တောကြောင်
Vol. 1 Ch. 7
ဖန့်ရန်သည် သစ်ပင်များတဝိုက်တွင် သွားလာနေချိန်၌ သူ့မျက်လုံးများက သူဖမ်းယူနိုင်သည့် သေးငယ်သော တိရစ္ဆာန်လေးများကို ရှာဖွေနေခဲ့သည်။
ယနေ့အဖို့ သူ ကံကောင်းမည့် ပုံမပေါ်ပေ...
ဖားများစွာကို သူ တွေ့ခဲ့သော်လည်း ထိုဖားတိုင်းသည် သူ့ကို မြင်လိုက်သည် နှင့် အဝေးမှပင် ခုန်ပျံ ထွက်ပြေးသွားကြသည်။
သူသည် တောက်တဲ့ တစ်ကောင်ကို ထပ်တွေ့ခဲ့ပေသည်။ သို့သော် ထိုတောက်တဲ့သည် သူ့ကို တွေ့လိုက်သည်နှင့် ကြောက်လန့်တကြား ထွက်ပြေးသွားပြန်၏။ သူ့တွင် ဖမ်းဆီးဖို့ အခွင့်အရေး မရခဲ့ပေ။
အင်းဆက်ပိုးမွှားအချို့ကို တွေ့ခဲ့သော်လည်း
အင်းဆက်ပိုးမွှား တွေဆီမှရသော စနစ်မှတ် သည် နည်းပါးလွန်တာကြောင့် စိတ်မဝင်စား သည်မှာ ကြာပြီ ဖြစ်သည်။
...
တစ်နာရီကြာပြီးနောက်...
ကြည်လင်သောချောင်းတစ်ခု၏ နံဘေး၌ အစိမ်းရောင် ဖားတစ်ကောင်ကို တွေ့လိုက်ရသည်။
[ပစ်မှတ် - ဖားစိမ်း၊ သွေးအေးသတ္တဝါ၊ စနစ်အမှတ် ၂ မှတ်ကို ရရှိနိုင်သည်]
ထိုဖားစိမ်းသည် ငါးစင်တီမီတာမျှ အရွယ်အစားရှိ၍ အစိမ်းရင့်ရောင် ရေညှိများ အထက်ထက်တက်နေသည့် ကျောက်တုံးတစ်ခုပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလေသည်။
ထိုဖားစိမ်းကို အနီရောင် မြင်ကွင်းကြောင့်သာ မဟုတ်ရင် သူမြင်မိမှာ မဟုတ်ပေ။
ဖန့်ရန်သည် ချက်ချင်းပင် သူ့လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်၏။ သူသည် တစ်မိနစ်မျှ ဖြည်းညင်းစွာ ရွေ့လျားပြီးနောက် ဖားစိမ်းနှင့် နှစ်ဆယ်စင်တီမီတာ မျှသာ ကွာဝေးတော့သည်။
အချိန်ကျပြီ။
ဖန့်ရန်သည် မျှားတစ်စင်းကို လေးညွှန့်မှ လွတ်လိုက်သလို အမြန်နှုန်းနှင့် ပုန်းကွယ်ရွေ့လျားနေရာမှ ရုတ်ချည်းခုန်ပျံရင် ပါးစပ်ကိုဟ၍ ကျောက်တုံးပေါ်တွင် ထိုင်နေသည့် ဖားစိမ်းကို ကိုက်လိုက်သည်။
ရုတ်တရက် ထွက်ပေါ်လာသည့် မြွေတစ်ကောင်၏ အလစ်အငိုက် ကိုက်ခြင်းကို ခံလိုက်ရသော ဖားစိမ်းသည် ပြင်းထန်စွာ ရုန်းကန်နေ၏။
'' အုံး..ဂွမ်.. အုံး..ဂွမ်...အုံးးးး ''
နာကျင်မှုသည် ဖားစိမ်းကို သေရမည်ကို
ထိတ်လန့်ကြောက်ရွံ့စေ၍ ကျယ်လောင်စွာ အော်ဟစ်စေသည်။
ဖန့်ရန်၏ အစွယ်နှစ်စုံသည် ဖားစိမ်းကို မလွှတ်တမ်း ကိုက်ခဲထား၏။ အချိန်ကုန်လာသည်နှင့်အမျှ ဖားစိမ်း၏ အော်သံ တိုးလာခဲ့သည်။
...
အချိန်အနည်းငယ် ကုန်လွန်ပြီးနောက်....
ဖန့်ရန်သည် ဖားစိမ်းကို ဖြည်းညင်းစွာ မျိုချလိုက်၏။ သူ့ဗိုက်က ဖောင်းကားလာသည်။ သူ့ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားရင် ဖားစိမ်း၏ အရသာကို သတိရနေခဲ့သည်။
" မြွေတစ်ကောင်ဖြစ်လာပြီးနောက်ပိုင်း ငါ့အတွေးတွေ လုံးဝ ပြောင်းလဲသွားခဲ့ပြီပဲ..."
အသက်ပြင်းပြင်း ရှူထုတ်ရင်း ဖန့်ရန်သည် ထိုအတွေးများကို ခေါင်းထဲက ဖယ်ထုတ်လိုက်သည်။
"ငါအခု စဉ်းစားသင့်တဲ့အရာက စနစ်မှတ်တွေ မြန်မြန်ရဖို့နဲ့ လုံလောက်တဲ့ ဂုဏ်သတင်းအမှတ်တွေ ဘယ်လိုရနိုင်မလဲ ဆိုတာပဲ"
ဖန့်ရန် အတွေးများနေခဲ့၏။
...
သူသည် ယနေ့အဖို့ အမဲလိုက်ခြင်းတွင် သစ်သန်ကောင်နှစ်ကောင်၊ အနက်ရောင်ပျောက် ကျားဖားတစ်ကောင်နှင့် ဖားစိမ်းတစ်ကောင်ကို ဖမ်းမိခဲ့ကာ စနစ်အမှတ် ၇ မှတ်ကို ရရှိခဲ့သည်။
သူ သတိဝင်လာ၍ ကောင်းကင်ကို ကြည့်လိုက်ချိန်တွင် ညနေစောင်းနေခဲ့ပြီ ဖြစ်၏။ နာရီအနည်းငယ်အတွင်း မိုးချုပ်သွားတော့မည် ဖြစ်သည်။
သို့ပေမယ့် မမှောင်ခင် သားကောင်အချို့ကို အမဲလိုက်ရန် အချိန် လုံလောက်ပေသည်။
"ရွှေဖားတစ်ကောင် ပါလား!”
သူနှင့် မဝေးလှသော ချုံပုတ်များ အနီးတွင် ရွှေဖားတစ်ကောင်သည် ပိုးမွှားအများအပြားကို စားသောက်ခဲ့မှုကြောင့် ၎င်း၏ ဗိုက်သည် ဖောင်းကား နေပေသည်။
' ဒီအရွယ်ရောက် ရွှေဖားကိုသာ မျိုချနိုင်ခဲ့ရင် ဆင့်ကဲဖြစ်စဥ် စတင်ဖို့ လုံလောက်တဲ့ စနစ်မှတ်တွေ ရလိမ့်မယ်! '
ဖန့်ရန်သည် တွေးရင် တွေးရင် ရွှင်မြူးလာကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ဖားဆီသို့ ဖြည်းညှင်းစွာ တွန့်လိန် သွားလိုက်သည်။
ရွှေဖားရှိသော နေရာသည် အနည်းငယ် အလှမ်းဝေးသော်လည်း ဖန့်ရန်သည် စိတ်ရှည်သည်းခံ၍ တိတ်ဆိတ်စွာ ချဉ်းကပ်သွားလေသည်။
ထိုအချိန်တွင် အနက်ရောင်အရိပ်တစ်ခုသည် ချုံပုတ်တစ်ခုအတွင်းမှ ရုတ်တရက် ပြေးထွက်ကာ ရွှေဖားကို မလှုပ်ရှားနိုင်အောင် ၎င်း၏ လက်နှင့် နင်းချလိုက်လိုက်လေသည်။
ထိုနောက် ၎င်းသည် ခေါင်းငုံ့ကာ ရွှေဖားကို ကိုက်ယူ ဝါးစားလျက် အရိုးနုများ၏ ကျိုးကျေသံနှင့် အတူ ဖန့်ရန်ကို လှည့်ကြည့်လာလေသည်။
ရွှေဖားဆီသို့ တိတ်တဆိတ် ချည်းကပ်နေသော ဖန့်ရန်သည် ထိတ်လန့် တုန်လှုပ်သွားပြီး အနက်ရောင်အရိပ်ကို အသေအချာ ကြည့်လိုက်သည်။
'...'
ဖန့်ရန်သည် အနက်ရောင်အရိပ်ကို သေချာမြင်လိုက်ရသည်နှင့် မသိစိတ်မှ ထွက်ပြေးလိုလာသည်။
တောကြောင်!...
တောကြောင်များသည် ကြွက်၊ အင်းဆက်၊ ကုန်းနေရေနေ သတ္တဝါငယ်များနှင့် ငှက်များကိုစားလေ့ရှိသည်။
မြွေများ၏ သဘာဝရန်သူများထဲတွင် ၎င်းတို့လည်း ပါဝင်ပေသည်။
[ပစ်မှတ် - တောကြောင်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁၅ဝ မှတ်ကို ရရှိနိုင်သည်]
၎င်းကို သေချာမြင်လိုက်ရသည်နှင့် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။
" ငါ့ကို မစားရင်ဘဲ ကျေးဇူးတင်နေပြီ "
မကျောမချမ်းနှင့် သူ ရေရွတ်လိုက်မိသည်။
ဤတောကြောင်သည် အရွယ်ရောက် သာမန်ကြောင်များထက် အနည်းငယ်ပိုကြီးပြီး အလျား လေးဆယ်စင်တီမီတာခန့် ရှိပေသည်။
တောကြောင်၏ မျက်လုံးတစ်စုံသည် ဖန့်ရန်ကို စိုက်ကြည့်ရင်း အရောင်များ တောက်ပနေခဲ့သည်။
ဖန့်ရန်သည် ထိုတောကြောင်ကို လေ့လာနေစဉ် ၎င်း၏ မျက်လုံးတစ်စုံ ကနေ အန္တရာယ်ကို မြင်လိုက်ရသည်။
'ငါဘာလုပ်ရမလဲ! ငါဘာလုပ်ရမလဲ! '
ဖန့်ရန်သည် ထိုတောကြောင်၏ တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်နိုင်ရန် အမြန် စဥ်းစားနေသည်။
ထိုအချိန်မှာ တောကြောင်က လှုပ်ရှားလာခဲ့၏။
.....