သူက ဂန္ထဝင် ပုဂ္ဂိုလ်ကြီး
Vol. 4 Ch. 391
ရန်ချင်ဟူမှာ တကယ့် ဂန္ထဝင်ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
သူကား အရှေ့ဟွမ် ပြည်နယ်ကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သူ ဖြစ်သည်။ အခန်းထဲရှိ မည်သူကမျှ ထိုအဘိုးအို၏ အောင်မြင်မှုများကို မယှဉ်နိုင်ချေ။
ချီတုန်ရှန်း၊ တင်းဖူဟိုင် ကဲ့သို့သော လူများပင်လျှင် ထိုအဘိုးအိုနှင့် ယှဉ်ပါက မှေးမှိန်ရသည်။ ထိုအဘိုးအို၏ ဒုတိယဂုဏ်ပုဒ် ဖြစ်သော ကောင်းကင်စာအုပ် နံပါတ်နှစ်ဆယ်ဟူသော နာမည်ကပင်လျှင် တရုတ်နိုင်ငံ တစ်ခုကိုလုံးကို တုန်လှုပ်သွားစေနိုင်သည်။
သို့သော်လည်း လူငယ်လေး၏ ရှေ့၌ ရန်ချင်ဟူ၏ အမူအရာက အလွန်ပင် ယဉ်ကျေးလွန်းနေသည်။ သူက သူ့ကိုယ်သူပင် နှိမ့်ချ၍ ဝါစဉ်ငယ် တပည့်လေးဟု သုံးနှုန်းခဲ့သေးသည်။ ထိုအရာက အမှန်ပင် ယုံကြည်ရန် ခက်ခဲလွန်းနေသည်။
"သူက ဘယ်သူလဲ။ တရုတ်ရဲ့ အင်အားအကြီးဆုံး မိသားစုက ဆက်ခံသူ တစ်ယောက်လား။ အဲဒီလို ဆိုရင်တောင် ရန်ချင်ဟူက ခုလောက် ရိုကျိုးမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ သူက ကလေးသာသာပဲ ရှိသေးတာ"
များစွာသော သူဌေးကြီးများမှာ ချန်းဖန်အား စူးစိုက် လေ့လာနေကြသည်။ သူတို့၏ စိတ်ထဲတွင်မူ မေးခွန်းက ပြည့်နှက်နေ၏။
"ချန်းဖန်တဲ့လား ... ငါလည်း တစ်ခါမှ မကြားဖူးဘူး ... သူက လျှို့ဝှက် အင်အားကြီး မိသားစု တစ်ခုရဲ့ သခင်လေးများလား ..."
တင်းဖူဟိုင်ကလည်း အသည်းအသန် တွေးနေခဲ့သည်။ သို့သော်လည်း ချန်းဖန် ဆိုသော ဇာစ်မြစ်က သူ၏ မှတ်ဉာဏ်များထဲတွင် ရှိမနေချေ။
ချီတုန်ရှန်းမှာမူ သားဖြစ်သူ၏ စကားများကိုသာ အထပ်ထပ် ကြားယောင် နေခဲ့မိတော့သည်။
"အဖေ ... ဂျပန်ကိုသွားစရာ မလိုတော့ဘူး ... အရမ်း အစွမ်းထက်တဲ့ အကူအညီပေးမဲ့သူ တစ်ယောက်ကို သားတွေ့ထားတယ်။ သားတို့သာ သူ့ရဲ့ ကာကွယ်မှု အောက်မှာရှိရင် ရန်ချင်ဟူ ဘာမှ လုပ်ရဲတော့မှာ မဟုတ်ဘူး"
ချီတုန်းရှန်း အနေဖြင့် မူလက ချီဝမ်စန်း၏ စကားများကို မယုံကြည်ခဲ့ပေ။ သို့သော်လည်း ယခု တွေ့မြင်ရသော မြင်ကွင်းအရ ဆိုလျှင် ချီဝမ်စန်း၏ စကားက မှန်နေလောက်သည်။ သူ၏ အခန်းဖော်ဟု ဆိုသော ကောင်လေးမှာ "ချန်းဖန်" ဆိုသော အမည်ဖြင့်ပင် ရန်ချင်ဟူကိုပါ ဦးညွှတ်စေခဲ့သည်။ ချီဝမ်စန်း ရည်ညွှန်းသည့် အကူအညီမှာ သူပင် ဖြစ်ရမည်။
ချန်းဖန်ကမူ အခြားလူများစွာ၏ အကြည့်များအား ဂရုမစိုက်ပေ။ သူက ပေါ့ပေါ့ပါးပါးပင် ရန်ချင်ဟူအား ကြည့်ရင်း ပြောလိုက်သည်။
"ခေါင်းမော့လို့ ရပြီ။ ငါက ဒီနေရာကို မရည်ရွယ်ပဲ ရောက်လာဖို့ ဖြစ်သွားခဲ့တာ။ ငါဒီမှာ ရှိနေလိမ့်မယ်လို့ မင်းမသိတာ မဆန်းဘူး။ ဒါက မင်း အမှားမဟုတ်ပါဘူး ..."
ရန်ချင်ဟူက သက်ပြင်းတစ်ချက်ချကာ ခါးရိုးအား ပြန်လည် ဆန့်တန်းလိုက်၏။ သို့သော်လည်း သူကား ခေါင်းမော့ ရင်ကော့၍ မနေဝံ့တော့ချေ။ ချန်းဖန်၏ ဘေးတွင်ပင် ကုပ်ကုပ်လေး ဆက်၍ ရပ်နေခဲ့သည်။
ချီတုန်ရှန်း ကဲ့သို့သော သာမန် အထွတ်အထိပ် ပညာရှင်များ အနေဖြင့် "ချန်းဖန်" ဆိုသော နာမည်အား မရင်းနှီးကြသည့်တိုင် ရန်ချင်ဟူကမူ ကောင်းစွာ သိသည်။
ရန်ချင်ဟူမှာ ချန်းဖန်အား အလွန်လေးစားသည့် လူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ အထူးသဖြင့် တာကီမီယာ ဟီရိုနှင့် စစ်တပ်အား ချန်းဖန် အနိုင်ယူပြီးသည့် အချိန်တွင် ဖြစ်သည်။ ချန်းဖန်၏ အောင်မြင်မှုများကား ယခုအချိန်ထိ မြေအောက်လောကတွင် လှုပ်ခတ်နေတုန်း ဖြစ်သည်။
သိုင်းပညာ အဖွဲ့အစည်းတွင် အသက်အရွယ်က အဓိက မဟုတ်ချေ။ ပိုမို အင်အားကြီးသူသာ ထိုက်တန်သော လေးစားမှုကို ခံရပေလိမ့်မည် ဖြစ်၏။
ချန်းဖန်၏ အောင်မြင်မှုများက ရန်ချင်ဟူ အနေဖြင့် တစ်သက် မယှဉ်နိုင်သော အရာများပင် ဖြစ်သည်။ ထို့ကြောင့်ပင် ရန်ချင်ဟူက ချန်းဖန်အား လေးစားစွာ ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
"ဆရာကြီးချန်း ... ဂျပန်ကနေ တရုတ်ကို ပြန်လာတာလား ခင်ဗျ"
ရန်ချင်ဟူက ဂရုတစိုက် မေးလိုက်သည်။ သူ့အတွက်မူ ချန်းဖန်ကား တန်ခိုးရှင် အဆင့် အစစ်အမှန် ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူကိုယ်တိုင်မှာ လူတိုင်း လေးစားရသော အထွတ်အထိပ် အဆင့် တစ်ယောက် ဖြစ်သော်လည်း တန်ခိုးရှင် အဆင့် ကျင့်ကြံသူကိုမူ မလေးမစား မလုပ်ရဲပေ။ ထိုဂန္ထဝင် ပုဂ္ဂိုလ်ကြီးရှေ့၌ သူ၏ ဖြစ်တည်မှုက သေးငယ်လွန်းသည်။
"အမှန်ပဲ ... ဟိုမှာ လုပ်စရာကိစ္စတွေ ပြီးသွားပြီလေ။ ဒါကြောင့် တရုတ်ကို ပြန်လာတာ"
ချန်းဖန်က သူ၏ရှေ့စားပွဲပေါ်ရှိ ပန်းကန်ပြားထဲက အသားကြော်ကို လှီးဖြတ်ရင်း ဆက်ပြောလိုက်သည်။
"ချီတုန်ရှန်းရဲ့သားက ငါ့အခန်းဖော်ပဲ ... ငါ ချီမိသားစုကို ကာကွယ်ပေးမယ်လို့ သူ့ကို ကတိပေးထားတယ် ... ဒါကြောင့် မင်းလည်း ရှေ့ဆက် မတိုးနဲ့တော့"
"ဟုတ်ကဲ့ပါ ..."
ရန်ချင်ဟူက တုံ့နှေးခြင်း မရှိဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
ရန်ချင်ဟူက အပြုအမူက လူတိုင်းအား ဆွံ့အသွားစေပြန်သည်။ ရန်ချင်ဟူကိုပင် ချက်ချင်း ခေါင်းညိတ်စေသည့် လူငယ်လေး၏ စကားတစ်ခွန်းက မည်သည့် ခြိမ်းခြောက်မှုများ ပါနေသနည်း။ အဘယ်ကြောင့် ရန်ချင်ဟူကဲ့သို့ ပညာရှင်ကြီးက ထိုကောင်လေးအား အလွန်လေးစား နေရသနည်း။
သူတို့မသိသည့် အချက်ကား တန်ခိုးရှင် အဆင့်များအတွက် အထွတ်အထိပ် အဆင့် ဆိုသည်က အင်းဆက် ပိုးမွှားလေးများသာ ဖြစ်သည် ဆိုခြင်းပင်။ တန်ခိုးရှင် အဆင့်များ ရှေ့တွင် အထွတ်အထိပ် အဆင့် ပညာရှင်များမှာ ဒုက္ခိတများနှင့် မခြားပေ။
"သခင်ကြီးရန် ... ကျွန်တော်တို့ သဘောတူထားတယ်လေ ..."
တင်းဖူဟိုင်က အလောတကြီး အော်ဟစ် သတိပေးလိုက်သည်။
"ဟမ် ..."
ချန်းဖန် မည်သို့မျှ မပြောရသေးခင်မှာပင် ရန်ချင်ဟူက မျက်မှောင်ကြုတ်ရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။
"ဝေါ ..."
အင်အားကြီးသော စွမ်းအားတစ်ခု ဖြတ်သန်း သွားသည့် အလား အခန်းတစ်ခုလုံးမှာ အနည်းငယ် တုန်ခါသွားသည်။ ရုတ်တရက်ပင် အဝါရောင် အလင်းတစ်ခုက ရန်ချင်ဟူ၏ လက်တွင် ဖြစ်ပေါ်လာသည်။ ထိုအဝါရောင် အလင်းက လေထဲသို့ ရုတ်တရက် ပျံတက်ကာ တင်းဖူဟိုင်၏ ရှေ့လက်မ အနည်းငယ် အကွာမှ စားပွဲထက်သို့ ကျသည်။
"ဘုန်း ..."
စားပွဲကား အဝါရောင် အလင်းနှင့် ထိတွေ့ရာတွင် လေးပိုင်း ကွဲထွက်သွားသည်။ စားပွဲပေါ်ရှိ အစားအစာများ၊ ဝိုင်ပုလင်းများသည်လည်း အတိအကျ လေးပိုင်းပင်။
အကယ်၍ ထိုအဝါရောင် အလင်းသာ လက်မ အနည်းငယ် ရှေ့သို့ ရောက်မိပါက တင်းဖူဟိုင်၏ ခန္ဓာကိုယ်သည်လည်း လေးပိုင်း ပြတ်နေလောက်ပြီ ဖြစ်သည်။ ထိုတိုက်ခိုက်မှုက အထွတ်အထိပ် အဆင့် တစ်ယောက် မည်မျှ အစွမ်းထက်ခြင်းအား ထုတ်ဖော် ပြသလိုက်ခြင်းနှင့် အတူတူပင်။
တင်းဖူဟိုင်ကား ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေခဲ့ပြီ ဖြစ်သည်။ တင်းဖူဟိုင်၏ ဘေးနားရှိ သက်တော်စောင့် များစွာမှာလည်း ကြောက်ရွံ့မှုဖြင့် ခေါင်းများကိုသာ ငုံ့ထားကြတော့သည်။ သူတို့က ချမ်းဖန်နှင့် ရန်ချင်ဟူတို့အား ခေါင်းပင် မော့မကြည့် ဝံ့ကြချေ။
ရန်ချင်ဟူပင်လျှင် ဤမျှ အစွမ်းထက်ပါက ချန်းဖန်ဟု ခေါ်သော ကောင်လေးကား မည်မျှ အစွမ်းထက်နေသနည်း။
သို့သော်လည်း မည်သူမျှ ထုတ်ဖော်၍ မမေးရဲချေ။ ရန်ချင်ဟူက အခြားလူများအား ဂရုစိုက်ပုံ မရဘဲ ချန်းဖန်၏ ဘေးတွင်သာ ရိုကျိုးစွာ ပြန်ရပ်နေလိုက်သည်။
ချန်းဖန်ကမူ စားပွဲပေါ်မှ အသားတုံးကိုသာ အာရုံစိုက်နေခဲ့သည်။ သူက အသားတုံးအား လှီးဖြတ်ရင်း အရသာခံ၍ စားနေခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက်မှ ချန်းဖန်က စားသောက်ခြင်းအား လက်စသတ်လိုက်သည်။ သူက လက်ကိုင်ပဝါဖြင့် နှုတ်ခမ်းများအား သုတ်ရင်း ထိုင်နေရာမှ ထရပ်သည်။
"ယူကီရှီရိုဆာ ... ငါဗိုက်ဝပြီ ... အခန်းကို ပြန်ကြရအောင်လေ"
"ကောင်းကောင်း အနားယူပါ ဆရာကြီး ခင်ဗျာ ..."
ရန်ချင်ဟူက ဦးခေါင်းအား ညွှတ်ရင်း နှုတ်ဆက်လိုက်သည်။ ချန်းဖန် ထွက်ခွာသွားချိန် အထိ သူ၏ခေါင်းအား မမော့ရဲခဲ့ပေ။
လူတိုင်းကမူ ထိုချွေးပြန်နေသည့် ဆရာကြီး၏ အပြုအမူများအား ကြည့်ရင်း တောင့်တင်း နေခဲ့တော့သည်။ သူ၏ပုံစံကား လူငယ်လေး၏ ရှေ့တွင် နေရ၊ ထိုင်ရ အလွန် ခက်ခဲနေပုံရသည်။
"သခင်ကြီးရန် ... ချီတုန်ရှန်းကို ဒီအတိုင်းပဲ လွှတ်လိုက်မှာလား ... ကျွန်တော်တို့ နောက်ထပ် ဒီလိုအခွင့်အရေးမျိုး ရမှာ မဟုတ်ဘူးနော်"
ချန်းဖန် ထွက်ခွာသွားပြီး အတန်ကြာ၌ တင်းဖူဟိုင်က ရန်ချင်ဟူထံသို့ လျှောက်လာရင်း မေးလိုက်သည်။
"ဟမ့် ... ဆရာကြီးချန်း ပြောသွားတာ မင်းမကြားဖူးဘူး ... ဖက်တီးတင်း ... မင်း လုပ်ချင်ရင် ကိုယ့်ဟာကိုယ်လုပ် ... ငါ့မိသားစု တစ်ခုလုံးကိုတော့ ငါအသေမခံနိုင်ဘူး"
ရန်ချင်ဟူက အေးစက်စွာ ပြန်ပြောလိုက်သည်။ သူ၏စကားက လူတိုင်းအား စိတ်ဝင်စားသွားစေသည်။ ထိုကောင်လေး၏ အစစ်အမှန် ပုံရိပ်က အဘယ်နည်း။
"သခင်ကြီးရန် ... ကျွန်တော်တို့ကို အသေးစိတ် ပြောပြလို့ရမလား ... အဲဒီ ကောင်လေးက ဘယ်သူလဲ ... ဘာလို့ သခင်ကြီးရန်ကတောင် သူ့ကို အရမ်း ကြောက်နေရတာလဲ"
တင်းဖူဟိုင်က အံကြိတ်ရင်း မေးလိုက်သည်။
ရန်ချင်ဟူက မျက်မှောင်ကြုတ်ရင်း တင်းဖူဟိုင်အား ကြည့်လိုက်သည်။
"ဖက်တီးတင်း ... မင်းသိချင်တာ သေချာလား ..."
"ဟုတ်ကဲ့ ..."
တင်းဖူဟိုင်က ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်၏ စကားက လူတိုင်းအား စိတ်ဝင်စားသွားစေသည်။ ချန်းဖန် ဆိုသော ကောင်လေးမှာ မည်သူဖြစ်ကြောင်း မသိချင်သူ မရှိပေ။ သူတို့အားလုံးက ရန်ချင်ဟူ ပြောမည့် စကားသံအား တိတ်ဆိတ်စွာပင် နားစွင့်လိုက်သည်။
ရန်ချင်ဟူက အသံအား အနည်းငယ် မြှင့်လိုက်ရင်း ...
"ဆရာကြီးချန်းမှာ နာမည်တွေ အများကြီးရှိတယ်။ ချန်းဖန်ဆိုတဲ့ နာမည်ကို ခင်ဗျားတို့ မသိရင်တောင် ချန်းပေ့ရွှမ်းဆိုတာကိုတော့ သိမှာပေါ့"
"ဘယ်လို ... ချန်းပေ့ရွှမ်း ..."
တင်းဖူဟိုင်က တအံ့တဩ မေးလိုက်မိသည်။ သူ ဂျပန်တွင်ရှိစဉ်က ထိုနာမည်အား အကြိမ်ပေါင်း မြောက်မြားစွာ ကြားခဲ့ရသည်။ သူက ချန်းပေ့ရွှမ်းအား တွေ့ဆုံခွင့် ရရန် ခွင့်တောင်းခဲ့သည့်တိုင် ပယ်ချခံခဲ့ရသည်။
သို့သော်လည်း ထိုမျှ နာမည်ကြီးသော ပုဂ္ဂိုလ်ကြီးက သူ့သား၏ အခန်းဖော် ဖြစ်နေခဲ့ခြင်း ...။
ချီတုန်ရှန်း ဖြူရော်စွာ ပြုံးလိုက်မိသည်။ အကယ်၍ သူသာ ထိုကိစ္စကို သိခဲ့လျှင် ယခုကဲ့သို့ ဂျပန်ကိုလာ၍ အကူအညီ တောင်းခဲ့လိမ့်မည် မဟုတ်ချေ။
"သူက ... ကောင်းကင် စာအုပ်ရဲ့ နံပါတ်တစ် ... ဆရာ ချန်းပေ့ရွှမ်းလား ..."
တင်းဖူဟိုင်ကလည်း တအံ့တဩ ရေရွတ်လိုက်သည်။ သူက မယုံကြည်နိုင်မှုဖြင့် ခေါင်းအား ဘယ်ပြန်ညာပြန် ခါလိုက်မိသည်။
သူကား တရုတ်မြောက်ပိုင်း၏ အလွန် ချမ်းသာသော သူဌေးကြီး ဖြစ်ရာ ကောင်းကင်စာအုပ် အကြောင်းအား ကောင်းစွာသိသည်။ သူ အလွန် လေးစားရသည့် ရန်ချင်ဟူပင်လျှင် ကောင်းကင်စာအုပ်တွင် နံပါတ် နှစ်ဆယ်သာ ရှိသည်။ ထို့ကြောင့် ကောင်းကင်စာအုပ် နံပါတ်တစ် ဆိုသော ဂုဏ်ပုဒ်က သူ့အတွက် အလွန်ပင် ကြီးကျယ် ခမ်းနားလွန်းလှသည်။
"အင်း ... ဟုတ်တယ် ..."
ရင်ချင်ဟူက တင်းဖူဟိုင်၏ အမေးကို ခေါင်းညိတ်လိုက်သည်။
"သူ့အတွက်တော့ ကောင်းကင်စာအုပ် နံပါတ်တစ်ဆိုတဲ့ ဂုဏ်ပုဒ်က သေးငယ်လွန်းတယ်။ တကယ်တော့ သူက ဂန္ထဝင်ပုဂ္ဂိုလ်ကြီး ပါပဲလေ..."
ရန်ချင်ဟူက လက်နှစ်ဖက်အား နောက်ပစ်ရင်း ပြောလိုက်သည်။ သူ၏ မျက်လုံးများကမူ လေးစားခြင်း၊ ရိုသေခြင်းတို့ဖြင့် ပြည့်နှက်လျက် ရှိတော့သည်။
***