← Chapters

ချန်းဖန်၏ ပြောင်းလဲမှု

Vol. 4 Ch. 394

ချန်းဖန်၏ ပြောင်းလဲမှု

Vol. 4 Ch. 394

"ရှောင်ချင် ... နင်ကရော ဒီကို ဘာလို့ရောက်လာတာလဲ ... နင့်ကို ရန်ကျင်းပြန်သွားပြီ ထင်နေတာ"

ပျံလွှားနီလေးကလည်း နှုတ်ဆက်လိုက်သည်။

"ငါက ဗိုလ်ချုပ်ကြီးချန်းရဲ့ လက်ထောက်ပဲဟာ။ သူက ဗိုလ်ချုပ်ချန်းကို တွေ့ချင်တယ် ဆိုတော့ ငါလိုက်လာခဲ့တာ"

ယုချင်က ပြောရင်း ပျံလွှားနီလေး အနားသို့ လျှောက်ကာကာ လက်မောင်းအား ချိတ်လိုက်သည်။ ထိုမိန်းကလေး နှစ်ယောက်ကား ဆံပင်ပုံစံမှ စ၍ တစ်ထေရာတည်း တူသည်။ အကယ်၍ ပုံစံတူသာ ဝတ်ဆင်ထားပါက ခွဲခြားရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။

"မမ ... နင် အိမ်ကိုပြန်မလာတာ နှစ်တွေ တော်တော်ကြာပြီနော်။ ပါးနဲ့မားက နင့်ကို အရမ်းသတိရနေတာ။ သူတို့က ဒါရိုက်တာရှောင်ကို ဆက်သွယ်ပြီး နင့်အတွက် ခွင့်တောင်းနေသေးတာ"

ယုချင်က ပြောလိုက်သည်။

"ဟမ့် ... ငါက အထူးစစ်သားဆိုတော့ နင့်လို ဘယ်အားပါ့မလဲ။ ခုရက်က နှစ်သစ်ကူးရက် ဆိုတော့ လူရမ်းကားတွေ ပေါသောနေတာ။ ငါတို့ ဌာနက လူတွေဆို အလုပ်များနေတာ ဖင်ထောင် မထိုင်နိုင်ဘူး။ နောက်ပြီး အိမ်ကိုပြန်ရင် ဟိုလူကြီးနဲ့ တွေ့နေရဦးမယ်"

ပျံလွှားနီလေးက ပြန်ပြောလိုက်သည်။

ချန်းဖန်ကမူ ထိုမိန်းကလေး နှစ်ယောက်၏ စကားဝိုင်းကို ဝင်မစွက်ဖက်ခဲ့ပေ။ ငြိမ်သက်စွာပင် နားထောင် နေခဲ့သည်။

သူမတို့ နှစ်ယောက်၏ စကားများအရ ပျံလွှားနီလေး၏ အမည်ရင်းမှာ ယုနန်ဖြစ်ကြောင်း ချန်းဖန် သိခဲ့ရသည်။ သူမက ယုချင်၏ အမေတူ၊ အဖေကွဲအစ်မ ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် ပျံလွှားနီလေး၏ စွမ်းအားကို မိသားစုက သတိထားမိပြီး အထူးဌာနသို့ ပို့လွှတ်ခဲ့သည်။ ထို့ကြောင့်ပင် သူမက မိသားစုနှင့် အနေစိမ်းနေခြင်း ဖြစ်သည်။

လီဝူချန်းက ချန်းဖန်ထံသို့ လျှောက်လာရင်း ပြုံးကာ နှုတ်ဆက်လိုက်သည်။

"ဂုဏ်ယူပါတယ် ... ဗိုလ်ချုပ်ချန်း ..."

သူက ချန်းဖန်၏လက်အား သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ဆက်ပြောလိုက်သည်။

"မင်းရဲ့တိုက်ပွဲက ကျုပ်တို့တွေကို ဂုဏ်တက်စေခဲ့ပါတယ်။ အဲဒီတိုက်ပွဲ အပြီးကတည်းက ဂျပန်တွေ တော်တော်လေး ငြိမ်ကျသွားခဲ့တယ်။ ဂျပန် အစိုးရက သူတို့စစ်တပ်ကို တည်ငြိမ်အောင် ပြန်ထိန်းနေပုံရတယ်။ ဒါပေမဲ့ အမေရိကန်တွေကိုတော့ သတိထားပါ။ ကျုပ်မိတ်ဆွေ တစ်ယောက်ကတော့ မင်းရဲ့စွမ်းရည်တွေကို စစ်ဌာနချုပ် တစ်ခုလုံးမှာရှိတဲ့ စစ်သားတွေနဲ့တောင် ယှဉ်ပြီး ချီးကျူးနေတယ်"

"ကျေးဇူးပါပဲ ဗိုလ်ချုပ်ကြီးလီ ..."

ချန်းဖန်က ပြုံးလိုက်သည်။

"ဦးလေးလီ ... သူ့ကို အရမ်း ချီးကျူးမနေနဲ့။ သူက အစောကတည်းက ဘဝင်ခေါင်ခိုက်နေတာ။ တရုတ် စစ်တပ်ကြောင့်သာ မဟုတ်ရင် အမေရိကန်က သူ့ကိုဖမ်းပြီး ဓာတ်ခွဲခန်းထဲ ပို့နေလောက်ပြီ ဆိုတာ သူမသိဘူး"

ပျံလွှားနီလေးက ဝင်ပြောလိုက်သည်။

ချန်းဖန်၏ အပြုအမူ တည်ငြိမ် နေသေးသည့်တိုင် ပျံလွှားနီလေး၏ စကားက သူ့အား အတွေးနက်စေသည်။ သူမ၏ စကားအရဆိုလျှင် အမေရိကန် စစ်တပ်က တရုတ် အစိုးရအား ဖိအား တစ်စုံတစ်ရာ ပေးခဲ့ဟန် ရသည်။

"စိတ်မပူပါနဲ့ ဗိုလ်ချုပ်ချန်း ... တရုတ်က သူတို့ဆင်တဲ့ အကွက်ထဲ မဝင်ပါဘူး"

လီဝူချန်းက ကတိပေးလိုက်သည်။

"ဒါပေမဲ့ နောက်တစ်ခါ ပြည်ပကိုထွက်မယ် ဆိုရင် အမေရိကန်လို အင်အားကြီး နိုင်ငံတွေကို ဝေးဝေး ရှောင်သင့်တယ်။ မင်းက စီအိုင်အေရဲ့ အလိုချင်ဆုံး လူတစ်ယောက်ပဲ။ သူတို့ သတင်းအနှံ့ ရတာနဲ့ မင်းနောက်ကို လိုက်လိမ့်မယ်"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ အမေရိကန်၏ သူ့အပေါ် သဘောထားများက တရုတ်၊ ရုရှားတို့ကဲ့သို့သော နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ရန် သူ့ကို တွန်းအားပေးနေသည်။ "ရန်သူ၏ ရန်သူက မိတ်ဆွေ" ဆိုသော စကားပင် ရှိသည် မဟုတ်ပါလား။

ခဏအကြာ၌ လီဝူချန်း၏ စကားသံက ထွက်ပေါ်လာပြန်သည်။

"ကျုပ် မင်းကို ပထမဆုံး တွေ့တုန်းက လူငယ်မျိုးဆက်ရဲ့ အထူးချွန်ဆုံး ကောင်လေးလို့ပဲ ထင်ထာခဲ့တာ။ ဒါပေမဲ့ တစ်နှစ်တောင် မကြာသေးဘူး။ မင်းနာမည်က ကမ္ဘာတစ်ခုလုံးကို ပြန့်နေခဲ့ပြီ။ အမေရိကန် သမ္မတ အပါအဝင်ပေါ့"

လီဝူချန်း၏ စကားသံက လေးစားမှုများ စွက်ဖက်နေသည်။

တန့်ရီဖေးနှင့် တန့်ယွမ်ချင်းတို့ကား ဗိုလ်ချုပ်ကြီးလီနှင့် ရယ်ရယ်မောမော စကားပြောနေသည့် ချန်းဖန်အား အဝေးမှ ကြည့်ရင်း အလွန် အံ့အားသင့် နေကြတော့သည်။ ချန်းဖန်အား ဗိုလ်ချုပ်ကြီးလီ၏ ရှေ့တွင်ပင် ယုံကြည်ချက် ရှိနေပုံရသည်။

ပျံလွှားနီလေးမှာလည်း ထိုမြင်ကွင်းအား ကြည့်ရင်း အတွေးနက်နေ မိတော့သည်။ သူမ စတင်သိခဲ့သော ချန်းဖန်မှာ ဗိုလ်ချုပ်လီ၏ အကာအကွယ် အောက်တွင်ရှိသည့် အစွမ်းထက်သော အထွတ်အထိပ် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း မကြာသေးသော အချိန်အတွင်းမှာပင် ချန်းဖန်မှာ နိုင်ငံနှင့်စစ်တပ် အကြီးအကဲများကပင် တန်းတူ ဆက်ဆံခံရသော အဆင့်အထိ ပြောင်းလဲသွားခဲ့သည်။

"သိပ်မကြာခင်မှာ သူက အဘိုးကြီးကို ကျော်နိုင်တော့မယ် ထင်တယ်။ အဇူရာနဂါးတောင် သူ့နောက် အတော်ဝေးဝေးမှာ ပြတ်ကျန်ခဲ့ပြီ"

ပျံလွှားနီလေးက တွေးနေမိသည်။

ချန်းဖန်နှင့် လီဝူချန်းတို့၏ စကားဝိုင်းကား နေဝင်ရီတရော အချိန်ရောက်မှသာ လက်စသတ်တော့သည်။ လီဝူချန်းက မထွက်ခွာခင် ချန်းဖန်းအား ပြုံးပြရင်း ...

"ဗိုလ်ချုပ်ချန်း ... ခေါင်းဆောင်ကြီးတွေက မင်းရဲ့ လုံခြုံရေးအတွက် စစ်သားတပ်ဖွဲ့ တစ်ဖွဲ့ အသုံးချခွင့် ပေးထားတယ်။ အဲဒီနေရာအတွက် ထန်လုံတပ်ဖွဲ့ကိုပဲ ငါရွေးထားလိုက်မယ်။ မင်း အနေနဲ့ အကာအကွယ်မလိုဘူး ဆိုပေမဲ့လည်း မင်းရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ အတွက်ပေါ့"

"ကောင်းတာပေါ့ ... ကျေးဇူးပါပဲ"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ထိုအချက်က စစ်တပ်အနေဖြင့် သူ့ကို မည်မျှ တန်ဖိုးထားကြောင်း သဘောထားကို ဖော်ပြလိုက်ခြင်းပင်။

ချန်းဖန်က ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီးနောက် လီဝူချန်းက နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

လီဝူချန်း ထွက်ခွာသွားသည်နှင့် ပျံလွှားနီလေးက ချန်းဖန်အား မကျေမနပ် ကြည့်လိုက်သည်။

"နင်က တကယ့် ဖြတ်လမ်းသမားပဲ။ ငါဆို နိုင်ငံအတွက်  နှစ်တွေအကြာကြီး နဖူးကချွေး ခြေမကျအောင် ကြိုးစားပေးခဲ့တယ်။ ဒါတောင် လက်ထောက်တစ်ယောက်ပဲ ရတယ်။ နင်ကျတော့ ဘာမလုပ်ဘဲ တပ်ဖွဲ့တစ်ဖွဲ့တဲ့"

"မမ ... ဗိုလ်ချုပ်ချန်းကို ဘာလို့ အဲ့လို ပြောရတာလဲ"

ယုချင်က ပျံလွှားနီလေး၏ အင်္ကျီကို ဆွဲရင်း တားလိုက်သည်။

ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ကာ ပြုံးလိုက်ရင်း ...

"ပျံလွှားနီလေး ... ငါအခု နင့်ရဲ့ စွမ်းအားတွေကို ဖယ်ရှား ပစ်လိုက်ရင် ဒါရိုက်တာရှောင်က ငါ့ကို ဘာလုပ်မယ်ထင်လဲ"

ပျံလွှားနီလေး၏ မျက်နှာ တစ်ခုလုံးကား ဒေါသဖြင့် နီရဲလာတော့သည်။ သူမက တစ်ခုခုအား ပြောချင်သော်လည်း စကားလုံးများက ထွက်မလာခဲ့ချေ။

ယခုအချိန်၌ ချန်းဖန်ကား ကွဲပြားသော လူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ လီဝူချန်းက ပင်လျှင် ချန်းဖန်အား စစ်ဌာနာချုပ် တစ်ခုနှင့် ခိုင်းနှိုင်းခဲ့သည်။ ပျံလွှားနီလေး မဆိုထားနှင့် လီဝူချန်းပင်လျှင် ချန်းဖန်အား အထက်စီးမှ ဆက်ဆံရန် မလွယ်ကူတော့ပေ။ အကယ်၍ ချန်းဖန်က သူမအား သတ်ပစ်လိုက်လျှင်ပင် အထူးဌာန အနေဖြင့် နှုတ်ပိတ်နေရလိမ့်မည် ဖြစ်သည်။

ထိုအတွေးက ပျံလွှားနီလေးအား သတိဝင်စေသည်။ သူမ၏ ချန်းဖန် အပေါ် မနာလိုမှုများမှာလည်း အငွေ့ပျံသွားခဲ့ပြီ ဖြစ်သည်။

ထန်လုံတပ်ဖွဲ့ အပြောင်းအရွှေ့ ကိစ္စများအား စီမံပေးပြီးနောက် ချန်းဖန်သည် အရှေ့တောင်ခြေတွင် ရှိသော ချန်းမိသားစုထံ ပြန်လာခဲ့သည်။ တရုတ် နှစ်သစ်ကူးသို့ ရောက်နေပြီ ဖြစ်ရာ ချန်းမိသားစုကား တရုတ်နိုင်ငံ တစ်လွှားမှ ချန်းမိသားစုဝင်များနှင့် စည်ကား နေတော့သည်။ ချန်းဟွိုက်အန်း၊ ချန်းကျန်းရှင်း၊ ဝမ်ရှောက်ယွင်၊ အမအန့်၊ ချန်းဟူ၊ ချန်းကူးကူး၊ ချန်းအန် စသူများကား ချန်းမိသားစု၌ သူ့ထက်အရင် ရောက်နေကြပြီ ဖြစ်သည်။

"ရှောင်ဖန် ... မင်းဦးကြီးတော့ ဒီနှစ်မှာ ရာထူးတိုးသွားပြီ။ မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ။ ပြည်နယ် ခေါင်းဆောင်တွေက နောက်နှစ်မှာ သူ့ကို ဗိုလ်မှူးရာထူး တိုးပေးဖို့လည်း အရိပ်အမြွက် ပြောထားတယ်တဲ့"

ဦးလေး အကြီးဆုံး၏ မိန်းမက ချန်းဖန်ထံသို့ လျှောက်လာရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ ချန်းကျန်းရှင်းကမူ သူမိန်းမ၏ ဘေးတွင်သာ ရပ်ရင်း ပြုံးနေခဲ့သည်။

သူ၏ လက်ရှိ ရာထူးကား ကျင်းမြို့တော် ဒုတိယမြို့တော်ဝန် ဖြစ်ကာ အခြားမြို့တစ်မြို့သို့ မြို့တော်ဝန် အဖြစ် ရာထူးတိုးခဲ့ခြင်း ဖြစ်သည်။

"ဟုတ်လား ... ဘယ်မြို့လဲ"

ချန်းဖန်က မေးလိုက်သည်။

"ဒါရိုက်တာရွှယ် ပြောပုံ အရဆိုရင်တော့ ချူကျိုးဖြစ်လိမ့်မယ်"

ချန်းကျန်းရှင်းက ပြန်ဖြေလိုက်သည်။ ဒါရိုက်တာရွှယ်မှာ သူဌေးလော့၏ လက်ထောက်ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် ဒါရိုက်တာရွှယ် အနေဖြင့် ထိုသို့ အပြောင်းအရွှေ့ ကိစ္စမျိုး၌ ပါဝင်လေ့မရှိပေ။ ထို့ကြောင့်ပင် ယခုကိစ္စ၌ ချန်းဖန်၏ လွှမ်းမိုးမှု ပါနေကြောင်း အလွယ်တကူပင် သိနိုင်သည်။

"ဟုတ်ကဲ့ ..."

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ မိသားစုထဲမှ လူတစ်ယောက် ရာထူးတိုးခြင်းက သူ့အား ပျော်ရွှင်စေသည်။

ချန်းဖန် ပြန်ရောက်လာကြောင်း ကြားသည်နှင့် ချန်းမိသားစုဝင် များစွာက သူ့အနားသို့ စုဝေးလာကြသည်။ သူတို့၏ မျက်လုံးများတွင်မူ လေးစားမှုများက ကြီးစိုးနေခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က သူတို့ ချန်းဖန်အား အထင်သေးခဲ့ဖူးသည်။ သို့သော်လည်း ယခုအချိန်၌မူ ထိုကောင်လေးကား မိသားစု၏ ကျောရိုးထောက်တိုင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝမ်ရှောက်ယွင်နှင့် အစ်မအန်တို့ကမူ ချန်းဖန်အား ဂုဏ်ယူစွာ ကြည့်နေခဲ့သည်။ ချန်းဟွိုက်အန်းကား ဝိုင်များကိုသာ တစ်ခွက်ပြီးတစ်ခွက် ထည့်၍ အရသာခံကာ သောက်နေခဲ့သည်။

စားသောက်ပွဲ အပြီးနောက်၌ ချန်းနဉ်က ချန်းဖန်ထံ လျှောက်လာရင်း မေးလိုက်သည်။

"မောင်လေး ... ငါ့သူငယ်ချင်း တစ်ယောက်ရဲ့ ပါတီပွဲ ရှိတယ်။ နင်လိုက်မလား"

***

All Chapters