← Chapters

Chapter 25

Vol. 3 Ch. 25

Chapter 25

Vol. 3 Ch. 25

ဒုကျောင်းအုပ်ချီက လင်းချောင်ကို သူမထံအပ်ခဲ့သည်မှာ သူမ၏ သင်ကြားမှုစွမ်းရည်ကြောင့်သာမက လူအသုံးချမှုတော်သောကြောင့်လည်းဖြစ်သည်။

အမှတ်ခြစ်ပြီးနောက်မှာတော့ ဆရာမယန်က လင်းချောင်ကို စာသင်ရန် အားလပ်ချိန်ရှာဖို့ ပြောလိုက်သည်။

"ကြိုးစားကြည့်ရမယ်။ ဆရာမကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် စာသင်နိုင်ရမယ်။"

လင်းချောင် စိတ်မလှုပ်ရှားစေရန် သူမကရယ်၍ပြောလိုက်၏။

"သူတို့က ကပ္ပတိန်ကျိလောက် ကြောက်စရာမကောင်းပါဘူး။ ကပ္ပတိန်ကျ်ိကို ဆက်ဆံသလိုပဲဆက်ဆံပေါ့။"

ကျိသော် စာသင်ခန်းထဲတွင် အေးတိအေးစက် မျက်နှာဖြင့် ထိုင်နေသည်ကို မြင်ယောင်ကြည့်ရင်း လင်းချောင်ရယ်မိသည်။

"သူက ကျောင်းသားနဲ့မတူဘူး။ အလုပ်ခွင်မှာ စစ်ဆေးရေးလာဝင်တဲ့သူနဲ့ပဲတူတယ်။"

အေးတိအေးစက်မျက်နှာဖြင့် လူတိုင်းကို ခံစားရအောင်လုပ်နိုင်သည်။

သို့သော်လည်း လင်းချောင်က စာသင်ကြားရမည်ကို စိတ်မပူပေ။ သူမက အထက်တန်းကျောင်းတွင် သုံးနှစ်ကြာ ဓာတုဗေဒဆရာမ တစ်ယောက်အနေနှင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆရာမများ အလုပ်များသည့်အချိန်တွင် ကူညီသင်ကြားပေးခဲ့သည်။

သူမတွင် အတွေ့အကြုံကောင်းများ ရှိခဲ့ပြီး စာစစ်အဆင့်သတ်မှတ်ခြင်းများ လုပ်ခဲ့ဖူးသည့်အတွက် အစိမ်းသက်သက်တော့ မဟုတ်ပေ။ သူ့မ၏ ရှင်းလင်းသည့်အသံနှင့် ကောင်းမွန်သည့် အမူအရာကြောင့် မအိပ်ရသေးသည့် မျက်နှာဖြစ်နေလျှင်ပင် ကျောင်းသားများကို အတန်းတက်ရန် ဆွဲဆောင်နိုင်ခဲ့သည်။

" ဒီမှာပဲ ရပ်လိုက်တော့မယ်။ မေးစရာရှိရင် မေးလို့ရပါပြီ။"

ခုံအောက်ထဲသို့ မြေဖြူဘူးကို ပြန်ထည့်နေတုန်း လင်းချောင်က ဒုကျောင်းအုပ်ချီ တံခါးနောက်တွင်ရပ်နေသည်ကို သူ့မျက်မှန်မှ ရောင်ပြန်ဟပ်နေသဖြင့် မြင်လိုက်ရသည်။

သူမသာ စင်မြင့်ပေါ်မှာ မတ်တတ်ရပ်မနေခဲ့လျှင် ဒီလိုအခြေအနေမျိုး၌ ခုန်ပင်ချမိလောက်သည်။ စာသင်ချိန် နောက်မှာဆရာရှိနေတာကို ဘယ်သူကမကြောက်ဘဲနေမှာလဲ။

လင်းချောင်က ဒုကျောင်းအုပ်ချီကို လှမ်းကြည့်လိုက်ပြီး သူက သူမကို စေ့စေ့စပ်စပ် စစ်ဆေးနေသည့်အတွက် အလွန်စည်းကမ်းကြီးသူဟု တွေးမိသွားသည်။

ကျောင်းသားများ မေးခွန်းမေးပြီးနောက် လင်းချောင် အတန်းထဲမှ ထွက်သွားတော့ ဒုကျောင်းအုပ်ချီက စင်္ကြံတွင်ရပ်နေပြီး ပြုံးပြနေခဲ့သည်။

"မင်း ကောင်းကောင်းသင်နိုင်တာပဲ။ ရက်နည်းနည်းလောက်နဲ့ ဆရာမယန်က မင်းကိုစာသင်ခိုင်းတာ မဆန်းတော့ပါဘူး။"

"ကျေးဇူးတင်ပါတယ်"

လင်းချောင်က ကျေးဇူးတင်စကားဆိုလိုက်ပြီး ဒုကျောင်းအုပ်ချီက ပြောစရာရှိနေသေးသလို ခံစားလိုက်ရသည်။

ဒုကျောင်းအုပ်ချီက အလျင်အမြန် ဆက်ပြောလိုက်၏။

"နောက်တစ်ချိန်အတွက် အတန်းရှိသေးလား"

"မရှိတော့ပါဘူး။"

"ဟုတ်ပြီ ဒါဆိုရုံးခန်းကို လာခဲ့ပါဦး။"

ဒါက လင်းချောင် ဒုတိယအကြိမ်အဖြစ် ဒုကျောင်းအုပ်ချီ၏ ရုံးခန်းကို ရောက်ဖူးခြင်းဖြစ်ပြီး သူ့ရဲ့ သဘောထားကလည်း ပိုပြီးနွေးထွေးလာသလိုပင်။ သူက ရေထည့်ပေးရင်း ပြောလိုက်သည်။

"အရင်တုန်းက မင်း အထက်တန်းကို သင်ကြားပေးနိုင်တယ်လို့ ပြောခဲ့တာ ငါမှတ်မိနေသေးတယ်။"

ဒါကိုကြားတော့ ဒဏ်ရာရသွားသည့် လောင်ကျောက်အကြောင်း လင်းချောင် ချက်ချင်းတွေးမိသွားသည်။

ကျောင်းတွင် ဆရာ၊ ဆရာမ အင်အားမလုံလောက်သော်လည်း အတန်းတိုင်းကို ထိခိုက်စေသည်တော့မဟုတ်။ အရင်နှစ်များအတွင်း ပညာတတ်လူငယ်များက အစားထိုးဆရာ၊ ဆရာမ အဖြစ် အလုပ်လုပ်ခဲ့ကြသော်လည်း အထက်တန်းအတန်းငယ်အတွက်သာအဆင်ပြေခဲ့ပြီး အထက်တန်းအဆင့်ကတော့ သင်ရိုးများလည်းမြင့်သဖြင့် သူတို့ကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ပေ။

ဒါ့ကြောင့် အသက်အရွယ်ရနေပြီဖြစ်တဲ့ လောင်ကျောက်က အလုပ်ဆက်လုပ်ပြီး ပထမနှစ်အထက်တန်းနှစ်တန်းကို ဓာတုဗေဒသင်ကြားနေရသည်။ သူခြေထောက်ကျိုးသွားသည်က အခက်အခဲများနှင့် ရင်ဆိုင်နေရတဲ့ မိသားစုအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး သူ့နေရာတွင် အစားထိုးမည့်သူလည်း မတွေ့သေးပေ။

အခြားဆရာတစ်ယောက်က သူ၏အတန်းတစ်တန်းကို လွှဲယူသင်ကြားနိုင်ပေမယ့် ဒုတိယနှစ်ကျောင်းသားများက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေရတာကြောင့် ဓာတုဗေဒဆရာနှစ်ယောက်စလုံးက အချိန်မပေးနိုင်သလို၊ တစ်ယောက်ဆိုလျှင် နာတာရှည်ရောဂါပါ ခံစားနေရသေးသည်။

လင်းချောင်က ဒီသတင်းတွေကို တမင်တကာ စုံစမ်းခဲ့ခြင်းမဟုတ်ဘဲကျောင်းက သေးငယ်၍သူမက သတင်းကြားခဲ့ခြင်းသာဖြစ်သည်။ သူမက မျက်နှာတည်သွားပြီးပြောလိုက်၏။

“ကျွန်မ အထက်တန်းဓာတုဗေဒကိုပဲ သင်ကြားနိုင်ပါတယ်။ ဒါက ကျွန်မ အကြိုက်ဆုံးနဲ့ အကျွမ်းဆုံးဘာသာရပ်ပါပဲ”

"ဓာတုဗေဒသင်နိုင်ရင် ရပါပြီ။ ခဏလေးပါပဲ၊ လောင်ကျောက်ပြန်မလာခင် လပိုင်းလောက်ပဲ။"

လင်းချောင် ခေါင်းညိတ်ရန် လုပ်လိုက်ချိန်မှာပဲ တစ်ယောက်ယောက်က ရုံးခန်းတံခါးကို ခေါက်လာခဲ့သည်။

ဒုကျောင်းအုပ်ချီက စကားပြောရပ်ပြီး “ဝင်ခဲ့ပါ” လို့ ပြောလိုက်၏။ အပြင်က လူကမစောင့်နိုင်တော့ဘဲ တံခါးကို တွန်းဖွင့်လိုက်ပြီးပြောလိုက်သည်။

"လောင်ကျောက် ဒဏ်ရာရသွားလို့ ကျောင်းမှာ ဓာတုဗေဒဆရာ အရေးပေါ် လိုအပ်နေတယ်ကြားလို့ လောက်ကျောက် ပြန်လာတဲ့အထိ လပိုင်းလောက်ကူညီဖို့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို ရှာထားတယ်။"

လာပြောသူက ထိပ်ပြောင်နေတဲ့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး နောက်မှာတော့ အမျိုးသမီးငယ်တစ်ယောက် ပါလာသည်။

လင်းချောင်က လွန်ခဲ့တဲ့လ မင်္ဂလာပွဲတွင် ဆုံခဲ့ဖူးသည့် စုန့်ကျင်းဖြစ်နေတာကို တွေ့တော့ အံ့သြသွားရ၏။ စုန့်ကျင်းကလည်း သူမကိုမြင်တော့ အံ့သြသွား၏။

အဒေါ်ယဲ့ပြောတော့ သူမက ကျေးလက်ကလာတဲ့၊ ပညာမတတ်၊ အတွေ့အကြုံမရှိတဲ့သူဆို။ သူမ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။

ဒါ့အပြင် သူမလက်ထဲက စာရွက်စာတမ်းတွေနဲ့ သင်ခန်းစာ အစီအစဉ်တွေကို ကြည့်ရတာ သူမက ဒီကျောင်းက ဆရာမတစ်ယောက်ဖြစ်ရမည်။ သူမက သီးသန့်အစားထိုး ဆရာမတစ်ယောက်ဆိုရင်တောင် အနည်းဆုံး အထက်တန်းပညာတော့ သင်ကြားထားဖို့ လိုလိမ့်မည်။

စုန့်ကျင်းက ယဲ့မင်ရှူး၏ စကားများကို သံသယဝင်လာတော့သည်။ မင်္ဂလာပွဲတွင် ဧည့်သည်များကို ယုံကြည်မှုအပြည့်နဲ့ နှုတ်ဆက်နေတာမြင်တော့ သူမက ပညာမတတ်၊ အတွေ့အကြုံမရှိသူနှင့် မတူပေ။

ဆန့်ကျင်ဘက်အနေနဲ့ လင်းချောင်ကတော့ အနည်းငယ်သာ အံ့သြသွားပြီး ခဏအကြာမှာပဲတည်ငြိမ်သွားသည်။ ပထမဆုံးတွေ့ဆုံခဲ့ကတည်းက စုန့်ကျင်းက ဆရာမဖြစ်ဖို့ လေ့လာနေတယ်ဆိုတာ သူမ သိထားပြီးသားပင်။

ရုံးခန်းထဲကို အခုမှဝင်လာသူက အထဲတွင်ဖြစ်နေသည့်အရာကို သတိထားမိပုံမရဘဲ ဒုကျောင်းအုပ်ချီထံ စုန့်ကျင်းကို မိတ်ဆက်ပေးလိုက်သည်။

“မြို့တော်တက္ကသိုလ်က ကျောင်းသူတစ်ယောက်ပါ၊ အဆင်ပြေရဲ့လား?”

ဒီလောင်ရွှီက အရင်ကလိုပဲ ဘာမှဂရုမစိုက်တတ်ဘူး။ ဒါပေမဲ့ ဌာနက အတန်းမသင်ရတော့သည့်အတွက် အလုပ်မရှုပ်သဖြင့် ဒီကိစ္စများကိုကူညီရန်အချိန်ရှိနေသည်။

ဒုကျောင်းအုပ်ချီက နည်းနည်း အကူအညီမဲ့ ဖြစ်သွားပေမဲ့ စုန့်ကျင်းကို ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်နှုတ်ဆက်ပြီး ထိုလူကိုမေးလိုက်သည်။

“သူမ တက္ကသိုလ်က မပြီးသေးဘူး မဟုတ်လား?”

“ကောလိပ်ဝင်ခွင့်စာမေးပွဲက ၁၉၇၇ မှ ပြန်စတာ။ ဘယ်သူက ပြီးသေးလို့လဲ?” လောင်ရွှီက ဒုကျောင်းအုပ်ချီနှင့် ရင်းနှီးပုံရပြီး ရေတစ်ခွက်ငှဲ့သောက်လိုက်သည်။

“တက္ကသိုလ်ကျောင်းသားတစ်ယောက် ရှာတွေ့တာက အထက်တန်းကျောင်းဆင်းတွေထက် ပိုကောင်းတယ်။ ရှောင်စုန့်က ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ အလုပ်သင်စတော့မှာဆိုတော့ ဒါကို စောစောစတယ်လို့ပဲ သဘောထားလိုက်ပါ။”

သူက အခြေအနေကို သဘောမပေါက်သေးသည့်တိုင် အထက်တန်းကျောင်းဆင်းတွေအကြောင်း သူ့ရဲ့မှတ်ချက်ကတော့ လင်းချောင်ကို ထိသွား၏။

ဒုကျောင်းအုပ်ချီနှင့် စုန့်ကျင်းတို့က လင်းချောင်ကို အလိုလို လှည့်ကြည့်လိုက်သော်လည်း သူမကတော့ တည်ငြိမ်နေကာ လုံးဝ အထင်သေးခံရသည်ဟု မခံစားရပေ။

ပညာရေးနှင့်နှိုင်းယှဉ်ရင် လုပ်နိုင်စွမ်းက တိုက်ရိုက် မသက်ရောက်ပေ။ အချိန်အကန့်အသတ်တစ်ခုအတွင်း အလုပ်ရှင်များက ပညာရေးကို ဦးစားပေးသည်က ပုံမှန်ဖြစ်၏။ အရင်အချိန်များက ပထမတန်းတက္ကသိုလ်တွေကိုတောင် အဆင့်ခွဲထားသေးသည်။

ဒီတည်ငြိမ်မှုကြောင့် ဒုကျောင်းအုပ်ချီက တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။ သူက လောင်ရွှီကိုပြောလိုက်၏။

“ဒီမှာလည်း အရည်အချင်းရှိတဲ့သူတစ်ယောက် ရှိတယ်၊ ဒီကိစ္စကိုပဲ အခုဆွေးနွေးနေတာ။"

လောင်ရွှီက နောက်ဆုံးတော့ လင်းချောင်ကို သတိပြုမိပြီးပြောလိုက်၏။ "သူမက အရမ်းမငယ်လွန်းဘူးလား။"

ငယ်သေးသည်ဆိုသည်က နူးညံ့သိမ်မွေ့စွာ ငြင်းလိုက်ခြင်းပင်။ လင်းချောင်ကလည်း အထက်တန်းကျောင်းသူတစ်ယောက်နှင့်တူနေပြီး သူမဘွဲ့ရပြီးပြီလားဟုပင် ပြောရခက်သည်။ အထက်တန်းကျောင်းကို ဘယ်လို သင်ကြားနိုင်မှာလဲ။

ဒုကျောင်းအုပ်ချီက အရမ်းအလျင်လိုနေတယ်ဟု သူထင်ပြီးပြောလိုက်၏။

"စုန့်ကျင်းကို စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါက အထက်တန်းကျောင်းကို စာသင်ဖို့ကိစ္စလေ။"

လင်းချောင်ကို အရည်အချင်းမပြည့်မီကြောင်း တိုက်ရိုက်မပြောသည်ကပင် လင်းချောင်နှင့် ဒုကျောင်းအုပ်ချီအပေါ် မျက်နှာသာပေးသလိုဖြစ်နေ၏။

ဒုကျောင်းအုပ်ချီက နားလည်သော်လည်း မျက်မှောင်ကြုတ်လိုက်၏။ ဒါကလည်း သူ့အတွက် စိုးရိမ်စရာပင်။ မဟုတ်လျှင် သူ့နောက်ခံအကြောင်းမေးပြီးသည်နှင့် လင်းချောင်ကို အထက်တန်းအတန်းငယ် သင်ခိုင်းခဲ့မည်မဟုတ်ပေ။ အခုတော့ လင်းချောင်က အထက်တန်းအတန်းငယ်ကို စာကောင်းကောင်း ရှင်းပြနေသည်ကို သူကြားခဲ့ရသော်လည်း အထက်တန်းအကြောင်းကတော့ မသေချာသေးပေ။ အခြားလူရှာမရလျှင် လောင်ကျောက် ပြန်လာသည်အထိ လအနည်းငယ်ကြာအောင်လင်းချောင်ကို အစားထိုးသင်ခွင့်ပေးမည်ဟုတွေးထားခြင်းဖြစ်သည်။အခုတော့....

ဒုကျောင်းအုပ်ချီ က တုံ့ဆိုင်းသွားပြီး လင်းချောင်ကို ကြည့်လိုက်သည်။ သူ စကားမပြောနိုင်ခင် ဝင်လာကတည်းက နှုတ်ဆိတ်နေခဲ့သည့် စုန့်ကျင်းက ရုတ်တရက်ပြောလိုက်၏။ "ကျွန်မတို့နှစ်ယောက်လုံးရဲ့အဆင့်တွေကိုသိဖို့ စမ်းသပ်ကြည့်ပါလား။"

အားလုံးဝိုင်းကြည့်ကြတာမြင်ရတော့ သူမက တောင်းပန်သည့်ပုံစံဖြင့်ပြုံးလိုက်၏။

"ကျွန်မက ရဲဘော်လင်းရဲ့တူနဲ့အတူ ကြီးပြင်းခဲ့ရတော့ ဝါအရ အဒေါ်လို့ခေါ်သင့်ပါတယ်။ ဒုကျောင်းအုပ်ချီက သူမကိုသင်ခိုင်းရတဲ့ အကြောင်းပြချက်ရှိမယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့် တရားမျှတတဲ့ပြိုင်ဆိုင်မှုလေးလုပ်ရအောင်လေ။"

"မင်းတို့ နှစ်ယောက်က ဒီလိုဆက်စပ်မှု ရှိတာလား?"

လောင်ရွှီလည်း အံ့သြသွား၏။

"ကျွန်မကို ရဲဘော်လင်းလို့ပဲ ခေါ်ပါ။"

လင်းချောင်က စုန့်ကျင်းထက်အရင်ပြောလိုက်၏။

"ကျွန်မ အိမ်ထောင်ကျပြီးမိသားစု အခြေအနေနဲ့ သိပ်မရင်းနှီးသေးဘူး။ အဒေါ်လို့ ခေါ်တာက အသက်ကြီးသွားသလိုခံစားရတယ်။"

သို့သော်လည်း စုန့်မိသားစုက ကျိ မိသားစုနှင့် ပို၍နီးစပ်ချင်သည်က သိသာ၏။ မဟုတ်လျှင် သူမနှင့်ဘာမှမသက်ဆိုင်သည့် စုန့်ကျင်းက ဘာကြောင့် အဒေါ်လို့ခေါ်မှာလဲ။ ကျိဇယ်ပင် သူမကိုအဒေါ်ဟု မကြာခဏမခေါ်တတ်ပေ။ တရားမျှတသောပြိုင်ဆိုင်မှုဟုဆိုသော်လည်း ဓာတုဗေဒအထူးပြု တက္ကသိုလ်ကျောင်းသားကို ဘယ်သူက ယှဉ်ပြိုင်နိုင်မှာလဲ။

အဆုံးတွင် စုန့်ကျင်းက သူမ၏ အလုပ်အကိုင်အခွင့်အလမ်းကို ပိုမိုတရားဝင်စေလိုသောကြောင့်၊ အခြားသူများအနေဖြင့် သူမကို လင်းချောင်ထံမှလုယူထားခြင်းဖြစ်သည်ဟု မပြောကြစေရန် အတွက်သာလုပ်နေခြင်းဖြစ်သည်။ ဒါပေမဲ့ ဒီလိုဆိုလျှင် လင်းချောင် ယှဉ်ပြိုင်မှုတွင် မပါခဲ့ပါက သူမက စုန့်ကျင်းထက် ပညာအရည်အချင်းနိမ့်ကျကာအထက်တန်းကျောင်း သင်ကြားရေးအလုပ်ကိုမကိုင်တွယ်နိုင်ဟု အထင်ခံရလိမ့်မည်။

လင်းချောင်က ယှဉ်ပြိုင်ရန်စိတ်အားထက်သန်ခြင်းမရှိခဲ့ပေ။ နောက်နှစ်တွင် သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုမည်ဖြစ်၍ အထက်တန်းအတန်းငယ်ရော အထက်တန်းရော ဘယ်တစ်ခုကိုသင်သင် အတူတူပင်။ အထက်တန်းအတန်းငယ်က ပိုတောင်ကောင်းသေးသည်။

သို့သော်လည်း စုန့်ကျင်းက တွန်းအားပေးနေတော့ လင်းချောင်လည်း မယဉ်ကျေးနိုင်တော့ပေ။ ဒုကျောင်းအုပ်ချီကလည်း ကြည့်နေတော့ သူမက ခေါင်းညိတ်လိုက်၏။

"စမ်းကြည့်တာပေါ့။"

ဒီနည်းဖြင့်ဆိုလျှင် စိတ်ပူစရာမလိုတော့ပေ။ ပို၍အဆင့်မြင့်သူ ကျောင်းသားများကို သင်ရမည်ဖြစ်သဖြင့် ကျောင်းသားများအတွက်လည်း ပိုကောင်း၏။

"ဒါဆိုငါ လောင်ကောကိုသွားရှာပြီး သူ့မှာ စာမေးပွဲစာရွက်တွေရှိလားကြည့်လိုက်မယ်။"

လောင်ရွှီက စိတ်မရှည်ဘဲ ဒုကျောင်းအုပ်ချီကို မစောင့်တော့ဘဲ ကိစ္စများဆက်လုပ်ရန် သွားလိုက်၏။

သိပ်မကြာခင်မှာပဲ ပထမနှစ်သိပ္ပံအဖွဲ့ခေါင်းဆောင် လောင်ကောက မပြီးဆုံးသေးသည့် စာတမ်းများကို ကိုင်ပြီးလိုက်ပါလာ၏။

"မင်း ဓာတုဗေဒသင်ပေးမဲ့သူ ရှာနေတာ ငါကြားတယ်။ နောက်ဆုံးစစ်ခဲ့တဲ့ အလယ်တန်းစာမေးပွဲက စာမေးပွဲမေးခွန်းနှစ်ခု ရှိတယ်။"

အရပ်ရှည်ရှည် ပိန်ပိန်ဖြင့်လူက ဝင်လာရင်း ခေါင်းညိတ်နေ၏။ စာမေးပွဲပြီးရင် စာစစ်ပေးမည့်သူရသဖြင့် သူလာသည်က ပိုကောင်း၏။

လောင်ကောက ယှဉ်ပြိုင်သူနှစ်ဦး၏ စာတမ်းများကို အဆင့်သတ်မှတ်ရန် စောင့်ဆိုင်းနေစဉ် ဒုကျောင်းအုပ်ချီ၏ရုံးခန်းတွင် ထိုင်ကာ စာတမ်းများကို အမှတ်ခြစ်နေခဲ့သည်။ ပင်ပန်းလာသောအခါ ခန္ဓာကိုယ်ဆန့်ရန်ထလာပြီး ယှဉ်ပြိုင်သူတစ်ဦး၏ နောက်တွင်ရပ်ကာ မေးခွန်းများဖြေသည်ကိုကြည့်နေလိုက်၏။

တက္ကသိုလ်ကို ပထမဆုံးတက်ရောက်နေသူဖြစ်သည့် စုန့်ကျင်းကတော့ ပုံမှန်အတိုင်းပဲ အမှတ်ကောင်းကောင်းရခဲ့သည်။ လောင်ကောက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လင်းချောင်ကို ကြည့်လိုက်၏။

ရုတ်တရက် စာမေးပွဲဖြေရသည့်တိုင် လင်းချောင်က အေးဆေးတည်ငြိမ်စွာ ဖြေနေ၏။

လောင်ကောက မျက်ခုံးပင့်၍ ဒုကျောင်းအုပ်ချီကို ကြည့်လိုက်၏။

သူ၏အမူအရာကိုမြင်တော့ ဒုကျောင်းအုပ်ချီလည်း လင်းချောင်၏ နောက်တွင်ရပ်ပြီး သူမပြီးသည်အထိ ကြည့်နေလိုက်သည်။

လောင်ရွှီတွင် အခြားကိစ္စများရှိသေးသည့်အတွက် စောင့်ရသည်ကိုစိတ်မရှည်သဖြင့် ထက်ဝက်လောက်အချိန်တွင် ထွက်သွားခဲ့သည်။ သူပြန်လာတော့ လောင်ကောက စုန့်ကျင်း၏စာရွက်ကို အမှတ်ခြစ်နေလေပြီ။

"ဘယ်လိုလဲ?"

သူက တိုက်ရိုက်မေးလိုက်၏။

လောင်ကော၏ အနီရောင်ဘောပင်က စာရွက်ကို အလျင်အမြန် အမှတ်အသားပြုရင်း ဖြေလိုက်၏။

"မဆိုးပါဘူး၊ အမှတ်ပြည့်နီးပါးပဲ။"

လောင်ရွှီက စိတ်ကျေနပ်သွား၏။

"ကျွန်တော် ပြောသားပဲ။ လောင်စုန့်ရဲ့ သမီးက အထက်တန်းကျောင်းမှာတည်းကစာတော်ပြီး ကျောင်းဆရာမလုပ်ဖို့ ကြိုးစားနေတာ။"

လောင်ကောက ဘာမှပြန်မပြောဘဲ စုန့်ကျင်းရဲ့ စာရွက်ကိုဘေးဖယ်လိုက်ပြီး နောက်တစ်ခုကို အမှတ်ခြစ်လိုက်၏။

ဒုကျောင်းအုပ်ချီက သူ့ကိုကြည့်ရင်း လင်းချောင်၏ စာရွက်ပေါ်ကို အာရုံစိုက်နေသည်။

လောင်ရွှီက စိတ်ရှုပ်သွား၏။ စုန့်ကျင်းက အမှတ်ပြည့်ရထားပြီးသားမို့လို့ နောက်တစ်ခုကိုထပ်စစ်ဖို့ လိုနေသေးတာလား။ ထို့နောက် ဒုတိယစာရွက်ကိုလည်း အမှတ်ပြည့်ဖြင့် အလျင်အမြန် အမှတ်အသားပြုထားသည်ကို သူတွေ့လိုက်ရ၏။

လောင်ရွှီက မယုံနိုင်ဖြစ်ပြီး လင်းချောင်ကိုကြည့်ကာမေးလိုက်၏။

"မင်း ဘွဲ့ရခဲ့တာကြာပြီမလား။ဒါတွေအားလုံးကို မဘယ်လိုမှတ်မိနိုင်တာလဲ"

စုန့်ကျင်းလည်း မယုံနိုင်လောက်အောင်ပင်။ သူမ၏မျက်လုံးများက လင်းချောင်၏စာရွက်ကို လျင်မြန်စွာ ကြည့်ခဲ့သော်လည်း ဘယ်လိုအမှားကိုမှရှာမတွေ့ခဲ့ပေ။ သူမက နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ကိုက်လိုက်၏။

လူတိုင်းက စုန့်ကျင်းကို လွယ်လွယ်နှင့် အနိုင်ရမည်ဟုထင်ကြပြီး စာမေးပွဲကလည်း သဘောအရစစ်သည်ဟုသာ ထင်ခဲ့ကြသည်။ မြို့နယ်ကျောင်းတစ်ကျောင်းမှ အထက်တန်းကျောင်းအဆင့်သာပြီးထားသူ လင်းချောင်က သူမကဲ့သို့အမှတ်ပြည့်ရနိုင်မည်ဟု ဘယ်သူထင်ထားမည်တဲ့လဲ။

သူတို့၏အကြည့်များကြားမှ လင်းချောင်က လက်ကိုမြှောက်လိုက်ပြီးပြောလိုက်၏။

"သေချာပါတယ် အဖွဲ့ခေါင်းဆောင်ကောကတော့ ကျွန်မကိုအဖြေမပြောပြခဲ့ပါဘူး။"

ဤစကားကြောင့် အဖွဲ့ခေါင်းဆောင်ကောကလည်း ရယ်လိုက်၏။

"သေချာပါတယ်၊ ငါလည်း ဒီမိန်းကလေးကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး။"

သူတို့၏ စကားများက ပတ်ဝန်းကျင်ကို သိသိသာသာပေါ့ပါးသွားစေခဲ့သည်။ လင်းချောင်က ပြုံးပြီးပြောလိုက်၏။

"ကျွန်မ ဘွဲ့ရပြီးတာတောင် မှတ်မိနေသေးတာမဟုတ်ပါဘူး၊ မကြာသေးခင်ကပဲ ဆရာမဖြစ်ဖို့ ပြင်ဆင်နေခဲ့လို့ပါ။"

ဤအချက်က သူမသည် စေ့စပ်သေချာသူဖြစ်ကြောင်း ပြသနေ၏။ ရက်အနည်းငယ်အကြာမှာပဲ ဆရာမယန်၏အမြင် ပြောင်းလဲသွားသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

ဒုကျောင်းအုပ်ချီက ပြုံးလိုက်ပြီး အဖွဲ့ခေါင်းဆောင်ကောကလည်း ပြောလိုက်၏။

"လူတိုင်းက မင်းလိုအဆင့်သာ ရောက်အောင်ပြင်နိုင်ရင် ငါလည်း ခေါင်းကိုက်နေရမှာ မဟုတ်ဘူး။"

“ဒီလောက်ကောင်းတဲ့ အဆင့်တွေနဲ့ ဘာလို့ တက္ကသိုလ်မတက်တာလဲ”

လင်းချောင်က ပြုံးပြသော်လည်း ပြန်မဖြေခဲ့။

သူမအရင်ဘဝတုန်းက စာမေးပွဲဖြေပြီး ဘွဲ့ရသည်အထိကျောင်းတက်ခဲ့သည်။ မူလလင်းချောင်က ထိုသို့သော အဆင့်ကောင်းများ မရှိသော်လည်း အားစိုက်ထုတ်လျှင် နည်းပညာကျောင်းသို့တက်နိုင်၏။ သို့သော် ဘွဲ့ရသောအခါ၊ အဖွားလင်း၏ ကျန်းမာရေးဆိုးရွားလာသဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေဆိုနိုင်ဘဲ သူမကိုပြုစုစောင့်ရှောက်ခဲ့ရသည်။

အဖွားလင်း ဆုံးပါးသွားပြီးနောက် အိမ်ထောင်စုစာရင်းက လင်းရှို့ယီတို့ဇနီးမောင်နှံလက်ထဲသို့ရောက်သွားသဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုရန် ပို၍ပင်မဖြစ်နိုင်တော့ပေ။

စာမေးပွဲအောင်နိုင်ခဲ့ရင်တောင် ထိုခေတ်တွင် တက္ကသိုလ်တက်ရန်လူတော်တော်များများ အစားထိုးခံခဲ့ရသည့်အတွက် ဒီစုံတွဲက သူမကိုဘယ်လို လွှတ်ပေးမှာတဲ့လဲ။

အဖွဲ့ခေါင်းဆောင်ကောက ပေါ့ပေါ့ပါးပါးပဲ မေးလိုက်ခြင်းဖြစ်ပြီး သူမမဖြေတာကိုမြင်တော့သူကပြောလိုက်၏။

"မင်း စာတွေပြန်လုပ်ဖို့ ငါတို့ကျောင်းကိုလာပါလား။ မင်းအတန်းမတက်ရင်တောင် ငါစိတ်မဆိုးပါဘူး။"

"သူမက သူ့ခင်ပွန်းနဲ့လက်ထပ်ပြီး စစ်သည်အိမ်ထောင်ဖက်အနေနဲ့ ဒီမှာနေတာကို ကျောင်းတက်စေချင်သေးတာလား။"

ဒုကျောင်းအုပ်ချီက သူ့ကို စိတ်ရှုပ်သည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး တွေးတောမိသွား၏။

ယှဉ်ပြိုင်သူနှစ်ဦးစလုံး တူညီသော စာမေးပွဲကို ဖြေဆိုခဲ့ကြပြီး အမှတ်ပိုမြင့်သူက ဤရာထူးကို ရရှိမည်ဖြစ်သည်။ ရိုးရှင်းတဲ့ကိစ္စဟု ယူဆခဲ့သော်လည်း အခု သူတို့က တူညီတဲ့ရမှတ်တွေရခဲ့တော့ စာမေးပွဲက အဓိပ္ပါယ်မရှိတော့ဘူးမလား။

လုံးဝအဓိပ္ပာယ်မရှိသည်တော့မဟုတ်။ အစကတော့ သူက လင်းချောင်၏ အဆင့်ကို မျှော်လင့်ချက်သိပ်မထားခဲ့ပေမဲ့ အခုတော့ သူမက အလုပ်ကို ကောင်းကောင်းကိုင်တွယ်နိုင်မည်လို့ သူ အမှန်တကယ် ယုံကြည်နေခဲ့ပြီဖြစ်သည်။

"ဘာလို့ ပိုခက်တဲ့ မေးခွန်းမထုတ်တာလဲ။"

လောင်ရွှီက အဖွဲ့ခေါင်းဆောင်ကောကို မေးလိုက်သည်။

All Chapters