တရုတ်သို့ အပြန်
Vol. 4 Ch. 393
ဓာတ်ပုံမှာ စမ်းကိုသာ အဓိက ဦးစားပေး၍ ရိုက်ထားခြင်းဖြစ်ရာ အပင်၏ပုံက အနည်းငယ် ဝေဝါးနေသည်။ ထိုအပင်မှာ သုံးမီတာနှင့် သုံးဆယ် စင်တီမီတာခန့် ရှိမည်ဟု ခန့်မှန်းရသည်။
အပင်၏ အကိုင်းများကမူ အနက်ရောင် အခေါက်များဖြင့် ပြည့်နှက်နေပြီး သစ်ရွက်များ ကင်းစင်နေ၏။ အပင်တစ်ခုလုံးတွင် အနီရောင် သစ်သီးတစ်ခုသာ ရှိနေခဲ့သည်။ ထိုသစ်သီး၏ ပုံစံက မွေးဖွားခါစ ကလေးတစ်ယောက်နှင့်ပင် တူညီနေသည်။
နာမည်ကျော် တရုတ်ဝတ္ထုတစ်ခု ဖြစ်သည့် "အနောက်အရပ်သို့ ခရီးသွားခြင်း" တွင်လည်း "လူသစ်သီး" ဆိုသော ကောင်းကင်သစ်သီး တစ်ခု အကြောင်း မှတ်တမ်းတင်ထား သေးသည်။
ထိုသစ်သီးမှာ နှစ်သုံးထောင်ကြာမှ အပွင့်တစ်ပွင့်ပွင့်ကာ နှစ်ခြောက်ထောင် ကြာမှ အသီးသီးသည်ဟု ဆိုသည်။ ထိုသစ်သီးအား စားသုံးရန်အတွက်မူ နောင်နှစ်ပေါင်း သုံးထောင် ထပ်စောင့်ရသည်။
ထိုသစ်သီး၏ အနံ့ကို ရှူမိလျှင်ပင် သာမန် သေမျိုးတစ်ယောက်အား နှစ်ပေါင်း သုံးရာခြောက်ဆယ့် ခြောက်နှစ် ပိုမိုရှည်စေသည်။ ထိုသစ်သီး တစ်ကိုက်ကမူ နှစ်ပေါင်း လေးသောင်း ခုနစ်ထောင် ရှည်စေသည်။
ထိုသစ်သီးမှာ "အနောက် အရပ်သို့ ခရီးသွားခြင်း ဝတ္ထုထဲမှ "လူသစ်သီး" ဟုတ်၊ မဟုတ် ချန်းဖန်အတွက် မသေချာပေ။ သို့သော်လည်း ထိုအရာက "သန္ဓေ အမြုတေ" သစ်သီးဖြစ်ကြောင်း ကိုမူ ချန်းဖန် ကောင်းစွာ သိသည်။
"သန္ဓေအမြုတေ သစ်သီးက သာလွန်အဆင့် ဝိညာဉ် သစ်သီးပဲ။ သူက အရမ်းအေးတဲ့ ရာသီဥတုတွေမှာပဲ ပေါက်နိုင်တယ်။ ဒီသစ်သီးက ကျင့်ကြံသူ တစ်ယောက်ကို ဝိညာဉ်ပင်လယ် (တန်ခိုးရှင်) အဆင့်ရောက်အောင် ကူညီပေးနိုင်တယ်။ သူ့ရဲ့ အာနိသင်က မူလ ဝိညာဉ်အဆင့် ကျင့်ကြံသူ အတွက်တောင် အသုံးဝင်တယ်။ သာမန် လူတစ်ယောက် စားလိုက်မယ် ဆိုရင်တော့ နှစ်တစ်ရာ့ ငါးဆယ်လောက် အသက်ရှည်လိမ့်မယ်"
ထိုသစ်သီးကား ကမ္ဘာပေါ်၌ ချန်းဖန်တွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး သစ်သီး ဖြစ်သည်။ ဆေးနတ်ဘုရား တောင်ကြားမှ ဆေးပင်များ အနေဖြင့် သန္ဓေအမြုတေ သစ်သီးကို လုံးဝ မယှဉ်နိုင်ချေ။
ထို့အပြင် ချန်းဖန် အလောတကြီး လိုအပ်နေသည့် လျှို့ဝှက်စွမ်းအားများ ကိုလည်း သန္ဓေ အမြုတေ သစ်သီးအတွင်းမှ စုပ်ယူနိုင်သေးသည်။
"ဓားပျံကို ပစ်တုန်းက လျှို့ဝှက်စွမ်းအားတွေ အားလုံးနီးပါး ငါသုံးခဲ့ရတယ်။ သန္ဓေအမြုတေ သစ်သီးကို ရရင်တော့ လျှို့ဝှက် စွမ်းအားတွေ ပြန်ရလာလိမ့်မယ်။ အဲဒီအပြင် ငါ့ရဲ့အဇူရာ သက်ရှည် ခန္ဓာကိုယ်ကိုပါ စဦးအောင်မြင်ခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်လိမ့်မယ်"
ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပလာသည်။ ထိုသစ်သီး၏ အကူအညီဖြင့် ဆိုလျှင် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်၏ နောက်ဆုံး အဆင့်သို့ပင် ရောက်ရှိသွားနိုင်သည်။
အကယ်၍ ထိုသစ်သီးအား ရခဲ့လျှင် ကျောက်ခဲ တစ်လုံးတည်းဖြင့် ငှက်နှစ်အောင်အား ပစ်ချနိုင်ပေလိမ့်မည်။ ထိုသစ်သီးက သူ၏ဒဏ်ရာကို ကုသပေးနိုင်သည့် အပြင် ကျင့်ကြံခြင်း အဆင့်ကိုပါ တိုးတက်စေနိုင်သည် မဟုတ်ပါလား။
"သန္ဓေအမြုတေ သစ်ပင် ရှိနေတာကြောင့် သူ့ရဲ့ အနားတစ်ဝိုက်မှာ ဝိညာဉ်ချီတွေ စုနေတာ ဖြစ်ရမယ်။ ဒါကြောင့် အသက်ဓာတ် စမ်းရေ ဖြစ်လာတာပဲ"
ချန်းဖန် တွေးနေစဉ်မှာပင် ရန်ချင်ဟူ၏ မေးသံက ထွက်ပေါ်လာခဲ့သည်။
"ဆရာကြီး ... ဒီကိစ္စကို ဘယ်လိုမြင်လဲ ခင်ဗျ"
"အင်း ... အသက်ဓာတ် ကောင်းကင်ရေက ကျင့်ကြံခြင်းအတွက် အရမ်း အသုံးဝင်တယ်"
ချန်းဖန်က ဆက်ပေးလိုက်သည်။
"မင်းက ငါ့ကို ဒီအစီအစဉ်မှာ ပါစေချင်နေတာလား ..."
"ဟုတ်ပါတယ် ခင်ဗျာ ... "
ရန်ချင်ဟူက လက်သီးနှစ်ဖက်ကို ဆုပ်ပြီး ဆက်ပြောလိုက်သည်။
"ဒီပုံတွေက တင်းဖူဟိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရိုက်ထားတာပါ။ အဲဒီကိုသွားတဲ့ လမ်းမှာ ဝံပုလွေတွေ၊ အခြားသားရိုင်းတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ အဖွဲ့ခေါင်းဆောင်က လွဲရင် အခြား အဖွဲ့သားအားလုံး သားရိုင်းတွေ လက်ချက်နဲ့ သေခဲ့ရတယ်။ အဲဒီကိုသွားပြီး စုံစမ်းဖို့ အဖွဲ့နှစ်ဖွဲ့ ကျွန်တော် လွှတ်ခဲ့ပေမဲ့ ဘယ်သူမှ ပြန်မလာခဲ့ပါဘူး။ တကယ်လို့ ဆရာကြီးချန်းသာ လိုက်မယ် ဆိုရင် ကျွန်တော်တို့ ကျန်းသေ အောင်မြင်မှာပါ"
"အင်း ... အဲဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲဟာ။ သားရိုင်းတွေလောက်က ကိစ္စ မရှိပါဘူး"
ချန်းဖန်က ရန်ချင်ဟူအား ကြည့်ရင်း ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒီစမ်းရေတစ်ဝက်နဲ့ ဘေးနားက သစ်ပင်ကို ငါယူမယ်"
"သဘောတူပါတယ်"
ရန်ချင်ဟူက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
သူ့အနေဖြင့် ထိုစမ်းရေများအား တစ်ယောက်တည်း ယူ၍ ပြန်လာနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။ သို့သော်လည်း ချန်းဖန်မှာမူ စစ်တပ်တစ်ခုလုံးနှင့် တိုက်လေယာဉ်များကိုပင် အနိုင်ယူနိုင် လောက်အောင် စွမ်းအားကြီးသူ ဖြစ်သည်။ ချန်းဖန်အတွက် သားရိုင်းများက ပြဿနာ ဖြစ်လိမ့်မည် မဟုတ်ပေ။
"ဆရာကြီးကို နှောင့်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ နောက်ဆယ်ရက်ကြာရင် စပြီး ခရီးထွက်ပါ့မယ်။ အဲဒီနေရာကို သွားမဲ့လမ်းမှာ နှင်းတွေ ပိတ်နေတာကြောင့် ပြင်ဆင်ဖို့ အချိန်လိုနေလို့ပါ"
ရန်ချင်ဟူက လက်သီးဆုပ်ရင်း ပြောလိုက်သည်။
ချန်းဖန်ကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူ့အနေဖြင့် ထိုဆယ်ရက်ကို မိသားစုအတွက် ပေးရမည်။
ရန်ချင်ဟူ ထွက်ခွာသွားသည်နှင့် ယူကီရှီရိုဆာက စိတ်ပူစွာ မေးလိုက်သည်။
"သခင်လေး ... တကယ်ပဲ ဆားဘီးယားကို သွားမှာလာ။ အဲဒီနေရာက အရမ်းအေးသလို သားရိုင်းတွေလည်း အရမ်းပေါတယ်တဲ့နော်"
"စိတ်မပူပါနဲ့ကွာ ... ငါက သားရိုင်းတွေ မပြောနဲ့ တန်ခိုးရှင် အဆင့်ကိုတောင် အနိုင်ယူနိုင်တယ်"
ချန်းဖန်က လက်နှစ်ဖက်ကို ဝှေ့ယမ်းရင်း အလေးမထားဟန် ပြောလိုက်တော့သည်။
***
နောက်တစ်နေ့နံနက် သူတို့နိုးလာချိန်၌ သင်္ဘောက ကျောင်းဟိုင်သို့ ဆိုက်ရောက်နေခဲ့ပြီ ဖြစ်သည်။
ချန်းဖန်နှင့် ယူကီရှီရိုဆာတို့က သင်္ဘောပေါ်မှ ဆင်းကာ ကျင်းမြို့သို့ ပြန်လာခဲ့သည်။ သူတို့လမ်း၌ ရှိနေစဉ်မှာပင် ချီဝမ်စန်းက အကူအညီအတွက် ကျေးဇူးတင်ကြောင်း ဖုန်းဆက်ကာ လှမ်းပြောသည်။
ချန်းဖန်က ချီဝမ်စန်းနှင့် ခဏမျှ ပြောပြီးနောက် ဖုန်းကိုချပစ်လိုက်သည်။ သူလုပ်ခဲ့သော အရာက ထွေထွေထူးထူး ပင်ပန်းခြင်း မရှိသော်လည်း ချီဝမ်စန်းတို့အတွက်မူ သေရေး၊ ရှင်ရေး ကိစ္စမျိုး ဖြစ်သည်။
ချန်းဖန် အိမ်သို့ပြန်ရောက်ပြီ ဆိုသော သတင်းက တရုတ်အစိုးရ၊ စစ်တပ်၊ အထူးဌာန တစ်ခုလုံးအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတော့သည်။
ချန်းပေ့ရွှမ်း၏ ဂျပန်ခရီးစဉ်တွင် အလွန် အစွမ်းထက်သည့် ဂျပန် ပညာရှင် မြောက်မြားစွာကို သတ်ဖြတ်ပစ်ခဲ့သည်။ နတ်ဆိုးသခင် ငါးယောက်မှာလည်း သူ၏လက်၌ ကျရှုံးခဲ့ရသည်။ ထို့အပြင် ဆယ့်လေးခုမြောက် ကြည်းတပ် တစ်ခုလုံး အပါအဝင် ဟယ်လီကော်ပတာများ၊ တိုက်လေယာဉ်များပင် ချန်းဖန်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
သူ၏ အောင်မြင်မှုများက မခန့်မှန်း နိုင်အောင်ပင်။
"ချန်းပေ့ရွှမ်းရဲ့ စွမ်းအားတွေက ဘယ်ကရလာတာလဲ"
ထိုမေးခွန်းက လူတိုင်း၏ စိတ်များအား စိုးမိုးနေခဲ့သော်လည်း အဖြေ မရှိခဲ့ချေ။
သာမန်ကြည့်လျှင် ချန်းပေ့ရွှမ်းကား အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် လူငယ်လေး ဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်၌မူ သူကား ကမ္ဘာတစ်ခုလုံးကိုပင် လှုပ်ခါစေသည့် ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ကျင်းမြို့သို့ ပြန်ရောက်သည်နှင့် ချန်းဖန်က ယူကီရှီရိုဆာအား အစိမ်းရောင် နဂါး အစီအရင်အတွင်း နေရာချထား ပေးလိုက်သည်။
အပြန်ခရီးစဉ် တစ်လျှောက်လုံး၌ ချန်းဖန်က ယူကီရှီရိုဆာအား ဆန်ရှိုနည်းစနစ် တချို့ သင်ပေးခဲ့သည်။ သို့သော်လည်း ယူကီရှီရိုဆာက ဆန်ရှိုကို စိတ်မဝင်စားချေ။ ဓားပညာကိုသာ သင်ယူချင်နေသည်။
ထို့ကြောင့် ချန်းဖန်က သူမအား ဓားတန်ခိုးရှင်များ၏ ဓားပညာ အခြေခံများကို သင်ကြားပေးခဲ့သည်။ သူက ထိုဓားပညာကို အဇူရာပန်းပွင့် ဓားပညာဟုပင် ရိုးရှင်းစွာ ခေါ်စေခဲ့သည်။ ထိုဓားပညာအား လေ့ကျင့်ပါက ယူကီရှီရိုဆာ အနေဖြင့် အနည်းဆုံး တန်ခိုးရှင် အဆင့်သို့ ရောက်ရှိပေလိမ့်မည် ဖြစ်သည်။
ယူကီရှီရိုဆာအား အခြေကျအောင် လုပ်ပြီးချိန်၌ ပျံလွှားနီလေးက သူ့ထံသို့ ရောက်ချလာသည်။
ချန်းဖန်နှင့် သူမတို့ တန့်ယွမ်ချင်း၏ ဥယျာဉ်တွင် တွေ့ဆုံရန် ချိန်းလိုက်ကြသည်။
"မင်း အဆင်ပြေရဲ့လား ..."
ချန်းဖန်က မေးလိုက်သည်။ သို့သော်လည်း ပျံလွှားနီလေးက ပြန်မဖြေဘဲ သူမ သိချင်သည်ကိုသာ မေးလိုက်သည်။
"နင်နောက်ဆုံး တိုက်ခိုက်တာကို ခပ်လှမ်းလှမ်းကနေ ငါလှမ်းတွေ့လိုက်တယ်။ အဲဒီ အကြောင်းကို အထူးဌာနက အဘိုးကြီးဆီ ပြန်ပြောပြတော့ သူဘာပြောလဲ သိလား။ တန်ခိုးရှင် အဆင့် တစ်ယောက်တောင် နင့်လို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးတဲ့။ အဲဒီလို တိုက်ခိုက်မှုမျိုးကို ဖော်ထုတ်လိုက်ရတဲ့ အတွက် ဘေးထွက် ဆိုးကျိုးတွေ နင်ခံစားရနိုင်တယ်တဲ့ ..."
"ပြဿနာကြီး မဟုတ်ပါဘူး ... ငါ အဆင်ပြေပါတယ်"
ချန်းဖန်က ခေါင်းစဉ်ကို ပြောင်းလိုက်သည်။
"ဒါနဲ့ မင်း ဂျပန်က ဘယ်လို ပြန်သွားတာလဲ ... မင်းကို ဒီလိုပဲ လွယ်လွယ် လွှတ်လိုက်တာလား"
"ဟမ့် ... သူတို့ ဘယ်လုပ်ရဲမလဲ ... တရုတ်နဲ့ ကိုရီးယား နှစ်နိုင်ငံကို အပြစ်လုပ်မိမှာ သူတို့ ကြောက်နေတာလေ"
ပျံလွှားနီလေးက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။ ထို့နောက် တစ်ခုခုကို အမှတ်ရသွားဟန် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါနဲ့ အိကျင့်ချီလို့ခေါ်တဲ့ ကောင်မလေးက နင့်ကို လက်မလွှတ်နိုင်ပုံပဲ။ သူက နင့်လိပ်စာနဲ့ ဖုန်းနံပါတ်ကို အတင်းတောင်းနေတာ။ ငါပေးလိုက်ရမလား"
ချန်းဖန်က ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
တန့်ရီဖေးနှင့် တန့်ယွမ်ချင်းတို့ကမူ ခပ်လှမ်းလှမ်းမှသာ သူတို့ နှစ်ယောက်အား ကြည့်နေခဲ့သည်။ အထူးဌာနမှ စစ်သားကပင် လေးစားစွာ ဆက်ဆံရသော ချန်းဖန်အပေါ် သူတို့၏ လေးစားမှုများက တိုးပြီးရင်း တိုးနေခဲ့တော့သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် အခြားဧည့်သည်များ ရောက်လာခဲ့သည်။ သူတို့ကား ကျင်းလင်းဒေသ၏ အဓိပတိကြီး လီဝူချန်းနှင့် ယုချင်တို့ပင် ဖြစ်သည်။
ယုချင်က ပျံလွှားနီလေးအား တွေ့သည်နှင့် အံ့အားသင့်စွာ ခေါ်လိုက်သည်။
"မမ ... နင် ဒီမှာ ဘာလုပ်နေတာလဲ"
***