← Chapters

သန္ဓေ အမြုတေ သစ်သီး

Vol. 4 Ch. 392

သန္ဓေ အမြုတေ သစ်သီး

Vol. 4 Ch. 392

"သခင်ကြီးရန် ... ချန်းပေ့ရွှမ်းမှာ ကောင်းကင်စာအုပ် နံပါတ်တစ် ဆိုတာထက် ပိုကြီးမားတဲ့ ဂုဏ်ပုဒ် ရှိသေးတယ်လား ..."

တင်းဖူဟိုင်က ထပ်၍ မေးလိုက်သည်။ သူ၏ စိတ်ထဲတွင်မူ မယုံကြည်နိုင်ခြင်းများက ကြီးစိုးလျက် ရှိသည်။ ကောင်းကင်စာအုပ် နံပါတ်တစ် ဆိုသော ဂုဏ်ပုဒ်က အလွန် ကြီးကျယ် ခမ်းနားလွန်းသည်ဟု သူထင်မှတ်ထားခဲ့၏။ သို့သော်လည်း ရန်ချင်ဟူ၏ စကားအရ ဆိုလျှင် ထိုဂုဏ်ပုဒ်က ချန်းပေ့ရွှမ်းအတွက် အရေးပါပုံ မရချေ။

"ဟမ့် ... ကောင်းကင်စာအုပ် သတ်မှတ်ချက်မှာ ပါတဲ့ အထွတ်အထိပ်တွေ အားလုံး ပူးပေါင်းပြီး တိုက်ခိုက်မယ် ဆိုရင်တောင် ဆရာကြီးချန်းကို မနိုင်ဘူး"

ရန်ချင်ဟူက အေးစက်စွာ ပြောရင်း အခန်း အတွင်းရှိ လူများအား အကဲခတ်လိုက်သည်။ ထို့နောက် တင်းဖူဟိုင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဖက်တီးတင်း ... အခု နာမည်အကြီးဆုံး သတင်းက ဘာလဲ သိလား ..."

"အာ ... အဘိုးကြီးချီနောက် လိုက်နေတာနဲ့ ဘာသတင်းကိုမှ နားမစွင့်ဖြစ်ဘူး"

တင်းဖူဟိုင်က ခေါင်းကုပ်ရင်း ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

"သခင်ကြီး ပြောခင်တာ တိုကျိုမျှော်စင်မှာ ဖြစ်ခဲ့တဲ့ကိစ္စမလား ..."

ချီတုန်ရှန်းက မျက်မှောင်ကြုတ်ရင်း ဝင်မေးလိုက်သည်။

"အာ ... ဟုတ်တယ် ... ကျွန်တော်မှတ်မိပြီ။ မျှော်စင် ကျိုးသွားတဲ့ သတင်းမလား။ ကောလာဟလတွေတော့ အများကြီးပါပဲ။ အကြမ်းဖက်သမား တွေကြောင့် ... မျှော်စင်မှာသုံးတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေညံ့လို့ ... စုံနေတာပါပဲ ..."

ဖက်တီးတင်းက နဖူးအား ရိုက်ရင်း ဝင်ပြောလိုက်သည်။ ထိုသတင်းကား သတင်းစာ များစွာ၏ ထိပ်စီးသတင်းဖြစ်ရာ မသိသူ မရှိကြချေ။

"ဟမ့် ... မင်းဖင်ကြီးကိုပဲ အကြမ်းဖက်လိုက် ... ငါက မျက်လုံးနဲ့ မြင်ခဲ့ရတာ ... တိုကျိုမျှော်စင်ပေါ်မှာ ဆရာချန်းနဲ့ ဂျပန် ဓားသူတော်စင် တာကီမီယာဟီရိုတို့ ယှဉ်ပြိုင်ကြတာ ... သူတို့ တိုက်ပွဲအရှိန်ကြောင့် တိုကျို မျှော်စင်ကြီး ပြိုကျသွားတာ ..."

ချီတုန်ရှန်းက နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။

"ဘယ်လို ..."

သူ၏ စကားက လူများစွာအား အလွန်အမင်း အံ့အားသင့် သွားစေခဲ့သည်။

ကင်ဂျန်ယုက သူမ၏ ဟနေသောပါးစပ်ကို လက်ဖြင့်ပင် ပိတ်ထားမိသည်။ ယုမောင်နှမ နှစ်ယောက်မှာလည်း တစ်ယောက်ကိုယ် တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်မိကြသည်။ အခန်းအတွင်းရှိ သူဌေးကြီး များစွာကား တစ်ခွန်းမျှ မပြောနိုင်အောင် ဆွံ့အနေကြတော့သည်။

"ဒါ ... ဒါက မဖြစ်နိုင်တာ ..."

တင်းဖူဟိုင်ကား ထိုသတင်းကို ယုံကြည်နိုင်ဟန် မရချေ။ သူက ရန်ချင်ဟူဘက်သို့ လှည့်ကာ မေးလိုက်သည်။

"သခင်ကြီးရန် ... သူပြောတာ အမှန်ပဲလား ..."

"ဟုတ်တယ် ..."

ရန်ချင်ဟူက အတည်ပြုလိုက်သည်။

"ဆရာကြီးချန်းနဲ့ တာကီမီယာ ဟီရိုတို့ရဲ့ တိုက်ပွဲက နှစ်ငါးဆယ် အတွင်းမှာ အပြင်းထန်ဆုံးပဲ။ တာကီမီယာဟီရို ဆိုတာက ပေါ့သေးသေး မဟုတ်ဘူး။ ဂျပန် ဧကရာဇ်ကတောင် ဓားသူတော်စင်ဘွဲ့ ပေးခဲ့တဲ့ အထိ အစွမ်းထက်တယ်။ ဒါပေမဲ့ တိုက်ပွဲမှာတော့ တာကီမီယာ သေခဲ့တဲ့ အပြင် ဂျပန်နိုင်ငံရဲ့ သင်္ကေတဖြစ်တဲ့ တိုကျိုမျှော်စင်ပါ ပြိုကျသွားခဲ့ရတယ်"

ရန်ချင်ဟူ၏ စကားအား လူများစွာက စိတ်ဝင်တစား နားထောင်ရင်း ခေါင်းညိတ်လိုက်ကြသည်။

"ချန်းပေ့ရွှမ်းကို ဂန္ထဝင် ပုဂ္ဂိုလ်ကြီးလို့ ရည်ညွှန်းတာ မထူးဆန်းဘူးပဲ။ သူက ဂျပန်သိုင်းလောကကိုတောင် ဒူးထောက် စေခဲ့တာပဲ ..."

တင်းဖူဟိုင်မှာမူ ချွေးပြန်နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန် အမည်ရှိသော ကောင်လေးကား ထိုမျှအထိ ကျော်ကြားသော ပုဂ္ဂိုလ်ကြီး ဖြစ်နေလိမ့်မည်ဟု သူမျှော်လင့် မထားခဲ့ချေ။

"ဆရာကြီးချန်းရဲ့ အစွမ်းက အဲဒါထက်ကို ပိုတယ်။ သူက တန်ခိုးရှင်အဆင့် ကိုတောင် ရောက်နေလောက်ပြီ။ သူဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းတို့နားလည်မှာ မဟုတ်ဘူး ..."

ရန်ချင်ဟူက ခေါင်းခါရင်း ဆက်ပြောလိုက်သည်။

"ဆရာကြီးချန်းက ဂျပန်က မပြန်ခင်မှာ မစ်ဆုမိသားစု ခေါင်းဆောင် မစ်ဆုကာဇူကို သတ်ခဲ့သေးတယ်။ ဖက်တီးတင်း ... မင်းရဲ့ လွှမ်းမိုးမှုက မစ်ဆုကာဇူထက် သာမယ် ထင်နေတာလား ..."

သူ၏ စကားက တင်းဖူဟိုင် အပါအဝင် လူတိုင်းအား ဆွံ့အသွားစေပြန်သည်။

"မစ်ဆုကာဇူ ..."

သူကား ဂျပန်နိုင်ငံ၏ ဂန္ထဝင်ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူ၏ နာမည်က တရုတ်တွင်ပင် ကျော်ကြားသည်။ သူကား အရှေ့အာရှရှိ စီးပွားရေးသမားတိုင်း၏ စံပြပုဂ္ဂိုလ် ဆိုလျှင်လည်း မမှားချေ။

သို့သော်လည်း ထိုမျှကျော်ကြားသော ပုဂ္ဂိုလ်ကြီးအား ချန်းပေ့ရွှမ်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု ဆိုသည်။

တင်းဖူဟိုင်မှာ နဖူးပေါ်မှ စီးကျလာသော ချွေးများအား သုတ်လိုက်မိသည်။ သူ၏ ကြွယ်ဝမှုများက မစ်ဆုလုပ်ငန်းစုနှင့် ယှဉ်ပါက အသေးအဖွဲလေးသာ ဖြစ်သည်။ မစ်ဆု လုပ်ငန်းစုမှာ သူပိုင်သော ဖူဟိုင်လုပ်ငန်းစုထက် အဆတစ်ထောင်ခန့် မဟုတ်လျှင်ပင် အဆတစ်ရာခန့် ပိုမိုသည်။

"သခင်ကြီးရန် ... တကယ် ... တကယ်ပဲ ကျေးဇူးတင်ပါတယ် ... သခင်ကြီးကြောင့်သာ မဟုတ်ရင် ကျုပ်သေသွားလောက်ပြီ"

တင်းဖူဟိုင်က တံတွေးမျိုချရင်း ရန်ချင်ဟူအား ပြောလိုက်သည်။

"ရပါတယ် ..."

ရန်ချင်ဟူက နှာခေါင်းရှုံ့ရင်း လက်နှစ်ဖက် နောက်ပစ်လိုက်သည်။ သူက ချီတုန်ရှန်းအား တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ ချန်းဖန်ကြောင့်သာလျှင် ချီတုန်ရှန်းအား သူ သက်ညှာပေးခဲ့ခြင်း ဖြစ်သည်။

အခြားလူများစွာကမူ ချီတုန်ရှန်းအား ချဉ်းကပ်ကာ မိတ်ဆွေဖွဲ့နေကြသည်။ ချန်းဖန် ကဲ့သို့သော ပုဂ္ဂိုလ်ကြီးနှင့် ရင်းနှီးလိုပါက ချီတုန်ရှန်းက သူတို့အတွက် လမ်းစဖြစ်သည် မဟုတ်ပါလား။

***

အခန်းသို့ ပြန်ရောက်သည်နှင့် ချန်းဖန်က ခုတင်ပေါ်သို့ တန်းလှဲလိုက်သည်။

သူ၏စိတ်တွင်မူ စောစောက ဖြစ်ပျက်ခဲ့သည့် အကြောင်းများအစား ကျင့်ကြံခြင်းကိုသာ အာရုံရောက်နေခဲ့သည်။ သူ၏ ဂျပန်ခရီးစဉ်က အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သည်။ နတ်ဆိုးပုလွေအတွက် နတ်ဆိုးသခင် ဝိညာဉ်ငါးခုကို စုပ်ယူနိုင်ခဲ့သည့် အပြင် ဂျပန် စစ်တပ်နှင့်လည်း တိုက်ခိုက်ကာ ကိုယ်ပိုင်အင်အားကို စမ်းသပ်နိုင်ခဲ့သည်။ သို့သော် သူကိုယ်တိုင်လည်း မသက်သာခဲ့ချေ။

သူ၏ ချီစွမ်းအားများနှင့် ခန္ဓာကိုယ်က အချိန်တစ်ခုကြာလျှင် ပြန်ကောင်းလာမည် ဖြစ်သော်လည်း  သူ အသုံးပြုခဲ့သည့် လျှို့ဝှက်စွမ်းအားများ ပြန်လည် ရရှိရန်မူ အနည်းဆုံး လချီသည် အထိ လေ့ကျင့်ရ ပေလိမ့်မည်။ ထိုစွမ်းအားကို ပြန်လည် မရရှိတော့ခြင်းပင် ဖြစ်နိုင်သည်။

"ငါ တံခါးပိတ်ကျင့်ကြံမှပဲ ဖြစ်တော့မယ်"

ချန်းဖန်က တွေးနေစဉ်မှာပင် တံခါးခေါက်သံက ပေါ်ထွက်လာသည်။ ယူကီရှီရိုဆာက တံခါအား သွားရောက် ဖွင့်ပေးလိုက်ရာ ရန်ချင်ဟူအား တွေ့လိုက်ရသည်။

ရန်ချင်ဟူက အခန်းအပြင်တွင်ပင် ရပ်ရင်း ချန်းဖန်အား ရိုသေစွာ လှမ်း၍ ပြောလိုက်သည်။

"ဆရာကြီးချန်း ... ဒီလို အချိန်ကြီးမှာ အနှောက်အယှက် ပေးမိတဲ့ အတွက် တောင်းပန်ပါတယ်"

"မင်း ဘာလိုချင်လို့လဲ ..."

ချန်းဖန်က ပျင်းရိစွာ မေးလိုက်သည်။

"ချီမိသားစု ကိစ္စကို မင်းလက်မလျှော့ ချင်သေးဘူး ဆိုရင်တော့ ငါစိတ်ရှည်နေမှာ မဟုတ်ဘူး ..."

"မဟုတ်ပါဘူး ဆရာကြီးချန်း ... ကျွန်တော်မလုပ်ရဲပါဘူး"

ရန်ချင်ဟူက ကပျာကယာ ပြောလိုက်သည်။

"ဆရာကြီးချန်း အနေနဲ့ အသက်ဓာတ် ကောင်းကင်ရေကို စိတ်ဝင်စားမလား မေးချင်လို့ပါ ..."

"အသက်ဓာတ် ကောင်းကင်ရေ ..."

ချန်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုနာမည်အား သစ်ပင်မိစ္ဆာ ဂျက်ဆန်က သူ့အား ပြောခဲ့ဖူးသေးသည်။ သူက ယွင်ဝူရေအား အသက်ဓာတ် ကောင်းကင်ရေဟု ဆိုခဲ့ကာ အရှင်သခင်များ၏ စွမ်းအားများ နိုးထလာအောင် လုပ်ဆောင်ပေးနိုင်သည်ဟု ပြောခဲ့သည်။

ယွင်ဝူရေမှာ ချန်းဖန်တွင် သုံးမကုန်အောင် ပေါများလွန်းသည်။ ထို့ကြောင့် ထိုကမ်းလှမ်းမှုအား ချန်းဖန် စိတ်မဝင်စားချေ။

"အသက်ဓာတ် ကောင်းကင်ရေ ဆိုတာက အရှင်သခင်တွေရဲ့ စွမ်းအားတွေ နိုးထလာအောင် ကူညီပေးနိုင်တဲ့ ရေပါ။ သိုင်းသမားတွေ အတွက်လည်း အဲဒီရေက တော်တော်လေး အသုံးဝင်ပါတယ်။ အဲဒီရေက နှစ်ထောင်ချီ ဂျင်ဆင်းလိုပဲ အစွမ်းထက်ပါတယ်"

"အင်း ..."

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ထိုရေမှာ သိုင်းသမားများ၊ အရှင်သခင်များ အတွက် အဖိုးမဖြတ်နိုင် လောက်သည့် အရာဖြစ်သည်။ သာမန် သိုင်းသမားတစ်ယောက် ပင်လျှင် အစိမ်းရောင် နဂါးအစီအရင်အတွင်း နှစ်အနည်းငယ်ခန့် နေထိုင်ပါက အထွတ်အထိပ် အဆင့်ကို လွယ်ကူစွာ ရောက်နိုင်သည်။

သို့သော်လည်း ချန်းဖန် အတွက်မူ ထိုရေက သိပ်၍ အသုံးမဝင်တော့ချေ။

"ဒီမှာပါ ... ဆရာကြီး ... ဒီပုံက ကျွန်တော်တို့ ဆားဘီးယားမှာ တွေ့ထားတဲ့ပုံပါ ... အပူချိန်က အနုတ်သုံးဆယ် ရှိနေတာတောင် ဒီစမ်းက ရေအဖြစ် ရှိနေတုန်းပါပဲ။ ဒီစမ်းထဲက ရေတွေက အသက်ဓာတ် ကောင်းကင်ရေတွေ ဆိုတာ သေချာပါတယ် ..."

ရန်ချင်ဟူက ဓာတ်ပုံများအား ထုတ်ရင်း ချန်းဖန်ကို ပြလိုက်သည်။

"ဒီကိစ္စကြောင့်ပဲ တင်းဖူဟိုင်ကို ကူညီဖို့ သဘောတူခဲ့တာပါ ..."

ဓာတ်ပုံကား အလွန်ကြီးမားသော ရေခဲမြစ်ပြီး တစ်ခု၏ ဆောင်းရာသီ မြင်ကွင်းကို ရိုက်ထားခြင်း ဖြစ်သည်။ ထိုဓာတ်ပုံ၏ အလည်ဗဟိုတွင်မူ ရေခဲနေခြင်း မရှိသည့် ရေအိုင်ငယ် တစ်ခုရှိသည်။

ချန်းဖန်က ဓာတ်ပုံများအား တစ်ခုပြီး တစ်ခုကြည့်ရင်း စမ်းအိုင်လေး ဘေးတွင် ပေါက်နေသည့် သစ်ပင်ငယ်လေးအား သတိပြုမိလိုက်သည်။ ထိုသစ်ပင်လေးတွင်မူ အနီရောင် သစ်သီးတစ်လုံး ရှိနေခဲ့သည်။ ရုတ်တရက် နာမည်တစ်ခုက ချန်းဖန်၏ မှတ်ဉာဏ်ထဲတွင် ပြန်လည် ပေါ်လာခဲ့သည်။

"သန္ဓေ အမြုတေ သစ်သီး ..."

***

All Chapters