← Chapters

Chapter 36

Vol. 3 Ch. 36

Chapter 36

Vol. 3 Ch. 36

နောက်တစ်နေ့တွင် ကျိသော်က ရွှီလီကို တကယ်ဖုန်းဆက်လိုက်သည်။ မနက်ပိုင်းမပြီးဆုံးမီမှာပဲ ရွှီလီက လင်းချောင်၏ ကျောင်းမှ လုံခြုံရေးရုံးခန်းကို ဖုန်းဆက်ခဲ့သည်။

“ကျိသော်က မင်း ဓမ္မတာမမှန်ဘူးလို့ ပြောတယ်။ မနက်ဖြန် မနက်ပိုင်း အချိန်ရလား။ မင်းအတွက် ဆရာဝန်ရှာထားတယ်”

စိတ်ပျက်ပြီးသားဖြစ်၍ ရွှီလီ၏လေသံတွင် စိုးရိမ်ပူပန်မှုသာ ရှိသည်။

“မင်း ဓမ္မတာကို ပုံမှန်ဖြစ်အောင် လုပ်ဖို့ အချိန်ကောင်းပဲ”

လင်းချောင် ပြန်ဖြေလိုက်၏။

“မနက်ဖြန် မနက်ပိုင်း အတန်းရှိတယ်။ နေ့လယ်ပိုင်းဆိုရော ဘယ်လိုလဲ။ ကျွန်မ နည်းနည်းစောစော ပြန်လို့ရပါတယ်”

“နေ့လယ်ပိုင်းလည်း ကောင်းပါတယ်။ တရုတ်တိုင်းရင်းဆေးရုံကို ဘတ်စ်ကားစီးပြီး လာလိုက်။ အဲဒီမှာပဲ မင်းကို စောင့်နေမယ်။”

တကယ်တမ်းတော့ စာတမ်းတွေ မပြီးသေးဘဲ မနက်ဖြန် ဆွေးနွေးရမယ်ဆိုရင် အတန်းချိန် ပြန်ချိန်ညှိဖို့ မဖြစ်နိုင်။ သို့သော် အတန်းနှစ်ခုရှိ ကျောင်းသားများက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြပြီး သူမကို မေးခွန်းများမေးကာ အမှတ်ပေးနေသည်မှာ ဘယ်လောက်ရောက်ပြီလဲဆိုသည်ကို လာစစ်ဆေးရန် တစ်နေ့သုံးကြိမ်လောက် ရုံးခန်းသို့ ဆင်ခြေအမျိုးမျိုးပြကာ လာနေကြသည်။ ဒါကိုသာ သူတို့ သိသွားလျှင် ရူးသွားကြမှာကို စိုးရိမ်မိ၏။

နေ့လယ်ပိုင်းတွင် အတန်းများအတွက် ဓာတုဗေဒ အဖြေလွှာများကို အမှတ်ပေးပြီးစီးသွားပြီဖြစ်သည်။ သူမနှင့် အဖွဲ့ခေါင်းဆောင်ကော တို့က အမှတ်များ စတင်တွက်ချက်ရန်အတွက် ၎င်းတို့ကို ဖွင့်ကာ ချည်ထားသည်များကို ဖြည်လိုက်သည်။

လင်းချောင်က အမှတ်များ မတွက်ချက်ရသေးမီ ကျွင်းဇီ၏ အဖြေလွှာကို တွေ့ရှိခဲ့၏။ ယခင်စာမေးပွဲ ရလဒ်များနှင့် နှိုင်းယှဉ်ပါက ထိုကလေးသည် သိသိသာသာ တိုးတက်လာခဲ့သည်။ အခြားသူများကို ကြည့်ရာတွင် အများစုမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်ခဲ့ကြပြီး ချီဟွိုင်ဝမ်ပင်လျှင် ရှစ်ဆယ်နီးပါး ရမှတ်ရှိခဲ့သည်။

ရမှတ်တစ်ရာအပြည့်တွင် ရှစ်ဆယ်နီးပါး ရမှတ်သည် မနည်းလှပေ။ အထူးသဖြင့် ချီဟွိုင်ဝမ်သည် အတန်းထဲတွင် အာရုံမစိုက်တတ်၊ အိမ်စာမထပ်တတ်ဘဲ အမြဲတမ်း အောင်မှတ်နားတွင်သာ ရှိတတ်သောကြောင့် ဖြစ်သည်။ ယခုလို ကြိုးစားမှုဖြင့် ဤတစ်ကြိမ် သတ်မှတ်ရမှတ်မမီလျှင်ပင် သူမက စမ်းသပ်မှု ပြုလုပ်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

ကျောင်းသားများလည်း ဆုလာဘ်ရရန် လိုအပ်ပါသည်။ ကြိုးစားပြီး တိုးတက်လာသူများ မရှိသည်တော့ မဟုတ်ပါပေမဲ့ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုလျှင် သူတို့၏ကြိုးစားမှုများက အရာမရောက်ဘူးဟု ခံစားရပြီး နောက်ဆုံးတော့ လက်လျှော့သွားတတ်ကြသည်။

ချီဟွိုင်ဝမ်၏ အဖြေလွှာနှင့် ပတ်သက်ပြီး လင်းချောင် မဝံ့မရဲ ဖြစ်နေပေမဲ့ ဒုကျောင်းအုပ်ကြီးချီကို ပြရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ပညာရေးနည်းစနစ်များ မှားယွင်းနေသော ကြောင့် သားဖြစ်သူက စာရွက်အလွတ်တင်ခဲ့သည်ကို ဒုကျောင်းအုပ်ကြီးချီကို ပြောချင်သည်တော့ မဟုတ်ပေ။ ထိုအစား ချီဟွိုင်ဝမ်က စာကို ‌အလေးအနက်ထားပြီး သင်ယူနိုင်သူ ဆိုသည်ကို သူသိစေချင်၍ဖြစ်သည်။ ဒီကလေးက လုံးဝပုန်ကန်တာ မဟုတ်ဘဲ သူ့အတွက် မျှော်လင့်ချက် ရှိနေသေးသည်ဆိုသည်ကို သူမချပြချင်မ်ိခြင်းပင်။

ဒုကျောင်းအုပ်ကြီးချီက ခဏလောက် တိတ်ဆိတ်စွာ ကြည့်နေပြီးမှ “ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်၏။

နောက်နေ့မနက်တွင် လင်းချောင် အဖြေလွှာများအကြောင်း ဆွေးနွေးရန် သွားသည့်အခါ အတန်းတိုင်း၏ ရလဒ်များ ထွက်နေပြီဖြစ်ပြီး ဆရာ၊ ဆရာမများက ဘာသာရပ်တစ်ခုချင်းစီ၏ ပျမ်းမျှရမှတ်များကို သိနေကြပြီဖြစ်သည်။

လင်းချောင် အတန်းလေး၏ အခန်းထဲကို ဝင်ဝင်ချင်းမှာပဲပြောလိုက်၏။

“အဖြေလွှာတွေကို အခုမှ အမှတ်ပေးပြီးသွားတာ၊ ပျမ်းမျှရမှတ်တွေ မထွက်သေးဘူး။ ဒီတစ်ချိန်မှာ အဖြေလွှာတွေကိုပဲ ပြန်ကြည့်ကြရအောင်”

“အား?”

စိတ်ပျက်စွာနှင့် စုပေါင်းညည်းညူသံများ ထွက်ပေါ်လာပြီး တချို့က မယုံကြည်ကြပေ။

“အဖြေလွှာတွေက မနေ့ကတည်းက အမှတ်ပေးပြီးသားပဲလေ။”

“ဟုတ်တယ် ဆရာမ၊ ကျွန်တော်တို့ကို နောက်နေတာလား”

ထိုအခါ လင်ချောင်က ပြုံးပြီး အဖြေလွှာများကို အတန်းခေါင်းဆောင်လက်ထဲ ဝေရန် ပေးလိုက်ပြီး ပျမ်းမျှရမှတ်ပါသည့် စာရွက်ကို ယူလိုက်ကာ ပြောလိုက်၏။

“ငါ ဖတ်ပြမယ်။ ဒီတစ်ကြိမ်မှာ အတန်းနှစ်က ဓာတုဗေဒဘာသာရပ်မှာ အတန်းအားလုံးထဲမှာ အကောင်းဆုံးရမှတ် ၇၀.၃ နဲ့ ဒုတိယနေရာက အတန်းထက် သုံးမှတ်နီးပါး ပိုများတယ်။”

၇၀.၃ က နည်းတယ်ဟု ထင်၍မရပေ။ ဒါက ၁၉၈၀ ပြည့်နှစ်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်စတင်ပြီးနောက်ပိုင်း အမှတ် ၁၀၀ ကျော်လျှင် အထက်တန်းကျောင်း တက်နိုင်သည့်ခေတ်ဖြစ်သည်။ ၇၀.၃ ဆိုသည်က အနည်းဆုံးတော့ အတန်းထဲမှ ကျောင်းသားအများစုက စာကို အလေးအနက်ထား သင်ယူခဲ့ကြသည်ဆိုသည်ကို သက်သေပြနေ၏။

ဒါပေမဲ့ အတန်းနှစ်၏ ရမှတ်က အရင်တစ်ခါနှင့် ဆင်တူနေပြီး ဒုတိယနေရာ ရခဲ့သည့် အတန်းတစ်ကတော့ ၆၇.၅ နှင့် အနည်းငယ်တိုးတက်လာခဲ့ပြီး အတန်းနှစ်နှင့် ကွာခြားချက်ကို ၀.၄ မှတ်လောက်အထိ လျှော့ချနိုင်ခဲ့သည်။

“ဒီတစ်ခါ တတိယနေရာကတော့ အတန်းသုံးပဲ၊ ၆၆.၈ နဲ့ ဒုတိယနေရာနဲ့ ကွာခြားချက် ၂.၁ မှတ်အထိ လျှော့ချနိုင်ခဲ့တယ်။”

၂.၁ မှတ်။ ဆိုလိုတာက သူတို့က စမ်းသပ်မှုအသစ်ကို သင်ယူနိုင်ပြီလား။

အတန်းလေးမှ ကျောင်းသားများက ပိုပြီး စိုးရိမ်လာကြသည်။ ဘာလို့လဲဆိုတော့ အတန်းသုံးက ၂.၁ မှတ်တိုးတက်ခဲ့လျှင် သူတို့က အနည်းဆုံး ၄.၁ မှတ် တိုးတက်မှသာ အရည်အချင်းပြည့်မီမှာဖြစ်သည်။

မကြာခင်မှာ လင်ချောင်က အတန်းလေး၏ ရမှတ်ကို ဖတ်ပြလိုက်သည်။

“အတန်းလေး၊ ၆၂ မှတ်...”

သူမ ခေတ္တရပ်လိုက်တော့ ကျောင်းသားများက အသက်အောင့်ထားကြ၏။

၆၂.၄ အထက် ဖြစ်ရမည်၊ ၆၂.၄ အထက် ဖြစ်သည်နှင့် ဒီတစ်ခါတွင် သူတို့ အနိုင်ရပြီဖြစ်သည်။

လင်းချောင်က သူ့ကို စိုက်ကြည့်နေသည့် မျက်လုံးများကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်၏။

“၆၂.၆၊ ဂုဏ်ပြုပါတယ်။”

၆၂.၆ လား။

ကျောင်းသားများက ကြောင်သွားပြီးမှ အော်ဟစ်လိုက်ကြသည်။

စာရွက်ရထားသူ တစ်ယောက်က အော်ပင်အော်လိုက်သေး၏။

“ဝိုး၊ ကျွန်တော် အောင်ပြီ!”

လင်းချောင် သူ့ကို ကြည့်နေတာ မြင်တော့မှ ခေါင်းကို အမြန်ငုံ့လိုက်၏။

ကျွင်းဇီလည်း အော်ချင်ပေမဲ့ လင်းချောင် သူတို့အတန်းကို စာစသင်ကတည်းက သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားခဲ့သည်။ မွန်းတည့်ချိန်မှာတော့ စာရွက်ကို မျက်နှာတွင် ကပ်ကာ အိမ်ပြန်သွားလိုက်သည်။

“ဘာလုပ်နေတာလဲ။ ပြုတ်ကျမှာ မကြောက်ဘူးလား”

တပ်မှူးလျန်ရဲ့ ဇနီးက သူ့ကို မြင်ပြီး လန့်သွားခဲ့၏။

ကျွင်းဇီက စာရွက်ကို အနည်းငယ် မော့ပြီး မျက်လုံးတစ်လုံးကို ဖော်ပြရင်းပြောလ်ိုက်သည်။

“မမြင်ဘူးလား။ ဒါက ကျွန်တော်တို့အတန်း စမ်းသပ်မှုအသစ်ကို သင်ယူနိုင်တယ်ဆိုတဲ့ သက်သေပဲ။”

ဗိုလ်မှူးကြီးလျန်က မြင်ပြီးသားဖြစ်ပေမဲ့ မျက်နှာတည်တည်နှင့်ပြောလိုက်၏။ “၅၃ မှတ်ပဲရှိတာ၊ မအောင်သေးဘူး”

ကျွင်းဇီက ကန့်ကွက်လိုက်သည်။

“ကျွန်တော် ၅၃ မှတ်ပဲရပြီး အတန်းပျမ်းမျှ မပြည့်ပေမဲ့ တော်တော်လေး တိုးတက်လာတာပါ။ ကျွန်တော့်တစ်ယောက်တည်းက တခြားလေးယောက်နဲ့ ညီမျှတယ်။ ကျွန်တော်တို့ ဆရာမလင်းက ကျွန်တော့်လို ကျောင်းသားတွေမှာ တိုးတက်ဖို့ နေရာအများကြီးရှိတယ်လို့ ပြောတယ်။ နောက်တစ်ခါဆို အတန်းက ကျွန်တော့်ကို အားကိုးရလိမ့်မယ်။”

"ဆရာမလင်း၊ ဆရာမလင်း၊ နေ့တိုင်းအဲ့ဆရာမလင်း အကြောင်းပဲ။"

ဗိုလ်မှုးကြီးလျန်၏ ဇနီးက ညည်းတွားလိုက်သော်လည်း စာရွက်ကိုယူကြည့်လိုက်၏။

"နောက်ဆုံးတစ်ခါထက် တကယ်ကောင်းတာပဲ။"

သူမ ဘာမှထပ်မပြောတော့ ဗိုလ်မှူးကြီးလျန်က သတိပေးလိုက်၏။

"ဒီည ဖက်ထုပ်လုပ်မှာမလား။ ရှောင်လင်းတို့ကို ပေးလိုက်လေ။ စားသောက်ဆိုင်မှာက သိပ်ရောင်းလေ့မရှိဘူးလေ။"

ဖက်ထုပ် လုပ်ရသည်က အနည်းငယ်အလုပ်ရှုပ်သဖြင့်စားသောက်ဆိုင်က သိပ်မလုပ်ပေ။ ဗိုလ်မှူးကြီးလျန်၏ဇနီးက လက်ခံလိုက်ပြီး ညနေဘက်သွားပေးတော့ လင်းချောင်က အိမ်တွင်ရှိမနေပေ။

ရွှီလီက သူမကို တရုတ်တိုင်းရင်းဆေးဆေးရုံတွင် ဆရာဝန်ကြီးတစ်ယောက်နှင့် ပြပေးခဲ့သည်။ သူမက ကျန်းမာရေးကောင်းသလို အစားကောင်းကောင်းစားပြီး ကောင်းကောင်းအ်ိပ်ပြီး ဓမ္မတာပြဿနာရှိနေမည်ဟု ရွှီလီမထင်ခဲ့ပေ။ သို့သော် ဆရာဝန်ကြီးပြောသည်ကတော့ သူမတွင် ခန္ဓာကိုယ် ဖွဲ့စည်းပုံအားနည်းနေပြီး ကုသမှုအချိုု့ ခံယူသင့်သည်ဟုပင်။ သူမ ဓမ္မတာလာသည်မှာ သုံးရက်မြောက်နေ့ရှိပြီဖြစ်၍ ဆရာဝန်က နောက်တစ်ခါလာတော့မှ ပြန်ကြရန်ပြောလ်ိုက်၏။

ဆေးညွှန်းရေးပေးနေချိန်တွင် ရွှီလီက ကလေးယူသည့်နေရာတွင် အထိအခိုက် ရှိနိုင်သလားဟုမေးခဲ့သည်။ ဆရာဝန်ကတော့ အမေရော ကလေးပါထိခိုက်နိုင်၍ ကလေးမယူသေးရန် အကြံပေးခဲ့၏။

ရွှီလီက ဘာမှထပ်မပြောခဲ့။ သို့သော် လင်းချောင် ဆေးများယူကာ အိမ်ပြန်လာခဲ့တော့ အလွန်စိတ်ညစ်မိ၏။

သူမက ဆေးသောက်ရမည်ကို အမုန်းဆုံးပင်။ ကလေးဘဝတည်းက သူမက အစာအိမ်မကောင်းသလို ဆေးထက်ဝက်လောက် သောက်ပြီးလျှင်ကို အန်ချတတ်၏။ စာအုပ်ထဲ ကူးပြောင်းလာပြီးသည့်တိုင် ဆေးသောက်နေရဦးမည်ဟု သူမ မထင်ထားပေ။

လင်းချောင်က တည့်တိုးဆန်သူဖြစ်ပြီး ဆုံးဖြတ်ချက်ချရာတွင် တွေဝေတတ်သူမဟုတ်ပေ။ သူမ တွေဝေတတ်သည့် နှစ်ကြိမ်ကတော့ သူမ၏ ဓမ္မတာအကြောင်းနှင့်ပတ်သက်သည်။ ကိုယ်ဝန်မရှိကြောင်း ရွှီလီကိုပြောပြချိန်နှင့် အခုအချိန်သာဖြစ်၏။

ဒါကိုမြင်တော့ ကျိသော်က ဆေးကြိုရန် မီးဖိုချောင်ထဲဝင်သွားလိုက်၏။

"ကိုယ် ဆေးသွားကြိုလိုက်မယ်။"

ဆေးနံ့မရသည်က အကောင်းဆုံးဖြစ်ပြီး သူ့သဘောနှင့်သူ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

လင်းချောင်က နှာခေါင်းကိုပိတ်ကာ ဆေးသုံးမျိုးသောက်လိုက်၏။ သူမ၏ ဓမ္မတာက သေသေသပ်သပ်ပြီးသွားခဲ့၏။ သူမက စစ်တပ်ဝန်းထဲရှိ ရေချိုးဆောင်တွင်ရေချိုးကာ ဆေးနံ့စွဲနေသော အဝတ်များကို အဝတ်လျှော်စက်ထဲ ထည့်ခဲ့၏။

ကျိသော်က သတိထားမိပြီးမေးလိုက်၏။

"လုံးဝ ပြီးသွားပြီလား။"

ထိုည မီးများပိတ်ပြီးချိန်မှာတော့ သူက သူမကိုဆွဲ၍ဖက်လိုက်၏။ တစ်လကျော် အေးချမ်းနေပြီးနောက်မှာတော့ လင်းချောင် အချိန်မီမတုံ့ပြန်နိုင်ခဲ့ဘဲ ရုတ်တရက်ဆိုသလို သူမ၏နှုတ်ခမ်းများကို တစ်ခုခုက ဖုံးကွယ်သွားလိုက်၏။

ကျိသော် အရပ်ရှည်သည်ကို လင်းချောင်သိသော်လည်း ခန္ဓာကိုယ်အမျိုးအစားချင်း နှိုင်းယှဉ်လျှင် ဘယ်လောက်ထိ ကိုင်တွယ်ရခက်သည်ကိုတော့ သူမ သတိမထားမိခဲ့ပေ။

ရာသီဥတုက အလွန်ပူသဖြင့် သူမက လက်ပြတ် ချည်သားအင်္ကျီလေးသာ ဝတ်ထားသည်။ ထိုလူ၏လက်က သူမကိုလာထိသောအခါ ခါးမှတစ်ဆင့်ကြက်သီးများထလာတော့၏။ လက်တစ်ဖက်က ခါးကိုက်ိုင်ထားရင်း နောက်တစ်ဖက်က လည်ပင်းကိုကိုင်ကာ လင်းချောင်အား သူ၏အားပြင်းသောအနမ်းကို လက်ခံခိုင်းနေ၏။

ပို၍ အဓိကကျသည့်အချက်ကတော့ သူမ၏ ဓမ္မတာအပြီးကျန်ခဲ့သည့် စိတ်ခံစားချက်ကြောင့်လားတော့မသိ သူမ ရွံရှာသလို မခံစားရချေ။

ထိုလူ သူမကိုနမ်းတော့လည်း ဘာမှမခံစားရသလို သူ၏လက်များဖြင့် သူမ၏ခါးကို ချောမွေ့စွာပွတ်သပ်လိုက်ချိန်တွင်လည်း ဘာမှမခံစားခဲ့ရ။ အသက်ရှူရန် ခဏရပ်လိုက်ချိန်မှာပင် သူမက သက်ပြင်းချလိုက်မိသေးသည်။

အသက်ရှူလိုက်ပြီးနောက် ပို၍ပြင်းထန်လာသော အနမ်းများဖုံးလွှမ်းသွားတော့သည်။

မျက်နှာကျက်ရှိပန်ကာက ဆူညံသံအချို့ဖြင့် လည်နေသော်လည်း အမှောင်ထုထဲမှအသံကိုတော့ မတားဆီနနိုင်ခဲ့ပေ။

စိတ်ပါဝင်ခြင်း သို့မဟုတ် ဖြည်းဖြည်းချင်းစတင်ခြင်း တစ်ခုမှမရှိဘဲ ဒီလူက သူမကို ပြင်းထန်သော ခံစားချက်များသာပေးနေ၏။

လင်းချောင် တစ်က်ိုယ်လုံးပူလောင်နေသလို ခံစားရပြီး သူ၏လက်များဖြင့် ထိတွေ့လိုက်သော နေရာတိုင်းသည်လည်း မီးပွင့်မတတ်ပင်။

ကျိသော်၏ ဆံပင်မှ ဆပ်ပြာမွှေးရနံ့ ရနေသေးသည်။ ဘာအားတစ်ခုမှ စိုက်မထုတ်ရဘဲ သူက သူမကို ဒူးဖြင့်တွန်းလိုက်၏။ သူတို့၏ ခန္ဓာကိုယ်ချင်းထိသွားသော အခိုက်အတန့်တွင် အသက်ရှူသံများပို၍ ရောထွေးသွားခဲ့တော့သည်။

ငြင်းမရတော့သည့် အနေအထားကို ခံစားမိသဖြင့် သူမက အသ်ိဝင်လာပြီး သူ့ကိုလက်ဖြင့်တွန်းလိုက်၏။ သို့သော်လည်း တွန်းလိုက်ခြင်းက အားလျော့လျက်ပင်။ ထိုလူက သူမ သူ့ခန္ဓာကိုယ်ကို လေးသည်ဟုခံစားမိသည်အထင်နှင့် တစ်ဖက်လှည့်လိုက်ကာ သူမကိုသူ့ခါးပေါ်တင်လိုက်ပြီး လည်ပင်းက်ိုကိုင်ထားကာ ဆက်နမ်းနေလိုက်၏။

သူ၏လက်က အင်္ကျီစအစွန်းတစ်ခုကို ထိမိတော့မှ ကျိသော်ရပ်သွားခဲ့၏။ သူက သြရှရှအသံဖြင့် မေးလိုက်သည်။

"မင်း မငြင်းဘူးဆိုရင် ကိုယ်ဆက်လုပ်မှာ။"

လင်းချောင် စကားပြောရန် လုပ်လိုက်သော်လည်း သူမ၏လက်ချောင်းများက ထိုသူ၏ တောင့်တင်းနေသည့်ရင်ဘတ်နှင့်ဖိမိကာ ညည်းသံသဲ့သဲ့ထွက်သွားခဲ့၏။

သူက သူမကို ငြင်းမလားဟုမေးလျှင် ငြင်းရန်အချ်ိန်တော့ ပေးသင့်သည်!

ဒီလူက တည်ကြည်ပြီး ရိုးသားဖြောင့်မတ်ပုံပေါ်သည်။ ဘာလို့ တစ်ချို့ကိစ္စမှာတော့ မရိုးသားရတာလဲ။ လောင်ကျိုးပြောသလို_မကောင်းသည့် ရည်ရွယ်ချက် အပြည့်နှင့်ပင်။

တစ်ဖက်လူက ဒီထက်ပိုဆိုးမလာခင် လင်းချောင်က သူ၏လက်ကိုလှမ်းဆွဲကာ ရီဝေနေသောမျက်လုံးများဖြင့် လှမ်းကြည့်၍မေးလိုက်၏။

"ရှင့်မှာ ကွန်ဒုံးရှိလို့လား။"

ထိုသူ၏ အသက်ရှူသံက အနည်းငယ်တိုးသွား၏။

"ခုမှ ဓမ္မတာလာပြီးသွားတာမဟုတ်ဘူးလား။"

လင်းချောင်က ထိုစကားကြောင့် အနည်းငယ် စိတ်တည်ငြိမ်သွားခဲ့၏။

"ဒါပေမဲ့ ကိုယ်ဝန်ရှိသွားန်ိုင်သေးတာပဲလေ။"

လင်းချောင် ဆရာဝန်နှင့်သွားပြပြီးကတည်းက ရွှီလီက ကျိသော်ကို သူမက အခုအချိန်တွင် ကလေးယူရန်မသင့်တော်သေးကြောင်း သတိပေးခဲ့သည်။

ထိုစကားများ ပြောပြီးချိန်မှစ၍ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ပန်ကာသံနှင့် စည်းချက်မမှန်သော အသက်ရှူသံနှစ်ခုသာ ကြားနေရ၏။

အတော်ကြာပြီးနောက် ထိုလူက ရုတ်တရက်ဆိုသလို သူမ၏နှုတ်ခမ်းများကို အားအပြည့်နှင့်နမ်းလိုက်ပြန်၏။

ထိုလူက သူမ၏ဆန္ဒကို အရေးမစိုက်ဘဲ ဆက်လုပ်တော့မည်လားဟု လင်းချောင်တွေးလိုက်ချိန်မှာပဲ သူက သူမကိုလွှတ်ပေးလိုက်၏။

"အိပ်တော့။"

အိပ်ရမှာလား။ ဒီလိုမျိုး သူ့ကိုယ်ပေါ်မှာလေ။

လင်းချောင်က ဒီလိုလည်း သိပ်တော့မဆိုးဘူးဟု တွေးမိသွား၏။ သူမက သူ၏တက်ကြွနေသေးသော ခန္ဓာကိုယ်မှနေရာအချို့ကိုရှောင်ကာ ခုတင်ပေါ်မှ သူမ၏နေရာတွင် လှဲချလိုက်၏။ သို့သော် သူမလှဲလိုက်ပြီးချိန်မှစ၍ စိတ်ထဲတွင် ပို၍ရှင်းလင်းသွားပြီး မေးခွန်းပေါင်းများစွာပေါ်လာကာ အိပ်မရတော့ပေ။

ပထမဆုံးအနေနှင့် မူလစာအုပ်ထဲမှ အမျိုးသားဇာတ်ဆောင်က အမြဲလိုလိုဖြူစင်နေပြီး သူ၏လူပျိုဘဝ ကို အကောင်းဆုံး ခန်းဝင်အဖြစ် ချစ်ရသူကို ပေးချင်သူမဟုတ်ဘူးလား။

အခုဘာလို့ သူမက်ို ပေးချင်နေတာလဲ။ သူက ဇာတ်လမ်းထဲမှ အမျိုးသားဇာတ်ဆောင် မဖြစ်ချင်တော့ဘူးလား။

ဒုတိယအနေနှင့် ထိုအချိန်တွင် သူမက ကွန်ဒုံးမရှိဘူးဟုပြောခဲ့သည်က မဖြစ်န်ိုင်ဟုပြောခဲ့သည်တော့မဟုတ်....

လင်းချောင် ဝန်မခံချင်သော်လည်း သူမကိုယ်တိုင်က ဒီလူ၏ခန္ဓာကိုယ်ကို ဆွဲဆောင်မှုရှိသည်ဟု ခံစားမိသည်။

သေချာပေါက် ဒီလိုပြီးပြည့်စုံသည့်သူတစ်ယောက် သူမဘေးတွင် နေ့တိုင်းရှိနေသည်ကို သူမက ဒီလူသည် အဓိက ဇာတ်ဆောင်ဟုသာ သိမထားလျှင် ဘယ်လိုမှ စိတ်ထိန်းနိုင်မည်မဟုတ်ပေ။ ဒါကြောင့် အခု အခွင့်အရေးက ရှေ့မှာရှိနေသည့်အတွက် သူမ အမိအရယူလိုက်ရမလား။

လင်းချောင် တွေးနေရင်းနှင့် ဟိုလှည့်လိုက် ဒီလှည့်လိုက်လုပ်နေမိ၏။ သူမက နောက်တစ်ဖက်ပြန်လှည့်ရန်လုပ်လိုက်ချိန်တွင် ထိုလူ၏ သြရှရှအသံကို ကြားလိုက်ရ၏။

"နေရအဆင်မပြေသေးဘူးလား။"

သူက သူမတစ်ကိုယ်လုံးထိတွေ့ခဲ့သဖြင့် သူ ဘာပြောချင်သည်ကို သူမ ချက်ချင်းနားလည်လိုက်၏။ သူမ ရှင်းပြရန် လုပ်လိုက်ချိန်မှာပဲ ထိုလူ၏လက်က ပြန်ရောက်လာပြန်၏။

ဆယ်မိနစ်လောက်ကြာတော့ ကျိသော်က အိပ်ခန်းမီးဖွင့်ကာ စီးကရက်တစ်လိပ်ယူ၍ နှုတ်ခမ်းတွင်ကိုက်လိုက်၏။ သူက စစ်ဘောင်းဘီကို ပေါ့ပေါ့ပါးပါး ခါးပတ်မပတ်ဘဲ ဝတ်ထားပြီး သူ၏အင်္ကျီမှာလည်း လုံးဝဟထားကာ တောင့်တင်းသောရင်ဘတ်နှင့် ကြွက်သားများကိုဖော်ပြနေပြီး ခုတင်ဘေးရှိခုံတွင် မှီထိုင်လိုက်သည်။

ဒီပုံစံက သူအမြဲချပြတတ်သည့်ပုံစံနှင့် ကွဲထွက်ကာ တူဖြစ်သူ ကျိဇယ်ထက်ပင် ပို၍ စိတ်ဓာတ်ပေါ့ပါးသည့်ပုံ ပေါ်နေ၏။ စီးကရက်မီးညှိရန် ခေါင်းမော့လိုက်သည့်အချိန်မှာပင် ပို၍ ဆွဲဆောင်မှုရှိနေပြန်သည်။ တစ်ချိန်တည်းမှာ သူက အားပြင်းပြီးအန္တရာယ်ရှိသော ခံစားချက်မျိုးကိုလည်း ပေးစွမ်းနိုင်၏။ ဒီနေ့အထိ သူ့တွင် ဒီလိုပုံစံမျိုးရှိသေးသည်ကို လင်းချောင် မသိခဲ့ပေ။

မဟုတ်ဘူး၊ လုံးဝကို မထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။

ယခင်က ဆေးရုံတွင် သူစီးကရက်သောက်နေသည်ကို သူမမြင်ဖူးပြီး ထိုပုံစံကလည်း အန္တရာယ်ရှိသော ခံစားချက်ပေးသည့်တိုင် မိုးကြောင့်ဟုဟာ သူမထင်ခဲ့မိသည်။

လင်းချောင် ကြည့်နေသည်က်ိုမြင်တော့ ထိုလူက သူ၏လက်များကိုကြည့်လိုက်၏။

"ကိုယ် လက်သွားဆေးလိုက်ဦးမယ်။"

ယခုမှ လင်းချောင်၏ ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားခဲ့သော ပူလောင်မှုက ပြန်ပေါ်လာခဲ့ပြီး အမှန်ပြောရလျှင် သိပ်တော့ မဆိုးပေ။ ဘယ်လိုဖြစ်ဖြစ် ဒီလူက စိတ်ရှည်ပြီး ကောင်းကောင်းဆက်ဆံပေးတတ်၏။

မကြာခင်မှာပဲ ကျိသော်ပြန်ရောက်လာပြီး ရေဇလုံဘေးတွင် သဘက်တစ်ခုတင်ကာ ယူလာ၏။ သူက စီးကရက်ကို ကိုက်ထားကာ ပုဝါကိုရေစွတ်လိုက်ပြီး သူမကို ကမ်းပေးလိုက်၏။

"မင်းဘာမင်း သန့်ရှင်းရေးလုပ်လိုက်။"

သူက ခုတင်မှထကာ စင်္ကြံကိုကြည့်လိုက်သည်။

လင်းချောင်က သူ့ကိုမေးလိုက်၏။

"ဘာဖြစ်လို့လဲ။"

"ကိုယ်တို့ အပေါ်ထပ်မှာလည်း ရေပိုက်တပ်ထားသင့်တယ်။"

ထိုလူက စီးကရက်ကိုင်ထားသည့်လက်ဖြင့် ပြတင်းပေါက်အပြင်ကို ညွှန်ပြလိုက်၏။

ရေပိုက်တပ်ချင်သည်ဟု ပြောလာခြင်းက သူ့ဘာသာ ရှင်းပြနေခြင်းသာဖြစ်သည်။ သူက ရိုးသားစွာမနေတော့ရန် ဆုံးဖြတ်လိုက်ပုံရသည်။ လင်းချောင်က စိုနေသည့် မျက်နှာသုတ်ပဝါကို မျက်နှာပေါ် ဖိကပ်ရင်း ပြောလိုက်သည်။

"ရှင် တကယ်ပဲ ကျွန်မနဲ့ အိပ်ချင်တာ သေချာလား။"

သူ နောက်မှ နောင်တရမည်ကို သူမစိုးရိမ်ခဲ့ပေမဲ့ ထိုအမျိုးသားက သူမကိုယ်ပေါ်မှ ပန်းနုရောင်သန်းနေမှုနှင့် မကြာသေးခင်က စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တုန်ရီနေသေးသည့် ဆွဲဆောင်မှုရှိသော မျက်လုံးများကိုသာ သတိထားမိခဲ့သည်။ သူက ဆေးပြင်းလိပ်ကို ကိုက်ရင်းပြောလိုက်၏။

"ကိုယ်က ဥပဒေနဲ့အညီ လက်ထပ်ထားတဲ့ တရားဝင်ဇနီးနဲ့ ဘာလို့ မအိပ်ရမှာလဲ"

ထို "ဘာလို့ မအိပ်ရမှာလဲ" ဆိုသည့် စကားလုံးက အောက်ခြေအဆင့် စစ်သားများကို ဦးဆောင်ခဲ့ဖူးသူတစ်ယောက်၏ ပုံစံကို အနည်းငယ်ခံစားရစေပြီး သူ့ကို ပိုပြီး စိတ်ခံစားပြင်းထန်သည့်ပုံ ပေါ်စေခဲ့သည်။

All Chapters