ထိတ်လန့်သွားခြင်း
Vol. 2 Ch. 17
စုပြုံလာသော လက်ဆောင်များက ရှောင်လျို့ကို ထိတ်လန့် သွားစေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အတွင်း ဤကဲ့သို့ လက်ဆောင်တွေ အများကြီးရရှိတာ ပထမဆုံးအကြိမ် ဖြစ်၏။ ရှောင်လျို့က ထိတ်လန့်ခြင်းကို ချိုးနှိမ်၍ ဆက်ပြောသည်။
" ဒီတောထဲမှာ တိရစ္ဆာန်လေးတွေလည်း အများကြီးရှိပါတယ်။ လှပတဲ့ အတွေ့အကြုံကို ခံစားချင်တယ်ဆိုရင်တော့ နောက်ကျ ဒီနတ်သမီးတောင်ကို လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်"
" ဒါပေမယ့် ပတ်ဝန်းကျင်ကို မဖျက်စီးမိဖို့ နဲ့ တောရိုင်းတိရစ္ဆာန်တွေကို မနှောင့်ယှက်မိဖို့တော့ သတိထားကြပါ "
ရှောင်လျို့က သူမ ပတ်ဝန်းကျင်ရှိ ရှုခင်းများကို လူတိုင်းမြင်နိုင်စေရန်အတွက် ဖုန်းကို ချိန်ညှိ့၍ ဆယ်လ်ဖီချောင်းကို ကိုင်ရင် ပြောပြနေသည်။
~" အစ်မ ရှောင် နင် တစ်ယောက်တည်းတော့ တောင်ပေါ်တက်တာလား..."~
~" ဒီနေရာ အရမ်းလှတယ်။ ဒါပေမယ့် မြွေတွေ အဆိပ်ရှိတဲ့ အကောင်တွေ ရှိနိုင်တယ် ရှောင်လျို့ မင်း သတိထားနော်..."~
~" အရမ်းကောင်းတယ် ရှောင်လျို့က သတ္တိရှိမယ်လို့ မထင်ထားဘူး..."~
...
ထုတ်လွှင့်ခန်း ဧည့်ခန်းတွင်မှ ပေါ်လာသော စိုးရိမ်ပူပန်သည့် မှတ်ချက်များကို ရှောင်လျို့က ပြုံး၍ တုံ့ပြန်သည်။
" အားလုံးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ငါက ငါ့သူငယ်ချင်သုံးယောက်နဲ့ အတူ လာတာပါ.."
~" ရှောင်လျို့က သူ့ သူငယ်ချင်းတွေနဲ့ အတူ သွားတာဆိုတော့ စိတ်မပူရတော့ဘူးပေါ့..."~
~" ပန်းခြံသွားတုန်းက နှံကောင် တစ်ကောင် ရှောင်လျို့ ခေါင်းပေါ် ခုန်ချခဲ့တာကို မှတ်မိနေသေးတယ်။ အဲဒီတုန်းကဆို သူမ အရမ်းကြောက်သွားခဲ့တာ..."~
~" ညီမရှောင် မင်းရဲ့ သူငယ်ချင်တွေဆီ ကင်မရာကို လှည့်ပြပါအုန်း..."~
~" အပေါ်ကကောင် ညီမ ရှောင်လျို့က ငါ့အတွက်ပဲ..."~
~" ငါက မင်းတို့နဲ့ မတူဘူး ထွားတာကို ကြိုက်တာ..."~
၎င်းတို့သည် ရှောင်လျို့၏ သူငယ်ချင်းမ သုံးယောက်က ချောမောလှပကြမှန် အရင် ထုတ်လွှင့်မှုများတွင် မြင်တွေ့ဘူး၍ စနောက်နေကြခြင်းပင်။
" အားလုံးပဲ ပြစရာတစ်ခု ရှိတယ် "
ရှောင်လျို့က ကင်မရာကို ကြည့်ရင်း ထူးထူးခြားခြားပြုံးကာ ကင်မရာကို သူမ ဘေးရှိ ထင်းရှူးပင်ကြီးဆီသို့ ဖြည်းညှင်းစွာ လှည့်လိုက်၏။
ပထမတုန်းက သူမသည် ရူခင်းများကို ပရိသတ်များကို ပြသရာတွင် ၎င်းကို ချန်ထားခဲ့၏။
၎င်းသည် ဤထင်းရှူးပင်ကြီးကို ပြလိုက်ချိန်တွင် သူမ၏ ပရိသတ်များကို အံ့အားသင့်စေရန် ဖြစ်သည်။
ထင်းရှူးပင်ကြီး၏ ပုံရိပ်က တိုက်ရိုက်ထုတ်လွှင့်ခန်းမှုမှာ ပေါ်လာသည်နှင့် ချက်ခြင်းပင်။ ပွက်လော ရိုက်သွားပြန်၏။
ထင်းရှူးပင်ကြီး၏ ပင်စည်သည် အလွန်ထူထဲ၍ အမြင့်က အတော် မြင့်မားပေသည်။ စိမ်းလန်းသော ထင်းရှူးရွက်များက အခြား အခြားသော ထင်းရှူးပင်များထက် ထင်ရှားနေသည်။
~" ဒီထင်းရှူးပင်က တကယ်ကြီးတာပဲ... အနည်းဆုံး နှစ်ငါးရာရှိမယ် ထင်တယ်..."~
~" နတ်သမီးတောင်မှာ ဒီလိုရှားပါးတဲ့ ရှုခင်းတွေရှိနေတယ်လို့ ဘယ်သူက ထင်မှာလဲ.. ငါအချိန်ရရင် သွားကြည့်ရမယ်..."~
~" ညီမ ရှောင် မင်း ပိုနီးနီးကပ်ကပ် ပြလို့ရမလား..."~
တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းထဲက ပရိသတ်များ၏ တောင်းဆိုမှုကို မြင်တော့ ရှောင်လျို့က ချက်ချင်းပင် ထင်းရှူးပင်ကြီးဆီသို့ ကပ်သွားလိုက်၏။ အနီးရောက်တော့ သူမ အံ့သြသွားသည်။
" ကျန်းဝေ၊ ညီမဆောင်း၊ ညီမချင် နင်တို့လာကြည့်စမ်း.. ဒီမှာ သစ်ပင်အခေါင်းပေါက် တစ်ခု ရှိနေတယ် "
ရှောင်လျို့က သူမရှေ့ရှိ သစ်ပင်အခေါင်းပေါက်ကို သေချာ ကြည့်လိုက်သည်။ ၎င်းသည် မြေပြင်မှ အထက် အမြင့် (၆) ပေခန့်တွင် ရှိပေသည်။ ထိုကြောင့် အတွင်းဘက်ရှိ အရာများကို မြင်ရရန် ခက်ခဲ၏။
ကျန်းဝေ၊ ဆောင်ယုနှင့် ချင်ရန် တို့သည် ရှောင်လျို့၏ စကားကိုကြားပြီး သူမဘက်သို့ ကြည့်လိုက်ကြသည်။
" နင် ဘာမြင်လဲ အထဲမှာ ရှဉ့်တွေရှိလား "
သူမတို့ အားလုံး၏ စိတ်ဝင်စားမှန်း သိသာနေသော တောက်ပသည့် မျက်လုံးများက သက်သေခံ နေသည်။
" ရှဥ့်! ဟုတ်လား... ရှဥ့်! ရှဥ့်! ဘယ်မှာလဲ "
မြေပြင်ပေါ်တွင် လှဲလျောင်းနေသော ချင်ရန်သည် ရှောင်လျို့၏ စကားကို ကြားပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို ဆန့်တန်း၍ အမြန် ထရပ်လိုက်သည်။
ဘေးတွင်ထိုင်နေသော ကျန်းဝေနဲ့ ဆောင်းယု တို့လည်း အံ့အားသင့်စွာဖြင့် အမြန်ထရပ်လိုက်ကြသည်။
ရှဥ့်နှင့် ချစ်စရာ အမွှေးများပါရှိသည့် တိရစ္ဆာန်ငယ်လေးများကို မိန်းခလေး အနည်းငယ်သာ ဆန့်ကျင် နိုင်ကြသည်။
" အမရှောင် မြွေတွင်းဖြစ်ရင်ဖြစ်နေနိုင်တယ် အရမ်း နီးနီးကပ်ကပ်မနေနဲ့...."
ချင်ရန်၏ စကားက.. သစ်ပင်အခေါင်းပေါက် အတွင်းကို မြင်နိုင်ရန် ကြိုးစားနေသော ရှောင်လျို့၏ နှုတ်ခမ်းကို ဆူပုတ်သွားစေသည်။
ချက်ချင်းပင် ရှောင်လျို့၊က ချင်ရန် ရှိရာသို့ ခေါင်းလှည့် အော်သည်။
" တော်တော့.. ချင် နင်ပါးစပ်ပုတ်နဲ့ "
~" ရှောင် နင်ကို ချင် ပြောနေတာ မမှားဘူး... ရှဥ့်သိုက်လား၊ မြွေတွင်းလား ဂရုစိုက်ပြီးဝေးဝေးကနေ ကြည့်သင့်တယ်..."~
~" တကယ်တော့ ဒါက ရှဥ့်သိုက်လား၊ မြွေတွင်းလား သိချင်ရင် လွယ်ပါတယ်။ အကိုက်မခံရင် မြွေတွင်းမဟုတ်ဘူး..."~
~" ဟုတ်တယ်။ ဒီနည်းလမ်းက မြွေတွင်းလား၊ ရှဥ့်သိုက်လားဆိုတာ တကယ် စမ်းသပ်လို့ရတယ်။ ဒီနည်းလမ်းကို ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းက ငါစမ်းသပ်ခဲ့သေးတယ်။ အခုတောင် မြေအောက်ကမ္ဘာက အဘွားမုန့်ဆီ သွားရင်း ငါပြောနေတာ..."~
"…."
ရှောင်လျို့က တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းရှိ မှတ်ချက်များကို ငုံ့ကြည့်ရင်း သူမ ပါးစပ်က ငါးတစ်ကောင်လို ဟစီ၊ ဟစီ ဖြစ်နေသည်။
ရှောင်လျို့က စကားမပြောနိုင်ဘဲ ခေါင်းကိုခါကာ ကူကယ်ရာမဲ့၍ ရှဥ့်သိုက်လား၊ မြွေတွင်းလား ကြည့်ရန် သစ်ပင်အခါင်းပေါက် အတွင်းသို့ လှည့်ကြည့်ခါနီး၌...
သူမဆီ လာနေသော ချင်ရန်၊ ဆောင်းယုနှင့် ကျန်းဝေတို့ ရုတ်တရက် ရပ်လိုက်သည်ကို မြင်လိုက်ရ၏။ သူမတို့၏ မျက်နှာက ဖြူဖျော့နေသည်။
" ညီမချင် ဘာဖြစ်တာလဲ..နင်တို့တွေ ဘာဖြစ်လို့ ရပ်လိုက်တာလဲ...."
ရှောင်လျို့က ဘာပြဿနာရှိမှန်း မသိသောကြောင့် ချင်ရန်ကို လှမ်းမေးလိုက်သည်။
မျက်နှာ ဖြူဖျော့နေသော ချင်ရန်က သူမ၏ လက်ချောင်းများကို တင်းတင်းဆုတ်၍ မြှောက်လိုက်ပြီး ရှောင်လျို့ကို သူမ၏ နောက်က သစ်ပင်အခေါင်းပေါက်ကို လက်ညိုးထိုး ပြလိုက်သည်။
ရှောင်လျို့ မျက်ခုံးရှုံ့လိုက်ပြီး ဖြည်းညှင်းစွာ ခေါင်းလှည့်၍ သစ်ပင်အခေါင်းပေါက်ဆီ ကြည့်လိုက်သည်။
" အား!..."
ချင်ရန်၏ ယခင်သတိပေးချက်က အမှန်ဖြစ်လိမ့်မည်ဟု သူမ မတွေးမိခဲ့ပေ။
ဤသစ်ပင်အခေါင်းပေါက်သည် ရှဥ့်သိုက် မဟုတ်ဘဲ မြွေတွင်း ဖြစ်နေခဲ့၏။
ရှောင်လျို့က တုန်လှုပ်သွားခဲ့၏။ သူမသည် အမြန် ပြေးချင်သော်လည်း ခြေထောက်များ ပျော့ခွေခြင်းကြောင့် မလှုပ်ရှားနိုင်တော့ပေ။
" ရှောင်လျို့ မြန်မြန်ပြေး!"
ချင်ရန်၊ ဆောင်ယုနှင့် ကျန်းဝေ တို့သည် သတိဝင်လာကာ ရှောင်လျို့ကို အမြန်ပြေးရန် တိုက်တွန်းလိုက်သည်။
"ငါ...."
ရုတ်တရက် ထိတ်လန့်တုန်လှုပ်နေသော ရှောင်လျို့သည် အလွန်အံ့အားသင့်သွားပြီး သူမ၏ ပါးစပ်က အို ပုံသဏ္ဍာန်ဖြစ်သွားခဲ့သည်။ မနီးမဝေး၌ ရှိနေသော ချင်ရန်၊ ဆောင်းယုနဲ့ ကျန်းဝေ တို့သည်လည်း အတူတူပင်။
သစ်ပင်အခေါင်းပေါက် အတွင်းကနေ ရှဥ့်လေး တစ်ကောင်ထွက်လာ၍ ၎င်းမြွေ၏ ခေါင်းကို ပွေ့ဖက်လာလေသည်။ ၎င်း၏ ဝိုင်းစက်နေသော မျက်လုံးလေးတွေက ရှောင်လျို့နှင့် သူမ သူငယ်ချင်တွေကို အပြစ်ကင်းစင်စွာ ကြည့်နေသည်။
မြွေနဲ့ ရှဥ့်!
မိန်းခလေး လေးယောက်သည် ၎င်းတို့၏ မေးရိုးများ ပြုတ်ကျလုမတပ် အံသြသွားကြသည်။
ကျန်းဝေက ရုတ်တရက် သတိဝင်လာပြီး ရင်ဘတ်မှာ ချိတ်ဆွဲထားသော သူမ၏ ကင်မရာကို ဆွဲယူပြီး သစ်ပင်အခေါင်းပေါက်ကို ချိန်ရွယ်ကာ ခလုပ် နှိပ်ချလိုက်သည်။
ချက်!
အလွန်ရှားပါးသော မြင်ကွင်းတစ်ခုကို ဖမ်းယူ ရရှိလိုက်သည်။
.....