← Chapters

Extra 1

Vol. 6 Ch. 77

Extra 1

Vol. 6 Ch. 77

လုထောင်က မူကြိုကျောင်း ပထမဆုံးနှစ်တွင် သွားစလဲခဲ့သည်။

ပန်းသီးပေါ်မှ သွားကလေးကို ကြည့်ပြီး ကောင်မလေးက မတုံ့ပြန်သေးခင်မှာ လုဟွေ့က ရယ်မောလိုက်၏။

"ဟားဟားဟား၊ နင်က သွားကျဲလေးဖြစ်သွားပြီ! နင်က ငါ့ကို အရင်တုန်းက ရုပ်ဆိုးတယ်လို့ ထင်ခဲ့တာ၊ အခုတော့ နင့်အလှည့်ပဲ!"

လုဟွေ့၏ သွားများက လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ပြောင်းလဲခဲ့သည်ဖြစ်၍ လုထောင်က ဒါဘာလဲဆိုသည်ကို မသိခဲ့ပေ။

သူမ၏အာရုံက "သွားကျဲ" ဆိုသည့်စကားလုံးအပေါ် အပြည့်အဝရောက်နေခဲ့သည်။ သူမ အလွန်ကြောက်သွားပြီး ပန်းသီးကို အမြန်ချကာ မှန်ရှိရာပြေးသွားခဲ့သည်။

စက္ကန့်အနည်းငယ်အကြာမှာတော့ ညစာပြင်ဆင်နေသည့် ချန်ဖန်းရှူက နှလုံးသားကို ထိခိုက်စေသည့် ငိုသံကို ကြားလိုက်ရ၏။

"ထောင်၊ ထောင်ထောင် ပိုပြီး ရုပ်ဆိုးသွားပြီ—"

သူမက ဘာတစ်ခုမှ မတော်ဘဲ အပိုလုပ်သည့်နေရာတစ်ခုသာတော်သည်။

ဒါက ၂၅၀ လုထောင်ကို သုံးနှစ်သမီးအရွယ်တွင် ပေးခဲ့သည့် အကဲဖြတ်မှုဖြစ်ပြီး သူမ၏ အလှအပကို ဘယ်လောက်ချစ်သည်ဆိုသည့်စိတ်ကို ပြသနေသည်။

ဒီနေ့တော့ ကောင်မလေးက အများကြီး သင်ယူခဲ့ပြီး ဘာမှမဆိုးတော့ပေမဲ့ သူမ၏ အလှအပကို ချစ်မြတ်နိုးမှုကတော့ ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။

သူမ၏ သွားတစ်ချောင်း တကယ်ကျဲသွားသည်ကို သိလိုက်ရတော့ သူမ အလွန်စိတ်ဆိုးသွားသည်။

သူမ အပြင်မထွက်တော့ဘဲ လုဟွေ့နှင့် ရန်ဖြစ်ကာ သူမ မိဘများအနောက်မှ လိုက်၍သာ စကားပြောနေခဲ့သည်။ သူမ suona တီးခတ်သည့်အခါမှာတောင် နှစ်ကြိမ်ပဲ တီးခတ်ပြီး သူမ၏ နှုတ်ခမ်းကိုစေ့ပြီး ငိုစပြုလာခဲ့သည်။

"လေ ထွက်နေတယ်။"

အစပိုင်းမှာတော့ မိသားစုဝင်တွေက ရယ်မောနေကြသော်လည်း သူမ မျက်ရည်များကျလာပြီး နှာခေါင်းလေးက ငိုနေသည့်ဒဏ်ကြောင့် နီရဲလာသည်ကို မြင်တော့ သူတို့က ပြန်ချော့လိုက်၏။

လုဟွေ့ကလည်း ပြုံးပြပြီး သူ့ညီမကို အနာဂတ်တွင် ပေါက်လာမည့်သွားများက ပိုလှလိမ့်မည်ဟု ပြောပြခဲ့သည်။

လုထောင်က ဒါကိုကြားတော့ ယုံတစ်ဝက်မယုံတစ်ဝက်ဖြစ်နေပြီး ထိုညက အငိုရပ်သွားခဲ့သည်။ သို့သော် နောက်နေ့မနက် နိုးလာတော့ ပြဿနာအသစ်များ ပေါ်လာတော့၏။

"ကျောင်းမသွားဘူး! မသွားဘူး၊ မသွားဘူး!"

ကောင်မလေးက သူမ၏ တင်ပါးကိုထုတ်ပြီး စောင်ထဲတွင် ခေါင်းမြှုပ်ထားကာ ဘယ်လိုပဲခေါ်ခေါ် အပြင်မထွက်ဘူးဟုသာ ငြင်းဆန်ခဲ့သည်။

သူမ မူကြိုကျောင်းစတက်ကတည်းက ကျောင်းမသွားဘူးဟု ငြင်းဆန်ခဲ့သည်မှာ ဒါက ပထမဆုံးအကြိမ်ပင်။

ချန်ဖန်းရှူက ကူညီမပေးခဲ့ပေ။

"အတန်းထဲက ကျွမ့်ကျွမ့်လည်း သွားလဲတယ်မလား? လူတိုင်းလဲနေတာ၊ သမီးတစ်ယောက်တည်းမှ မဟုတ်တာ။"

လုဟွေ့ကလည်း ဝင်ပြောလိုက်သည်။

"ဟုတ်တယ်။ သွားအသစ်တွေက တစ်လနှစ်လလောက်ကြာမှ ပေါက်လာမှာ။ နင် အဲ့အချိန်ထိ ကျောင်းမသွားဖို့ စီစဉ်နေတာလား။"

ဒီစကားများ ထွက်လာသည်နှင့်အမျှ တင်ပါးထွက်နေသည့် ခန္ဓာလေးက တောင့်သွားခဲ့သည်။

ထို့နောက် စောင်အောက်မှ ကျယ်လောင်သည့် ငိုသံထွက်လာခဲ့သည်။

"နောက်ထပ် နှစ်လ၊ ဝူးဝူးဝူးဝူး!"

သွားမပါဘဲ နှစ်လနေရတော့မည်ဟု တွေးလိုက်သည်နှင့် လုထောင်က စိတ်ပျက်အားငယ်မှု ခံစားခဲ့ရသည်။

နောက်ဆုံးမှာတော့ လုကောပင်းက သူမကို စောင်ထဲကနေ ဆွဲထုတ်ပြီး ပွေ့ဖက်ကာ လုံးဝအဓိပ္ပာယ်မရှိသည့် စကားများကို အတည်ပေါက် ပြောခဲ့၏။

"သွားနတ်သမီးက ကျောင်းမသွားတဲ့ ကလေးတွေကို မကြိုက်ဘူး။ သွားတွေကျွတ်သွားရင် ပြန်မပေါက်နိုင်တော့ဘူး။"

လုထောင်က ကြောက်လန့်တကြားနှင့် ပြောလိုက်၏။

"တကယ်လား?"

လုကောပင်းက ဝမ်းနည်းစွာဖြင့် ခေါင်းညိတ်လိုက်၏။

"တကယ်ပဲ။"

လုထောင်၏ မျက်တောင်များတွင် မျက်ရည်များတွဲလဲခိုနေခဲ့သည်။ သူမက မယုံချင်ယုံချင် ဖြစ်နေပြီး လုကောပင်း၏ မျက်နှာကို အကြာကြီး ကြည့်နေခဲ့သည်။

သူ၏ အမူအရာက အလေးအနက်ရှိပြီး ချော့နေပုံမပေါ်သည်ကို မြင်တော့ သူမ နှုတ်ခမ်းကိုစေ့ပြီး ဝမ်းနည်းစွာ ခေါင်းမြှုပ်ထားလိုက်တော့သည်။

တစ်နာရီအကြာမှာတော့ လုဟွေ့က သူ၏ ညှိုးငယ်နေသည့် ညီမလေး၏ လက်ကို ကိုင်ပြီး ပြည်နယ်စမ်းသပ်မူလတန်းကျောင်း၏ တံခါးဝကို လျှောက်ဝင်လာခဲ့သည်။

မောင်နှမနှစ်ယောက် ပေါ်လာသည်နှင့် ရေတွက်လို့မရသည့် မျက်လုံးများက သူတို့ကို ဆွဲဆောင်ခဲ့သည်။ ဒါပေမဲ့လည်း လုဟွေ့၏ တင်းမာသည့်မျက်နှာကြောင့် ဘယ်သူမှ လာမနှုတ်ဆက်ရဲကြပေ။

သေချာပေါက် လုဟွေ့၏ မျက်နှာတင်းမာနေသည်က သူ၏စိတ်ခံစားချက်မကောင်းလို့တော့ မဟုတ်ချေ။

သူက... စိတ်လျှော့လိုက်လျှင် ရယ်မောမိမည်က်ို ကြောက်နေခြင်းပင်။

လုထောင်၏ ဝတ်စုံကို မြင်တော့ တခြားသူများက ရယ်မောမိကြပြီး တချို့ဆို ရယ်သံကျယ်ကျယ်နှင့်ကို ရယ်ကြ၏။

ကောင်မလေးက သူမ၏ လက်ဖဝါးအရွယ် မျက်နှာလေးပေါ်တွင် မျက်နှာဖုံးကြီးတစ်ချပ်ကို ဝတ်ထား၏။ မျက်နှာဖုံးက သူမ၏ မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသလို အပေါ်တွင် အပေါက်နှစ်ပေါက်ပါပြီး သူမ၏ မျှော်လင့်ချက်ကင်းမဲ့နေသည့် မျက်လုံးအကြီးကြီးများကို ဖော်ပြနေသည်။

အပြင်မထွက်ခင်တွင် သူမက သူမ မျက်နှာကို ဖုံးထားလျှင် ဘယ်သူမှ သူမကို ထောင်ထောင်မှန်းသိမှာမဟုတ်ဘူးဟု တီးတိုးရေရွတ်နေခဲ့သည်။

လုဟွေ့က သူ့မျက်နှာကို မကြည့်ဘဲနှင့်လည်း မှတ်မိနိုင်သည်၊ ကျောင်းတွင် ဘယ်သူက အလှဆုံးဝတ်ထားလဲဆိုသည်က်ို ကြည့်လိုက်ရုံသာဟု သူမကို မပြောရဲခဲ့ပေ။ သူမက ရိုးရိုးလေး ဝတ်ထားလျှင်တောင် အတန်းထဲရောက်သည်နှင့် သူမအတန်းဖော်များက သူမကို မှတ်မိကြလိမ့်မည်။

ထင်ထားသည့်အတိုင်းပဲ၊ အတန်းထဲကို ဝင်လိုက်သည်နှင့် သွားကျဲလေး ကျွမ့်ကျွမ့်က သေနတ်ကျည်ဆံလေးလို ပြေးလာပြီးပြောလိုက်၏။

"ထောင်ထောင် အဝတ်အစားအသစ်တွေ ထပ်လဲထားပြန်ပြီလား။"

တစ်ဝက်တွင် ရပ်ပြီး ဆက်မေးလိုက်၏။

"နင့်မျက်နှာက ဘာဖြစ်တာလဲ။ အဖုအပိန့်တွေ ထွက်နေလို့လား။"

လုထောင်က ခေါင်းကို အမြန်ခါလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး"

ခေါင်းခါပြီးမှ သဘောပေါက်သွား၏။

"ငါဆိုပြီး ဘယ်လိုလုပ်သိတာလဲ"

"နင် အဝတ်အစားအသစ်တွေ မဝတ်ထားဘူးလား။"

ကျွမ့်ကျွမ့်က သူမဝတ်ထားသည့် ဘောင်းဘီအပြာကို လက်ညှိုးထိုးပြပြီး အားကျစွာဖြင့် ပြောလိုက်သည်။

"ဒါ ဂျင်းဘောင်းဘီလား။ ငါ့အဒေါ်က ပြောတယ်၊ ဒါတွေက အခု အရမ်းခေတ်စားနေတာတဲ့၊ ဒါပေမဲ့ ဝယ်ရတာ ခက်တယ်တဲ့"

လုထောင်က စမ်းသပ်မူလတန်းကျောင်း၏ ဖက်ရှင်ခေတ်ရေစီးကြောင်းကို ဦးဆောင်သူနှင့် ဈေးဝယ်ကျွမ်းကျင်သူပင်။ ဘာတွေခေတ်စားသည်၊ ဘာတွေက အဝတ်အစားအဖြစ် လှသည်ကို သိချင်ရင် သူမကို ကြည့်လိုက်ရုံနှင့်သိရ၏။

ကျွမ့်ကျွမ့် အပါအဝင် ပထမတန်း၊ အတန်း ၂ မှ ကျောင်းသားများက နေ့တိုင်းကျောင်းကို စောစောလာကြကာ သူမ၏ ဝတ်စားဆင်ယင်မှုကို လာကြည့်ကြသည်။

ကျွမ့်ကျွမ့် မေးသည်ကို မြင်တော့ တခြားကောင်မလေးငယ်လေးများ အများအပြား ရောက်လာပြီး တစ်ချိန်တည်းမှာ စကားစပြောကြ၏။

"ထောင်ထောင်၊ နင့်ဘောင်းဘီက အရမ်းလှတယ်"

"ဖိနပ်တွေလည်း လှတယ်။ နင့်အဖေ ဝယ်ပေးတာလား"

လုထောင်၏အဖေက သူများအတွက်တော့ ဒဏ္ဍာရီလာ ဖခင်ပင်။

သူက လုထောင်ကို အရေအတွက်သင်ပေးခြင်း၊ ကဗျာရွတ်ခိုင်းခြင်းများတွင် တော်သလို နမ့်ရှန်း ကလေးထိန်းကျောင်းမှလူများကို ထိုးပြီး ပေ့ဟိုင်မူကြိုမှကျောင်းသားများကို ကန်ရာတွင်လည်း တော်သည်။

သူက ရိုးရိုးအရာရှိတစ်ယောက်လို ပုံစံရှိသည့်တိုင် အရည်အချင်းစုံပြီး ပန်းချီဆွဲတတ်သလို suonaလည်း တီးတတ်သည်။

တစ်ခါတလေ သူက မချက်ပြုတ်တတ်ဘဲ ခေါက်ဆွဲများကိုတောင် အဆင်ပြေအောင် မလုပ်တတ်သော်လည်း တစ်ခါတလေတော့ တကယ်အရသာရှိသည့် အစားအစာများ လုပ်တတ်၏။

သူက တခြားသူများ မသိသည့် ဘဝဒဿနများကိုလည်း အများကြီးလည်း သိထားသည်။ ဥပမာ- လူတွေက နာကျင်မည်ကို မကြောက်သရွေ့ အမှားလုပ်မိသည်ကို မကြောက်သင့်ဘူး၊ ပြီးတော့ ဒီလိုကိစ္စသေးသေးလေးအတွက် ဝမ်းနည်းနေစရာ မလိုဘူး၊ ဘာလို့လဲဆိုတော့ မင်းအတွက် ဝမ်းနည်းရမဲ့နေ့တွေက လာဦးမှာပဲ စသဖြင့်ဖြစ်သည်။

လုထောင်၏ အဖေက အတန်းထဲတွင် ကလေးအတွက် အဝတ်အစားဝယ်ဖို့ အချိန်ယူတတ်သည့် တစ်ဦးတည်းသော အဖေဖြစ်သည်။ သူက နည်းနည်းတော့ စိတ်ကျဝေဒနာ ခံစားနေရသည်။

လုထောင်က အလှအပကို အချစ်ဆုံးဖြစ်သည်။ သူ့အဝတ်အစားများအကြောင်း မေးသည်ကိုကြားတော့ ချက်ချင်းပဲ တက်ကြွလာပြီးပြောလိုက်၏။

"ငါ့အဖေ ဝယ်ပေးတာ။"

သူမ၏ အတန်းဖော်များက သူမအဖေ ဝယ်ပေးသည်ဟု ပြောသည့်အရာများက အခြေခံအားဖြင့် နံပါတ် ၂၅၀ မှမဲပေါက်လို့ရခြင်း ဒါမှမဟုတ် ပွိုင့်နှင့် လဲလှယ်ထားခြင်း ဆိုသည်ကိုတော့ လုံးဝမသိကြပေ။

သူတို့က ထောင်ထောင်၏ အဖေ အလွန်ဩဇာရှိသည်ကိုသာ သိကြသည်။ သူက အဝတ်အစားဝယ်လိုက်လျှင် ထိုအဝတ်များကို ကြာကြာမရနိုင်တော့ပေ။ ထောင်ထောင်၏ အမေနှင့်တော့မတူပေ။ ထောင်ထောင်၏ အမေပေးသည့် အဝတ်အစားများက ချင်ရှို့မှဖြစ်ပြီး ကုန်တိုက်တွင် ရောင်းသည်။

ဒီစကားကို ကြားတော့ ကျွမ့်ကျွမ့်နှင့် အခြားသူများ စိတ်ပျက်သွားခဲ့၏။

တော်တော်ကြာတော့ တစ်ယောက်က ထပ်မေးလိုက်သည်။

"ထောင်ထောင် နင့်မျက်နှာမှာ အဖုအပိန့် မရှိပါဘူး၊ ဘာလို့ ဒီလောက်အထိ တင်းတင်းကျပ်ကျပ် ဖုံးထားတာလဲ"

လုထောင် - "..."

မျက်နှာတစ်ခုလုံးကို ဖုံးနေသည့် မျက်နှာဖုံးကြီး ဝတ်ထားသည်က သွားကြားတွင် ဟနေသည်ထက် ပိုပြီး လူအာရုံစိုက်ခံရသည်ကို သက်သေပြခဲ့သည်။

လုထောင်က အဲ့ဒီလောက် တင်းတင်းကျပ်ကျပ် ဖုံးထားသော်လည်း ဆရာရော အတန်းဖော်များကပါ သူမကို ချက်ချင်း မှတ်မိနေသေးသည်။

အဖုအပိန့်လား၊ အရေပြားပဲ့တာလား၊ ညိုမဲတာလား၊ လူတိုင်းက ထင်ကြေးအမျိုးမျ်ိုးပေးကြပြီး သွားကျဲသည်ထက် ပိုဆိုးသည်ဟု ပြောကြသည်။

လုထောင် တစ်ခွန်းကြားလိုက်တိုင်း နှာခေါင်းလေး တုန်သွားပြီး မျက်နှာဖုံးအောက်မှ ပါးစပ်လေးကလည်း ဆီပုလင်းတစ်လုံး ချိတ်ထားလို့ရသည်အထိ ဟသွားခဲ့သည်။

ညနေ ကျောင်းဆင်းချိန်တွင် ကျောင်းဂိတ်ဝ၌ စောင့်နေသော ခန့်ညားသည့်ကောင်လေးကို မတွေ့ခင်အထိ ကောင်မလေးက စိတ်ဓာတ်ကျနေခဲ့သည်။

ဝေ့ချောင်က ဒီနှစ်နှစ်အတွင်း မြန်မြန်ကြီးထွားလာပြီး ဆယ်ကျော်သက်ကောင်လေးများ၏ ထူးခြားသည့် အရပ်ရှည်၊ သွယ်လျသည့် ပုံပန်းသဏ္ဌာန် ရှိနေပြီဖြစ်သည်။

သူက စက်ဘီးတစ်စီးကို တွန်းပြီး မြေပြင်ဘေးတွင် ရပ်လိုက်၏။ သူ့မျက်နှာက ဖြူဖျော့နေပေမဲ့ သူက တကယ်ကို ကြည့်ကောင်းသည်။ အထူးသဖြင့် သူ့ရဲ့ အဖြူအမဲ သန့်ရှင်းလှပသည့် မက်မွန်ပွင့်မျက်လုံးတစ်စုံပင်။

ကောင်မလေးငယ်လေးများက သူ့ကို ခိုးကြည့်နေကြ၏။ ဘာခံစားချက်မှ မရှိဘဲ ရိုးရိုးလေး သဘောကျလို့ကြည့်ကြခြင်းပင်။

သူ့ကို မြင်တော့ လုထောင်၏ မျက်လုံးများ လင်းလက်သွားပြီး ကျောပိုးအိတ်နှင့် ပန်းချီကားချပ်ကို ကိုင်ပြီး ပြေးသွားလိုက်သည်။

"အစ်ကိုဝေ့ချောင်!"

ကံကောင်းစွာနှင့် ဝေချောင်၏ အဘိုးနှင့် လုထောက်၏ အဘိုးအရင်းတို့က ရဲဘော်ဟောင်းများ ဖြစ်ခဲ့ကြသည်။

စစ်ပွဲအတွင်းတွင် သူတို့နှစ်ဦးက ရင်းနှီးသည့် မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ဒါကြောင့် လုကောပင်းက မှတ်ဉာဏ်ဆုံးရှုံးပြီး သူ၏ လေယူလေသိမ်းကို အခြေခံကာ မှတ်ဉာဏ်ကို ပြန်ရှာချင်သည့်အခါ အဖေကျန်းက အဘိုးဝေ့ကို ဆက်သွယ်ပြီး သူ့ကို ဂရုစိုက်ခိုင်းရန် နည်းလမ်းရှာခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်က လုကောပင်းသည် သူ့ဇနီးနှင့် ကလေးများနှင့်အတူ ပြည်နယ်မြို့တော်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် သူလုပ်ခဲ့သည့် ပထမဆုံးအရာက ဝေ့မိသားစုထံ သွားရောက်လည်ပတ်ခြင်းပင်။

ဝေ့ချောင်က အဘိုး၏သူငယ်ချင်းဟောင်း၏ မိသားစုမှ ဘယ်အစ်ကို၊ ညီမ၊ မောင်နှမများကိုမှ စိတ်မဝင်စားပေ။ သူ့အဘွားအိမ်သို့ ဧည့်သည်များ လာမည်ဟု ကြားတော့ သူကအိမ်ကို ပြန်ပြီး အိမ်စာလုပ်ချင်ခဲ့သည်။

ရလဒ်အနေနှင့် လူတိုင်းက တံခါးဝကို လျှောက်သွားသည့်အခါ လုထောင် ရောက်လာသည်ကို သူတွေ့လိုက်ရပြီး သူမနောက်သို့ တိတ်ဆိတ်စွာ ပြန်လိုက်သွားကာ သူမ၏ ကျောပိုးအိတ်ကို အခန်းထဲ၌ ဝှက်ထားခဲ့သည်။

မစ္စဝေ့က အံ့သြသွားပြီး လုထောင်က်ို သေချာကြည့်ပြီးနောက်မှာတော့ သဘောပေါက်သွားခဲ့သည်။

'အို ဘုရားရေ၊ ဒါက ဓာတ်ပုံထဲက ကောင်မလေး မဟုတ်ဘူးလား။'

ချောင်ချောင်က အဲ့ဒီဓာတ်ပုံတွေကို ရတနာတစ်ခုလို တန်ဖိုးထားပြီး ဘယ်သူ့ကိုမှ မထိခိုင်းခဲ့ပေ။ သူမတောင်မှ အခန်းရှင်းတုန်းက မတော်တဆ တွေ့လိုက်ရခြင်းပင်။

သူမ၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခုရှိနေပြီး မစ္စဝေ့က သူ့ကို သေချာစောင့်ကြည့်ခဲ့ပြီး လုထောင် ရောက်လာသည့်အချိန်မှစပြီး သူ့မြေးက တကယ်ကို လူစိတ်ပိုဝင်လာသည်ကို တွေ့ရှိခဲ့ရသည်။

အဘွားကြီးက အလွန်ဝမ်းသာခဲ့၏။ သူမက လုကောပင်းအပေါ် အရင်ကတည်းက ကောင်းသည့်အထင်ရှိခဲ့ပြီး သူ့ကို ချစ်သောကြောင့် မိသားစုတစ်ခုလုံးကို ပိုမိုနွေးထွေးစွာ ဆက်ဆံခဲ့သည်။

မိသားစုနှစ်ခုကြားမှ ကံကြမ္မာကြောင့် ချန်ဖန်းရှုနှင့် ယန်ဖူချင်း တို့လည်း ရင်းနှီးခဲ့ကြသည်။ မိသားစုနှစ်စုက မကြာခဏ အချင်းချင်းထံ သွားရောက်လည်ပတ်ကြပြီး အခု လုထောင်၏ ပန်းချီဆရာကိုလည်း ဝေ့မိသားစုက မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

အခု ဝေ့ချောင်နှင့် လုထောင်က မောင်နှမများ ဖြစ်နေကြလေပြီ။ နေ့တိုင်း ကျောင်းဆင်းချိန်တွင် ဝေ့ချောင်က လုထောင်ကို လာခေါ်ပြီး အတူတူ အတန်းတက်ကြသည်။

လုထောင်က မျက်နှာတစ်ခုလုံးကို မျက်နှာဖုံးနှင့် ဖုံးထားသည်ကို မြင်တော့ ဝေ့ချောင်၏ မျက်လုံးများတွင် အံ့သြမှုများ လင်းလက်သွား၏။

သူက ဘာဖြစ်လဲဟု မေးတော့မည်ဖြစ်သော်လည်း လုဟွေ့က ဘေးမှ ရုတ်တရက် ခုန်ထွက်လာပြီး မျက်နှာဖုံးကြိုးကို ဆွဲဖြုတ်လိုက်သည်။

အဲ့ဒီနောက် ဝေ့ချောက်က ကောင်မလေး၏ နီမြန်းနေသည့် မျက်နှာ၊ အံ့သြမှုကြောင့် အနည်းငယ်ပွင့်နေသည့် ပန်းရောင်နှုတ်ခမ်းလေးများ၊ ပြီးတော့ ပန်းရောင်နှုတ်ခမ်းများကြားက ကျိုးနေသည့် အရှေ့သွားတစ်ချောင်းကို တွေ့လိုက်ရသည်။

သူ အံ့သြသွား၏။

"ထောင်ထောင် သွားလဲပြီလား။"

ထ်ိုအခါကျမှ လုထောင်က သူ့မျက်လုံးရှေ့တွင် နည်းနည်းလေး လင်းသွားသလို ခံစားလိုက်ရသည်။ လေက နည်းနည်းလောက် လတ်ဆတ်လာပြီးတော့ သူ့ပါးစပ်ထဲသို့ ဝင်လာသည့်လေက အနည်းငယ် အေးသည်။

ကောင်မလေးက ပါးစပ်ကို လက်နှင့်အုပ်ပြီး လုဟွေ့ကို ဒေါသတကြီး လိုက်ဖမ်းတော့၏။

လုဟွေ့က ရယ်ပြီး ထွက်ပြေးသွား၏။

"ဟားဟားဟား၊ နင် သူနဲ့ ဆက်ကစားချင်သေးလားဆိုတာ ကြည့်ရအောင်!"

လုထောင်က ဝေ့ချောင်ရှေ့တွင် မျက်နှာပျက်မည်ကို အကြောက်ဆုံးဖြစ်ပြီး ဒီစကားကိုကြားတော့ ပိုပြီးဒေါသထွက်လာကာ မျက်ရည်များဝဲလာတော့သည်။

နောက်ဆုံးတော့ ဝေ့ချောင်ကပဲ သူမကို ချော့မော့ကူညီပေးခဲ့ရ၏။

"ထောင်ထောင်ရဲ့ ဘယ်ဘက်သွားက အရင်ကျွတ်တာမလား၊ အစ်ကိုလည်း ဘယ်ဘက်သွား အရင်ကျွတ်တာပဲ။"

လုထောင်က ဒါကိုကြားတော့ အံ့အားသင့်သွားပြီး ပါးစပ်ကိုအုပ်ရင်းမေးလိုက်၏။

"အစ်ကို့ သွားလည်း ကျွတ်ခဲ့ဖူးတာလား။"

"ကျွတ်ဖူးတာပေါ့။"

ဝေ့ချောင်က ခေါင်းညိတ်လိုက်ပြီး အိမ်ရောက်တော့ သူသွားကျွတ်တုန်းက ပုံကို လုထောင်အတွက် ဆွဲပြလိုက်သည်။ သွားလဲသည်က လုံးဝမရုပ်ဆိုးဘူးဆိုသည်ကို သူမကို သိစေချင်သောကြောင့်ပင်။ သူက သွားအသစ်ပေါက်မည့် ဖြစ်စဉ်ကို နေ့တိုင်းမှတ်တမ်းတင်ရန်အတွက် မှတ်စုသေးသေးလေးတစ်ခုကိုလည်း လုပ်ပေးခဲ့၏။

လုထောင်လည်း နောက်ဆုံးတော့ သိပ်မရှက်တော့သော်လည်း စကားပြောလျှင်တော့ ပါးစပ်ကို အမြဲအုပ်ထားပြီး ပြုံးလျှင်လည်း သွားမပေါ်အောင် သတိထားသည်။ ချန်ပေါင်ခဲ့က သူ့ရည်းစားနှင့် သူတို့အိမ်သို့ လာလည်တော့ သူမကို လှောင်ပြောင်ခဲ့သဖြင့် လုထောင်က ဒေါသထွက်ကာ အခန်းထဲပုန်းနေပြီး အချိန်အကြာကြီး စကားမပြောဘဲနေခဲ့သည်။

မိသားစုဝင်များက ဒါကိုမြင်တော့ အလွန်ပျော်ကြပြီး ချန်ပေါင်ခဲ့၏ ရည်းစားကလည်း ချစ်စရာကောင်းသည်ဟု ပြောခဲ့သည်။

သူမ၏ ရှက်ရွံ့နေသည့် မျက်လုံးများနှင့် သူမနှင့် ချန်ပေါင်ခဲ့ကြားမှ နားလည်မှုရှိသည်ကို မြင်တော့ ချန်ဖန်းရှုက စိတ်အေးသွားသည်။

"မင်းတို့နှစ်ယောက် တွဲလာတာလည်း ကြာပြီပဲ။ မင်းတို့ အဆင်ပြေတဲ့အခါကျရင် ငါတို့မိသားစုနှစ်စု ဆုံပြီး အတူတူ ထမင်းစားကြတာပေါ့။"

ပြည်နယ်မြို့တော်တွင် စက်ရုံတည်ဆောက်ရန် ပြင်ဆင်ပြီးနောက် ချန်ဖန်းရှုက ချန်ပေါင်ခဲ့ကို အရင်လွှတ်လိုက်၏။

မမျှော်လင့်ထားဘဲ ချန်ပေါင်ခဲ့နှင့် ဆံပင်ကျစ်ထားသည့် မိန်းကလေးက တကယ်ပဲ ကံပါလာသဖြင့် ပြည်နယ်မြို့တော်တွင် ပြန်ဆုံကြပြန်သည်။

ဒီကောင်မလေးကလည်း ခေါင်းမာသည်။ သူမ၏ဇာတိမြို့ကို နှစ်နှစ်ပြန်သွားပြီးနောက် ဆွေမျိုးများနှင့် သူငယ်ချင်းများက အိမ်ထောင်ဖက်များစွာကို မိတ်ဆက်ပေးခဲ့သော်လည်း သူမက တစ်ယောက်ကိုမှ စိတ်မဝင်စားခဲ့ပေ။

သူမ၏ မိသားစုက စိုးရိမ်တကြီး ဖြစ်နေကြပြီး နောက်ပိုင်းတွင် သူမနှင့် ချန်ပေါင်ခဲ့တို့ တွဲနေသည်ကို သိမှသာ ဒီလိုဆက်စပ်မှုမျိုး ရှိနေသည်ကို သိခဲ့ကြသည်။ လူက ပြည်နယ်မြို့တော်ကို ရောက်နေပြီဆိုတော့ တခြားရွေးစရာ ဘာရှိတော့မှာလဲ။ ဒါကြောင့် မိန်းကလေး၏ မိသားစုက ကန့်ကွက်ခြင်းမရှိခဲ့ပေ။ ဒီတစ်ခါမှာတော့ သူမကို ချန်ပေါင်ခဲ့နှင့်အတူ ချန်ဖန်းရှုဆီ လိုက်လာခိုင်းသည်က သူမနှင့်သိအောင် မိတ်ဆက်ပေးပြီး သူတို့၏ လက်ထပ်ပွဲအကြောင်း ဆွေးနွေးရန်သာ ဖြစ်သည်။

ချန်ဖန်းရှုက ဒါကိုသိတော့ အိမ်ကို အလောတကြီး ဖုန်းခေါ်လိုက်သည်။ ရက်အနည်းငယ်အကြာမှာတော့ ချန်ကွမ့်ဖာနှင့် လုကွေ့ရင်းတို့ ပြည်နယ်မြို့တော်သို့ ရောက်လာကြသည်။

ချန်ပေါင်ခဲ့၏ စေ့စပ်ပွဲနေ့တွင် လုထောင်၏သွားများ ပြန်ပေါက်လာခဲ့ပြီပင်။

ကောင်မလေးက မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်ကြည့်နေတုန်း ချန်ဖန်းရှုကတော့ ပစ္စည်းများပြည့်နေသည့် ဗီရိုထဲတွင် ဒီနေ့အတွက် အဝတ်အစားများ ရှာပေးနေသည်။

"ဒီနေ့ နည်းနည်းအေးတယ်၊ ပိုပြီးဝတ်ဖို့လိုလိမ့်မယ်။ ဒီတစ်ခုဆို အဆင်ပြေမယ်ထင်လား။"

အကြာကြီးမေးပြီးသည့်တိုင် သူမထံမှ ဘာတုံ့ပြန်မှုကိုမှ မရခဲ့ပေ။

ချန်ဖန်းရှုက မနေနိုင်တော့ဘဲ နောက်လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ။"

အချိန်အတော်ကြာပြီးနောက်၊ ကောင်မလေးက တစ်ခုခုကို ကိုင်ပြီး လှည့်လာကာ ငိုပြန်တော့သည်။

"ထောင်၊ ထောင်ထောင် သွားကျိုးသွားပြန်ပြီ"

All Chapters