Extra 2
Vol. 6 Ch. 78
လုထောင် အလယ်တန်းကျောင်း၏ ပထမတန်းကျောင်းသူဘဝတုန်းက ဝေ့ချောင်က သင်္ချာထူးချွန်သဖြင့် ချွေ့မူတက္ကသိုလ်သို့ ကြိုတင်ဝင်ခွင့်ရခဲ့သည်။
ကျောင်းတက်စရာမလိုသည့်အတွက် သူက ဘောလုံးကစား၊ ပုံဆွဲ ပြီးနောက် လုထောင်ကို သင်္ချာသင်ပေးသည်။
ဝမ်ချန်မျှော်စင် ရှိနေလျှင်တောင် သူမ၏အနုပညာနှင့် suona တူရိယာ ပညာများနှင့် ယှဉ်လျှင် သင်္ချာက လုထောင်၏ အားနည်းချက်ဖြစ်နေသေးသည်။ စာမေးပွဲဖြေပြီးတိုင်း သိသိသာသာ နောက်ကျနေသည့် သင်္ချာရမှတ်များကို ကြည့်ပြီး သူမ ချစ်မြတ်နိုးသည့် suona ကို တီးခတ်ကာ ကိုယ့်ဘာသာ "လျန်လျန်" သီချင်းတစ်ပုဒ်ကို ဆိုချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
အာ့ဝူလင်လည်း စကားမပြောနိုင်ခဲ့ပေ။
"အွန်လိုင်းအတန်းတွေက အခုဆို အသုံးမဝင်တော့ဘူး။ ဝေ့ဆိုတဲ့ကောင်လေး မင်းကို သင်ပေးမှ မင်းဦးနှောက် ပွင့်လာလိမ့်မယ်။ မင်းမှာ သင်ယူနိုင်စွမ်းမရှိတာ မဟုတ်ဘူး၊ မင်းက သူ့ကိုပဲ လိုချင်တာလို့ ငါထင်တယ်။"
လုထောင် မျက်နှာနီရဲသွား၏။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အစ်ကိုဝေ့ချောင်ကတော့ ကောင်းတယ်လို့ပြောတယ်။"
ဟုတ်သည်၊ သူက တကယ်ကို ကြည့်ကောင်း၏။
တရုတ်နိုင်ငံခြားကုန်သွယ်မှုအသင်းက ထိပ်တန်းအဖွဲ့ဝင် ထောင်က ဘေးနားမှ စာအုပ်လှန်နေသည့် ကောင်လေးကို မော့ကြည့်ပြီး သူ့ရင်ထဲတွင် စကားတစ်ခွန်းကို တိတ်တဆိတ် ထပ်ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူမနားထဲ၌ ခံစားချက်မဲ့သည့် "ဟဟ" ဆိုသည့်အသံကို ကြားလိုက်ရသည်။
လုထောင်က မကြားချင်ယောင်ဆောင်လိုက်သည်။
အဆင့်မြင့်ကာတွန်းများကြောင့် ဆယ်နှစ်သမီးအရွယ်တွင် ၂၅၀ ပြောသည့် စနစ်က ဘယ်လောက် အံ့သြစရာကောင်းသည့်အရာဆိုသည်ကို နောက်ဆုံးတော့ သူမ သဘောပေါက်သွားခဲ့သည်။
အဲ့ဒီကာလတွင် သူမက ၁၀၀,၀၀၀ အမေးအဖြေစာအုပ်လိုမျိုးပဲ ၂၅၀ ကို နေ့တိုင်းမေးခွန်းများ မေးပြီး အလွန် စူးစမ်းချင်စိတ်များ ပြင်းပြခဲ့သည်။
ကံမကောင်းစွာနဲ့ပဲ အချို့နည်းပညာများက အရမ်းခေတ်မီပြီး ၂၅၀ ရှင်းပြသည့်တိုင် သူမ နားမလည်ခဲ့ချေ။ အခုချိန်ထိ အကြမ်းဖျင်းသာ နားလည်သေးသော်လည်း ဟန်ဆောင်ကောင်းသောကြောင့် ဘယ်သူမှ သူမအကြောင်း ထူးခြားသည့်အရာ မတွေ့ခဲ့ပေ။
ဝေ့ချောင်က သူမ နှုတ်ခမ်းကို ကိုက်ပြီး ငေးကြည့်နေသည်ကို မြင်တော့ ခက်ခက်ခဲခဲ စဉ်းစားနေသည်ဟု ထင်ပြီး ညင်သာစွာ မေးလိုက်သည်။
"မင်း မလုပ်နိုင်ဘူးလား?"
လုထောင် ရှက်ပြုံးပြုံးပြီးပြောလိုက်၏။
"ထပ်စဉ်းစားကြည့်ဦးမယ်။"
ကောင်မလေးက ဆံပင်ကို ခပ်မြင့်မြင့် စည်းထားပြီး အနည်းငယ်ကောက်နေသည့် ဆံပင်အဖျားလေးများက ပခုံးပေါ်တွင် ဖရိုဖရဲ ပျံ့ကျနေသည်။ သူမ ပြုံးလိုက်သည့်အခါ ချစ်စရာကောင်းပြီး အဖြူထည်လေးလို ဖြစ်နေခဲ့၏။
ဝေ့ချောင် ခဏရပ်လိုက်ပြီး သူ့လက်ချောင်းရှည်များဖြင့် စာအုပ်မှစာမျက်နှာကို လှန်လိုက်ကာ ဘေးတွင်ချထားသည့် ဘောပင်ကို ကောက်ယူလိုက်ပြီး မျက်လုံးကိုအောက်ချကာ တွက်ချက်လိုက်တော့၏။
၂၅၀ က ပြန်ပြောတော့သည်။
[သူ့ကို ကြည့်လိုက်စမ်း! ကောလိပ်အထိ သင်ယူခဲ့ပြီးပြီ မင်းကတော့ အလယ်တန်းသင်္ချာတောင် မသင်နိုင်ဘူး။ ဘာလို့ ငါ သူ့ကို မချည်ထားခဲ့တာလဲ။ သူ့ကို ချည်ထားခဲ့ရင် အရမ်းကောင်းမှာပဲ။ ငါ ကိုယ့်အတွက်ကိုယ်တောင် နာမည်တစ်ခု စဉ်းစားထားတယ်၊ "ပညာရှင် ဖွံ့ဖြိုးရေးစနစ်" လို့။]
လုထောင်က ဒီစကားကိုကြားတော့ မကျေနပ်ပေ။
"ချည်ချင်တဲ့သူတိုင်းကို ချည်လို့ရသလို ပြောနေတာပဲ။ အစကတည်းက လူရွေးပြီး ချည်ထားရတာလေ။"
သူမက ဒီလိုပြောပေမဲ့လည်း စိတ်ထဲမှ ဝေချောင်၏ အတွက်အချက်စာအုပ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"ဒါက တက္ကသိုလ်ကလား။"
ကောင်လေး၏ လက်ရေးက လှပြီး တွက်ချက်မှုများကလည်း ချောမွေ့သည့်တိုင် ပုံသေနည်းများက ရှုပ်ထွေးလွန်းသဖြင့် သူမ တစ်ချက်ကြည့်လိုက်သည်နှင့် ခေါင်းပါမူးလာခဲ့သည်။
လုထောင် ခေါင်းကို လက်မောင်းပေါ်မှီပြီး မသိစိတ်မှ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ အလွန်နီးကပ်သွားပြီး သူမ၏အသက်ရှူသံက တစ်ဖက်လူ၏ လက်မောင်းကို ထိသွားသည်ကို သတိမထားမိလိုက်ပေ။
ဝေ့ချောင် နည်းနည်းယားလာသလို ခံစားရပြီး သူ့နားရွက်များလည်း နည်းနည်းပူလာ၏။ သူက နှစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီးမှ အသံတိုးတိုးနှင့် "အင်း" ဟု ပြောလိုက်သည်။
"ပထမနှစ်ကျောင်းသားပါ။"
"ပထမနှစ်?"
လုထောင် ဒီစကားကိုကြားတော့ မျက်လုံးပြူးသွားပြီး သူ့ထံမှ ချက်ချင်းခွာသွား၏။
"ကျွန်မတို့ရဲ့ ပညာအဆင့်နိမ့်ကျမှုကို ခွင့်လွှတ်ပေးပါ။ နှုတ်ဆက်ပါတယ်။"
သူမက အရမ်းချစ်စရာကောင်းလွန်းသဖြင့် ဝေ့ချောင်လည်း မပြုံးဘဲမနေနိုင်ခဲ့ဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဒီတနင်္ဂနွေ အားလား?"
"မအားပါဘူး။"
လုထောင် ခေါင်းငုံ့ပြီး ဘောပင်ကို ဖိနှိပ်ရင်း ပြောလိုက်သည်။
"ဒီစနေက အဘိုးရဲ့ အသက် ၇၀ ပြည့် မွေးနေ့မို့လို့ ကျွန်မတို့ ပြန်ပြီး မွေးနေ့ပွဲ လုပ်ရမှာ။ သောကြာနေ့ ညနေကတည်းက ထွက်သွားရမှာ၊ အမေက ကျွန်မအတွက် ကျောင်းပိတ်ရက်ကို ကြိုတင်ခွင့်တောင်းထားပြီးပြီ။"
သူမ မအားဘူးဆိုသည်ကို ကြားလိုက်ရတော့ ဝေ့ချောင်၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုတစ်ခု ပေါ်လာခဲ့သည်။
သို့သော်လည်း အပြင်ပန်းမှာတော့ သူက ပုံမှန်အတိုင်း တည်ငြိမ်သည့်အမူအရာနှင့်ပင်။
"ဒါဆို မင်းပြန်လာမှပဲ ပြောကြတာပေါ့။ ချုံယန်လမ်းဘက်က တိရစ္ဆာန်ရုံက ဖွင့်ထားပြီ။ ပန်ဒါကြီးတွေ ကြည့်ချင်တယ်မဟုတ်လား။ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။"
"တကယ်လား။"
လုထောင် ရုတ်တရက် နိုးကြားလာပြီး ပျော်ရွှင်စွာဖြင့် မျက်လုံးမှိတ်ကာ နောက်လာမည့် တနင်္ဂနွေတွင် တိရစ္ဆာန်ရုံသို့ တင်းနစ်သွားကစားရန် မျှော်လင့်နေမိသည်။
သောကြာနေ့ညနေမှာ မိဘများနှင့်အတူ ရှို့ချွေခရိုင်ကို ပြန်ရောက်တော့ သူမ၏ ဒုတိယဦးလေးအိမ်ကို ပျော်ပျော်ရွှင်ရွှင် ပြေးသွားပြီး သူမ၏ ညီမလေးဝမ်းကွဲကို သတင်းကောင်း ပြောပြလိုက်သည်။
"နွေရာသီကျောင်းပိတ်ရက်ရောက်ရင် မင်း ငါ့ဆီကို မြို့တော်ကို လာရမယ်နော်။ ငါ မင်းကို ပန်ဒါဝက်ဝံကြီးတွေ ခေါ်သွားပြမယ်။"
ဟွမ်ရှောင်မေ့တွင် အရည်အချင်းကောင်းများ ရှိသော်လည်း သူမက မန်နေဂျာတစ်ယောက်ဖြစ်ဖို့အတွက်တော့ အလွန်ရိုးသားလွန်းနေသည်။ ချန်ဖန်းရှူ မြို့တော်တွင် စက်ရုံဆောက်ပြီးနောက် ခရိုင်ဌာနခွဲမှ စက်ရုံမန်နေဂျာအသစ် ခန့်အပ်ခဲ့ပြီး အလယ်အလတ်တန်းစားမှ အဆင့်မြင့်အဝတ်အထည်များအတွက် မူလစတူဒီယိုကို ခွဲထုတ်ကာ သူမကိုယ်တိုင် ဦးဆောင်ပြီး လက်ချုပ်ချုပ်လုပ်ခဲ့သည်။
ချန်ပေါင်မင်လည်း ကားမောင်းတတ်လာပြီး စက်ရုံကို အထည်များပို့ရန် တာဝန်ယူခဲ့သည်။ သူ့မိသားစုက လွန်ခဲ့သည့် ငါးနှစ်ကတည်းက ခရိုင်ကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ဒီအချိန်မှာတော့ ဇနီးမောင်နှံနှစ်ယောက်က လုကောပင်း၊ ချန်ဖန်းရှူတို့နှင့်အတူ မနက်ဖြန် မွေးနေ့ကို ဘယ်လိုကျင်းပကြမလဲဆိုသည်ကို ဆွေးနွေးနေကြ၏။
ချန်ပေါင်မင်၏ အဆိုအရ၊ အဘ်ိုးအဘွားနှစ်ယောက်ကို ခရိုင်ကို ဖိတ်ခေါ်ပြီး စားသောက်ဆိုင်တွင် စားပွဲနှစ်လုံးပြင်ဆင်ကာ ပျော်ပျော်ရွှင်ရွှင် ညစာစားသည်က အကောင်းဆုံးဟုပြောသည်။
ချန်မိသားစုက အမြဲတမ်း မျက်နှာသိုသိုသိပ်သိပ် နေထိုင်ခဲ့ကြပြီး အကြီးအကဲများ၏ မွေးနေ့ကိုတောင် ဘယ်တော့မှ လူအများသိအောင် မကြေညာခဲ့ပေ။ သို့သော် အသက် ၇၀ ပြည့်မွေးနေ့ဖြစ်သည့်အတွက် ကလေးများအနေနှင့် ဂရုမစိုက်လို့ မဖြစ်ပေ။
ချန်ဖန်းရှူက သူမရဲ့မိဘများ၏ စိတ်နေစိတ်ထားကို ပိုနားလည်သည့်အတွက်ကြောင့် ပြုံးပြီး ခေါင်းခါလိုက်၏။
"ငါတို့မိဘတွေ သဘောကျမှာ မဟုတ်ပါဘူး။"
ရိုးရှင်းစွာနေထိုင်တတ်သူများက အခုဘဝပုံစံက မတူတော့သည့်တိုင် စားသောက်ဆိုင်သွားသည်ထက် အိမ်မှာပဲ စားပွဲတစ်လုံးပြင်ဆင်ပြီး မိသားစုနှင့်အတူ စုဝေးရသည်ကို ပိုနှစ်သက်ကြ၏။
တကယ်ပဲ နောက်တစ်နေ့မနက် ချင်းရှန်တပ်မဟာကို ပြန်ရောက်တော့ ဟူချူရှန်းက ဝက်များ၊ ကြက်များကို သတ်ပြီး ပွဲစီစဉ်ရန် စီစဉ်နေခဲ့လေပြီ။
မကြာသေးမီနှစ်များအတွင်း ချင်းရှန်တပ်မဟာက အများကြီး ပြောင်းလဲသွားခဲ့သည်။
အဖွဲ့က ဘိလပ်မြေလမ်း ဖောက်လုပ်ခဲ့ပြီး မိသားစုများစွာက အိမ်ကြီးအိမ်ကောင်းများ ဆောက်လုပ်ခဲ့ကြကာ ခရိုင်တွင် ကျောင်းသွားသည့် အထက်တန်းကျောင်းသားများက စက်ဘီးစီးနိုင်ကြပြီဖြစ်သည်။
ပြောရလျှင် ချင်းရှန်တပ်မဟာက အခုဆိုရင် ပတ်ဝန်းကျင်တွင် ကျား-မ ခွဲခြားမှု အနည်းဆုံး တပ်မဟာတစ်ခု ဖြစ်နေလေသည်။
ကောက်ရိုးဦးထုပ်ယက်သည်ပဲဖြစ်ဖြစ်၊ ချန်ဖန်းရှူ၏ အဝတ်အထည်စက်ရုံပဲဖြစ်ဖြစ် အမျိုးသမီးများကိုသာ အလုပ်ခန့်ထား၏။ အဖွဲ့ထဲမှ လက်မှုပညာကျွမ်းကျင်သည့် ဘယ်မိန်းကလေးမဆို အိမ်ထောင်ပြုနိုင်သည့် အရွယ်ရောက်လျှင် လူကြီးမိဘများက အိမ်တိုင်ရာရောက် လာတောင်းကြပြီး မိသားစုအတော်များများက သူမကို လုယူရန် ပြိုင်ဆိုင်ကြလေ့ရှိသည်။
ချန်ဖန်းရှု၏ အဝတ်အထည်စက်ရုံတွင် အလုပ်ခန့်ထားသူများသည် အနည်းဆုံး အထက်တန်းကျောင်းဆင်းဖြစ်ရမည်ဆိုသည့် စည်းကမ်းရှိသည့်အတွက် ခရိုင်ထဲတွင် မိန်းကလေးများ၏ ကျောင်းထွက်နှုန်းက အလျင်အမြန် ကျဆင်းလာခဲ့သည်။
အဖွဲ့ထဲမှ လူတိုင်းက ကျေးဇူးတင်ကြပြီး ချန်မိသားစု ဘာပဲလိုလို လူအများကြီးက ကူညီရန် အပြေးအလွှား လာကြသည်။
ချန်ဖန်းရှူတို့ အိမ်ထဲဝင်သွားတော့ ဘေးအိမ်မှ ညီအစ်မနှစ်ယောက်က ကြက်မွှေးနုတ်ဖို့ ကူညီနေကြပြီး အလုပ်ကြိုးစားနေကြ၏။
သူတို့ကို မြင်တော့ အားလုံးက ပျော်ရွှသွားကြပြီး စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်လိုက်ကြသည်။
တချို့ကလည်း မေးကြ၏။
"ပေါင်ခဲ့ရော ဘယ်မှာလဲ။ ပေါင်ခဲ့နဲ့ သူ့ဇနီးကရော ဘာလို့ ကလေးတွေနဲ့အတူတူ ပြန်မလာရတာလဲ။"
ချန်ဖန်းရှူက ပြုံးပြီးပြောလိုက်၏။
"ရှောင်ချောင်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ခွင့်တောင်းရတာ ခက်လို့ပါ၊ ပေါင်ခဲ့တို့က နေ့လယ်ကျမှ ရောက်မှာ။"
ဒါကို ကြားတော့ အားလုံးက ထပ်ပြီး စိတ်လှုပ်ရှားသွားကြ၏။
တစ်ယောက်က ချန်ပေါင်ခဲ့ကို မိန်းကလေးတစ်ယောက်နှင့် မိတ်ဆက်ပေးတုန်းက သူက ချိန်းမတွေ့ချင်ပေ။ တချို့ကတောင် သူ့ကို မြို့သူဇနီးသာရှာလိုက်ပါဟု လှောင်ပြောင်ခဲ့ကြသေးသည်။
အဆုံးသတ်မှာတော့ သူက မြို့သူဇနီးကို ရှာတွေ့ရုံသာမက မြို့တော်တွင် အခြေချပြီး ပျော်ရွှင်သည့်ဘဝကိုပင် နေထိုင်ခဲ့သေးသည်။
လူတိုင်းက အချို့လူများတွင် ဒီလို အရည်အချင်းရှိသည့် ညီမတစ်ယောက်ရှိသည်မှာ ကံကောင်းသည်ဟု ဝန်ခံကြရလိမ့်မည်။
သို့သော် ကံကောင်းခြင်းနှင့် ပတ်သက်လာလျှင် မင်းသမီးတစ်ပါးကဲ့သို့ ဘဝကို ပျော်ရွှင်ဖို့ ရောက်လာသည့် လုထောင်ကို ဘယ်သူမှ မမီနိုင်။
ဒီအကြောင်းတွေးမိတော့ လူတိုင်း၏ မျက်လုံးများက လုထောင်ကို ထပ်ရှာမိကြသည်။
ကံမကောင်းစွာပဲ ကောင်မလေးက မီးဖိုချောင်ထဲ ရောက်နေပြီ။ လုကွေ့ယင်းက သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်သည့် ဝက်နံရိုးတစ်ဖဲ့ကို ဝါးနေသည်မှာ ပါးစပ်တစ်ဝက်လောက် ဆီများပေလျက်ပင်။
"အင်း၊ အဖွားချက်တဲ့ ဝက်နံရိုးက အခုမှ ပိုစားလို့ကောင်းတယ်။"
လုကွေ့ယင်းက သူ့မြေးမလေးကို မြင်တော့ မျက်လုံးများ ပိတ်သည်အထိ ပြုံးလိုက်၏။
"အဖွားက ကောင်းကောင်းချက်တတ်တာ၊ မင်းအဒေါ်ကလည်း ဝက်ကောင်းကောင်း မွေးတတ်တယ်။"
ဟွမ်ရှောင်မေ့က လက်မြန်၏။
ချန်ပေါင်ခဲ့က ဉာဏ်ကောင်းသည်။
သူတို့နှစ်ယောက်လုံးက ချန်ဖန်းရှု၏ အရောင်းဌာနတွင် ကောင်းကောင်းလုပ်နိုင်ကြသည်။
ချန်ပေါင်ကောနှင့် ဟူချူရှန်းတို့နှစ်ယောက်တည်းသာ ဘာမှမလုပ်တတ်ကြခြင်းပင်။ သူတို့ကတခြားမိသားစုဝင်များ၏ ကောင်းမွန်သည့်ဘဝကိုသာ မနာလိုဖြစ်နေနိုင်ကြသည်။
နောက်ပိုင်းမှာတော့ လုထောင်က မတော်တဆမေးလိုက်၏။ အဖွားနဲ့ အဒေါ်တို့ ဝက်မွေးတာ အရမ်းကောင်းရင် ဘာလို့ နည်းနည်းပိုမမွေးတာလဲ။ ဟူချူရှန်းက နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီး အဖွဲ့ထဲတွင် ဝက်မွေးမြူရေးခြံတစ်ခု ထောင်လိုက်၏။ အတော်လေး ကောင်းကောင်းမွန်မွန် ဖြစ်နေခဲ့သည်။
သူ့ပိုက်ဆံအိတ် ဖောင်းကြွလာသည်ကို မြင်တော့ ဟူချူရှန်းက လုထောင်ကို ရွှေရုပ်ကလေးကဲ့သို့ ကြည့်လိုက်သည်။ သူ့အတွက် ရွှေရုပ်ထုတစ်ခု ဖန်တီးပြီး ပလ္လင်တင်ထားချင်တဲ့အထိပင်။ အခု ဟူချူရှန်းက သူမအခန်းထဲ၌ လုထောင်ပုံကို ချိတ်ထားသေး၏။ ဘာမှမလုပ်စရာမရှိလျှင် တိတ်တိတ်လေး ဆုတောင်းနေတတ်သည်။
ချန်မိသားစု မွေးထားသည့် ဝက်များအကြောင်းပြောတော့ အာ့ဝူလင်လည်း ဂုဏ်ယူသွား၏။
[ငါပေးခဲ့တဲ့ ရှားစောင်းပင်ကြောင့် မဟုတ်လား။ ငါမရှိရင် မင်းအဖေ၊ မင်းတို့မိသားစုက ဝက်တွေ ကောင်းကင်ဘုံကို ရောက်သွားလောက်ပြီ။ ဘယ်လိုလုပ် အဲ့လောက် အားကောင်းပြီး မျိုးဆက်တွေ အများကြီး ကျန်ခဲ့မှာလဲ။]
လုထောင်က သူ့ကိုယ်သူ ချီးမွမ်းခြင်းကို ရင်းနှီးနေပြီဖြစ်သဖြင့် စိတ်ထဲမှ ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်၊ အဖေက အကောင်းဆုံးပါပဲ။ ဒါပေမဲ့"
သူမက စကားလမ်းကြောင်းပြောင်းလိုက်သည်။
"တခြားသူတွေရဲ့ ဝက်တွေကတောင် အဲ့လောက်ကြီးလာပြီ။ အဖေ၊ အဖေက ဘာလို့ အခုထိ လူပျိုကြီးဖြစ်နေသေးတာလဲ။"
အာ့ဝူလင် ဆွံ့အသွားသည်။
[လူပျိုဖြစ်တာ ဘာဖြစ်လဲ။ အဖေက နှစ်ထောင်ပေါင်းများစွာ ကမ္ဘာကြီးကို ပေါင်းစည်းမယ်... မဟုတ်ဘူး၊ အဖေက သက်တမ်းအကန့်အသတ်မရှိဘူး။ လေယာဉ်မျိုးစုံနဲ့ ခရီးသွားနိုင်တယ်။ ရည်းစားရှာဖို့ လိုလို့လား?]
"မလိုပါဘူး၊ မလိုပါဘူး။"
လုထောင်က သူ့စိတ်ထဲမှ ပြန်ဖြေလိုက်၏။ သူ့နှုတ်ခမ်းထောင့်လေးများကလည်း ပြုံးရယ်နေခဲ့သည်။ နေ့ရက်များက မြန်မြန်ဆန်ဆန်နှင့် စိတ်ဝင်စားစရာကောင်းသည်ဟု သူမ ခံစားရသည်။
မိသားစုက အဖိုး ချန်ကွမ့်ဖာ၏ အသက် ၇၀ ပြည့် မွေးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး လုကွေ့ယင်း ထိုးထည့်ပေးထားသည့် အထုတ်အပိုးကြီးများဖြင့် ထွက်ခွာခဲ့ကြ၏။
ပြည်နယ်မြို့တော်ကို ပြန်ရောက်ပြီး နောက်တစ်ပတ် စနေနေ့တွင် ဝေ့ချောင်က တကယ်ပဲ လက်မှတ်များ ဝယ်ပြီး လုထောင်ကို ဧရာမ ပန်ဒါများ အတူသွားကြည့်ရန် ခေါ်လိုက်သည်။
ထိုမနက်တွင် ဝေ့ချောင်က အခန်းထဲ၌ အချိန်အကြာကြီး မတင်မကျဖြစ်ပြီး အကောင်းဆုံးဟုထင်သည့် အဝတ်အစားများကို ပြောင်းဝတ်လိုက်သည်။
သူအပြင်ထွက်လိုက်တော့ သူ့အဒေါ်၏ သား သူ့ ဝမ်းကွဲနှင့် ဆုံမိ၏။
သူက ချက်ချင်းပဲ မျက်လုံးမှိတ်ပြပြီးမေးလိုက်သည်။
"ဘာလို့ ဒီလိုလှလှပပ အဝတ်အစားတွေ ဝတ်ထားတာလဲ။ မင်းရဲ့ကလေးဇနီးလေးကို သွားတွေ့မလို့လား" ဝေ့ချောင်က ရုတ်တရက် မသက်မသာ ဖြစ်သွား၏။
"ဘာ ကလေးဇနီးလဲ။ ကလေးဘဝတုန်းက ဘာပြောမိမှန်း မသိတာကို အတည်ယူနေကြတယ်။"
သူ အရွယ်ရောက်လာတော့ ကလေးဇနီးဆိုသည်မှာ ဘာလဲဆိုသည်ကို သိလာ၏။ အချိန်အကြာကြီးတွင် သူအကြောက်ခဲ့ဆုံးက ဒီစကားသုံးလုံးကို တခြားသူများ ပြောလာမည်ကိုပင်။
ဒါပေမဲ့ လုထောင်က ထိုအချိန်တုန်းက ငယ်သေး၏။ သူက ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့ခြင်းဖြစ်သည်။ အထူးဂရုစိုက်ရသည့် ညီမလေးတစ်ယောက်ပင်။
ဝေ့ချောင် မသက်မသာ ဖြစ်နေသည်ကို မြင်တော့ သူ့ဝမ်းကွဲက ပိုပြီး ဆိုးဆိုးဝါးဝါး ရယ်လိုက်၏။
"ကလေးဇနီး မဟုတ်ရင် ဘာလို့ တစ်နေကုန် သူ့နား ကပ်နေရတာလဲ။ ငါ့ကိုတော့ ကျူရှင်ပြတာ၊ ပုံဆွဲတာ၊ တိရစ္ဆာန်ရုံကို ခေါ်တာမျိုး မတွေ့ရပါလား။"
တိရစ္ဆာန်ရုံအကြောင်း ပြောတော့ ဝေ့ချောင်၏ နားများ ပူလာ၏။
"ငါတိရစ္ဆာန်ရုံသွားမယ်ဆိုတာ မင်းဘယ်လိုသိလဲ။"
"ငါ့အမေ ပြောတာ။ မင်း မနေ့က လက်မှတ်ဝယ်တာ သူမြင်တယ်တဲ့။ မင်းရဲ့ကလေးဇနီးလေးကို မခေါ်တော့ဘူးလား။"
"ငါပြောတယ်နော် သူက ကလေးဇနီးမဟုတ်ဘူးလို့။"
ဝေ့ချောင် သူ့ကို ဆက်ပြီး အာရုံစိုက်မနေတော့ဘဲ စက်ဘီးပေါ်တက်ပြီး လှည့်ထွက်သွားလိုက်၏။
နွေးထွေးသည့် လေပြေက မျက်နှာကို တိုက်ခတ်လာပြီး နွေဦးက ပျော်ရွှင်သည့် ခြေလှမ်းများဖြင့် လှပသည့် ဝေါလ်ဇ်အက ကနေခဲ့သည်။
သူ့ရှေ့တွင် စောင့်နေသည်က ပန်းပွင့်လေးလို လှပသည့် အပြုံးနှင့် ကောင်မလေးတစ်ယောက်၊ ဆယ်နှစ်ကြာမှ မြေကြီးထဲမှ နောက်ဆုံးထွက်ပေါ်လာသည့် နူးညံ့သည့် အဖူးလေးများကဲ့သို့ပင်။
ဆယ်နှစ်တာကာလ တစ်လျှောက်လုံး ဝေ့ချောင်သည် ဤနူးညံ့သော အဖူးလေးကို ပြုစုစောင့်ရှောက်ရင်း ကြီးထွားစေကာ ပွင့်လန်းစေပြီး အချိုမြိန်ဆုံး အသီးကို ဖြစ်ထွန်းစေခဲ့သည်။
ဆယ်နှစ်ကြာပြီးနောက် လုထောင်သည် ၂၃ နှစ်သမီးအရွယ်သို့ ရောက်ရှိလာခဲ့ပြီး နောက်ဆုံးတွင် မင်းသားတစ်ပါးက ဆူးငြောင့်ခလုတ်များကို ဖြတ်ကျော်ကာ သူမ၏လက်ကို ဆွဲကိုင်၍ မင်္ဂလာခန်းမသို့ အတူတကွ လျှောက်လှမ်းခဲ့ကြသည်။
ထိုညတွင် သူမ အိပ်မက်တစ်ခု မက်ခဲ့၏။
သူ့အိပ်မက်ထဲတွင် အာ့ဝူလင်က သူမကိုပြောသည်။ သူမအမေကလည်း အလုပ်အကိုင် အောင်မြင်သည်။ ပျော်ရွှင်သည့် အိမ်ထောင်ရေး ရှိသလို သားတစ်ယောက်၊ သမီးတစ်ယောက် နှစ်ယောက်စလုံး ရှိသည်။ အခု သူ့သမီးလေးလည်း နေရာကောင်းတစ်ခု ရသွားပြီဆိုတော့ သူ့တာဝန် ပြီးဆုံးသွားပြီ။ သူအခု သူမကိုထားခဲ့ပြီး တခြားတစ်နေရာတွင် သူ့တာဝန်ကို ဆက်လုပ်ရတော့မည် ဟူ၍ပင်။
နိုးလာတော့ သူမခေါင်းအုံးတွင် မျက်ရည်များ ရွှဲနေခဲ့သော်လည်း ဘာလို့ငိုခဲ့သည်ကိုတော့ သူမ မှတ်မိမနေပေ။ အိပ်မက်ထဲမှ နာကျင်စရာ မှတ်ဉာဏ်များနှင့်အတူ လုံးဝပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး သူမရင်ထဲ ဟာတာတာ ဖြစ်ကျန်နေခဲ့သည်။
သူမက ကုတင်ဘေးတွင် ငိုင်တိုင်တိုင် ထိုင်နေခဲ့သည်။ သူမ တော်တော်လေး ကြောင်နေသောကြောင့် ဝေ့ချောင်က သူ့အစ်ကို သူမကို အနိုင်ကျင့်ပြန်ပြီဟု ထင်ပြီး လက်စားချေရန် ပြေးလာတော့မလိုတောင် ဖြစ်သွားခဲ့သေးသည်။
ထိုနှစ်တွင် အာ့ဝူလင်က သူမဘဝထဲမှ လုံးဝပျောက်ကွယ်သွား၏။ သူတည်ရှိခဲ့ဖူးသည်ဆိုသော အရိပ်အယောင်ပင် မကျန်ခဲ့ပေ။ ဘယ်သူမှ သူ့ကို မှတ်မိမနေပေ။ နှစ်ဆယ်နှစ်လုံးလုံး အတူနေခဲ့သူပင် မမှတ်မိတော့ပေ။
တစ်နှစ်အကြာမှာတော့ လုထောင်တစ်ယောက် မိခင်ဖြစ်လာပြီး သူမချစ်ရသူနှင့် ချစ်စရာကောင်းသည့် သားလေးထောင်ဇီကို မွေးဖွားခဲ့သည်။ ဝေချောင်က ကုတင်ဘေးတွင် တစ်ဝက်လောက် ဒူးထောက်ပြီး ချွေးစိုနေသည့် သူမ၏လက်ကို ကိုင်ထားသည်။ သူ၏ မက်မွန်ပွင့်မျက်လုံးများတွင် စိုးရိမ်ပူပန်မှုအပြည့်နှင့် သူမကို မင်းပင်ပန်းလားဟု ညင်ညင်သာသာ မေးလိုက်၏။
သူမက ပုခက်ထဲတွင် အိပ်ပျော်နေသော ထောင်ဇီလေးကို ကြည့်ရင်း မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။
"ဘာလို့ ဒီလောက် ရုပ်ဆိုးနေရတာလဲ။ ငါနဲ့ လုံးဝမတူဘူး။"
သူမ စကားဆုံးသည်နှင့် နားထဲတွင် "ဒင်" ဟူသော အသံတစ်ခု ကြားလိုက်ရပြီး သူမရှေ့တွင် ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။
[မင်္ဂလာပါ host။ သင့်ကို ကြယ်တာရာပေါင်းစုံ မျှော်လင့်ချက် စီမံကိန်းက ရွေးချယ်လိုက်ပါပြီ။ မကြာခင်မှာ ဒီစီမံကိန်းရဲ့ ၁၅၃၁၆၇ ယောက်မြောက် အသုံးပြုသူ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ Genius Baby Pretty Mommy စနစ် နံပါတ် ၂၅၀ ပါ။ ချစ်စနိုးနဲ့ ကျွန်တော့်ကို ၂၅၀ လို့ ခေါ်နိုင်ပါတယ်ခင်ဗျ။]
စနစ်?
၂၅၀?
လုထောင် လန့်သွားသည်။ သူမရှေ့မှ မြင်ကွင်းက ရင်းနှီးနေသလို ခံစားရ၏။
ဝေးကွာလှသည့် မှတ်ဉာဏ်တစ်ခုတွင် ဒေါသကြီးသည့် ကောင်လေးတစ်ယောက်က ဒီလိုမျိုး လေးထောင့်မျက်နှာ၊ နည်းနည်းမာနပါသည့် အသံမျိုး၊ ဆင်ခြင်တုံတရားမရှိသည့်တိုင် ယုတ္တိရှိပုံရသည့် ပေါ်ထွက်လာမှုမျိုးနှင့် ရှိခဲ့ဖူးသလိုပင်။
သူမ နှုတ်ခမ်းကို လှုပ်လိုက်၏။ "အဖေ" ဆိုသော စကားလုံးက ပါးစပ်ဖျားနား ရောက်လာလုနီးပါးပင်။
ထိုအချိန်တွင် ခံစားချက်မရှိသော စက်သံသည် ခေတ္တရပ်သွားပြီး ရုတ်တရက် ရင်းနှီးသော အသံတစ်ခုဖြင့် အစားထိုးလိုက်၏။
[မြောင် မြောင် မြောင်! ဘာလို့ မင်းပဲ ထပ်ဖြစ်နေရတာလဲ!]
The end