Chapter 29
Vol. 3 Ch. 29
လင်းချောင်လည်း ဘာစာလုံးမလို့ စိတ်တိုရသည်သိချင်သဖြင့် စာရွက်ကိုယူ၍ အထဲမှစာကိုကြည့်လိုက်သည်။ သူမက စာအပြည့်အစုံဖတ်လိုက်၏။
"ငါ သတိပေးမယ် လျန်တာ့လုံ။ မင်း သားကိုကောင်းကောင်းဆက်ဆံပါ။ သူက မင်းတို့မိသားစုရဲ့ ကံကောင်းခြင်းလေးပဲ။"
လက်ရေးများက ရှုပ်နေသော်လည်း ထိုစာလုံးများကို ထပ်ခါထပ်ခါရေးထား၏။
"ကျွန်တော် ဒါကိုအရင်ရက်တွေကပဲ ရေးထားတာ အဖေက အခုမှတွေ့တယ်။"
ကျွင်းဇီက ဂုဏ်ယူစွာဖြင့် သူမကို ကပ်တိုးပြောလိုက်၏။
ဗိုလ်မှူးကြီးလျန်က သူ၏ စီးကရက်များကို ကိုယ်တိုင်လိပ်ရသည်ကို ကြိုက်သူဖြစ်သည်။ ဒီနေ့လည့်း တစ်ရွက်လိပ်ပြီး မီးညှိလိုက်ရာတစ်ခုခုကို သတိထားမိခဲ့ခြင်းဖြစ်၏။
စောင့်ကြည့်နေသည့် ကျွင်းဇီကလည်း ဤအခိုက်ကို စောင့်နေသည်ဖြစ်၍ ချက်ချင်းပြောလိုက်၏။
"အဖေ ဘာလို့အဲ့မှာ စာလုံးတွေရှိနေတာလဲ။ မိုးကောင်းကင်က သတိပေးတာများလား။"
သူ၏ တုန့်ပြန်ပုံက မြန်လွန်းသဖြင့် ဗိုလ်မှုးကြီးလျန်က ချက်ချင်းသိသွားခဲ့၏။
ပြီးတော့ ကျွင်းဇီက ဖုံးမထားဘဲ မီးခြစ်ဖြင့် အပူပေး၍ စာလုံးအားလုံးပြလိုက်သေးသည်။
လင်းချောင်လည်း ပြဿနာရှာသူများတွေ့ဖူးသော်လည်း ဒီလောက်ကြီးအောင်ရှာသူတော့ မတွေ့ဖူးပေ။
ကျွင်းဇီ၏ စကားကိုကြားတော့ သူမက သူ့ကို ဘေးဖယ်ရင်းပြောလိုက်၏။
"လုပ်ပါ ဗိုလ်မှုးကြီးလျန်။ ကျွန်မ ဘာမှမမြင်ဘူး။"
"ဆရာမ ကျွန်တော်ကို မစွန့်ပစ်လ်ိုက်ပါနဲ့။"
ကျွင်းဇီက အော်ဟစ်ပြီး ပြေးပြန်တော့သည်။
သို့သော် အပြေးနှေးသွားသဖြင့် ဗိုလ်မှူးကြီးလျန်က မိသွားပြီး ကော်လာမှကိုင်ကာ ခေါင်းနောက်ကို ရိုက်လိုက်၏။
"ပြေးနိုင်ဦးမလားကြည့်မယ်။"
ကျွင်းဇီက ခေါင်းကိုကာလိုက်၏။
"မရိုက်နဲ့။ ကျွန်တော် ဉာဏ်ထိုင်းသွားလိမ့်မယ်။"
"ဉာဏ်ထိုင်းသွားရင် ငါလည်း စိတ်တိုစရာမလိုတော့ဘူး။"
ဗိုလ်မှူးကြီးလျန်က သူ့ကိုဆွဲခေါ်သွားပြီး တင်ပါးကို နှစ်ချက်ကန်လိုက်သေး၏။
အစက ဒေါသထွက်နေသည်က သူထွက်ပြေးနေသဖြင့် ပိုဆိုးသွားကာ ကန်ချက်များက ပြင်းသွား၏။ သူ့ဇနီးက ထွက်လာပြီးတားလိုက်၏။
"နှစ်ချက်ရိုက်ရင် တော်ပြီပေါ့။ ကိစ္စကြီးလည်း မဟုတ်တာကို။ ကျွင်းဇီ အဖေ့ကို နှောင့်ယှက်တာကလွဲပြီး အခြားမလုပ်တတ်ဘူးလား။"
"ကျွန်တော် စမ်းသပ်မှူလေး လုပ်ကြည့်ရုံပါ။"
ဒါကိုကြားတော့ ဗိုလ်မှုးကြီးလျန်က မှတ်မိသွား၏။
"မင်း ရှောင်လင်းကို ဆရာမလို့ ခေါ်လိုက်တယ်မလား။ သူမက မင်းတို့ကျောင်းက ဆရာမလား။"
"ဘယ်ရှောင်လင်းက ဆရာမ ဖြစ်သွားတာလဲ။"
ဗိုလ်မှူးကြီးလျန်၏ဇနီးက ပန်းကန်ဆေးပြီးသည်နှင့်ထွက်လာရာမှ ရပ်လိုက်၏။
"ဘေးအိမ်က ကပ္ပတိန်ကျိရဲ့မိန်းမလေ။"
ကျွင်းဇီက စိတ်လှုပ်ရှားစွာပြောလိုက်၏။
"သူမက အခု ကျွန်တော်တို့ ဓာတုဗေဒဆရာမလေ။ သူက စာရွက်ပေါ်မှာ စာရေးတဲ့နည်းတွေပြောပြတာ။"
"သူက ဆရာမလား။ ဒါပေမဲ့ မင်းတို့ အတန်းပိုင်ဆရာက ဓာတုဆရာမလား။"
ဗိုလ်မှုးကြီးလျန်၏ ဇနီးက မယုံနိုင်ဖြစ်နေ၏။ လင်းချောင်က ငယ်သေးသည့်အတွက် ဘယ်လိုလုပ် အထက်တန်း သင်မလဲ။
"ကျွန်တော်တို့ ဆရာကျောက်က ခြေထောက်ကျိုးသွားလို့ ဆရာမလင်းက အစားသင်နေတာ။"
ကျွင်းဇီက သ်ိပ်စိတ်မဝင်စားဘဲ စမ်းသပ်မှူအကြောင်းသာပြောချင်နေ၏။
"အံ့သြစရာမကောင်းဘူးလား။ ဘာရေးထားတဲ့ဆိုတာ လုံးဝသိမှာမဟုတ်ဘူး။"
"မင်းအခု ကျွင်းဇီရဲ့အတန်းကို သင်နေတာလား။"
တစ်ဖက်တွင်တော့ ကျိသော်က ထိိုအကြောင်းမေးနေခဲ့သည်။ သူအမှတ်မမှားလျှင် ကျွင်းဇီက အထက်တန်းတက်နေပြီဖြစ်၏။ သူထွက်သွားချ်ိန်က လင်းချောင်က အလယ်တန်းသင်နေခြင်းဖြစ်ကာ စာပင်မသင်ရသေးပေ။
ကျိသော်ပြန်လာချိန်က လင်းချောင် ဆပ်ပြာလုပ်နေချိန်နှင့် အချိန်ကိုက်ဖြစ်နေ၏။ သူသာ မပြောလျှင် လင်းချောင်လည်း ပြောဖို့မေ့နေမည်ဖြစ်သည်။
"သူတို့ ဓာတုဗေဒဆရာက ခြေထောက်ကျိုးသွားလို့ ကျွန်မ ခဏကူပေးနေတာ။"
သူမက အခြေအနေကို ရှင်းပြလ်ိုက်၏။
"မင်းက ဓာတုဗေဒ အရမ်းတော်တာပဲ။"
ပုံမှန်နှင့်မတူဘဲ ကျိသော် ထူးဆန်းစွာပြောလိုက်၏။
လင်းချောင် အသေးစိတ်မပြောသော်လည်း အထက်တန်းဘွဲ့ရအတွက် တက္ကသိုလ်ကျောင်းသူကိုကျော်၍ အထက်တန်းသင်ရသည်က မလွယ်ပေ။ အထူးသဖြင့် စုန့်ကျင်းလို ကျောင်းသူဖြစ်သည်။ သူ့မရီးသာသိလျှင် အမူအရာတစ်မျိုးဖြစ်လိမ့်မည်။ သူမက စုန့်ကျင်းကို ချွေးမတစ်ယောက်၏ စံသတ်မှတ်ချက်မျိုး အမြဲထားခဲ့ပြီး လင်းချောင်ကိုတော့ အထင်သေးသည်။ နယ်မှလာသူဖြစ်သည်ဟု ပြောသည်။ သို့သော် မရီးဖြစ်သူ တကယ်ဂရုစိုက်သည်က ထိုအရာမဟုတ်ဘဲ မိသားစုနောက်ခံအဆင့်အတန်းသာဖြစ်ရမည်။
ကျိသော်၏ အားပေးမှုကြောင့် လင်းချောင်ရိုးသားစွာပြောလိုက်၏။
"အဲ့တာ အံ့သြစရာကောင်းတယ် မထင်ဘူးလား။ ကျွန်မတို့သုံးတဲ့ ဆပ်ပြာ၊ သောက်တဲ့ဆေး၊ ဟင်းချက်တဲ့နေရာမှာသုံးတဲ့ ငံပြာရည် အဲ့တာတွေအားလုံးက ဓာတုပစ္စည်းတွေပဲ။"
သူမက ထိုအရာများကို စိတ်ဝင်စားသဖြင့် ဓာတုဗေဒကို သဘောကျခြင်းဖြစ်သည်။ ပို၍လေ့လာလေလေ ပို၍သဘောကျလေလေဖြစ်သည်။
သူမက ဒီလိုစိတ်အားထက်သန်မှုကြောင့် သူမအနေအထားကို ထိန်းထားနိုင်ကာ စမ်းသပ်မှုများ အဆက်မပြတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
တစ်ယောက်ယောက်က တစ်ခုခုကိုသဘောကျနေလျှင် အသံတွင်ပေါ်ပြီး အရိပ်တွင်ပင် ပျော်ရွှင်မှူအရိပ်အယောင် ပေါ်နေလေသည်။
ကျိသော်က သူမအလုပ်လုပ်နေချိန်တွင် အာရုံစိုက်နေပုံကိုတွေးကြည့်နေရင်း မသိလိုက်ခင်မှာပဲ ခြံတစ်ပတ်လမ်းလျှောက်ပြီးသွား၏။
အပေါက်ဝမှ အစောင့်ကိုတွေ့တော့ သူနာရီကြည့်လိုက်၏။
"ပြန်ကြရအောင်။"
လင်းချောင် ခေါင်းညိတ်လိုက်တော့ သူပြောလိုက်၏။
"မင်း ရှောင်ဇယ် ကိစ္စစိတ်ပူစရာမလိုဘူး။"
ဒါက သူဖြေရှင်းလိုက်မည် ဆိုသည့်သဘောဖြစ်သဖြင့် သူမလည်း ထပ်မတွေးတော့ပေ။
နောက်တစ်ရက် ကျိမိသားစုအိမ်သွားတော့ ရွှီလီက သားဖြစ်သူကိုတွေ့ရသဖြင့် ယခင်ထက်ပိုပျော်နေ၏။
"လက်ထပ်လိုက်ရင် တကယ်ကို မတူတော့ဘူးပဲ။ အခုတော့ အိမ်ကိုတကယ်လာပြီ။ အရင်ကဆို တစ်လကိုဆယ်ရက်တောင်မတွေ့ရဘူး။"
ကျိသော်က အရင်နေ့ထဲက ဘာအမူအရာမှမျက်နှာတွင်ရှိမနေခဲ့ပေ။ သူ၏အမေ စနောက်သည်ကိုကြားတော့ သူက စက္ကူအိတ်အသေးလေး လှမ်းပေးလိုက်၏။
"ပုံတွေ။"
"ရတော့မယ်လို့ ငါလည်းထင်နေတာ။"
ရွှီလီက ပျော်ရွှင်စွာပဲ ဧည့်ခန်းထဲယူသွားပြီး မစ္စတာကျိကိုခေါ်လိုက်၏။
"ရှင်လည်း လာကြည့်သင့်တယ်။"
မစ္စတာကျိက စာကြည့်မျက်မှန်ဖြင့် သတင်းစာဖတ်နေသည်။ သူက ဘာမှမဟုတ်သလို ခေါင်းညိတ်လိုက်သော်လည်း ခေါင်းကတော့ စောင်း၍ကြည့်လိုက်၏။
ကျိဇယ် ရ်ိုက်ပေးထားသောပုံများက ပုံထွက်ကောင်း၏။ ကင်မရာ အနေအထားက သာမန်ဆိုသော်လည်း တစ်ချို့သေူ အမျိုးသားသူငယ်ချင်းများ ရိုက်ပေးသည်ထက် ပိုကောင်းသည်။ အထူးသဖြင့် ကျိသော်နှင့် လင်းချောင် အတူရိုက်ထားသောပုံဖြစ်သည်။ ကျိသော်က ယူနီဖောင်းဝတ်ထားကာ လင်းချောင်ကလည်း မိတ်ကပ်ပါးပါးလေးဖြင့် အလွန်ကြည့်ကောင်းသည်။ သူမ၏ အနီရောင်နှုတ်ခမ်းများနှင့် လှပသောမျက်နှာက ကျိသော်ဘေးတွင် နှင်းဆီပွင့်လေးတစ်ပွင့်ကဲ့သို့ပင်။
ရွှီလီက ပုံများကို ထပ်ခါထပ်ခါကြည့်လိုက်၏။
"ချောင်ချောင်က တကယ်လှတာပဲ။ မိတ်ကပ်နဲ့ဆို ပိုတောင်လှသေးတယ်။"
မစ္စတာကျိကတော့ ချွေးမအကြောင်း မပြောသော်လည်း သူ့အမူအရာကတော့ လက်ခံသည့်အမူအရာပင်။ သို့သော် သူ့သားကိုမြင်တော့ ပြောလိုက်၏။
"ဘာလို့ ဒုတိယသားက အိမ်ထောင်ကျပြီးတာတောင် မျက်နှာကြောတင်းနေတာလဲ။"
"သူ ဘယ်တုန်းက မျက်နှာကြောမတင်းလို့လဲ။"
နှိုင်းယှဉ်မကြည့်လျှင် မသိသာသော်လည်း လင်းချောင်နှင့်ယှဉ်လျှင် သူက အိုင်ဒီဓာတ်ပုံရိုက်နေသလိုပင်။
"ချောင်ချောင်က ဓာတ်ပုံအစားဆုံးပဲ။" ရွှီလီက ချီးကျူးလိုက်ပြန်၏။
ကျိကျွင်းမိသားစုနှင့် ဓာတ်ပုံအကြောင်းတော့ သူမဘာမှမပြောခဲ့။ သူမက ဓာတ်ပုံ အလ်ဘမ်ယူပြီး ဓာတ်ပုံများထည့်လိုက်၏။
"ကျန်တာတွေကို မင်းတို့သိမ်းလိုက်။ ငါတို့မှာ ရှောင်ဇယ်ယူလာတဲ့ ကင်မရာရှိတယ်လေ။ ချောင်ချောင် မင်းက ဓာတ်ပုံထဲမှာလှတော့ နည်းနည်းထပ်ရိုက်ဦးမလား။"
"ဟင့်အင်း မရိုက်တော့ပါဘူး။"
လင်းချောင် ထပ်ပြောလိုက်၏။
"အိမ်က ဘယ်သူမှ ကင်မရာမသုံးတတ်ပါဘူး။"
သူမက ဖုန်းဖြင့် ဓာတ်ပုံရိုက်ဖူးခဲ့သော်လည်း ကင်မရာမသုံးဖူးခဲ့ပေ။
ရွှီလီက ခဏစဉ်းစားလိုက်သည်။
"ကင်မရာက အဖြူအမည်းလေ။ အရောင်ထည့်ရင်တောင် တကယ့်ပုံအစစ်လို သဘာဝကျမှာမဟုတ်ဘူး။"
ပြန်လည်ထူထောင်မတိုင်ခင်က အိမ်သုံးကင်မရာအားလုံး အဖြူအမည်းဖြစ်သည်။ အရောင်ပါသည်က ဒီနှစ်မှထွက်သည်ဖြစ်ပြီး ရရန်ခက်၏။ ရွှီလီက ထပ်မပြောတော့ဘဲ အလ်ဘမ်စာအုပ် အလွတ်ယူလိုက်၏။
"မင်းတို့နှစ်ယောက် အချိန်လွတ်မရှိမှာစိုးလို့ ငါဝယ်ပေးထားတာ။"
သူတို့ အလ်ဘမ်ဖြည့်နေရင်း လင်းချောင်က ရုတ်တရက်တစ်ခုခု သတိရသွား၏။
"ကျွန်မမှာ ကျိသော် ငယ်ငယ်ကပုံရှိတယ်။ နောက်ထပ်ထည့်လိုက်မယ်။"
ကျိသော် ငယ်ငယ်ကပုံလား။
ရွှီလီ၏ အမူအရာက တန့်သွားခဲ့ပြီး တွေ့ရခဲသော အဖေနှင့်အတူ စစ်တုရင်ဆော့ရန်သွားခဲ့သော ကျိသော်လည်း တုန့်ဆိုင်းသွားခဲ့၏။
ရွှီလီ၏ ဆွံအသွားမှုမှာ ခဏတာသာဆိုသော်လည်း လင်းချောင်သတိထားမိလိုက်၏။
သူမ၏ အကြည့်ကိုခံစားမိတော့ ရွှီလီပြုံးလိုက်၏။
"မင်း ဒီလောက်နှစ်တွေအကြာကြီး သိမ်းထားလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။"
"ကျွန်မ အဖွားသိမ်းထားတာလေ။ ကျွန်မ ကျိမိသားစုကိုရှာမတွေ့မှာစိုးလို့တဲ့။"
ရွှီလီက ဘာမှထပ်မပြောတော့ဘဲ ကျိသော်ကလည်း ပုံမှန်အတိုင်း ထွက်သွားခဲ့သည်။ နောက်တော့ ရွှီလီက သားဖြစ်သူကို သွားရှာခဲ့သည်။
"မင်း ပုံကိုပြန်ယူထားသင့်တယ်။ အခု ကိစ္စတွေ ပြောင်းလဲသွားပြီဆိုတော့ ကျိဇယ်ရဲ့ပုံကို လင်းချောင်နဲ့အတူထားတာက မသင့်တော်ဘူး။"
ကျိသော်က "အင်း" ဟုဖြေခဲ့ပြီး ညစာစားပြီးနောက် ညနက်လာသည်နှင့် အိမ်ပြန်လာခဲ့တော့သည်။ ကားထဲဝင်တော့မည့်အချိန်တွင် လင်းချောင်က ဘူးနှစ်ဘူးကိုင်လာသည်။
ဒီအရာများက ရွှီလီထံမှ မဟုတ်သည်ကို ကျိသော်သိလိုက်၏။
"အဒေါ်ကျန်း ပေးလိုက်တာလေ။ ထမင်းစားရင်ထည့်စားလို့ရအောင် အချဉ်တည်ထားတာလို့ပြောတယ်။"
"မင်း သူနဲ့ဆက်ဆံရေးကောင်းတာလား။"
ကျိသော်က ဘူးတစ်ဘူးကူ၍ကိုင်ပေးရင်း ပြောလိုက်ခြင်းဖြစ်၏။
လင်းချောင်က အကြီးများနှင့် အဆင်ပြေသည့် ပုံစံမျိုးမဟုတ်သော်လည်း သူမနှင့်ဆက်ဆံဖူးသူများကတော့ သူမကိုသဘောကျကြသည်။
လင်းချောင်ပြုံးလိုက်၏။
"ထင်တာပဲ။ ကျွန်မ အရင်တစ်ခါပေးခဲ့တဲ့ ပလာစတာတွေ အဆင်ပြေလို့နေမယ်။ အခု ဒူးသိပ်မနာတော့ဘူးထင်တယ်။"
ကျိသော်ကတော့ ထိုထက်ပိုမည်တွေးမိသည်။ ယဲ့မင်ရှူးကလည်း အဒေါ်ကျန်းကို ယဉ်ကျေးစွာဆက်ဆံသလို တစ်ခါတစ်လေ သူမအတွက် ပစ္စည်းများလည်း ယူလာပေးတတ်သော်လည်း ယဉ်ကျေးမှုအရသာဖြစ်၏။ ယဲ့မင်ရှူးက သူမကို ပလာစတာဝယ်ပေးရန် မဆိုထားနှင့် ဒူးနာသည်ကိုပင် ဂရုမစိုက်ပေ။
ကားထဲဝင်လိုက်သည်နှင့် ကားတံခါးပိတ်လိုက်ပြီး လင်းချောင်က ကျိသော်ကို အကြံပေးလိုက်သည်။
"ဗိုလ်မှူးကြီးလျန်ရဲ့မိသားစုကို နည်းနည်းပေးလိုက်သင့်လား။ သူ့ဇနီးက ရှင် မရှိတုန်း ကျွန်မအတွက် စားစရာတွေယူလာပေးတယ်။"
အဒေါ်ကျန်း၏ အချဉ်တည်ထားသော စားစရာများက ကောင်းသော်လည်း လင်းချောင်နှင့်ကျိသော်တို့က အိမ်တွင်အစားအသောက် စားလေ့မရှိသဖြင့် အများကြီးကျန်နေလိမ့်မည်။ ရေခဲသေတ္တာထဲတွင်လည်း အချဉ်ဟင်းအနံ့သာရနေလိမ့်မည်။ ထို့အပြင် လျန်မိသားစုကလည်း လက်ဆောင်ပို့ပေးနေကြဖြစ်သဖြင့် အပြန်အလှန်သဘောဖြစ်သွားမည်ဖြစ်၏။
ကျိသော်လည်း မငြင်းလိုပေ။ သူတို့အိမ်ရောက်တော့ လင်းချောင်က သံဘူးတစ်ဘူးဆေးကြောကာ အချဉ်တည်ထားသော ဟင်းများထည့်ပေးပြီး သူ့ကိုပေးလိုက်၏။
လင်းချောင်က သူများကို အားမကိုးတတ်သူဖြစ်ပြီး လုပ်လို့ရသည့်ကိစ္စတိုင်း သူမဘာသာလုပ်တတ်သူဖြစ်သည်။ ဒီကိစ္စ ဟိုကိစ္စ ကျိသော်ကို မေးမြန်းအကူအညီတောင်းတတ်သူ မဟုတ်သဖြင့် သူက အစပိုင်းတွင် ဘယ်လိုတုန့်ပြန်ရမည်ကိုမသိပေ။
"ကျွန်မတို့ အချဉ်ဟင်းပေးမှာ မဟုတ်ဘူးလား။ ဗိုလ်မှုးကြီးလျန်ရဲ့ဇနီးက ကျွန်မကို သိပ်သဘောမကျတာ ရှင်လည်းသတိထားမိမှာပေါ့။"
သူမက ဘူးကိုမြှောက်၍ပြောလိုက်၏။
တကယ်တော့ သူမက လင်းချောင်ကို ပစ်မှတ်ထားပြီး သူမအကြောင်း သတင်းများ ဖြန့်နေခြင်းမဟုတ်ပေ။ ကျောင်းမှ ဆရာမကျန်းထက်စာလျှင် အများကြီးတော်သေး၏။
အရင်တုန်းက လူအတော်များများက အဝေးရှိဆွေမျိုးများထက် အနီးရှိအိမ်နီးချင်းများကို ပိုတန်ဖိုးထားကြသည်။ နှစ်ပေါင်းလေးဆယ်အကြာမှ လာခဲ့သူဖြစ်သော လင်းချောင်က အိမ်နီးချင်းများနှင့် အဆင်ပြေခြင်းက ကောင်းသည့်ကိစ္စဟု ယုံကြည်သည်။ အတင်းအကြပ်မလုပ်ရလျှင် ပိုကောင်းသည်။ အဆုံးမှာတော့ တံခါးပိတ်လိုက်လျှင် ကိုယ့်မိသားစုနှင့်ကိုယ်သာဖြစ်၏။ လက်ဆောင်ပေးရခြင်း အကြောင်းကတော့ ဗိုလ်မှူးကြီးလျန်မိသားစုက သူတို့အပေါ်အလွန်ကောင်းခဲ့သဖြင့်ပင်။
ဒါက ကျိသော် မခန့်မှန်းထားခဲ့သည့်အရာဖြစ်သည်။ အရွယ်ရောက်သူတို့ လောကတွင် ဟန်ဆောင်မှုများလည်းရှိသည်။ နောက်ကွယ်တွင် ဆဲဆိုနေနိူင်သော်လည်း ရှေ့တွင်တော့ ပြုံးပြနေတတ်သည်။
လင်းချောင်၏ တည့်တိုးဆန်မှူကြောင့် သူရပ်လိုက်၏။
"ကိုယ်သွားလိုက်မယ်။ အခုကစပြီး ကိုယ်ပဲဖြေရှင်းလိုက်မယ်။"
သူက သူမလက်ထဲမှ ဘူးကိုယူလိုက်၏။
ပစ္စည်းလာပို့ချိန်တွင် ဗိုလ်မှူးကြီးလျန်၏ ဇနီးသည်ကလည်း စိတ်ထဲဘာမှရှိပုံမရပေ။
"ကိစ္စကြီးမဟုတ်ပါဘူး။ အိမ်နီးချင်းတိုင်းကို ကောင်းကောင်းဆက်ဆံရမှာပဲလေ။ ငါတို့ခင်ပွန်းတွေက စစ်သည်တွေ တိုင်းပြည်က လိုတဲ့အချိန်တိုင်း ရှေ့တန်းထွက်ရတာ။ ငါတို့လို စစ်တပ်မိသားစုတွေအနေနဲ့ အချင်းချင်းဂရုစိုက်ရမှာပေါ့။"
ကျိသော်က သူမကို ကျေးဇူးတင်စကားပြောလိုက်ပြီး အိမ်ပြန်လာခဲ့၏။ လင်းချောင်က အိမ်လုပ်ဆပ်ပြာကို ပုံစံခွက်ထဲမှ ခွာနေခဲ့လေပြီ။
၂၄ နာရီအကြာမှာတော့ ဆပ်ပြာက ခွာရလွယ်သွားပြီဖြစ်သည်။ လင်းချောင်က သင့်တော်သည့်အရွယ် ပိုင်းဖြတ်ပြီး အနားစွန်းများကို ခပ်ဝိုင်းဝိုင်းပုံစံလုပ်ထားပြီး လက်မရှစေရန်လုပ်ထား၏။ သူမက ကျန်သောသေးသေးလေးများကိုစုကာ အပြည့်အဝဆပ်ပြာကောင်းဖြစ်စေရန် တစ်လလောက် သိမ်းထားလိုက်၏။ ဆပ်ပြာက်ို ချက်ချင်းသုံးလျှင် အာနိသင်ကောင်းမည်မဟုတ်ပေ။
သူမ အလုပ်ရှုနေသည်ကိုမြင်တော့ ကျိသော်က စားပွဲပေါ်မှ ဓာတ်ပုံအလ်ဘမ်ကိုယူလ်ိုက်၏။
"ပုံက ဘယ်မှာလဲ။"
"ကျွန်မ လွယ်အိတ်ထဲမှာ။ အိတ်အဟောင်းထဲမှာ။ ဒိုင်ယာရီစာအုပ်ထဲ စာအိတ်နဲ့ထည့်ထားတယ်။"
ကျိသော်က အပေါ်တက်လိုက်ပြီး လင်းချောင်၏ စစ်လွယ်အိတ်လေးယူလိုက်၏။
အိတ်ထဲတွင် ပလတ်စတစ်အုပ်ထားသော ဒိုင်ယာရီစာအုပ်ရှိနေသည်။ ကျိသော် ယူလိုက်တော့ ပုံဟောင်းများထွက်ကျလာ၏။ ကျိဇယ်၏ ပုံမဟုတ်ဘဲ ဆံပင်စည်းထားသော မိန်းကလေးတစ်ယောက်သာဖြစ်၏။ မျက်လုံးဝိုင်းများဖြင့် အပြစ်ကင်းသည့်မျက်နှာထားရှိသည်။
ဒါက လင်းချောင်ငယ်ငယ်ကပုံဖြစ်သည်။ ငယ်ရွယ်စဉ်က လျ်ိုယွိလန်နှင့် နှစ်ဆယ်ကျော်ဝန်းကျင် စစ်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်ကိုလည်း ပြုံးလျက်တွေ့ရ၏။ ပုံအရဆိုလျှင် လင်းချောင်က အဖေနှင့်တူသူဖြစ်သည်။
အနောက်မှ လင်းချောင်၏ အသံထွက်လာ၏။
"ဒါက ကျွန်မမိဘတွေ လက်ထပ်တုန်းက ရိုက်ထားတာ။ အဖွားက ကျွန်မ မမေ့ရအောင်ဆိုပြီး သိမ်းထားတာ။"
လင်းချောင်က ပုံကို မှတ်စုစာအုပ်ထဲ ပြန်ထည့်မည်အလုပ် ကျိသော်ကလွှတ်မပေးခဲ့။
"ဒါတွေကိုလည်း အလ်ဘမ်ထဲထည့်လိုက်မယ်။"
လင်းချောင်က အံ့သြသွား၏။
"အားလုံးထည့်လိုက်မှာလား။"
ပုံမှန်ဆိုလျှင် ကွယ်လွန်သူများ၏ ပုံများနှင့် ပိုင်ဆိုင်မှုများကို သ်ိမ်းထားကြလေ့မရှိပေ။ ပုံများထဲတွင်ပင် ကွယ်လွန်သူ၏ ပုံကို ဖြဲဆုတ်ပစ်တတ်၏။ အဖွားလင်းက လင်းချောင် အဖေကိုမှတ်မိနေစေရန် သိမ်းထားခဲ့ခြင်းသာဖြစ်သည်။
"အယူသီးစရာမလိုပါဘူး။"
ကျိသော်က အလ်ဘမ်ဖွင့်ပြီး ပုံများနေရာချလိုက်တော့၏။
ဒီလူက လေးနက်ပြီး တသီးတသန့်နေတတ်ပုံပေါ်သော်လည်း ထင်သလောက် စိတ်တင်းကျပ်သူမဟုတ်ပေ။ ဥပမာ သူက လင်းချောင် ဟင်းမချက်သည့်အတွက် ဘယ်သောအခါမှ မညည်းညူခဲ့ပေ။ ဤကိစ္စနှင့်ပတ်သက်လျှင် သူက နှစ်လေးဆယ်အကြာမှ လူများထက်ပင် သာလွန်ခဲ့၏။ အကယ်၍ သူမသာ မူလ လင်းချောင်ဆိုလျှင် သူမတွင် အခြားရွေးချယ်စရာမရှိလျှင် ဒီလူအား အသဲအသန် တွယ်ကပ်နေမိလိမ့်မည်။
လင်းချောင်က ဒိုင်ယာရီထဲမှ အခြားဓာတ်ပုံများကိုထုတ်ကာ သူ့ထံသို့ တစ်ခုပြီးတစ်ခု ပေးလိုက်သည်။
အများကြီးမရှိပါ— အဖွဲ့လိုက်ဓာတ်ပုံအပြင်၊ လင်းချောင် ရက်တစ်ရာပြည့် ဓာတ်ပုံ၊ ကလေးဘဝဓာတ်ပုံနှင့် အထက်တန်းကျောင်းဆင်းပွဲ ဓာတ်ပုံသုံးပုံသာ ရှိသေးသည်။
ယဲ့မင်ရှူးက မွေးနေ့တိုင်း ဓာတ်ပုံတစ်ပုံ နှစ်ပုံလောက် အမြဲရိုက်ပေးခဲ့သည့် ကျိဇယ်နှင့် ကျိလင်တို့လို မဟုတ်ဘဲ သူမ၏ အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် ဒီလောက်လေးသာ အမှတ်အသားကျန်ခဲ့ပုံရ၏။ နောက်ပိုင်းတွင် ကင်မရာတစ်လုံးရှိလာသဖြင့် တစ်ယောက်လျှင်အယ်လ်ဘမ်တစ်ခုစီရှိကာ ကျိလင်ဆိုလျှင် ငြီးငွေ့လာပြီဖြစ်သည်။
ကျိသော်က စကားမပြောဘဲ ဓာတ်ပုံများကိုသာ ကြည့်နေလိုက်သည်။ ဤအခိုက်တွင် လင်းချောင်က စာအိတ်ထဲမှ နောက်ထပ်ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်လိုက်ပြီးပြောလိုက်၏။
“ဒါက ရှင် ကလေးဘဝက ပုံထင်တယ်။"
သူက ချက်ချင်းလှမ်းယူသွားပြီး သူ့အကြည့်များလည်း အေးခဲသွား၏။ ကျိဇယ် ခုနစ်နှစ် ရှစ်နှစ်သားအရွယ်ကဖြစ်သဖြင့် ဒီဓာတ်ပုံကိုသူ မှတ်မိသည်။ ထိုအချိန်က ကျိဇယ်က သူနှင့်ကစားရန်သာ စိတ်လောနေပြီး ယဲ့မင်ရှူးက သူ မကြိုက်သည့် ရှပ်အင်္ကျီကို အတင်းဝတ်ပေးကာ ဓာတ်ပုံရိုက်ခိုင်းခဲ့သဖြင့် ကောင်လေးက တစ်ချိန်လုံးမျက်မှောင်ကြုတ်နေခဲ့သည်။ ဤဓာတ်ပုံက လင်းချောင်၏ လက်ထဲတွင် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားသလို သူမက ကျိဇယ်ကို သူဟု ထင်နေသေးသည်။
လင်းချောင်က ထိုလူ၏အမူအရာကို သတိမထားမိဘဲ ဒိုင်ယာရီကို ဖယ်လိုက်ပြီဖြစ်သည်။ သူမက ပေါ့ပေါ့ပါးပါး မေးလိုက်၏။
“ဒီပုံထဲမှာ ရှင် အသက်ဘယ်လောက်ရှိပြီလဲ။”
“မမှတ်မိဘူး။"
ကျိသော်က လင်းချောင်၏ ရှေ့တွင် ဓာတ်ပုံကို အယ်လ်ဘမ်ထဲသို့ တိတ်တဆိတ် ထည့်ထားခဲ့ပြီး သူမ သတိမထားမိချိန်မှ ဖယ်ပစ်ရန်တွေးထား၏။