← Chapters

Chapter 26

Vol. 3 Ch. 26

Chapter 26

Vol. 3 Ch. 26

လောလောဆယ်မှာတော့ ပိုကောင်းသည့် အဖြေမရှိသေးပေ။ အဖွဲ့ခေါင်းဆောင်ကောက သင်ထောက်ကူစာအုပ်တစ်အုပ်ကို ယူရန်ပြန်သွားကာ လှန်ကြည့်ပြီး မေးခွန်းသုံးခုမေးလာ၏။

နှစ်ဦးစလုံး အမှတ်ပြည့်ရပြန်သည်။ လင်းချောင်က စုန့်ကျင်းမပြီးခင်မှာပဲ ဘောပင်ကို ချကာ ဒီတခေါက်ပို၍ မြန်မြန်ပြီးသွား၏။

အမှတ်ခြစ်ပြီးနောက် အဖွဲ့ခေါင်းဆောင်ကောက လောင်ရွှီကို ခေါင်းယမ်းပြ၏။

"ဒီထက် ပိုခက်အောင်တော့ မလုပ်နိုင်တော့ဘူး။ ပိုခက်မယ်ဆိုရင် သင်ရိုးညွှန်းတမ်းထက် ကျော်လွန်ပြီး စမ်းသပ်ဖို့ မဖြစ်နိုင်ဘူး။"

ကောလိပ်ဝင်ခွင့်စာမေးပွဲက နှစ်နှစ်သာရှိသေးပြီး ကျောင်းသား အများအပြားကလည်း ခိုင်မာသောအခြေခံမရှိသောကြောင့် စာမေးပွဲမေးခွန်းများက အလွန်ခက်ခဲခြင်းမရှိပေ။ ကျောင်းက အခြေခံရမှတ်များသေချာစေရန် ရည်ရွယ်ပြီး မေး၍မရသောအရာများကိုတော့ အလေးပေးမသင်ကြားခဲ့ပေ။

ဒါဆို ဘယ်သူကို ရွေးသင့်လဲ။

လောင်ရွှီလည်း နှစ်ဦးစလုံး အမှတ်ပြည့်ရသည့်အခါ စုန့်ကျင်းကို အလုပ်အခွင့်အလမ်းပေးရန် မဆုံးဖြတ်နိုင်ခဲ့ပေ။

အဆုံးတွင်တော့ ဒုကျောင်းအုပ်ချီက ဆုံးဖြတ်လိုက်၏။

"အစမ်းသင်ခန်းစာတစ်ခု လုပ်ကြည့်ရအောင်။ ဆရာတစ်ယောက်ဖြစ်ဖို့ဆို စာသင်ပေးနိုင်ရမယ်။"

တော်တော်များများက စာသင်ယူနိုင်မှု ကောင်းပေမဲ့ သင်ကြားဖို့တော့ မသင့်တော်ပေ။ အမှန်တော့ တစ်ခုခုကို ကိုယ်တိုင်လုပ်နိုင်သည်က အခြားသူတွေကို သင်ပေးနိုင်တယ်လို့မဆိုလိုပေ။

လောင်ရွှီတွင်လည်း ဒီထက်ပိုကောင်းသည့် အဖြေမရှိတော့။

"ဒါဆို သူတို့နှစ်ယောက်ကို လာမဲ့ တနင်္လာနေ့မှာ အတန်းတစ်ခုစီ သင်ခိုင်းကြရအောင်။"

ထိုရက်များတွင် တစ်ပတ်လျှင်တစ်ရက်သာ အားလပ်ရက်ဖြစ်သောကြောင့် မနက်ဖြန်သည် တနင်္ဂနွေဖြစ်သဖြင့် အစမ်းသင်ခန်းစာများကိုသင်ရန် တနင်္လာနေ့အထိ စောင့်ရမည်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းတွင် အရည်အချင်းရှိသော လူနှစ်ယောက် ရုတ်တရက် ရရှိလာသည်မှာ ကောင်းသောအရာဖြစ်သည်။ ဒုကျောင်းအုပ်ချီက ပြုံးပြပြီး အဖွဲ့ခေါင်းဆောင်ကောက စာတမ်းများယူကာ ကျေကျေနပ်နပ်ဖြင့် ရုံးခန်းမှ ထွက်သွားတော့သည်။

လောင်ရွှီသာလျှင် အနည်းငယ် တင်းကျပ်နေပုံရပြီး စုန့်ကျင်း၏ လင်းချောင်ကို နှုတ်ဆက်သည့်အပြုံးကလည်း အစကကဲ့သို့ သဘာဝမကျတော့ပေ။ ဤမိန်းကလေးက ငယ်စဉ်ကတည်းက ထူးချွန်သူဖြစ်ကောင်းဖြစ်နိုင်၏။ ချီးကျူးခံရဖူးသည့်အတွက် သူမက အလုပ်အကိုင်နှင့် နာမည်ကောင်းရနိုင်သည်ဟု အမြဲတွေးနေခဲ့ပုံရသည်။ အဆုံးမှာတော့ သူမကိုယ်တိုင်၏ လုပ်ရပ်ကြောင့် သေချာသည့်အရာတစ်ခုက မထင်မှတ်ထားသလို ဖြစ်လာခဲ့သည်။

လူငယ်များအတွက် အနည်းငယ် ပြိုင်ဆိုင်မှုက ကောင်းသည်ဟု လင်းချောင် ထင်မြင်မိသော်လည်း သူမက အခြားသူက အတင်းနေရာရရန် ကြိုးစားနေသည်ဟုခံစားရသဖြင့် သိပ်တော့သဘောမကျခဲ့ပေ။ သူမက ဒုကျောင်းအုပ်ချီကို နှုတ်ဆက်ပြီး ထွက်သွားရန် ပြင်လိုက်၏။

စုန့်ကျင်းက သူမကို တောင်းပန်ဟန်ဖြင့် ပြောလ်ိုက်၏။

"ဒီနေ့ကိစ္စအတွက် စိတ်မကောင်းပါဘူး..."

"ရှင် မလာခင်က မသိခဲ့ဘူးဆိုတာ ကျွန်မသိပါတယ်"

လင်းချောင်က သူမပြောချင်တာကို ခန့်မှန်းနိုင်သဖြင့်လက်ကာပြလိုက်၏။

"ရပါတယ်၊ ကျွန်မ ဘာမှမဆုံးရှုံးပါဘူး"

သူမက စာရွက်များနှင့် သင်ခန်းစာအစီအစဉ်များကိုယူကာ ထွက်သွားလိုက်တော့၏။

စာမေးပွဲသည် အတန်းချိန်တစ်ခုစာ ကြာမြင့်ခဲ့ပြီး လင်းချောင်ရုံးခန်းထဲသို့ ဝင်သွားသောအခါ ဆရာမကျန်းက သူမကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

"စာရွက်လေးတစ်ရွက်ကို နှစ်နာရီကြာအောင်ဖြေခဲ့တာလား။"

သူမရောက်လာပြီး ရက်အနည်းငယ်အကြာမှာတော့ ဆရာမကျန်းက သူမကို ဘာလို့ အမြဲလိုလိုရွဲ့စောင်းနေသည်ကို လင်းချောင်သိရှိခဲ့၏။

ဆရာမယန်က သူမကို ဆရာမကျန်းထံ တွန်းပို့ချင်သည့်ကိစ္စကြောင့် မဟုတ်ဘဲ အထက်တန်းကျောင်းပြီးခဲ့သူ ဆရာမကျန်းကလည်း သူ့ခင်ပွန်းနှင့်အတူ စစ်တပ်ထဲလိုက်ကာ အလယ်တန်း ဓာတုဗေဒဘာသာရပ်ကို သင်ကြားနေသည့် ဆရာမဖြစ်သည်။

သို့သော် အသင်အပြမကောင်းသည့်အတွက် အတန်းနှစ်ခုသင်ပြီးသည်နှင့် မိဘများထံမှ ဆရာလဲပေးရန်တောင်းဆိုမှုများရှိလာခဲ့သည်။ ယခု လင်းချောင်ရောက်လာတော့ ပြိုင်ဘက်ရှိလာပြီဟုတွေးကာ အမြင်မကြည်ဖြစ်နေခဲ့ခြင်းပင်။

ကိုယ်ကိုယ်တိုင်တော့ တိုးတက်အောင်မလုပ်ဘဲ အခြားသူများကို အာရုံစိုက်သူများ သီးသန့်ရှိ၏။ လင်းချောင်က သူမကို လျစ်လျူရှူပြီး ဆရာမယန်ကိုကြည့်လိုက်၏။

"ဒုကျောင်းအုပ်ချီက ကျွန်မနဲ့ ဆွေးနွေးစရာရှိနေလို့ပါ။"

ဘာမှ အတည်တကျ မဖြစ်သေးသည့်အတွက် သူမက လျှောက်မပြောချင်သလို ဆရာမယန်ကလည်း ဘာမှမမေးခဲ့။

"ပထမဆုံး သင်ခန်းစာ အခြေအနေဘယ်လိုလဲ။"

ရုံးထဲတွင် ကိုယ်ပိုင်စားပွဲရထားပြီဖြစ်သည့် လင်းချောင်က ထိုင်ရင်းပြောလိုက်၏။

"ကျောင်းသားတွေက ကပ္ပတိန်ကျိထက် အများကြီးပိုချစ်ဖို့ကောင်းတယ်။"

ဒီစကားကြောင့် ဆရာမယန် ရယ်လိုက်၏။

"ကောင်းသားပဲ။ နောက်ထပ် နည်းနည်းသင်ပြီးရင် အသားကျသွားလိမ့်မယ်။ အားလုံးလည်း ဒီလိုကျော်ဖြတ်ခဲ့ရတာပဲ။"

နောက်တစ်ရက်မှာတော့ လင်းချောင်က ကျ်ိမိသားစုအိမ်သို့သွားခဲ့သည်။ ညစာစားပြီးနောက် အဝတ်လျှော်စက်ဖြင့် အဝတ်လျှော်လိုက်၏။

ထိုခေတ်များတွင် နှစ်ဖက်ပါအဝတ်လျှော်စက်များ နာမည်ကြီးနေ၏။ တစ်ဖက်က အဝတ်လျှော်ရန်ဖြစ်ပြီး တစ်ဖက်က အခြောက်ခံရန်ဖြစ်၏။ အနည်းငယ်ဆူညံသည့်တိုင် ကြာရှည်ခံပြီး အချို့ဆိုလျှင် နှစ်လေးဆယ်လောက်အထိခံသည်။

လင်းချောင်က စိုထိုင်းထိုင်းအဝတ်များကို ညဘက်ခြံဝင်းထဲလှန်းထားခဲ့ရာ မနက်ပိုင်းတွင် ခြောက်နေပြီဖြစ်သည်။ သူမက အဝတ်များခေါက်ပြီး ဘီရိုထဲထည့်လိုက်၏။ စားသောက်ဆိုင်တွင် မနက်စာစားပြီးနောက် စောနေသဖြင့် စစ်တပ်စတိုးဆိုင်သို့ သွားခဲ့၏။

သူမ လက်ထပ်ပြီးစက အိမ်သုံးဆပ်ပြာ နှစ်ဆပျော်ရွှင်မှူဆိုသည့်အမည်ဖြင့် အနီရောင်ကို ဝယ်ခဲ့သော်လည်း စက်ရုံထုပ်ဆပ်ပြာများ သုံးရသည်ကို လင်းချောင်မကြိုက်ပေ။ ထုတ်လုပ်သည့်လုပ်ငန်းစဉ်တွင် လွယ်ကူစေရန် အသင့်ပစ္စည်းများ ထည့်သွင်းထားသဖြင့် ပါဝင်ပစ္စည်းများက အဆင်မပြေချေ။ သူမက အားပျော့သော အိမ်လုပ်ဆပ်ပြာအေးအေးကိုသာ လုပ်ချင်သော်လည်း ဒီခေတ်တွင် ပါဝင်ပစ္စည်းအစုံရမရတော့ မသေချာပေ။

ဆပ်ပြာလုပ်ရန် အကောင်းဆုံးဆီက သံလွင်ဆီ၊ အုန်းဆီတို့ဖြစ်ပြီး တောင်ပိုင်းတွင်သာရသည်။ မြောက်ပိုင်းတွင် ရလေ့ရှိသောဆီက ပဲဆီသာဖြစ်သည်။

ထင်သည့်အတိုင်း သူမ ရှာမတွေ့ခဲ့ပေ။ အချ်ိန်အတော်ကြာ လှည့်ပတ်ရှာနေတာတွေ့တော့ ဆိုင်မှဝန်ထမ်းကမေးလိုက်၏။

"ရှာနေတာ မူးတောင်မူးတော့မယ်။ ဘာရှာနေတာလဲ။ တပ်စခန်းထဲက ဆိုင်လေးဆိုပြီး အထင်မသေးနဲ့နော်။ အပြင်မှာမရှိတာတွေတောင် ရှိတယ်။"

စားသောက်ဆိုင်ကိုလည်း မြင်ထားသည့်အတွက် ဒီစကားကအမှန်ဖြစ်၏။

"သံလွင်ဆီရှိလား။"

"သံလွင်ဆီကဘာလဲ။"

သေချာပေါက် မြောက်ပိုင်းသူဖြစ်သည့် ဆိုင်ဝန်ထမ်းကမေးလိုက်၏။

သူမက သာမန်ဆီများသာ သုံးရတော့မည်ထင်သည်။ အရည်အသွေး သိပ်မကောင်းလောက်သော်လည်း စက်ရုံထုတ်များထက်တော့ ပိုကောင်းသေး၏။

လင်းချောင် ထွက်သွားတော့မည်အလုပ် ရင်းနှီးသည့်အသံတစ်ခုကြားလိုက်ရ၏။

"သံလွင်ဆီ ရှာနေတာလား။"

အသံက ရင်းနှီးနေ၏။ လင်းချောင် လှည့်ကြည့်လိုက်ရာ မနီးမဝေးတွင် ကျိဇယ်က အင်္ကျီကြယ်သီးဖွင့်ထားပြီး လက်ကိုလည်း အိပ်ကပ်ထဲထည့်ထားသည်။ သူက ဆေးရွက်ကြီး၊ အရက်နှင့် လက်ဖက်ရည်များရောင်းသည့် အတန်းဘက်တွင်ရပ်နေပြီး စီးကရက်တစ်ဘူးကိုင်ထားကာ အကြွေအချို့လည်းကိုင်ထား၏။ ကြည့်ရသည်မှာ စီးကရက်ဝယ်ရန် လာပုံပေါ်သည်။

ယဲ့မင်ရှူးကြောင့်လား မသိသော်လည်း ဒီတူဖြစ်သူက သူမနှင့်ဆိုလျှင် အမြဲနေရခက်ပုံပေါ်နေသည်။ သူက အမြဲလိုလို အလုပ်ရှုပ်နေပြီး ကျိကျွင်းနှင့် ယဲ့မင်ရှူးတို့ထက်ပင် အိမ်ပြန်လာခဲသည်။ ဒါက သူတို့နှစ်ယောက် သီးသန့်တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး လင်းချောင်ကလည်း အနည်းငယ်အံ့သြနေ၏။

"ရှင်လည်း ဒီတပ်ရင်းမှာပဲလား။"

ကျိဇယ်က ခေါင်းညိတ်ပြလိုက်ပြီး ထပ်မေးလိုက်၏။

"ဆိုင်မှာ သံလွင်ဆီရှိလား မေးနေတာကြားတယ်။"

သူက တကယ်တော့ စကားလာပြောချင်သည်မဟုတ်ပေ။ လင်းချောင်ကို ပထမဆုံးအကြိမ်စမြင်တော့ သူမကို မတွေ့အောင်ရှောင်ရန်ပင် တွေးမိ၏။ ဘယ်လိုဖြစ်ဖြစ် သူတို့က အရင်ကလည်း ဆက်ဆံရေးတစ်ခုရှိခဲ့သည်မလား။ လင်းချောင်မသိလျှင်တောင် သူက သူမကိုမြင်လျှင် အနေရခက်နေ၏။

သို့သော် လင်းချောင်က အချိန်အတော်ကြာကြာ ရှာနေခဲ့ပြီး ဆိုင်ဝန်ထမ်းကိုလည်း မေးနေခဲ့သည့်အတွက် သူမ တကယ်လိုအပ်နေသည်မှာ သေချာ၏။ သူ ထွက်သွားရန်လုပ်သော်လည်း ခြေထောက်များက မလှုပ်သလို ပါးစပ်ကလည်း အလိုလိုပြောလိုက်ခြင်းဖြစ်၏။

လင်းချောင်က သူစိတ်ရှုပ်နေရသည့် အကြောင်းကိုနားမလည်ဘဲ သူအနေရခက်နေသည်မှာ သူမနှင့် သူ၏ အမေ၏ သိပ်အဆင်မပြေသော ဆက်ဆံရေးကြောင့်ဟုသာ ထင်နေခဲ့သည်။ သို့သော်လည်း သူက သူမတို့မင်္ဂလာပွဲတွင် ရက်ရက်ရောရော လက်ဖွဲ့ခဲ့သည့်အတွက် သူမက ရိုးသားစွာပြန်ဖြေလိုက်၏။

"ကျွန်မ တစ်ခုခုလုပ်ချင်လို့ပါ။"

ကျိဇယ်က သူမကို မေးလိုက်သော်လည်း ဘာလို့သူမက သံလွင်ဆီ လိုနေသည်ကိုတော့ မသိချင်ပေ။ သူက ဘာလို့မေးမိသည်ကိုတောင် နားမလည်နိုင်ဖြစ်နေ၏။ အပြစ်ရှိစိတ်ကြောင့်လား ထိုညက ဦးလေးဖြစ်သူပြောခဲ့သောစကားများကို ပြန်သတိရ၍လားလည်း သေချာမသ်ိခဲ့ပေ။ လင်းချောင်၏ အဖြေကိုကြားတော့ သူခေါင်းညိတ်လိုက်၏။

"သံလွင်ဆီမလား။ ကျွန်တော် ရှာပေးမယ်နော်။"

"ကျေးဇူးပါ။"

လင်းချောင် သူ့ထံမှ အများကြီး မျှော်လင့်မထားသော်လည်း ကျေးဇူးတင်စကားတော့ ဆိုလိုက်၏။ သူလည်း မကြာခင် ကျိအိမ်သို့ သွားလည်မည်အထင်နှင့် သူမက တူဖြစ်သူကိုမေးလိုက်၏။

"ကျွန်မလည်း ရှင့်အဖိုးအဖွားတွေဆီ သွားလည်မှာ။ လိုက်ဦးမလား။"

"ကျွန်တော် မသွားတော့ဘူး။ နောက်တစ်ခါမှပေါ့။"

ကျိဇယ်က သူမနှင့်အတူ ကြာကြာမနေလိုသဖြင့် လုပ်စရာရှိသည်ဟုအကြောင်းပြကာ အမြန်ထွက်သွားလိုက်၏။ သူက အတော်ကြာလမ်းလျှောက်ပြီးမှ လက်ထဲရှိ စီးကရက်ဘူးကို ဆုပ်ချေထားမိကြောင်း သတိသွားမိသွား၏။

ဘာလို့များ စကားစပြောခဲ့မိတာလဲ။ သို့သော်လည်း စကားပြောခဲ့ပြီးသည့်အပြင် ကတိပါပေးခဲ့သေး၏။သူမအပေါ် အပြစ်လုပ်ခဲ့မိသည့်အတွက် ပြန်ပေးဆပ်သည်ဟုသာ သဘောထားလိုက်တော့မည်။

ကျိဇယ်က စီးကရက်မီးညှိလိုက်ပြီး ရင်းနှီးသည့် ရဲဘော်တစ်ယောက်ကို ခေါ်လိုက်၏။

"မင်းမိသားစုက တောင်ပိုင်းကမလား။ သံလွင်ဆီကိုသိလား။"

ပိတ်ရက် မနက်စောစောတွင် သူက သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်နှိုးလိုက်၏။

"မင်း သံလွင်ဆီရှာပေးလို့ရလား။"

သူ၏ သူငယ်ချင်းလည်း အိပ်ရာနိုးသွားသဖြင့် ပြောလိုက်တော့၏။

"ဘာဖြစ်နေတာလဲကွာ။ မနက်စောစော ဒီအကြောင်းပြောဖို့ နှိုးနေတာလား။"

"မင်း မိသားစုကလူတွေ အဲ့ကိုပြောင်းသွားတယ်မလား။ ရနိုင်လား မရနိုင်လားပဲ ပြောစမ်းပါ။"

တကယ်ကို ဆီတစ်ခုအတွက်ဖြစ်သည်။ သူ၏ သူငယ်ချင်းလည်း စိတ်တိုပြီး ဖုန်းချလိုက်၏။

"ရူးနေပြီပဲ!"

ထို့နောက် နောက်တစ်ကြိမ် ဖုန်းမြည်လာပြန်၏။

ကျိဇယ် အခြားသူများကို ဒုက္ခပေးနေချိန် လင်းချောင်ကတော့ ယန်ဒူကိုပြန်သည့် ဘတ်စ်ကားပေါ်တွင်ဖြစ်သည်။ ကျိသော်မရှိသဖြင့် ရှောင်ဖန်း၏ ကားကို အသုံးမပြုခဲ့ပေ။ လမ်းခုလတ်တွင် သစ်သီးရောင်းနေသည်ကိုတွေ့၍လည်း မက်မွန်သီးအချ်ို့ဝယ်လိုက်၏။

သူမရောက်တော့ အဒေါ်ကျန်းက ခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်များ ခူးနေလေသည်။ သူမကိုမြင်တော့ ချက်ချင်းဆိုသလို လှမ်းခေါ်လိုက်၏။

"ရှောင်လင်း ပြန်လာပြီ။"

ထို့နောက် မီးဖိုချောင်ကို ညွှန်ပြလိုက်၏။

"သူတို့ တစ်မနက်လုံးပြောနေတာကြားလို့ ဒီနေ့ပြန်လာမယ်ဆိုတာ သ်ိနေတယ်။ သူတို့က မင်းလာရင်စားမလို့ဆိုပြီး ဝက်ခေါက်ကင်ပေးဖို့တောင် ပြောထားသေးတယ်။"

"ကျွန်မအတွက် ပြင်ထားတာပေါ့။"

လင်းချောင်ပြုံးလိုက်၏။ သူမက မက်မွန်သီးအိတ်ကို ဘယ်လက်သို့ ပြောင်းကိုင်လိုက်ပြီး အိတ်ထဲမှ ဒဏ်ရာကပ်ပလာစတာ ထုတ်လိုက်၏။

"အဒေါ် ခြေထောက်နာနေတယ် ပြောတယ်မလား။ ဒါကပ်ကြည့်ပါလား။"

"အဒေါ့်အတွက်လား။"

အဒေါ်ကျန်း အံ့သြသွားမိ၏။ နောက်ဆုံးအကြိမ်တွေ့ခဲ့ချိန်က ရည်ရွယ်ချက်ရှိရှိ ပြောပြခဲ့သည်တော့မဟုတ်ပေ။ အမှိုက်ပစ်ရန်သွားစဉ် သူမ၏ မငြိမ်နေသောခြေထောက်များကို လင်းချောင်သတိထားမိသွားခြင်းသာဖြစ်၏။

လင်းချောင်က ဒါကိုမှတ်မိနေပြီး သူမအတွက် ပလာစတာအချို့ဝယ်လာခဲ့ခြင်းပင်။

"ကျွန်မတို့ကျောင်းက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကလည်း ကလေးမွေးပြီး သေချာမနားခဲ့ရလို့ ဒူးနာတဲ့ဝေဒနာ ခံစားနေရတာ။ ဒီဟာနဲ့ အဆင်ပြေနေတာမြင်လို့ အဒေါ်လည်း သုံးကြည့်လို့ရအောင်ဝယ်ခဲ့တာပါ။"

"ဟုတ်တယ်၊ အဒေါ်လည်း ကလေးမွေးပြီးကောင်းကောင်းမနားခဲ့ရတဲ့ ပြဿနာရှိနေတာ။"

အဒေါ်ကျန်းက အလျင်အမြန် လက်သုတ်လိုက်ပြီး ပလာစတာများကို လှမ်းယူလိုက်၏။

"ဘယ်လောက်ပေးခဲ့ရလဲ။"

လင်းချောင် ကျိမိသားစုအိမ်ရောက်စကပဲ အဒေါ်ကျန်းနှင့်သာ အချိန်ကုန်နေခဲ့ပြီး ယန်ဒူအကြောင်းအများစုကိုလည်း သူ့ထံမှသိခဲ့ခြင်းဖြစ်၏။ သူမထံမှ ငွေယူရန် အစီအစဉ်မရှိ။

"ဒီနှစ်ခု အရင်သုံးကြည့်လိုက်လေ။ အဆင်ပြေမယ် ဘယ်မှာဝယ်လို့ရလဲ ညွှန်းပေးမယ်။"

အဒေါ်ကျန်းက ဆက်ပြောချင်သော်လည်း စကားသံများကြား၍ ရွှီလီက အပြင်ထွက်လာခဲ့၏။

"ဒီကလေးကတော့ အိမ်ပြန်လာရင်တော်ပြီပေါ့။ ဘာလို့ ပစ္စည်းတွေ ဝယ်ခဲ့ရတာလဲ။"

"တကူးတကဝယ်ခဲ့တာ မဟုတ်ပါဘူး ကျွန်မလည်း စားချင်လို့လေ။ လမ်းမှာ ရောင်းနေတာတွေ့လို့ နည်းနည်းလောက် ဝယ်ခဲ့တာပါ။"

သူမက သူတို့အတွက် ဝယ်ခဲ့ခြင်းဖြစ်သော်လည်း သူမစားချင်သည်ဟုသာပြောခဲ့သည်။ ရွှီလီက ပြုံးပြီးသူမနောက်ကိုကြည့်လိုက်၏။

"ဒုတိယသားရော။"

"သူ တာဝန်ရှိလို့ တပ်သားတွေနဲ့အတူ ထွက်သွားတယ်။"

ရွှီလီ၏ အမူအရာက အနည်းငယ် အလိုမကျဖြစ်သွားသော်လည်း အချိန်အတော်ကြာ ကြုံဖူးသည့်ကိစ္စဖြစ်သဖြင့် သားဖြစ်သူအတွက်တော့ အလွန်အကျွံစိတ်မပူခဲ့ပေ။

"သူ ဘယ်တုန်းက သွားတာလဲ။ ဒီနှစ်ရက်လုံးအိမ်မှာတစ်ယောက်တည်းနေတာ မကြောက်ဘူးလား။"

"သူ တစ်နေ့ကထွက်သွားတာ။ ကျွန်မအဆင်ပြေပါတယ်။ ဘေးအိမ်က ဗိုလ်မှူးကြီးလျန်ကလည်း သဘောကောင်းတယ်။ လိုအပ်တာရှိရင် လာရှာဖို့လည်းပြောထားတယ်လေ။"

ဗိုလ်မှူးကြီးလျန်၏ ဇနီးသည်က သူမကိုသိပ်သဘောကျပုံ မပေါ်သော်လည်း ဗိုလ်မှူးကြီးလျန်၏ တောင်းဆိုမှုကြောင့်လားတော့မသိ သူမထံ အစားအသောက်များယူလာပေးတတ်၏။

"သူ ပြန်လာဖို့ ဘယ်နှရက်ကြာမလဲ မသ်ိနိုင်ဘူးလေ။"

ရွှီလီကတော့ လင်းချောင်တစ်ယောက်တည်းဖြစ်နေခြင်းကို စိတ်ပူနေသေး၏။

"ဒီမှာ ရက်နည်းနည်းလောက်နေပါဦးလား။"

လင်းချောင် ရောက်လာပြီးတည်းက အိမ်က ယခင်ကထက်ပို၍ စည်ကားနေခဲ့သည်။ တစ်လတွင် ဆယ်ရက်လောက်တောင် အိမ်မှာရှိမနေတတ်သည့် ကျိသော်ကလည်း မင်္ဂလာပွဲ ပြင်ဆင်နေချိန် တစ်လျှောက်လုံး အိမ်တွင်ရှိနေခဲ့၏။ သူတို့ကလည်း စည်စည်ကားကားရှိနေသည်ကို အသားကျသွားသဖြင့် လင်းချောင်နှင့် ကျိသော်တို့ထွက်သွားတော့ တစ်ခုခုလိုအပ်နေသလို ခံစားနေရ၏။

လင်းချောင်လည်း ဒါကိုနားလည်သည်။ ဒါကြောင့်ပဲ ကျိသော်မရှိသည့်တိုင် သူမဘာသာ လာခဲ့ခြင်းဖြစ်၏။သို့သော် သူမလည်း အလုပ်ရထားပြီဖြစ်၍ လာနေ၍မရပေ။ ရှင်းပြတော့မည်အလုပ် ကလေးဆန်သောအသံတစ်ခု ကြားလိုက်ရ၏။

"တွေ့လား ကျွန်မ စာကောင်းကောင်း မလုပ်တာမဟုတ်ဘူး။ မေးခွန်းက အရမ်းခက်လွန်းနေတာ။ အဖိုးလည်း မဖြေနိုင်ဘူးမလား။"

ဧည့်ခန်းရှ်ိ ကော်ဖီစားပွဲထောင့်တွင် မစ္စတာကျိနှင့် ကျိလင်တို့က အိမ်စာစာအုပ်ကို မျက်မှောင်ကြုတ်၍ကြည့်ကာ ထိုင်နေ၏။

မစ္စတာကျိကလည်း စာကြည့်မျက်မှန်တပ်ထားကာ ဒူးပေါ်လက်ထောက်ရင်း ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသလိုဖြစ်နေ၏။ သူ မဖြေရှင်းနိုင်သည့် ပြဿနာဟု သူခံစားမိနေ၏။

"ငါက အသက်ကြီးနေပြီလေ။ ဒါတွေကို ဘယ်လိုမှတ်မိမှာလဲ။"

"ဒါဆို အဖွားက ဘာလို့မှတ်မိနေတာလဲ။"

"မင်းအဖွားက ဆရာမဆိုတော့ မှတ်မိနေတာ မဆန်းဘူးလေ။"

"ကျွန်မ လုပ်လို့မရရင် တီဗွီကြည့်လို့မရဘူးတဲ့၊ အဖိုးကျ မလုပ်နိုင်လည်း တီဗွီကြည့်လို့ရနေတယ်။"

ဘယ်ကသင်လာသည် မသိသော်လည်း ထိုမိန်းကလေးက အာသွက်လျှာသွက်ဖြစ်ပြီး ပြောသမျှစကားတိုင်းကလည်း မယုံနိုင်စရာပင်။

သားနှင့် မြေးများကို ဆူပူကြိမ်မောင်းတတ်သည့် ဒေါသကြီးသူ မစ္စတာကျ်ိက မြေးမလေးရှေ့တွင်တော့ ပြောစရာပျောက်နေ၏။ သူတို့ နှစ်ယောက်ဝင်လာတာမြင်တော့ သူလွတ်လမ်းရသွားသလို ပျော်ရွှင်သွား၏။

"ချောင်ချောင် ပြန်လာပြီပဲ။"

လင်းချောင်လည်း ရယ်စရာကောင်းသည်ကို ခံစားမိပြီး သူမဝယ်ထားသည့် မက်မွန်သီးများကို ရေဆေးရန် အမြန်သွားကာ မစ္စတာကျိအားကယ်ဆယ်ရန် "မက်မွန်သီးတစ်လုံးစားပြီး အနားယူလိုက်ပါဦး" ဟုပြောလိုက်၏။

"ဟုတ်တယ် မက်မွန်သီးစားပြီး အနားယူလိုက်ဦးမယ်။"

မစ္စတာကျိက သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့မြေးဖြစ်သူ၏ အာရုံကို အောင်မြင်စွာ လွှဲနိုင်သွားသည်ကို မြင်လိုက်ရတော့ သူ့သားအကြောင်းမေးလိုက်၏။

"ဒုတိယသားက ဘယ်မှာလဲ။"

"သူက တာဝန်နဲ့သွားတယ်လေ။" လင်းချောင်က ထပ်ရှင်းပြလိုက်သည်။

မစ္စတာကျိ၏ တုံ့ပြန်မှုက ရွှီလီထက်ပင် ငြိမ်သက်နေခဲ့သည်။ စစ်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းသည့်အရာများကို မြင်ခဲ့ပြီးသည့်အတွက် အနည်းငယ်သောအရာများက သူ့အတွက် စိတ်အနှောင့်အယှက်မဖြစ်စေတော့ပေ။

သို့သော် ကျိလင်၏ အကြည့်များကတော့ မက်မွန်သီးတစ်လုံးကို ကိုက်နေရင်း လင်းချောင်အနားကပ်လာခဲ့သည်။

"ဦးလေး တာဝန်ကျနေတယ်ဆိုတော့ အဒေါ်တစ်ယောက်တည်း အိမ်မှာနေတာလား။"

ဒီကလေးမလေးက လိမ္မာပါးနပ်လွန်းတာကြောင့် သူမက တစ်ခုခုပဲဟု လင်းချောင် သိလိုက်သည်။ သူမက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့"

ကျိလင်က ချက်ချင်း ကမ်းလှမ်းလိုက်သည်။

"ဒါဆို အဒေါ်တစ်ယောက်တည်းအိမ်မှာပေါ့။ မကြောက်နဲ့နော် ကျွန်မ လာနေပေးမယ်လေ။"

"မင်းဦးလေး မရှိဘူးဆိုတော့ တီဗွီကြည့်ချင်တာမဟုတ်လား"

မစ္စတာကျိက နေ့တစ်ဝက်လောက် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် လှောင်ပြောင်လိုက်၏။

ကျိလင်က မကြားချင်ယောင်ဆောင်ကာ လင်းချောင်၏ အင်္ကျီကိုဆွဲလိုက်ပြီး ပြောလိုက်၏။

"အဒေါ် သွားမယ်လေ~နော်"

သူမက ချစ်စရာကောင်းစွာ တောင်းဆိုလိုက်၏။

မစ္စတာကျိ၏ အမူအရာကို မြင်လိုက်ရသဖြင့် လင်းချောင်က ရယ်မော၍ ခေါင်းညိတ်ကာပြောလိုက်သည်။

"ကောင်းပြီ"

"တကယ်လား?"

ကျိလင်၏ မျက်လုံးများ အရောင်လက်သွားသော်လည်း သူမ အရမ်းစိတ်လှုပ်ရှားမသွားမီ လင်းချောင်ဖြတ်ပြောလိုက်၏။

"အခုလေးတင် မင်းအဒေါ်က ဂုဏ်ယူစရာကောင်းတဲ့ လူတွေရဲ့ဆရာမဖြစ်လာတာမလို့ မင်းကိုအိမ်စာတွေကို သေချာကြည့်ပေးနိုင်ပြီ။"

ကျိလင် - "..."

All Chapters