Chapter 34
Vol. 3 Ch. 34
ယဲ့မင်ရှူးက တစ်ခုခုပြောရန် နှုတ်ခမ်းလှုပ်လိုက်သော်လည်း ကျိကျွင်း၏ အရင်ဒေါသကို သတိရသွားကာ သူမ၏ စကားများကို မြိုသိပ်လိုက်၏။
"ကျွန်မ ရှောင်ဇယ်အတွက် စိတ်ပူနေတာပါ။ သူ အိမ်ကို လနဲ့ချီပြီး ပြန်မလာဘူး။ သူ့အစီအစဉ်တွေကို မေးတော့လည်း ဝေ့လည်ကြောင်ပတ်ပဲ ပြောတယ်။ သူ့အလုပ်မှာ အခက်အခဲတွေ ရှိနေလား ဘယ်သူသိမလဲ။"
သူတို့သားအကြောင်းပြောတော့ ကျိကျွင်းတွင် ဘာမှပြောစရာမရှိတော့ပေ။ သူက သူ့သားကို သိပ်မကူညီနိုင်ခဲ့။ သို့သော်လည်း သူက သူ့ဇနီး၏အကြံကို မသင့်တော်ဘူးဟု ခံစားနေရသေးသည်။
"မင်း အဖေ့ကို မပြောတာ အကောင်းဆုံးပဲ။ အရင်တုန်းက ကျိသော်လည်း ဘယ်သူ့ကိုမှ အားမကိုးခဲ့ဘူး။"
"ကျိသော်က ဘယ်သူ့ကိုမှ အားမကိုးခဲ့ဘူးဆိုပေမဲ့ အဲဒီအချိန်တုန်းက ရှင်က အလုပ်ပြောင်းပြီးပြီလေ။ အဖေ့ရဲ့ အသိတွေနဲ့ အဆက်အသွယ်တွေက သူ့ဆီကို မရောက်ခဲ့ဘူး။ ပြီးတော့ အခုခေတ်က အရင်ခေတ်နဲ့ မတူတော့ဘူး။ ရှောင်ဇယ်က ရာထူးတိုးချင်တယ်ဆိုရင် သူ့တုန်းကထက် ပိုခက်ခဲတယ်။ ကျွန်မတို့က ကျွန်မတို့သားအတွက် ဘာမှမလုပ်ဘဲ ထိုင်နေလို့မဖြစ်ဘူး။"
နောက်ကျနေပြီဆိုသည်ကို သိတော့ ယဲ့မင်ရှူးက ရေနွေးဇလုံတစ်ခုယူပြီး ကျိကျွင်းဆီ ကိုယ်တိုင် သယ်လာပေးခဲ့သည်။ "တစ်နေ့လုံး အလုပ်ရှုပ်နေတာ ပင်ပန်းနေမှာပဲ။ ခြေထောက်ကို စိမ်လိုက်ပါဦး။"
သူမက သူ့ရှေ့တွင် ခုံသေးသေးလေးတစ်ခု ချလိုက်သည်ကို မြင်တော့ ကျိကျွင်းက ချက်ချင်းပဲသတိထားမိသွားသည်။
"ငါ့ဘာသာငါ လုပ်လိုက်မယ်။"
"ရှင် ခြေထောက်ကို လှမ်းကိုင်နိုင်လို့လား။"
ယဲ့မင်ရှူးက သူ့ကို မျက်စောင်းထိုးပြီး ခြေထောက်ကို ဆေးကြောပေးပြီးနောက် အပ်စိုက်သည့်နေရာများကို နှိပ်နယ်ပေးလိုက်သည်။
"ဘယ်သူမှ မသိပေမဲ့ ရှင် ဒီရာထူးကို ရဖို့ ဘယ်လောက်ထိခက်ခဲခဲ့လဲဆိုတာ ကျွန်မသိပါတယ်။ ရှင်က အလုပ်မှာပဲ အချိန်ကုန်နေတာ၊ အမြဲတမ်း အလုပ်ကိစ္စနဲ့ သွားလာနေရတာ။ ရှင့်ရဲ့ ဖောရောင်နေတဲ့ ခြေထောက်တွေကို ကြည့်ပါဦး။"
သင့်တင့်သည့် ဖိအားများနှင့် နူးညံ့သည့် စကားလုံးများကြောင့် ကျိကျွင်းဖြည်းဖြည်းချင်း စိတ်အေးလက်အေးဖြစ်လာခဲ့သည်။
သူက သက်ပြင်းအရှည်ကြီး ချလိုက်တော့မည့်ဆဲဆဲတွင် ယဲ့မင်ရှူးက ညင်သာစွာပြောလိုက်သည်။
"အဖေက စိတ်ဆိုးနေတုန်းဆိုရင် ကျိသော်ကို အကူအညီတောင်းလို့ရမလား? သူက တပ်ရင်းမှူးအဆင့်ရှိတဲ့ အရာရှိတစ်ယောက်လေ..."
သူမစကားမဆုံးခင်မှာပင် ကျိကျွင်းက ခြေထောက်ကို ပြန်ဆွဲလိုက်သည်။
"ဘာလုပ်နေတာလဲ? ကျွန်မ မပြီးသေးဘူး။"
ကျိကျွင်း၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့ပြီးပြောလိုက်၏။
"မင်းက တစ်သက်လုံးအတွက် ကျိသော်ကို ဝန်ထုပ်ဝန်ပိုးပေးခဲ့ပြီးပြီ၊ အခုတော့ ရှောင်ဇယ်အတွက် သူ့အကူအညီကို တောင်းချင်သေးတာလား? မင်းမှာ မျက်နှာရောရှိသေးရဲ့လား?"
"ဘယ်လိုလုပ် ဝန်ထုပ်ဝန်ပိုးဖြစ်ရမှာလဲ? ကျိသော်က အဆင်ပြေနေတာပဲ မဟုတ်လား? ပြီးတော့ လင်းမိန်းကလေးက နောက်ခံဇာတိနိမ့်ပေမယ့် ဆွဲဆောင်မှုရှိပြီး အထက်တန်းကိုတောင် စာသင်နိုင်သေးတာပဲ။ ဖြစ်နိုင်တာက ကျိသော်က သူ့လိုမျိုးကို ကြိုက်တာနေမှာပေါ့။ မဟုတ်ရင် အရင်က သူ့ကိုဆက်သွယ်ပေးတဲ့ မိန်းကလေးတွေကို ဘာလို့မကြည့်ဘဲ သူမကိုတွေ့ပြီးတာနဲ့ ချက်ချင်းလက်ထပ်လိုက်မှာလဲ? အခုလည်း လက်ထပ်ပြီးတာနဲ့ ကလေးတောင် ရတော့မှာတဲ့လေ။"
ထိုအချိန်တွင် သူမက လင်းချောင်သည် အထက်တန်းကျောင်းတွင် စာသင်ကြားနေကြောင်း သတိရသွားသော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။ ကျိကျွင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ၊ နားထောင်နေပုံရသောကြောင့် သူမက သူ့၏ကျန်ခြေထောက်တစ်ဖက်ကို ဆွဲယူလိုက်ပြီးပြောလ်ိုက်သည်။
"ဘာလို့ အဲဒီမိန်းကလေးကို သူ့အတွက် စကားပြောခိုင်းမကြည့်တာလဲ? အဖေနဲ့ ကျိသော် နှစ်ယောက်စလုံး သူ့ကို သဘောကျတာ ကျွန်မမြင်တယ်။ ပြီးတော့ သူက အရင်စေ့စပ်ထားသူက ဘယ်သူလဲဆိုတာတောင် မသိဘူးလေ..."
"မင်းကတော့ အိပ်မက်ပဲ မက်နေလိုက်!" ကျိကျွင်းက ရုတ်တရက် ခြေထောက်ကို မြှောက်လိုက်ပြီး သူမလက်ထဲမှ ရုန်းထွက်သွားခဲ့သည်။
ယဲ့မင်ရှူးသည် ကောင်းကောင်းမထိုင်ထားနိုင်သောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ လက်လည်း နီရဲသွားခဲ့သည်။ သူမက အံ့အားသင့်စွာ သူ့ကိုကြည့်လိုက်၏။
သူမ၏ နာကျင်နေသော မျက်နှာကို မြင်သောအခါ ကျိကျွင်း၏ မျက်နှာမှာ တောင့်တင်းသွားပြီးနောက် သူမ၏ စောစောက စကားများကို ပြန်သတိရသွားသည်။
'သူမက ကျိသော်နဲ့ လင်းချောင်အကြောင်းကို တကယ်ပြောရဲသေးတယ်။'
'သူမက ကျိသော်နဲ့ လင်းချောင်အကြောင်းကို တကယ်ပြောနိုင်သေးတာပေါ့။'
သူတို့ပြန်အဆင်ပြေပြီးတဲနောက်တွင် သူက အဘိုးကြီးကို သူမအမှားကိုသိပြီး နောက်ထပ်မလုပ်ရဲတော့ဘူးဟု အာမခံချိန်၌ အဘိုးကြီးက သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
သူမက သင်ခန်းစာ လုံးဝမရခဲ့ဘူးဆိုသည်မှာ ထင်ရှားသည်- သူမ၏ အရင်က တောင်းပန်မှုများသည်လည်း သူ့ကို ချော့ရန်သက်သက်သာ....
ကျိကျွင်း၏ မျက်နှာသည် ဒေါသကြောင့်လား၊ အရှက်တရားကြောင့်လား မသေချာဘဲ ပူထူလာသည်။ ခြေအိတ်ပင်မဝတ်ဘဲ ဖိနပ်ကို ထိုးစီးကာ အခန်းထဲမှ ထွက်သွားတော့သည်။
ယဲ့မင်ရှူး သတိရသွားပြီး ထလိုက်ချိန်တွင် တံခါးမှာ ပိတ်သွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးဖြစ်နေသည့် မိသားစုပြဿနာကို မသိသော လင်ချောင်သည် ကျိသော် ပြန်လာသောအခါ သန်းဝေကာ အိပ်ရာပေါ်တွင် နေရာဖယ်ပေးလိုက်၏။ သူမ ဓမ္မတာလာတော့မည်ဟု ခံစားနေရပြီး ခါးနာနေကာ အလွန် ပင်ပန်းနေသည်။ စောစောက ကျိသော် အပြင်သွားနေစဉ် သူမက တစ်ရှူးစက္ကူအချို့ကိုပင် ကြိုတင်ခင်းထားခဲ့သည်။
ကျိသော်က အင်္ကျီချွတ်ကာ အတွင်းဝတ်အင်္ကျီသာ ဝတ်လျက် သူမဖယ်ပေးသော နေရာတွင် ဝင်အိပ်လိုက်သည်။ လင်းချောင်က မီးပိတ်ရန် ပြင်နေစဉ် "မင်းဘာကြိုက်လဲ?" ဟု သူပြောသည်ကို ကြားလိုက်ရ၏။
သူမ အံ့အားသင့်သွားသော်လည်း မီးကိုပိတ်လိုက်ပြီးပြောလိုက်၏။
"ဘာကိုဆိုလိုတာလဲ၊ ဘာကြိုက်လဲ ဆိုတာက။"
"မင်း ဘာလိုချင်တာရှိလဲ?" ရွှီလီ၏ စကားများက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း ကျိသော်က အနည်းငယ်တော့ နားထောင်ခဲ့သည်။
ထိုစကားကို ကြားသောအခါ လင်ချောင်က သူမလိုချင်သော အရာများစွာရှိသည်ဟု တွေးလိုက်သည်။ ပထမဦးဆုံးအနေဖြင့် သူမသည် လစဉ်သုံးပစ္စည်း လိုချင်သည်။ ထိုခေတ်၏ အိမ်သာသုံးစက္ကူသည် မနူးညံ့လွန်းသောကြောင့် သူမက ထိုအရာကို မသုံးရဲပေ။ ထို့နောက် မိုဘိုင်းလ်ဖုန်းများနှင့် အင်တာနက်လည်းလိုချင်သည်။ ထိုအရာနှစ်ခုလုံး ထိုခေတ်တွင် မရှိသည့်အတွက် သူမက စောစောအိပ်ရာဝင်ပြီး စောစောထသည့် အလေ့အကျင့်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော် အလွန်အကျွံပြောမိလျှင် မျက်ရည်များသာ ကျလာလိမ့်မည်။
အမှောင်ထဲတွင် လင်းချောင်က တည်ငြိမ်စွာပြောလိုက်သည်။
"ကျွန်မက ခေတ်ရဲ့ တိုးတက်မှု၊ နည်းပညာ တိုးတက်မှု၊ ပြီးတော့ ကျွန်မတို့နိုင်ငံ တိုးတက်ပြီးအေးချမ်းမှုကို လိုချင်တယ်။"
ဤတောင်းဆိုချက်သည် အနည်းငယ် ကြီးကျယ်လွန်းသောကြောင့် ကျိသော်က ခဏတာ တိတ်ဆိတ်သွားပြီးပြောလိုက်၏။
"နောက်တစ်ခု ရွေးလိုက်။"
"ဒါဆို အိပ်ကြရအောင်။"
အိပ်မက်ထဲတွင် အရာအားလုံး ဖြစ်နိုင်သည်။ လင်ချောင်သည် အမှန်တကယ် ပင်ပန်းနေသောကြောင့် အိပ်ရာမဝင်ခင် စာပင်မဖတ်နိုင်တော့ပေ။
နောက်တစ်နေ့တွင် သူမသည် အတွင်းအားများ ပိတ်ဆို့ခံထားရသော သိုင်းဝတ္ထုထဲမှ ဇာတ်ကောင်တစ်ဦးကဲ့သို့ ခံစားနေရသည်။ နေမကောင်းသဖြင့် အခန်းထဲတွင် စာမဖတ်ဘဲ ထိုအစား အဒေါ်ကျန်းနှင့် စကားပြောကာ ရွှီလီ ပန်းပင်များ ရေလောင်းရာတွင် ကူညီခြင်း၊ ကျိလင်အတွက် အဘိုးကျိလုပ်ပေးထားသော ပုခက်ပေါ်ထိုင်ကာ အဘိုးကျိနှင့် ကျိသော်တို့ သစ်ပင်ရိပ်အောက်တွင်စစ်တုရင် ကစားနေသည်ကိုသာ ကြည့်နေခဲ့သည်။ အဘိုးကျိသည် တည်ငြိမ်အေးဆေးနေရာမှ တဖြည်းဖြည်း အပြုံးပျောက်ကာ နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်ကို သူမမြင်လိုက်ရ၏။
ကျိသော်က တစ်လျှောက်လုံး တည်ငြိမ်စွာနေခဲ့ပြီး အဘိုးကျိက စကားလုံးများ ရှာမတွေ့တော့သည့်အခါမှသာ သူ၏အကွက်ကို ပစ်ချလိုက်ပြီးမေးလိုက်၏။ "ဆက်ကစားချင်သေးလား?"
ရွှီလီက မနေနိုင်ဘဲ ဝင်ပြောလိုက်၏။ "အဖေကို နည်းနည်းလောက် အလျှော့ပေးသင့်တယ်"
"စစ်မြေပြင်မှာ အဖေနဲ့သားဆိုတာ မရှိဘူး။"
ကျိသော်က မျက်တောင်ပင် မခတ်ဘဲ ပြန်ဖြေလိုက်သည်။
အဘိုးကျိ မျက်စောင်းထိုးကာပြောလိုက်၏။
"ငါ့ကို သူအလျှော့ပေးဖို့ လိုလို့လား? ဆက်ကစားမယ်။"
ထ်ိုသို့ပြောပြီးနောက် ပိုကြာကြာ တိတ်ဆိတ်သွားခဲ့သည်။
လင်းချောင် နားမလည်သော်လည်း အလွန်အထင်ကြီးသွားသည်။ အဖေနှင့်သား၏ အခန်းကဏ္ဍများ ပြောင်းပြန်ဖြစ်သွားပါက ကျိသော်၏ တည်ကြည်သော အမူအရာဖြင့် သင့်တော်သည့် ဖခင်တစ်ဦးဖြစ်လာမည်ဟု သူမ ထင်မိသည်။ မသင့်လျော်ဟု မထင်ရပေ။ ဤလူသည် အလွန်တည်ငြိမ်ပြီး သူ၏ခံစားချက်များကို ပြခဲကာ စိတ်ထိန်းနိုင်စွမ်းကို ဘယ်သောအခါမျှ ဆုံးရှုံးခဲ့ပုံမရပေ။
ထိုညနေတွင် သူတို့သည် အဘိုး၏ မကျေနပ်သော အကြည့်အောက်တွင် စခန်းသို့ ပြန်လာခဲ့ကြသည်။
တနင်္လာနေ့တွင် လင်းချောင်က လကုန်စာမေးပွဲအတွက် ပြင်ဆင်ရမည်ဖြစ်သည်။
ရုံးခန်းတွင် အတန်းတစ်ခုစီအတွက် စာမေးပွဲမေးခွန်းများကို စီထားပြီးဖြစ်သည်။ လင်းချောင်သည် ၎င်းတို့ကို အတန်းထဲသို့ သယ်သွားပြီး မဝေပေးခင်တွင်ပြောလိုက်၏။
"လက်၊ စားပွဲ ဒါမှမဟုတ် ခဲဖျက်ပေါ်မှာ အဖြေ ရေးထားသူများ မှတ်ထားပါ။ ငါ့မှာ အမြင်အာရုံ ၂၀/၂၀ ရှိတယ်။ ငါဖမ်းမမိစေနဲ့၊ မဟုတ်ရင် စမ်းသပ်မှုမှာ ပါဝင်ခွင့် ဆုံးရှုံးသွားလိမ့်မယ်။"
ကျောင်းသားအများအပြားက နှာခေါင်းကို အလိုလို ပွတ်သပ်လိုက်ကြသော်လည်း ဤသတိပေးချက်ကြောင့် သူတို့သည် စာမေးပွဲကို ပိုမိုအလေးအနက်ထားဖြေဆိုကြသည်။
စာမေးပွဲအပြီးတွင် လင်းချောင် စာရွက်များကို အမှတ်ပေးနေစဉ် ဆရာမယန် ရောက်လာပြီး သူမကို ခေါ်ကာပြောလိုက်၏။
"အရင်တစ်ခါ ဓမ္မတာစစ်ဆေးတုန်းက မင်းနဲ့ မင်းယောက်ျား ဘာလို့ မတူညီတဲ့ အစီရင်ခံစာ တင်ခဲ့တာလဲ။"
"မတူဘူး?"
လင်းချောင်က ဂျီသော်သည် အမှန်ကန်ကိုဘယ်လိုဖြေရမည်ကို သိလိမ့်မည်ဟု တွေးခဲ့မိသည်။
သူမက ပစ္စည်းများဝယ်ယူရာတွင် အလုပ်များနေပြီး အိမ်ဟောင်းသို့ ပြန်ရောက်သောအခါ သူ့ကို မေးရန် မေ့သွားခဲ့လျှင်တောင် ကျိသော်က သူမကို ပြောပြသင့်သည်။
သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ဆရာမယန်သည် သူမ မသိကြောင်း သဘောပေါက်သွားပြီးပြောလိုက်၏။
"သူတို့ ပြန်စစ်ဆေးတဲ့အခါ သူက မင်းဓမ္မတာမလာသေးဘူးလို့ အစီရင်ခံတယ်။ ဒါဆို လာပြီလား၊ မလာသေးဘူးလား?"
သူမက အကြံပေးလိုက်၏။
"မင်းနဲ့ မင်းယောက်ျားက ကလေး မယူကြသေးဘူးဆိုတော့ မလာသေးရင်တောင် ကိစ္စမရှိပါဘူး။ မှားယွင်းပြီး အစီရင်ခံတာမျိုးတော့ မလုပ်နဲ့။"
"ကျွန်မ မှားယွင်းပြီး အစီရင်ခံတာ မဟုတ်ပါဘူး။"
လင်းချောင်က အနည်းငယ် စကားမပြောနိုင်ဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။
"သူမရှိတဲ့ ရက်တွေမှာ လာတာဆိုတော့ သူ မသိတာဖြစ်လောက်တယ်။"
ဆရာမယန် နားလည်သွားပြီးပြောလိုက်၏။
"ငါ အထက်ကို သွားအကြောင်းကြားလိုက်မယ်။"
ဆရာမယန်သည် စကားပြောမြန်ပြီး လုပ်ဆောင်ချက်လည်း မြန်သည်။ အတည်ပြုပြီးသည်နှင့် သူမက အလျင်အမြန် ထွက်သွားခဲ့သည်။
လင်းချောင်သည် ရုံးခန်းသို့ ပြန်လာပြီး ကျိသော်ကို ဤအကြောင်း အသိပေးသင့်သည်ဟု တွေးကာ သူတို့နှစ်ဦး တစ်သဘောတည်းဖြစ်ပြီး နောက်တွင် ထိုသို့သော အရှုပ်များမဖြစ်ရအောင် ဘယ်လိုရှောင်ရမည်ကို တွေးနေခဲ့သည်။ သူမထိုင်လိုက်ပြီး မင်နီကို ကောက်ကိုင်လိုက်စဉ် အနားရှိအတန်းမှ ရူပဗေဒဆရာတစ်ဦးက အော်လိုက်သည်က်ိုကြားလိုက်ရ၏။
"ဘယ်သူက စာရွက်အလွတ် တင်ရဲတာလဲ?"
စာရွက်အလွတ်? ကြားလိုက်သော ဆရာများအားလုံး လှည့်ကြည့်လိုက်ကြသည်။
ဒါက အဖြေမသိ၍မဟုတ်ဘဲ ဆရာကို စိန်ခေါ်သည်မှာ ထင်ရှား၏။ ကျောင်းသားအများစုက အဖြေမသိလျှင်တောင် ကံကောင်းမလားဟု မျှော်လင့်ကာ တစ်ခုခုတော့ ရေးလေ့ရှိသည်။
သူတို့ စာရွက်များကို အမှတ်ခြစ်နေသည့်အတွက် ဒီနေ့ သိပ္ပံရုံးခန်းတွင် ဒုကျောင်းအုပ်ချီလည်း ရှိနေသည်။ ဒီစကားကို ကြားတော့ သူက စာရွက်ကို ယူပြီး ပြောလိုက်၏။
"ဒါ ဘယ်သူလဲ ကြည့်ရအောင်။"
တရားမျှတမှုရှိစေရန် အဖြေလွှာမှ နာမည်ရေးထားသည့်နေရာများကို စာရွက်ဖြင့် ပိတ်ထားခဲ့သည်။သို့သော် အလွန်တင်းတင်းပိတ်ထားခြင်း မဟုတ်သည့်အတွက် အနည်းငယ်ကြိုးစားလျှင် မြင်ရသည်။ ရူပဗေဒဆရာနှစ်ဦးလုံးက ဘယ်သူဒီလောက်ထိ ရဲတင်းသည်ကို သိချင်နေခဲ့သော်လည်း စာလုံးနှစ်လုံး ပေါ်လာချိန်မှာတော့ ဒုကျောင်းအုပ်ချီ၏ အမူအရာက ပြောင်းသွားခဲ့တော့သည်။
ခဏအကြာမှာတော့ သူက အံ့သြမှုကိုဖယ်၍ ရုံးခန်းမှထွက်သွားကာ အတန်းလေးသို့ တိုက်ရိုက်သွားလိုက်သည်။
လောင်ကျောက်က အတန်းလေးမှ အတန်းပိုင်ဆရာဖြစ်ပြီး ယခု လင်းချောင်က သူ့နေရာကိုအစားဝင်နေသဖြင့် အတန်းပိုင်ရာထူးကိုပါ အစားထိုးဝင်ထားရသလို ဖြစ်နေသည်။ ဒုကျောင်းအုပ်ချီ၏ အမူအရာကို သတိထားမိတော့ သူမက ဘောပင်အောက်ချကာ သူ့နောက်လိုက်သွားခဲ့သည်။သူမ ရုံးခန်းထဲမှထွက်သွားလိုက်သည်နှင့် ဒုကျောင်းအုပ်ချီက အတန်းလေးထဲဝင်သွားပြီဖြစ်သည်ကို မြင်လိုက်ရသည်။
"ချီဟွိုင်ဝမ် ထွက်လာခဲ့စမ်း။"
ရာသီဥတုပူသောကြောင့် စာသင်ခန်းထဲရှိ အရှေ့၊ အနောက် တံခါးများအားလုံး ဖွင့်ထားပြီး ကျောင်းသားများက ကိုယ့်ဘာသာ စာလေ့လာနေကြသည်။
ဒုကျောင်းအုပ်ချီ၏ အသံမှာ မကြည်လင်သည့်တိုင် သေချာတော့ကြားနိုင်၏။
လူတိုင်းက တည်ငြိမ်စွာဖြင့် နောက်တန်းကနေ လျှောက်လာသည့် ချီဟွိုင်ဝမ်ကို ကြည့်လိုက်ကြသည်။
"ဘာဖြစ်တာလဲ။"
"ဘာဖြစ်လဲဆိုတာ မင်းမေးနေသေးလား။"
ဒုကျောင်းအုပ်ချီက စာမေးပွဲစာရွက်ကို သူ့ရှေ့ကို ပစ်တင်လိုက်သည်။
"ဘာလို့ စာရွက်အလွတ်တင်တာလဲ။"
"ကျွန်တော် မရေးချင်လို့။"
ကောင်လေးက သူ့ကို ကြည့်ပင်မကြည့်ဘဲ ခေါင်းကို အခြားဘက် လှည့်လိုက်သောကြောင့် ဒုကျောင်းအုပ်ချီ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။
အခြေအနေကို မြင်တော့ လင်ချောင်က မြန်မြန်ဝင်ပြောလိုက်သည်။
"ရုံးခန်းထဲမှာ ဆွေးနွေးကြရအောင်။ အတန်းက ဆက်တက်နေရတုန်းပဲ။"
မိဘဖြစ်စေ၊ ဆရာဖြစ်စေ လူအများရှေ့ ကလေးကို ဆူပူကြိမ်းမောင်းခြင်းက သူတို့၏ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ထိခိုက်စေနိုင်သည်။ ကျောင်းတက်ချိန်တွင် ဆရာများ သို့မဟုတ် မိဘများထံမှ လူအများရှေ့ ဆူပူကြိမ်းမောင်းခြင်း ခံခဲ့ရသူအများစုသည် အရွယ်ရောက်ချိန်အထိ ထိုရှက်ရွံ့မှုက ပါလာပြီး စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းတစ်ခုလို ဖြစ်လာခဲ့သည်။ သူမ၏ ကြားဝင်ဖြန်ဖျေမှုက သူတို့နှစ်ဦးကြား တင်းမာမှုကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့သည်။
ကောင်လေးက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဒုကျောင်းအုပ်ချီကလည်း စိတ်ငြိမ်သွားခဲ့သည်။
"ငါ့ရုံးခန်းကို လာခဲ့။"
သားအဖ နှစ်ယောက်စလုံးက အရပ်ရှည်ပြီး ပိန်သွယ်ကြကာ နောက်ဘက်မှ ကြည့်လျှင်တောင် အတော်ကို ဆင်တူကြသည်။
လင်းချောင်က သူတို့နောက် မလိုက်သွားဘဲ ရုံးခန်းကို ပြန်လာခဲ့သည်။
သိပ္ပံရုံးခန်းထဲတွက် လူတိုင်းက စာမေးပွဲစာရွက်များ ပြန်စစ်ဆေးနေကြပေမယ့် စကားဝိုင်းကတော့ ထိုသားအဖအကြောင်းပင်။
"လောင်ချီနဲ့ သူ့သား ဘာဖြစ်နေတာလဲ။ အမြဲတမ်း သဘောထားမတိုက်ဆိုင်ကြဘူး။"
"ကလေးတွေက ကြီးလာရင် ထိန်းရခက်တယ်။ ကျွန်မတို့ အတန်းထဲမှာလည်း အဲလိုမျိုးလေးတွေ ရှိတယ်။"
"မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတစ်ခုခု ရှိပုံရတယ်။ ဟွိုင်ဝမ်က ငယ်ငယ်တုန်းက ဒီလိုမဟုတ်ဘူး။ လောင်ချီနဲ့ ကျောင်းလာတဲ့အခါ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီး အိမ်စာလုပ်တတ်တယ်။"
ဒီစကားကို အဖွဲ့ခေါင်းဆောင်ကောက ပြောလ်ိုက်ခြင်းဖြစ်သည်။ ထပ်နားထောင်ချင်သော်လည်း လင်းချောင်က ရုတ်တရက် ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ သူမ မြန်မြန် ပစ္စည်းများယူကာ သန့်စင်ခန်းကိုသွားလိုက်တော့ ဓမ္မတာတကယ်လာနေပြီဆိုသည်ကို သိလိုက်ရသည်။ အခုတော့ သူမ ဆင်ခြေပေးစရာ မလိုတော့ပေါ ဒီလ ဓမ္မတာလာပြီဟု ရိုးသားစွာ ပြော၍ရပြီဖြစ်သည်။
ပြန်လာသည့်လမ်းတွင် ဒုကျောင်းအုပ် ချီ၏ ရုံးခန်းကို ဖြတ်သွားတော့ မတ်မတ်ရပ်နေသည့် ပိန်သွယ်သောခန္ဓာကိုယ်တစ်ခုကို တွေ့လိုက်ရသည်။ ဓာတ်တိုင်တစ်ခုကဲ့သို့ပင်။ ကောင်လေးက ခေါင်းကို ဆက်မော့ထားတုန်းဖြစ်ပြီး ရိုင်းစိုင်းနေသည်မှာ ထင်ရှား၏။ လင်းချောင်ကို မြင်တော့ အလိုလိုအကြည့်လွှဲသွားခဲ့၏။
တစ်စုံတစ်ရာကြောင့် လင်းချောင်က ထိုရှောင်လွှဲမှုထဲမှာ စိတ်မလုံမလဲဖြစ်နေသည်ကို ရိပ်မိလိုက်သည်။ စာရွက်အလွတ်တင်ခြင်းဖြင့် ဒုကျောင်းအုပ် ချီကို အောင်မြင်စွာ ဒေါသထွက်စေခဲ့သည့်အတွက်ရော သူကျေနပ်မှု ရှိရဲ့လားဟု သူမ တွေးမိပြန်သည်။
ရုံးခန်းကို ပြန်ရောက်တော့ ဒုကျောင်းအုပ်ချီက စာမေးပွဲစာရွက်များ စစ်နေပြီဖြစ်ပြီး သူ့ဒေါသကလည်း ပျောက်ကွယ်သွားပုံရသည်။ သို့ပေမယ့် သူ့ရေခွက်ကို လှမ်းယူလိုက်ရာ နှစ်ကြိမ်တိုင်တိုင် တုံ့ဆိုင်းသွားပြီး မတော်တဆ ပြုတ်ကျသွားကာ ရေအတော်များများ စားပွဲပေါ် ဖိတ်ကျကုန်သည်။
ပတ်ဝန်းကျင်ရှိ လူအများက စာရွက်များနှင့် စာအုပ်များကို မြန်မြန်ကူရွှေ့ပေးလိုက်ကြပြီး သူ၏နှုတ်ခမ်းများကတော့ အနည်းငယ် ခရမ်းရောင် သန်းနေပြီဖြစ်သည်။
"ဒါ နှလုံးရောဂါလား" တစ်စုံတစ်ယောက်က ပြောလိုက်ခြင်းဖြစ်၏။
ဒုကျောင်းအုပ်ချီကတော့ အတော်လေး တည်ငြိမ်နေပြီး အားလျော့စွာဖြင့် အိတ်ထဲ စမ်းကြည့်ပေမယ့် ဘာမှမတွေ့ရပေ။ သူကထရပ်ဖို့ ကြိုးစားပြီးပြောလိုက်၏။
"ငါ ဆေးသွားယူလိုက်မယ်။"
သူဆေးပြန်ယူနိုင်မည့်ပုံ မပေါ်ပေ။ ထို့ကြောင့် လင်းချောင်က ကမ်းလှမ်းလိုက်သည်။
"ဘယ်မှာထားလဲ။ ကျွန်မ သွားယူပေးမယ်။"
ဒုကျောင်းအုပ်ချီကတော့ တကယ်ကို အားအင်မရှိခဲ့။ သူကထိုင်ခုံပေါ်ကို ပြန်ထိုင်ချလိုက်ပြီး ပြောလိုက်၏။
"စားပွဲရဲ့ ညာဘက်အံဆွဲ ပထမအထပ်မှာ။"
လင်းချောင်က လှည့်ထွက်သွားသည်။ ဒုကျောင်းအုပ်ချီ၏ ရုံးခန်းကို ရောက်ချိန်မှာတော့ ကောင်လေးက ထိုနေရာတွင် တစ်လက်မမှမလှုပ်ဘဲ ရပ်နေသေးသည်။ တစ်စုံတစ်ယောက် လာနေသည်ကို ခံစားမိတော့ သူကခပ်မြန်မြန်ပဲ ခေါင်းမော့လိုက်သည်။ ရိုင်းစိုင်းမှု အပြည့်နှင့်ပင်။ လင်းချောင်ဖြစ်နေသည်ကို မြင်တော့ သူကအကြည့်က ပြန်လွှဲသွား၏။