← Chapters

Chapter 35

Vol. 3 Ch. 35

Chapter 35

Vol. 3 Ch. 35

လင်းချောင်က ဒုကျောင်းအုပ်ချီ ပေးထားသော သော့ကိုထုတ်လိုက်၏။

"မင်းအဖေမှာ နှလုံးရောဂါ ရှိတယ်ဆိုတာ မင်းသိလား။"

ပတ်ဝန်းကျင်အနေအထားက အေးစက်သွားခဲ့သည်။

လင်းချောင် ဘာမှမပြောတော့ပေ။ သူမက အံဆွဲဖွင့်လိုက်ပြီး အရေးပေါ် နှလုံးဆေးပုလင်းကို ထုတ်လိုက်၏။ သူမ ထွက်သွားတော့မည်အလုပ် ကောင်လေး၏ အကြည့်နှင့်ဆုံလိုက်၏။

သူမ၏အကြည့်ကို သတိထားမိတော့ သူက ချက်ချင်းလှည့်သွားသော်လည်း လက်သီးတော့ ဆုပ်ထားသေးသည်။

လင်းချောင်က တံခါးအနီးရပ်နေကာ သူစကားပြောလာရန် စောင့်နေခဲ့သော်လည်း သူကတော့ ပါးစပ်ကိုတင်းတင်းပိတ်ထားကာ ပြောချင်စိတ်ရှိပုံမပေါ်ပေ။ ငယ်ရွယ်ခေါင်းမာမှူနှင့်မတူ အခြားနက်နဲသောကိစ္စတစ်ခုခုလည်း ရှိပုံပေါ်သည်။

လင်းချောင်လည်း ထပ်မစောင့်ချင်တော့ဘဲ တံခါးပိတ်ကာ ထွက်သွားတော့သည်။ သူမ အမြင်အာရုံမှပျောက်သွားတော့မှ ထိုကောင်လေး၏ မတ်နေသောကျောက တစ်ခုခုနှင့် အဖိခံလိုက်ရသကဲ့သ်ို့ ခွေကျသွားခဲ့၏။

ဒုကျောင်းအုပ်ချိီက နှလုံးရောဂါကိုသိပ် ဂရုစိုက်ပုံမပေါ်။ ဆေးသောက်ပြီး အခြေအနေငြိမ်သွားသည်နှင့် သူက အခြားသူများ နားရန်ပြောနေသည်ကိုနားမထောင်ဘဲ အမှတ်ဆက်ခြစ်ရန်လုပ်လိုက်၏။

အခြား ပထမနှစ် ရူပဗေဒ ဆရာတစ်ယောက်လည်း ရွေးစရာမရှိဘဲ အမှတ်အမြန်ခြစ်ကာ သူ့ကိုကူညီရန်လုပ်လိုက်၏။ သူတို့က အ်ိမ်တွင်အလုပ်ဆက်လုပ်ရန်အတွက် စာရွက်များကို သယ်သွားခဲ့ကြသည်။

ဒုကျောင်းအုပ်ချီက ဆက်နေချင်သော်လည်း အဖွဲ့ခေါင်းဆောင်ကောက သူ့ကို အိမ်ပြန်ရန်ချော့ပြောလိုက်၏။

အဖွဲ့ခေါင်းဆောင်ကော၏ အကူအညီမဲ့နေသလို အမူအရာကြောင့် လင်းချောင်မေးလိုက်မိ၏။

"ချီဟွိုင်ဝမ်နဲ့ ဒုကျောင်းအုပ်ချီတို့ကြား ဘာဖြစ်နေတာလဲ သိလား။"

အဖွဲ့ခေါင်းဆောင်ကောက ဘာမှဆက်မပြောခဲ့ဘဲ လင်းချောင်က ဆေးသွားယူချိန်က ပုံစံကိုပြန်တွေးမိကာ ပြောလိုက်သည်။

"ချီဟွိုင်ဝမ် က သူ့အဖေကို လုံးဝဂရုမစိုက်ဘူးလို့တော့ ကျွန်မ မထင်ဘူး။ ဘာလို့ သူတို့မတည့်ကြတာပါလိမ့်။"

ရုံးမှလူအများစု ပြန်သွားကြပြီဖြစ်သည်။ ကျန်နေသူများကတော့ ဒုကျောင်းအုပ်ချီနဲ့ ချီဟွိုင်ဝမ်တို့၏ အခြေအနေကို သိထားသည့် ဝန်ထမ်းဟောင်းများဖြစ်၏။ အဖွဲ့ခေါင်းဆောင်ကောက သူမကို ဘာမှမဖုံးကွယ်လိုပေ။

"အသေးစိတ်တော့ မသိဘူး၊ ဒါပေမဲ့ ဟွိုင်ဝမ်ရဲ့အမေ ဆုံးတာနဲ့ ပတ်သက်နိုင်တယ်။ သူအရင်က ဒီလိုမဟုတ်ခဲ့ဘူး။"

"သူ့အမေ ဘယ်လိုဆုံးသွားတာလဲ"

လင်ချောင်က မေးလိုက်၏။

"သူမ နေမကောင်းတာ ဖြစ်နိုင်တယ်။"

ခေါင်းဆောင်ကောက ပြောလိုက်သည်။

"အဲဒီအချိန်တုန်းက ကျွန်တော်တို့အားလုံး စောင့်ကြည့်ခံနေရတာဆိုတော့ လောင်ချီက အသေးစိတ်မပြောခဲ့ဘူး။"

ဒါပေမဲ့ ဖျားနာတာဆိုရင် ဒုကျောင်းအုပ်ချီကို အပြစ်တင်စရာမရှိဘူးလေ။ ဘာလို့ ချီဟွိုင်ဝမ်က သူ့ကို ဒီလောက်စိမ်းကားနေရတာလဲ။

ဒုကျောင်းအုပ်ချီနှင့် ရင်းနှီးပုံရသည့် ခေါင်းဆောင်ကောက အသေးစိတ်ကို မသိဘူးဆိုတော့ တခြားသူတွေက ပိုတောင်မသိနိုင်။ လင်းချောင်လည်း ဆက်မမေးတော့ပေ။

အိမ်ရောက်တော့ နေဝင်သွားပြီဖြစ်ပြီး စိမ်းလန်းစိုပြည်သည့် ဆီးပင်ကြီး၏ အရိပ်ရှည်များ ထိုးကျနေသည်။ ကျိသော်က စောစောပြန်ရောက်နှင့်ပြီဖြစ်မည်။ ခြံတံခါးက ပွင့်နေ၏။ လင်းချောင် ဝင်သွားတော့ ဧည့်ခန်း၏ ပွင့်နေသည့် တံခါးပြတင်းများမှ လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

"ဒီသေတ္တာအကြီးကြီးက မင်းရွေးဖို့အတွက် လုံလောက်သင့်ပြီ မလား။ စစ်တပ်နယ်တစ်ခုလုံးမှာ ဒီထက်ပြည့်စုံတာ မရှိဘူးလို့ ငါပြောရဲတယ်။"

ကျိသော် ပြောနေခြင်းမဟုတ်တော့ ဧည့်သည်ရောက်နေပုံရသည်။

တကယ်ပဲ ကျိသော်နှင့် နောက်ထပ်လူတစ်ယောက်က ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်နေကြသည်။ နှစ်ယောက်စလုံးက စစ်ဝတ်စုံများဖြင့်ဖြစ်ပြီး သူတို့ရှေ့တွင် စာအုပ်သေတ္တာတစ်လုံး ပွင့်လျက်သားရှိနေခဲ့သည်။

လင်းချောင်က မင်္ဂလာပွဲတုန်းက လာဖူးသည့်အတွက် ဧည့်သည်ကို မှတ်မိသည်။ သူက ကျိသော်ထက်သိပ်မကြီးသော်လည်း ဆံပင်ဖြူနေသည့်အတွက် လူတိုင်းက သူ့ကို လောင်ကျိုးဟု ခေါ်ကြသည်။

"ဒါကဘာတွေလဲ"

သူမ လျှောက်သွားပြီး နှုတ်ဆက်ကာ မေးလိုက်၏။

"ပြန်ရောက်ပြီလား ခယ်မလေး။"

လောင်ကျိုးက စာအုပ်သေတ္တာကို လက်ညှိုးထိုးပြသည်။

"မင်းရဲ့ ကျိသော်က လက်ရေးစာအုပ်တွေ ရှာချင်တယ်ဆိုလို့ ငါ့ရဲ့စုဆောင်းထားတာတွေ အကုန်ယူလာတာ။"

သူက စာအုပ်တစ်အုပ်ကို ကောက်ယူရင်းပြောလိုက်၏။

"ဒါက သူလျှိုနှိမ်နင်းရေးအကြောင်း 'The Plum Blossom Party' ဆိုတဲ့စာအုပ်ပဲ။"

နောက်တစ်အုပ်ကို ကောက်ယူရင်းပြောလိုက်ပြန်၏။

"ဒါကတော့ 'An Embroidered Shoe' ပဲ၊ ဒါလည်း သူလျှိုနှိမ်နင်းရေးအကြောင်းပဲ၊ အရေးအသားကောင်းတယ်။"

လောင်ကျိုးက ထိုစာအုပ်များအကြောင်း အတွင်းကျကျသိသူဖြစ်သည်။

ခေါင်းစဉ်ကို ကြည့်ရုံဖြင့် ပါဝင်သည့်အကြောင်းအရာများကို ပြောပြနိုင်သည်။

“ဒီစာအုပ်ကတော့ ‘ဒုတိယအကြိမ် လက်ဆွဲနှုတ်ဆက်ခြင်း’ တဲ့၊ အချစ်အကြောင်းပဲ။ ဇာတ်လိုက်မင်းသမီးက ပြည်ပမှာ ပညာသင်ခဲ့တဲ့ ရူပဗေဒပညာရှင်တစ်ယောက်လို့ထင်တယ်။”

ကျိသော်က ထိုစာအုပ်ကိုယူကာ အကြောင်းအရာကို စစ်ဆေးပြီး သင့်လျော်သည်ဟု မြင်သောအခါမှ လင်းချောင်ကို ပေးလိုက်သည်။

လောင်ကျိုးသည် စာအုပ်များကို ကောင်းစွာ ထိန်းသိမ်းထားသဖြင့် နှစ်ပေါင်းများစွာ သိမ်းဆည်းထားသည့်တိုင် မှိုနံ့မနံပေ။ သို့သော် လင်းချောင်သည် စာအုပ်ကို ကိုင်ထားရင်း အနည်းငယ် စဉ်းစားနေသည်။ ကျိသော်က သူမအတွက် စာအုပ်များ ဘာကြောင့်ရှာပေးနေတာလဲ။ သူမကို ပြန်ကြည့်စေချင်လို့လား ဒါမှမဟုတ် သူမ အားလပ်ချိန်များနေသည်ဟု ထင်ပြီး ကူးရေးစေချင်သည်လား။

လင်းချောင်၏ မျက်နှာမှ စိတ်ရှုပ်ထွေးမှုကို မြင်သောအခါ ကျိသော်က စာအုပ်အချို့ကို ထပ်လှန်ကြည့်ပြီး သူမကို ပေးလိုက်သည်။

“စာကျက်ရတာ ပင်ပန်းရင် ဒါတွေကို ဖတ်”

ယခင်က သူမကို ဘဏ်စာအုပ်ပေးသည်ဖြစ်စေ၊ ဂရုစိုက်သည်ဖြစ်စေ၊ ၎င်းသည် တာဝန်ယူမှုကြောင့်သာဖြစ်သည်။ နာရီဝယ်ပေးခြင်းသည်လည်း မင်္ဂလာဆောင်အတွက်ဖြစ်သည်။ ဒါက သူမအတွက် လက်ဆောင်တစ်ခုခု ပေးခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး သူမဘာလိုချင်သည်ကို မသိသဖြင့် လင်းချောင် ယူလာခဲ့သည့် “မိန်းမပျိုလေး၏နှလုံးသား" စာအုပ်ကိုသာ သတိထားမိခဲ့သည်။

လောင်ကျိူးက စာအုပ်ဝါသနာရှင်တစ်ဦးဖြစ်ပြီး ထိုစာအုပ်များစွာသည် သူကိုယ်တိုင် ယူလာခဲ့ခြင်းဖြစ်သည်။ ကျိသော်က စာအုပ်များရှိလားမေးသောအခါ လောင်ကျိုးတွင် တကယ်ကိုရှိခဲ့သည်။ သို့သော် လင်းချောင်ကို မသင့်လျော်သော စာအုပ်များ ဖတ်ခွင့်မပြုနိုင်သဖြင့် သင့်လျော်မှုရှိမရှိကို ဦးစွာ စစ်ဆေးရသည်။

သို့သော်လည်း လင်းချောင်သည် ဝတ္ထုဖတ်ရသည်ကို ကြိုက်နှစ်သက်ပါက ဇာတ်ပို့မင်းသမီးနှင့် နာမည်တူကြောင်း သိသောအခါ စာအုပ်ကိုပင် မလှန်ဘဲ ဤနေရာသို့ ဘာမှမသိဘဲ ရောက်လာမည်မဟုတ်ပေ။

“မိန်းကလေးတစ်ဦး၏နှလုံးသား” စာအုပ်ကိုလည်း သူမဖတ်မကြည့်ခဲ့ဘူးပေ။ နောက်နေ့တွင် ကျောင်းသို့ ပြန်ယူသွားခဲ့သည်။ ကျိသော် သတိထားမိကြောင်း မပြခဲ့သဖြင့် သူမလည်း မေ့သွားခဲ့သည်။ ယခု ကျိသော်၏ အတည်ပေါက်သဘောထားကို မြင်သောအခါ ဝတ္ထုဖတ်ရန်ပေးခြင်းထက် အိမ်စာပေးခြင်းနှင့် ပိုတူသည်ဟု ခံစားရသည်။

လင်းချောင်က စိတ်ရင်းမှန်ဖြင့် မေးလိုက်သည်။

“စာအုပ်အစီရင်ခံစာ ရေးပေးရမှာလား။”

ကျိသော် ပြန်မဖြေမီ လောင်ကျိုးက ရယ်လိုက်သည်။

“အိမ်မှာတောင် ဒီလောက် အလေးအနက်ထားရလား ကျိသော်၊ မင်း ပြုစုစောင့်ရှောက်နေတာ မိန်းမလား သမီးလား။"

ကျိသော်က သူ့ကို ကြည့်ပြီး ကိုင်ထားသော မှတ်စုစာအုပ်ကို စာအုပ်သေတ္တာထဲသို့ ပစ်ထည့်လိုက်သည်။

“ဒါကတော့ မလိုဘူး။ ကျန်တာတွေကို သိမ်းထားလိုက်။”

“မလုပ်ပါနဲ့၊ ဒါက မင်းအတွက် အကောင်းဆုံးပဲ။”

လောင်ကျိုးက ထပ်ပြောချင်သေးသော်လည်း ကျိသော်က စာအုပ်သေတ္တာကို ပိတ်လိုက်လေပြီ။

“မင်း သူနာပြုဝေအတွက် ကဗျာတွေ ရေးခဲ့တယ်ဆိုတာ မင်းမိန်းမ သိလား။”

လောင်ကျိုး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်၊ လည်ပင်းကို ဖမ်းဆုပ်ခံလိုက်ရသလိုပင်။

လင်းချောင် လှမ်းကြည့်နေသည်ကို မြင်သောအခါ သူက အလျင်အမြန် ရှင်းပြလိုက်သည်။

“သူပြောတာ နားမထောင်နဲ့။ အဲ့ဒါတွေက အိမ်ထောင်မပြုခင်တုန်းက အရာတွေပါ။"

ဒါဆို သူတကယ်ပဲ ရေးခဲ့တာပေါ့။ လောင်ကျိုးက ဒီလောက်ထိ ရင့်ကျက်ပုံ ပေါက်ပေမယ့် ငယ်ငယ်တုန်းက ရိုမန်တစ်ဆန်မည်ဟု မထင်မိပေ။

လင်းချောင်းက ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့ အစ်ကိုကျိုး၊ ကျွန်မ သူနာပြုဝေကို မသိသလို၊ အစ်ကို့မိန်းမကိုလည်း မသိပါဘူး။”

နောက်ဆုံးစကားက အဓိကအချက်ဖြစ်ပြီး လောင်ကျိုးကစိတ်အေးသွားခဲ့သည်။

“ငါ မင်းကို ငါ့မိန်းမနဲ့ ဝေးဝေးထားသင့်တယ် ထင်တယ်၊ မဟုတ်ဘူး၊ မင်း ဒီလူနဲ့ ဝေးဝေးနေသင့်တယ်။”

လင်းချောင်းက သူ့ကို လွယ်လွယ်ကူကူ ဆက်ဆံနိုင်သူတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မေးလိုက်၏။

"အစ်ကို့မိန်းမအတွက်ရော ရေးခဲ့လား။”

“ဒါပေါ့၊ ဘာလို့ မရေးရမှာလဲ။”

လောင်ကျိုးက ပြောလိုက်သည်။

“ငါ့မိန်းမက ဘာအဓိပ္ပာယ်မရှိတာတွေလဲလို့ မေးပြီး ငါ့ကို ထွက်သွားခိုင်းတယ်။”

ရိုမန်တစ်ဆန်သူတစ်ဦးသည် ရိုမန်တစ်မဆန်သူတစ်ဦးနှင့်တွေ့ဆုံခြင်း- ဒီတစ်ကြိမ်တော့ လင်းချောင်၏ အပြုံးသည် မျက်လုံးနှင့် မျက်ခုံးအထိ ရောက်သွားသည်။

လောင်ကျိူးက နောက်ထပ် အကြိမ်အနည်းငယ် သက်ပြင်းချပြီး ညစာစားရန် လင်းချောင်၏ ဖိတ်ကြားမှုကို ငြင်းဆန်ကာ သူ၏ တန်ဖိုးရှိသော စာအုပ်သေတ္တာနှင့်အတူ ထွက်သွားတော့သည်။ ဘာကြောင့်လဲဆိုတော့ ကျိသော်၏ အိမ်သည် ထမင်းမချက်ဘဲ စားသောက်ဆိုင်တွင်သာ စားသည်ကို လူတိုင်းသိသောကြောင့်ဖြစ်သည်။

သို့သော် မထွက်သွားမီ ကျိသော်ကို လက်ညှိုးထိုး၍ပြောသွားသေး၏။

“မင်း ကောက်ကျစ်တဲ့မြေခွေးကောင်။"

ကျိသော်က အမြဲတမ်း တည်ကြည်၊ စကားနည်းပြီး ယုံကြည်အားကိုးရသည့် ပုံပေါ်သူဖြစ်သည်။ ဒီတစ်ကြိမ်မှာပဲ လင်းချောင်က သူ့ကို ကောက်ကျစ်တယ်လို့ ခေါ်သည်ကို ကြားဖူးခြင်းဖြစ်၏။

ဒါပေမဲ့ ဒီစကားက လောင်ကျိုး၏ အားနည်းချက်ကို ထိမှန်သွားခဲ့သည်။ လောင်ကျိုးက သူတို့အိမ်မှ ထွက်သွားပြီးသည်နှင့် သူ၏ ပါးစပ်ဖွာမှုအတွက် ချက်ချင်းနောင်တရမိမည်ဖြစ်သည်။

လင်းချောင်၏ အပြုံးက မပျောက်သွားခဲ့ပေ။ နေဝင်ဆည်းဆာအောက်တွင် သူမ၏မျက်နှာက ပုံမှန်ထက် ပိုပြီး တောက်ပနေခဲ့သည်။ အထူးသဖြင့် စာအုပ်များသိမ်းဆည်းရန် ခေါင်းငုံ့လိုက်သည့်အခါ သူမ၏ ရှည်လျားသော မျက်တောင်များက နိမ့်ကျနေပြီး မျက်လုံးထောင့်နားက မှဲ့လေးကို ပေါ်လွင်စေသောကြောင့် ဆွတ်ဆွတ်ဖြူသည့် အသားအရေပေါ်တွင် ပန်းနုရောင် အစက်လေးတစ်စက်တင်နေသ်ို ဖြစ်နေခဲ့သည်။

ကျိသော်က သူ၏ လှုပ်ရှားမှုများကို သတိမထားမိဘဲ နှေးကွေးလိုက်မိသည်။ လင်းချောင် သူ့ကို ကြည့်လိုက်သည်ကိုမြင်တော့ ကော်ဖီစားပွဲပေါ်မှ ပြန့်ကျဲနေသည့် လက်ရေးစာအုပ်များကို ပြန်သိမ်းလိုက်သည်။

“ဒါတွေ အပေါ်ထပ်ကို ယူသွားလိုက်မယ်”

ထိုသို့ပြောရင်း စာအုပ်အားလုံးကို စုသိမ်းလိုက်သည်။

ကျိသော်က အမြဲတမ်းလိုလို လျင်မြန်ပြတ်သားစွာ လုပ်ဆောင်တတ်ပြီး ဘယ်တော့မှ တွန့်ဆုတ်နေတတ်သူမဟုတ်ပေ။ ညနေအထိ စာအုပ်များကို အပေါ်ယူသွားရန် စောင့်နေမည်မဟုတ်ပေ။ သို့သော် နွေရာသီဝတ်စုံက မထူသည့်အတွက် သူခါးကိုင်းလိုက်ချိန်တွင် အင်္ကျီကိုခါးပတ်ထဲ ထိုးထည့်ထားသည့်အတွက် ကျယ်ပြန့်သည့် ပခုံးနှင့်ရှည်လျားသည့် ခြေထောက်များ ပေါ်လွင်နေသည်။ ဓမ္မတာလာချိန် ဟော်မုန်းများကြောင့်လားမသိဘဲ လင်းချောင်၏ အကြည့်က သူ့ထံ နှစ်စက္ကန့်လောက် မသိမသာ ရပ်တန့်နေမိခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် ကျိသော်သာ မူလဇာတ်လိုက်မင်းသားမဟုတ်ခဲ့ပါက သူ၏ ကျယ်ပြန့်သည့်ပခုံး၊ သွယ်လျသည့်ခါးနှင့် ရှည်လျားသည့်ခြေထောက်များက လင်းချောင် ကြိုက်သည့်ပုံစံမျိုးပင်။ သူမက ပိန်ပိန်ပါးပါး ချောမောသည့် ကောင်လေးမျိုးကို ဘယ်တုန်းကမှမကြိုက်ခဲ့ပေ။

ကံမကောင်းစွာနဲ့ပဲ ထိုသူသတိထားမိစေရန် နှစ်စက္ကန့်သာ ကြာခဲ့သည်။ သူမော့ကြည့်လိုက်သည်နှင့် လင်းချောင်က အကြည့်လွှဲလိုက်ပြီးပြောလိုက်၏။

“သွားပါ၊ ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာရှိသေးတယ်။"

ကျိသော်က "အင်း" ဟုရိုးရိုးလေးသာ ပြန်ဖြေပြီး အပေါ်ထပ်ကို တက်သွားလိုက်သည်။ မကြာခင်မှာပဲ ပြန်ဆင်းလာပြီး လက်ဆေးရန် မီးဖိုချောင်ကို သွားလိုက်၏။

“ဘာကိစ္စလဲ။”

“နောက်တစ်ခါ မိသားစုစီမံကိန်း စစ်ဆေးဖို့လာရင် ကျွန်မ ဓမ္မတာလာတယ်လို့ပဲ ပြောလိုက်ပါ”

လင်းချောင်က တိုက်ရိုက်ပြောလိုက်သည်။

ကျိသော် ရပ်တန့်သွားပြီး ရေပိုက်ကို ပိတ်လိုက်၏။

“မင်းဆိုလိုတာက မင်း ဓမ္မတာလာနေပြီလို့လား။”

အဓိကအချက်ကို လျင်မြန်စွာ နားလည်လိုက်သော လင်းချောင်က ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ ပြောလိုက်သည်။

“ရှင်က ကျွန်မ ဓမ္မတာမလာသေးဘူးလို့ ပြောလိုက်တော့ သူတို့က ကျွန်မ ကိုယ်ဝန်ရှိနိုင်တယ်လို့ ထင်သွားတာပေါ့။ ဒီနေ့ လာစစ်တယ်လေ။”

“ကိုယ်ဝန်ရှိနိုင်တယ်” ဟု မရှက်ရွံ့ဘဲ ပွင့်ပွင့်လင်းလင်း ပြောနိုင်သည်မှာ လင်းချောင်တစ်ယောက်သာ ရှိလိမ့်မည်။

ကျိသော်က သူမ၏ တုံ့ပြန်မှုက သူနှင့် ကွဲပြားနေသည်ကိုပဲ အံ့သြမိနေသည်။ သူမျက်မှောင်ကြုတ်လိုက်၏။

“မင်းပဲ မလာသေးဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။”

“ဟုတ်တယ်၊ ကျွန်မ ဓမ္မတာလာတာက အမြဲတမ်း ပုံမမှန်ဘူး။ ပြီးခဲ့တဲ့လကဆို မလာခဲ့ဘူး”

လင်းချောင်က ရှင်းပြလိုက်ပြီး ဒါက အဓိကအချက်မဟုတ်သလို ခံစားရသည်။

“အဓိကအချက်ကတော့ ရှင်က ကျွန်မ ဓမ္မတာမလာသေးဘူးလို့ ပြောလိုက်တော့ မိသားစုစီမံကိန်းရုံးက ကျွန်မ ကိုယ်ဝန်ရှိတယ်လို့ ထင်သွားတာပဲ။ အရမ်း ရှုပ်ထွေးတယ်။ အခုကစပြီး ကျွန်မ ဓမ္မတာလာတယ်လို့ပဲ ပြောလိုက်ပါ။”

“ပုံမမှန်ဘူးလား” ကျိသော်၏ အာရုံစိုက်မှုက သူမ၏ ပထမဆုံး စကားစုပေါ်တွင်သာရှိနေခဲ့သည်။

ဒီလောက်ကြာအောင် အတူတူ အလုပ်လုပ်ခဲ့ပြီး ဒီလူက သူမ၏ စကားအဓိပ္ပာယ်ကို ချက်ချင်း မနားလည်ခဲ့သည်မှာ ဒီတစ်ကြိမ်သာရှိသေးသည်။ လင်းချောင်က နောက်လှည့်ကြည့်မိလိုက်၏။

မီးဖိုချောင်တံခါးဝတွင် ရပ်နေသည့် ကျိသော်က လက်ဆေးပြီးနေပြီဖြစ်ပြီး နက်ရှိုင်း၊ မှောင်မိုက်သော အကြည့်များဖြင့် သူမကို ကြည့်နေခဲ့သည်။ အဓိပ္ပာယ်မရှင်းလင်းသည့် ခံစားချက်များ ပြည့်နေခဲ့၏။

ထိုအချိန်တွင် ကျိသော်က ကိစ္စများစွာကို တွေးမိခဲ့ပေမယ့် လင်းချောင်က ဒီကိစ္စများတွင် လုံးဝရိုးသားခဲ့သူမဟုတ်ဟု သဘောပေါက်သွားသည်ထက် အရေးကြီးသောအရာ မရှိခဲ့ပေ။ သူက သူမကို အမြဲတမ်း ငယ်သေးသည်ဟု ထင်ခဲ့ပေမယ့် သူမက ကြီးပြင်းလာပြီး အနည်းဆုံးတော့ ကိုယ်ဝန်အကြောင်းပါ နားလည်နေပြီဆိုသည်ကို သူသတိမထားမိခဲ့ပါပေ။

အမျိုးသားတစ်ယောက်ဘေးတွင် တစ်ညအိပ်ရုံနှင့် ကလေးရမည်ဟု သူမ ထင်မှာမဟုတ်။ သူတို့နှစ်ဦးက တစ်ခါမှ အိမ်ထောင်ရေးအရ ဆက်ဆံမှုမပြုခဲ့ကြသလို သူမကလည်း မေးတောင်မမေးခဲ့ပေ။ သူမက သူ့ကို ဒီလောက်ထိ သဘောကောင်းတဲ့ သူလို့ တကယ်ထင်နေတာလား။ သူမကို လက်ထပ်ပြီးသည်အထိ မထိတွေ့ဘဲနေမယ် ထင်တာလား။

ဒါမှမဟုတ် သူငြင်းခဲ့သူများ ဖြန့်လိုက်သည့် ကောလာဟလများကို သူမ ယုံကြည်ခဲ့တာလား၊ သူက မြုံနေတယ် ဒါမှမဟုတ် အမျိုးသားတွေကို ပိုကြိုက်တယ်လို့ သူမ ထင်ခဲ့တာလား။ ဒီလိုမဟုတ်လျှင်လည်း မာရုံလျန် မဟုတ်လျှင် ဘယ်သူ့ကိုပဲ လက်ထပ်ရရ သူမအတွက် အရေးမကြီးဘူးလား။

ကျိသော်က သူ့မျက်လုံးများ မှောင်မိုက်နေသည်ကို သတိမထားမိခဲ့ချေ။ သူမ သူ့ကိုကြည့်နေသည်က်ိုမြင်တော့ သူက အကြည့်လွှဲကာ လက်မှရေစက်များ ခါချလိုက်သည်။

"ပြဿနာရှိနေပြီထင်တယ်။"

လင်းချောင် အံ့သြသွား၏။

သူက ဘေးစင်မှ သဘက်ကိုလှမ်းယူလ်ိုက်၏။

"ကိုယ်က မင်းမလာသေးဘူးလို့ပြောလိုက်တော့ အမေ သိသွားလောက်မှာပဲ။"

သို့သော် မလာသေးဘူးဆိုသည့် သူ၏စကားတစ်ခွန်းက သူမအတွက်တော့ အခြားအဓိပ္ပါယ်တစ်ခုပင်။

လင်းချောင် တကယ်ကို အံ့သြသွား၏။

"အမေ ဘယ်လိုသိသွားတာလဲ။"

"ကိုယ့်ကိုလာမေးတဲ့ ဒါရိုက်တာယင်က အမေ့ မိတ်ဆွေဟောင်းပဲ။ အမေက သူ့သမီးရဲ့ဆရာမလေ။"

လင်းချောင်က စကားပင်မပြောနိုင်တော့။ သူမကို ရွှီလီက ကြင်နာတတ်ကြောင်း သတိထားမိသော်လည်း အလွန်အကျွံ ဂရုစိုက်ခြင်းမျိုးတော့ မဟုတ်ပေ။ ယခုတော့ နားလည်မှုလွဲနေခြင်းဆိုသည်ကို သူမ သိသွားခဲ့ပြီ။

သူမ အခု ဘာလုပ်သင့်သလဲ။ ရွှီလီကို တိုက်ရိုက်ပြောလျှင် ရွှီလီ အလကားနေရင်း စိတ်မကောင်းဖြစ်ရမည်။

ထို့ပြင် ရှင်းပြရန်အတွက်ဆိုလျှင်လည်း သူတို့၏ ပြောစကားများ မတူညီသည်ကို အရင်ရှင်းလင်းရပေမည်။ သူမက ဆရာမယန်ကို ဘာမဆိုပြောနိုင်သော်လည်း ရွှီလီကို ပွင့်ပွင့်လင်းလင်း ပြောရန်တော့ ခက်ခဲနေသည်။

လင်းချောင် ဆိုဖာနောက်မှီကိုမှီလိုက်ရင်း သူမနောက်မှ အမျိုးသားက သူမကို အတွေးလွန်နေသည့်ပုံစံဖြင့် ကြည့်နေသည်ကို သတိမထားမိခဲ့။

ခဏအကြာတွင် ကျိသော် လမ်းလျှောက်လာပြီး သူမ၏ တွေဝေနေသော အမူအရာကို ကြည့်ကာမေးလိုက်၏။

“မင်း ဓမ္မတာက ဘယ်နှစ်လတစ်ခါ လာတတ်လဲ။”

“နှစ်လ၊ သုံးလတစ်ခါလောက်ပါပဲ။ ဒီလမှ လာတာ။”

လင်းချောင်က ရွှီလီအကြောင်းကိုသာ တွေးနေဆဲဖြစ်သော်လည်း ကျိသော်က စကားအလွန်အကျွံ မပြောတတ်သဖြင့် သူ၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

ကျိသော်က ခေတ္တရပ်ကာပြောလိုက်၏။

“ဒါဆို အမေ့ကို ဖုန်းဆက်ပြီး မင်းအတွက် ဆရာဝန်ရှာခိုင်းလိုက်မယ်။”

သူ၏လေသံက တည်ငြိမ်သော်လည်း လင်းချောင် ချက်ချင်း နားလည်လိုက်သည်။

“ဟုတ်တယ်။ ကျွန်မ ဓမ္မတာမမှန်လို့ ဆရာဝန်ပြချင်တယ်လို့ ပြောလိုက်ပါ။”

ရွှီလီက ဉာဏ်ကောင်းသည့်အတွက် သူမ ကိုယ်ဝန်မရှိကြောင်း နားလည်သွားမည်ဖြစ်သည်။ သူမ စိတ်ပျက်ရမည်ဖြစ်သော်လည်း ဆက်ပြီး မျှော်လင့်နေပြီးမှ စိတ်ပျက်ရသည်ထက်တော့ ပိုကောင်းသည်။

ပြဿနာ ပြေလည်သွားသောအခါ လင်းချောင်သည် ယခင်ပြဿနာကို သတိရသွားသည်။

“ကြည့်ပါဦး၊ ဒီလို အထင်အမြင်လွဲမှားမှုတွေ မဖြစ်အောင် ကျွန်မတို့ ပြောစကားတွေကို ညီအောင်အရင်လုပ်သင့်တယ်။"

ကျိသော် မတုံ့ပြန်သော်လည်း သူ့သဘောထားကတော့ သဘောတူကြောင်း ဖော်ပြနေသည်။

“အရင် ထမင်းစားရအောင်။”

All Chapters