖို့ပြင်ဆင်နေတာ၊ ဘယ်လိုပဲကြိုးစားဆွဲဆွဲ တစ်ခုခုလိုနေသလို ခံစားရတယ်။ အခုမှ နားလည်သွားပြီ၊ အဲဒါ သမီးပဲ။ သမီးရဲ့ နှင်းလိုဖြူစင်တဲ့ အသားအရေနဲ့ ကြည်လင်တဲ့ မျက်လုံးတွေ မရှိဘူးဆိုရင် ဘယ်လိုလုပ် နတ်သမီးလေးလို့ ခေါ်နိုင်မှာလဲ။ အိုး အဒေါ့်ရဲ့ နတ်သမီးလေး၊ ပုံဆွဲခွင့်တော့ ပေးရမယ်နော်!"
သူမ ပုံဆွဲသည့်ကိစ္စနှင့် ပတ်သက်၍ ညအတော်ကြာအောင်အထိ ကောင်းကောင်းမအိပ်ရသေးပေ။
ခုနက ဆူညံနေသည့် suona အသံကို ကြားတော့ လာသတိပေးချင်ပေမဲ့ လုထောင်ကို မြင်လိုက်ရသည့်အခါ မျက်လုံး ခွာလို့မရအောင် ဖြစ်သွားခဲ့၏။
မစ္စကျန်းက လုထောင်ကို ကြည့်လေလေ၊ သူမစိတ်ထဲက စိတ်ကူးစိတ်သန်းများက ဆီးချိုရောဂါကဲ့သို့ ထိန်းမနိုင်သိမ်းမရ ဖြစ်လာလေလေပင်။
ဒါက သူမ၏ ကံကြမ္မာလား။
လုထောင်ကတော့ သူမအဒေါ်၏ သဘောထားက ၁၈၀ ဒီဂရီ ဘာလို့ ရုတ်တရက် ပြောင်းသွားရသည်ကို နားမလည်နိုင်ခဲ့ပေ။ သူမ၏ လက်ရာအသစ်အတွက် မော်ဒယ်လုပ်ဖို့ စိတ်ရင်းမှန်နှင့် ဖိတ်ခေါ်ခဲ့ရုံသာမက၊ သူမ၏ စတူဒီယိုကိုပါ ခေါ်သွားပြီး ပန်းချီဘယ်လိုဆွဲရသည်ကိုပါ သင်ပေးခဲ့၏။
သူမ၏ ပန်းချီအခြေခံကောင်းသည်ကို သိသွားတော့ အဒေါ်က ရတနာတစ်ခု တွေ့သွားသလိုပဲ အရည်အချင်းရှိသည်ဟု အမြဲပြောနေခဲ့သည်။
ဒီရက်ပိုင်း အချိန်ရသည်နှင့် သူမ၏အဒေါ်က သူမကို ခေါ်သွားပြီး မိဘများနှင့် အပြင်ထွက်ခွင့်မပေးတော့ပေ။
လုထောင်ကတော့ အလွန် စိတ်ဓာတ်ကျနေခဲ့သည်။
ဦးလေးက အဒေါ်က ကလေးတွေကိုသဘောမကျဘူးလို့ ပြောခဲ့တာမလား။
ဦးလေးက လိမ်တာပဲ!
ကျန်းချီဟန်က ကလေးလေးကို အပြစ်မတင်ဘဲ အလွန်ခံပြင်းသလို ခံစားရသည်။
သူလည်း အလွန်အံ့သြသွား၏။ သူ့မျက်လုံးများတောင် ပြူးထွက်မတတ် ဖြစ်သွားခဲ့သည်။
သူ့မရီးက ပန်းချီကို အလွန်ချစ်သည်မှလွဲလို့ တခြားအရာအားလုံးတွင် ကောင်းသည်။ လောကီအရာများကို နားမလည်သလို သူ့စတူဒီယိုကို သူကိုယ်တိုင် စီမံပြီး ဘယ်သူ့ကိုမှလည်း ဝင်ခွင့်မပြုပေ။ သူ့အစ်ကိုကြီးကိုတောင် မဝင်ခိုင်းခဲ့။ ဘာလို့ ရုတ်တရက် ထောင်ထောင်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ပြုရတာလဲ။
သူ့မရီး၏ စရိုက်က တကယ်ပြောင်းသွားပြီလားဆိုသည်ကို သိရန် ကျန်းချီဟန်က လုထောင်ကို စတူဒီယိုကို လိုက်ပို့ပြီး သူပါခိုးဝင်ကြည့်ရန် အခွင့်အရေးရှာခဲ့သည်။
ရလဒ်ကတော့...
ရလဒ်ကတော့ ငြင်းပယ်ခံရခြင်းပင်။ ပြီးတော့ သူ့နှာခေါင်းက တံခါးနှင့် တိုက်မိပြီး ကျိုးမတတ်ဖြစ်သွားရ၏။
လုထောင် ကန်ချန်ကို ရောက်ပြီး လေးရက်မြောက်နေ့တွင် သူမ၏ ဒီဇိုင်းပုံစံအတိုင်း အထည်တစ်ရာ ရောင်းချသည့် လုပ်ငန်းတာဝန် ပြီးဆုံးသွားခဲ့သည်။
သူမက ချန်ဖန်းရှူကို တိတ်တိတ်လေးပြောပြပြီး နောက်ဆုံးတော့ အဒေါ်ထံမှ လွတ်မြောက်ကာ မိဘများနှင့်အတူ တစ်နေကုန် အပြင်ထွက်လည်ခဲ့၏။
အရောင်အဝါက အလွန်အန္တရာယ်များသည်ကို ထည့်သွင်းစဉ်းစားပြီး ၂၅၀ က အပြင်မထွက်ခင်တွင် အဆုံးစွန်လက်နက်ကို ဖွက်ထားပြီး မထုတ်ရန် သတိပေးခဲ့သည်။
ဒါတောင်မှ လမ်းတွင် တစ်ယောက်ယောက်က လုထောင်ကို ဇာတ်ကားရိုက်ရန် အတင်းခေါ်သွားချင်သဖြင့် သူတို့ကို တားခဲ့သေးသည်။
ချန်ဖန်းရှု အပြင်မှ ပြန်လာတော့ စာအုပ် တစ်ပုံကြီး သူ့လက်ထဲ ပါလာခဲ့သည်။
ကျန်းမိသားစုက စာအုပ်ဆိုင်မှ ဝယ်လာသည်ဟုသာ ထင်ပြီး သိပ်ဂရုမစိုက်ကြပေ။ သို့သော် သူမကတော့ စာအုပ်များကို ရတနာကဲ့သို့ ဆုပ်ကိုင်ထား၏။
ဒီရက်ပိုင်းအတွင်း သူမက ဟောင်ကောင်မှ အဓိကစျေးဝယ်စင်တာအားလုံးနီးပါးကို သွားရောက်ခဲ့ပြီး ဇိမ်ခံအဝတ်အထည်များစွာကို မြင်ခဲ့ရသည်။ အများကြီး အကျိုးအမြတ်ရခဲ့သည်ဟုလည်း ပြောနိုင်သည်။
သို့သော် ထိုအကျိုးအမြတ်များထဲမှ ဘယ်အရာကမှ ထောင်ထောင် သူမကို ပေးခဲ့သည့် စာအုပ်များလောက် မကောင်းပေ။ ဒီစာအုပ်များထဲတွင် မကြာသေးခင်နှစ်များက အဓိကဖက်ရှင်ပတ်လည်ပွဲများမှ ပြပွဲဝတ်စုံများနှင့် နေ့စဉ်ပုံမှန်ဝတ်စုံများလည်း ပါဝင်သည်။ ဒါ့အပြင် အဓိကအမှတ်တံဆိပ်များက ဒီဇိုင်နာများ၏ ပုံစံနှင့် ဒီဇိုင်းသဘောတရားများလည်း ပါဝင်ပြီး အရမ်းကိုမှ ပြည့်စုံလွန်းသည်။
ချန်ဖန်းရှူက ကုတင်ဘေး မီးအိမ်ကို ဖွင့်ပြီး စာအုပ်ကို စိတ်အားထက်သန်စွာ ဖတ်ရှုနေသည်။ လုကောပင်းက အကြိမ်ပေါင်းများစွာ တစ်ခုခုလုပ်ရန် ကြိုးစားခဲ့သော်လည်း သူမကတော့ ဂရုမစိုက်ခဲ့ပေ။
နောက်နေ့မနက်မှာတော့ လုထောင်က သူမ ဖခင်၏ မျက်နှာပေါ်တွင် စ်ိတ်ခံစားချက်ဘာမှမရှိသည့် အမူအရာကို တွေ့လိုက်ရသည်။ သူမကို ဖြတ်ပြီး တခြားသူများကို ကြည့်နေသလိုပင်။ ပြီးတော့ စိုးရိမ်ပူပန်နေပုံလည်း ပေါ်၏။
၂၅၀ - [ဒီစနစ်မှာ အရိပ်အယောင်တစ်ခု ရနေပြီ။ သူ ငါ့ကို ဆွဲထုတ်ပြီး သေအောင် ရိုက်ချင်နေပြီ။ ကံမကောင်းစွာနဲ့ပဲ သူ လုပ်လို့မရဘူး ဟားဟားဟား!]
လုထောင်က သူမ၏ မိဘများနှင့် ကန်ချန်တွင် ခဏနေပြီး ချန်ဖန်းရှု အထည်အလိပ်ရောင်းဝယ်မှု ညှိနှိုင်းပြီးမှသာ ပြန်ရန်ပြင်ဆင်ခဲ့သည်။
အမေကျန်းက သူမကို မသွားစေချင်ပေ။
"ထောင်ထောင်ကို ဝအောင် မနမ်းရသေးဘူး။ သူမကို ဒီမှာပဲ ထားခဲ့ပါလား၊ ငါ ကိုယ်တိုင် ပြုစုပျိုးထောင်ပါ့မယ်။"
ပြည်မကြီးနှင့် နှိုင်းယှဉ်လျှင် ကျန်းမိသားစု၏ အခြေအနေက ပညာရေးရော၊ ဘဝနေထိုင်မှုပါ သိသိသာသာ ပိုကောင်းသည်။
အမေကျန်းက သူ့မြေးမလေးလည်း စိတ်မကောင်းဖြစ်ပြီး မပြန်ချင်ဘူးဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ ကောင်မလေးက အမေကျန်း၏ မျက်နှာကို ထိပြီးပြောလိုက်၏။
"အဘွား၊ စိတ်မကောင်း မဖြစ်ပါနဲ့။ သမီးတို့ ပြန်လာလည်ပါ့မယ်။"
အမေကျန်း အံ့အားသင့်သွားပြီး ပြောလိုက်၏။
"ဂါဝန်လေး မလိုချင်ဘူးလား၊ စားစရာကောင်းကောင်းလေးတွေရော မစားချင်ဘူးလား။"
လုထောင်က ခေါင်းညိတ်ပြီး "လိုချင်ပါတယ်" ဟုပြောလိုက်၏။ ခေါင်းညိတ်ပြီးသည်နှင့် သူမက ဆက်ပြောလိုက်၏။
"ဒါပေမဲ့ အိမ်မှာလည်း အချိန်တန်ရင် ရှိလာမှာပါ။"
အဖေက အဆင့်တက်သွားပြီ။ အခုဆိုရင် အနီရောင်ပန်းလေးတွေကို သုံးပြီး အံ့ဖွယ်မက်မွန်ဂိမ်း ကစားလို့ရပြီ။ တကယ်လို့ တာဝန်ကို ပြီးအောင်လုပ်ပေးနိုင်ရင် ပိုကောင်းတာတွေလည်းရနိုင်သည်။
ဒါ့အပြင် အဘွားထံမှ အရင်က အခြေအနေများ အလွန်ဆိုးဝါးခဲ့သော်လည်း အခုတော့ အများကြီး ပိုကောင်းလာပြီဟု သူမ ကြားသိခဲ့ရ၏။ အခု ပိုကောင်းလာနိုင်လျှင် နောင်မှာလည်း ပိုကောင်းလာမည်မှာ သေချာ၏။ ဟောင်ကောင်မြို့ထက်တောင် ပိုကောင်းလာနိုင်သည်။
ဒီစကားကို ကြားတော့ လုကောပင်းက သူ့သမီးလေး၏ ခေါင်းကို ကျေနပ်စွာ ပွတ်သပ်ပြီး ပြောလိုက်၏။
"ဟုတ်တယ်၊ ကျွန်တော်တို့နိုင်ငံက လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်နေတာ၊ မကြာခင် ဖြစ်လာမှာပဲ။"
သူတို့ရောက်လာတုန်းက လူငါးယောက် ရှိခဲ့ပြီး ကျန်းမိသားစုအတွက် ဒေသထွက် ပစ္စည်းတချို့ပါလာခဲ့သည်။ သူတို့ပြန်တော့ ကျန်းချီဟန်က တခြားကိစ္စများနှင့် ရှုပ်နေသဖြင့် လိုက်မပို့နိုင်ခဲ့ပေ။ သို့သော်လည်း သူတို့က ပစ္စည်းတော့ အများကြီး ထုပ်ပိုးသွား၏။ ပြည်မတွင် မရနိုင်သည့် အထည်အလိပ် အသစ်များ အများကြီးဖြစ်သည်။
ဒီအထည်များကတော့ ကျန်းမိသားစု၏ ကုန်တင်ကားနှင့် ပါသွားခဲ့၏။ ချန်ဖန်းရှုနှင့် လုကောပင်းတို့က ကလေးနှစ်ယောက်ကို ဂရုစိုက်ရသည်ကြောင့် လမ်းတွင် ပစ္စည်းသယ်နိုင်သလောက်သာ ယူခဲ့ကြသည်။
မထွက်ခင်မှာလည်း အိမ်ကို ဖုန်းဆက်ခဲ့ကြသေး၏။
အစက ချန်ပေါင်ခဲ့က ဘူတာကို လာကြိုမည်ဟု ပြောခဲ့သော်လည်း ဘူတာတွင် နာရီဝက်လောက် စောင့်ပြီးသည့်တိုင် သူ့ကို မတွေ့ရပေ။
သူတို့နှစ်ယောက်စလုံးက တစ်ခုခုများ ကြန့်ကြာနေသည်လားဟု တွေးမိပြီး စက်ရုံကို တိုက်ရိုက်သွားရှာရန်သာ ဆုံးဖြတ်ခဲ့၏။ ဘာပဲဖြစ်ဖြစ် သိပ်မဝေးပေ။
ရောက်သွားသည့်အခါ ချန်ပေါင်ခဲ့က တကယ်ကို ကိစ္စတစ်ခုနှင့် ပိတ်မိနေခြင်းပင်။
ရုတ်တရက် ပေါ်လာသည့် လူဆိုးတစ်ချို့က အဝတ်အထည်စက်ရုံတံခါးကို ပိတ်ဆို့ထား၏။ သူတို့က တံခါးဝတွင် ရပ်ပြီး အတွင်းထဲသို့ လေချွန်ပြနေကြကာ စက်ရုံထဲမှ မိန်းကလေးငယ်လေးများကို လှောင်ပြောင်နေကြ၏။ ကောင်မလေး အများအပြားက မျက်နှာများ နီရဲကာ ဒေါသထွက်နေကြပေမဲ့ ဘာမှ မတတ်နိုင်ကြပေ။
ချန်ပေါင်ခဲ့က ဒီလိုလူများကို အရင်က မြင်ဖူးခဲ့သည်။ ဒါကြောင့် သူက အပြင်ထွက်လာပြီး ဆေးလိပ်တစ်ထုပ်ပေးကာ တခြားနေရာကို သွားဖို့ ကောင်းကောင်းမွန်မွန် အကြံပေးခဲ့လိုက်၏။
ထိုလူများက ဆေးလိပ်ကို သိမ်းပြီး ရပ်နေကြကာ လုံးဝမရွေ့ပေ။ အဲ့ဒီအစား အုတ်တစ်ချပ်ကို ယူပြီး မြေကြီးပေါ် ပစ်ချလိုက်၏။
"ညီလေးတို့၊ ငါတို့က မင်းတို့နေရာမှာ ရပ်နေတာလား။ ငါတို့က လမ်းပေါ်မှာ ရပ်နေတာ။ ဒီမှာ ဘာမှ ဆက်မပြောနဲ့။ မဟုတ်ရင် မင်းတို့ကို ရိုက်သတ်ပစ်မယ်။"
ချန်ပေါင်ခဲ့က အလွယ်တကူ ကြောက်တတ်သူ မဟုတ်ပေ။
ရန်ဖြစ်သည့်အခါ လက်နက်မသုံးဘူးဆိုလျှင် သူ့တွင် ဘာအသာစီးမှ မရသလို၊ ဘာနစ်နာမှုမှလည်း မရှိနိုင်ပေ။ ဒါ့အပြင် ဒါက ခရိုင်မြို့နယ်ဖြစ်ပြီး ရုံးခန်းထဲမှာလည်း ဖုန်းရှိ၏။ ထိန်းမရရင်တောင် ရဲကို ဖုန်းဆက်လို့ရသည်။
မထင်မှတ်ဘဲ တစ်ဖက်လူက လုံးဝမကြောက်ဘဲ ပြောလိုက်၏။
"မင်းက တိုင်ရတာ တော်တယ်မဟုတ်လား။ သွားတိုင်လိုက်၊ ငါကြောက်လား မကြောက်လားဆိုတာ ကြည့်လိုက်လေ။"
ချန်ဖန်းရှုနှင့် လုကောပင်းတို့က ဒီအချိန်တွင် ပြန်ရောက်လာကြ၏။
သူတို့က "တိုင်" ဆိုသည့် စကားလုံးကို တမင်တကာ ထည့်ပြောသည်ကို ကြားလိုက်ရရာ နှစ်ယောက်စလုံးက နောက်ကွယ်တွင် ကိစ္စတစ်ခုခုများ ရှိနေမလားဟု ထင်မိပြီး မျက်နှာများ မသာမယာ ဖြစ်သွားကြ၏။
လူမိုက်တစ်ချို့လည်း သူတို့ကို မြင်သွားကြသည်။
ချန်ဖန်းရှူ၏ အသားအရေက ဟောင်ကောင်မြို့ရဲ့ ရေနှင့်မြေကြောင့် လှပလာကာ အထူးသဖြင့် ဖြူဖွေးနူးညံ့ပြီး ရုပ်ရည်လည်း ကောင်းသလို ဖက်ရှင်ကျကျလည်း ဝတ်စားထားသည်ကို မြင်တော့ လူတစ်ယောက်က လက်လှမ်းပြီး သူမ၏ မေးစေ့ကို ပြုံးနေရင်း ထိလိုက်၏။
"မင်းကလည်း ဒီစက်ရုံကလား။ မင်းကို အရင်က မမြင်ဖူးပါဘူး။"
ချန်ပေါင်ခဲ့က မျက်လုံးများက ချက်ချင်းဆိုသလို ရေခဲလို အေးစက်သွားပေမဲ့ လုကောပင်းက သူ့ထက် ပိုမြန်၏။ သူက အဲ့ဒီလူ၏ လက်မောင်းကို လိမ်ပြီး မြေကြီးပေါ် ဖိချလိုက်သည်။
ထိုလူက နာကျင်စွာ အော်ဟစ်ပြီး မျက်နှာရှုံ့မဲ့ကာ ကျိန်ဆဲလိုက်၏။
ကျန်လူမိုက်များကလည်း ဒါကို မြင်တော့ စတင်ကျိန်ဆဲပြီး လုကောပင်းကို ရိုက်နှက်ချင်လာကြသည်။
ရလဒ်ကတော့ ကြက်ဥနှင့် ကျောက်တုံးနဲ့ ရိုက်သလိုပင်။ လုကောပင်းတစ်ယောက်တည်းက သူတို့ကို နှိမ်နင်းလိုက်၏။
လူတိုင်းကို လဲကျအောင်လုပ်ပြီးတော့ လုကောပင်းက လက်ခုပ်တီးပြီး မေးလိုက်၏။"ဘယ်သူက မင်းတို့ကို လာခိုင်းတာလဲ။"
"ကျွန်တော်တို့ ဘယ်သိမလဲ"
"မှန်တယ်။ မင်းက တစ်ယောက်ယောက်ကို စော်ကားထားပေမဲ့ မင်းကိုယ်တိုင်တောင် မသိဘူးဆိုတော့ ငါတို့က ဘယ်လိုသိမှာလဲ။"
လူဆိုးလူမိုက်တချို့က ကံမကောင်းဘူးဟု အော်ဟစ်ပြီး နာနာကျင်ကျင် ညည်းညူရင်း မြေပြင်မှ ထပြေးသွားကြ၏။
လုကောပင်းတို့အဖွဲ့၏ မျက်နှာများက တည်ကြည်နေကြပြီး အထူးသဖြင့် ချန်ဖန်းရှူက ပိုတည်ငြိမ်သည်။
သူတို့ သတင်းပို့ခဲ့သဖြင့် ဒီလူများက ရန်ရှာရန်လာကြခြင်းပင်။ ဒီလူများက ရုပ်ဆိုးသည့် ဒုတိယစက်ရုံမှူး လွှတ်လိုက်သူ ဖြစ်နိုင်၏။
တိုင်ကြားစာပို့လိုက်သည်မှာ အချိန်အကြာကြီးရှိပြီဖြစ်သည့်တိုင် ရုပ်ဆိုးသည့် ဒုတိယစက်ရုံမှူးကတော့ အပြစ်ပေးမခံရသည့်အပြင် သူတို့ကို ဘယ်သူတွေက တိုင်ကြားခဲ့သည်ဆိုသည်ကိုပါ သိနေခဲ့၏။
ဒီလူမိုက်များက ရဲစခန်းကို မကြာခဏ ရောက်နေကြသူများပင်။
လုကောပင်းက ဘာမှမလုပ်ဘဲ နေ့တိုင်းဒီမှာနေသည်မျိုး ဒါမှမဟုတ် သူတို့ကို ကောင်းကောင်းရိုက်ပြီး ကြောက်အောင်လုပ်လိုက်သည်မျိုးသာရှိသည်။ မဟုတ်လျှင် ရဲကိုခေါ်လိုက်ရင်တောင် သူတို့ကို ရက်အနည်းငယ်လောက် ထောင်ချလိုက်ပြီး လွတ်လာလျှင် နောက်တစ်ကြိမ် လာနှောင့်ယှက်နေဦးမည်။
စီးပွားရေးလုပ်သည့်အခါ သဟဇာတဖြစ်ရန်နှင့် ငွေရှာရန်က အရေးကြီးသည်။ သူတို့ နေ့တိုင်းလာနှောင့်ယှက်နေလျှင် စက်ရုံအတွက် မကောင်းပေ။
ချန်ပေါင်ခဲ့က ကျိန်ဆဲလိုက်၏။
"ဒီမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား"
သူ ဆဲဆိုသည်ကိုကြားတော့ ချန်ဖန်းရှူက လုထောင်၏ နားကို အမြန်ဖုံးပြီး မနှစ်မြို့သည့် အကြည့်နှင့် ကြည့်လိုက်၏။
ချန်ပေါင်ခဲ့က သူမှားသွားမှန်း သဘောပေါက်ပြီး ရှက်ရွံ့စွာ နှုတ်ခမ်းကိုရိုက်ရင်း ပြောလိုက်၏။
"တောင်းပန်ပါတယ်၊ အရမ်းဒေါသထွက်သွားလို့ ကလေးရှိတာကို မေ့သွားတယ်။"
သို့သော် လုထောင်ကတော့ ပုံမှန်မဟုတ်သည့် အနေအထားကို သဘောပေါက်နေလေပြီ။
ဒါ့အပြင် တိုက်ခိုက်မှုက ရုတ်တရက်ဖြစ်ခဲ့ခြင်းဖြစ်၏။ သူမနှင့် သူမအစ်ကို လုဟွေ့ တို့ကို ဘေးဖယ်ထားခဲ့ပေမဲ့ ဘာဖြစ်ခဲ့သည်ဆိုသည်ကို သူတို့သိ၏။
မိဘများ မျက်မှောင်ကြုတ်နေသည်ကိုမြင်တော့ သူမက အဖေဖြစ်သူ၏ ပေါင်များကို ဖက်လိုက်ပြီးနောက် အမေကိုပါ သွားဖက်ရင်း ပြောလိုက်၏။
"အမေ မကြောက်ပါနဲ့၊ ထောင်ထောင်မှာ ကံကောင်းတဲ့ကြယ်ရှိတယ်။ ထောင်ထောင်က အမေ့ကို ကံကောင်းတဲ့ကြယ်ပေးမယ်၊ အမေ အဆင်ပြေသွားလိမ့်မယ်။"
ပြောနေရင်း သူမက သူမ၏ ကျောင်းအိတ်ထဲမှ လက်ကောက်ပုံစံလုပ်ထားတဲ့ ငွေရောင်ကံကောင်းသည့်ကြယ်ကို ထုတ်ပြီး ချန်ဖန်းရှူ၏ လက်ကောက်ဝတ်တွင် ပတ်ပေးရန် ခြေဖျားထောက်လိုက်သည်။
ချန်ပေါင်ခဲ့က ဒါကိုမြင်တော့ သာမန်ငွေကြယ်လေးတစ်ခုလို့သာ ထင်ပြီးမေးလိုက်၏။
"အဘွားပေးလိုက်တာလား။"
လုထောင်က နှုတ်ခမ်းဆူပြီး "မဟုတ်ဘူး" ဟုပြောလိုက်၏။
သူမ မကျေနပ်သည့်ပုံကိုမြင်တော့ ချန်ပေါင်ခဲ့က ထပ်မေးချင်သေးသော်လည်း ထိုအချိန်တွင် လုကောပင်းထံသို့ ကြေးနန်းစာတစ်စောင် ရောက်လာ၏။
လုကောပင်းက ယူဖတ်ပြီး စာပွဲပေါ်တင်လိုက်ကာ သူ၏ရှည်လျားသည့် လက်ချောင်းများနှင့် ဖိလိုက်၏။
"ရုပ်ဆိုးကောင်ရဲ့ ကိစ္စတွေကို စိတ်မပူနဲ့၊ ကိုယ် တာဝန်ယူလိုက်မယ်။"