← Chapters

မိသားစုများ တွေ့ဆုံပွဲ

Vol. 4 Ch. 395

မိသားစုများ တွေ့ဆုံပွဲ

Vol. 4 Ch. 395

"အိုး ..."

ချန်းဖန်က သူ၏ ဝမ်းကွဲအစ်မအား ကြည့်လိုက်သည်။

လွန်ခဲ့သည့်နှစ်များ၏ တွေ့ဆုံပွဲများ၌ ချန်းနဉ်နှင့် ချန်းဖန်တို့ စကားပြောခဲ့သည်။ သူတို့နှစ်ယောက်ကား တစ်ယောက်ကိုယ် တစ်ယောက် သဘောကျခြင်း မရှိကြသည့်တိုင် မသင့်မမြတ် ဖြစ်ခြင်းမျိုးလည်း မရှိချေ။

"အမ် ..."

ချန်းဖန်က အနည်းငယ် ခေါင်းကုတ်လိုက်မိသည်။ သူ့အနေဖြင့် ထိုဆယ်ကျော်သက်များ၏ ပါတီပွဲကိုသွားရန် စိတ်မဝင်စားပေ။ သို့သော်လည်း ယခုတစ်ကြိမ်ကား ချန်းနဉ်က သူ့ကို ပထမဆုံး စတင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ရာ ငြင်းရန် မသင့်တော်ပေ။

"ကျင်းမြို့ရဲ့ အင်အားအကြီးဆုံး မိသားစုတွေက လူငယ်တွေကိုပဲ ဒီပါတီက ဖိတ်တာလေ။ ချန်းမိသားစုက လူငယ်တွေတောင် ဒီနှစ်မှ ဖိတ်ခေါ်ခံရတာ။ နင်သာ လိုက်မယ်ဆိုရင် ငါတို့ အားရှိတာပေါ့"

ချန်းဖန်၏ အင်တင်တင် ပုံစံကို ကြည့်ရင်း ချန်းနဉ်က ရှင်းပြလိုက်သည်။

ချန်းကူးကူးကလည်း ချန်းဖန်အား တိုက်တွန်းလိုက်သည်။

"အစ်ကိုချန်းဖန် ... သမီး အစ်ကိုနဲ့အတူ သွားချင်တယ်"

ချန်းဖန်အတွက် ငြင်းရန် ခွန်အားမရှိတော့ချေ။ သူက ပြုံးရင်း ခေါင်းကိုသာ ညိတ်လိုက်ရတော့သည်။

***

ပါတီကား ကျင်းမြို့၊ သီးသန့် ကလပ်တစ်ခုဖြစ်သော ကျောက်တုန်းနီ ကလပ်တွင် ကျင်းပမည် ဖြစ်သည်။

ကျင်းမြို့တော် လူချမ်းသာ အသိုင်းအဝိုင်းမှ လူငယ်မျိုးဆက်ဟု ဆိုနိုင်သည့် တတိယမျိုးဆက်များမှာ ထိုပါတီပွဲသို့ တက်ရောက်ကြမည် ဖြစ်သည်။ ထိုအထဲမှ အချို့ဆိုလျှင် မိသားစု လုပ်ငန်းများ၌ မန်နေဂျာ ရာထူးနေရာ၌ လုပ်ကိုင်နေကြသည် အထိ ထူးချွန်သူများ ဖြစ်သည်။ ပါတီ၏ အဓိက ရည်ရွယ်ချက်ကား မိသားစုများ အကြား၌ နှစ်တစ်နှစ်စာ အမြတ်ခွဲတမ်းများ ဝေမျှရန် ဖြစ်သည်။

"ကျင်းမြို့မှာ ပုံမှန်ဆိုရင် အင်အားကြီး မိသားစုလေးခု ရှိတယ်။ ကျို့မိသားစု၊ စွန်းမိသားစု၊ ဟွာမိသားစုနဲ့ ရမ်မိသားစုတို့ပေါ့။ မိသားစု လေးခုထဲမှာ ကျို့မိသားစုနဲ့ စွန်းမိသားစုတို့က အင်အားအကြီးဆုံးပဲ။ အဘိုးကြီးကျို့ဆိုရင် ကျင်းမြို့ကို နှစ်တွေအများကြီး လွှမ်းမိုးနိုင်ခဲ့တယ်။ ကျို့လော့ရင်ကလည်း ထင်ရှားတဲ့ မိန်းကလေး တစ်ယောက်ပဲ။ စွန်းမိသားစုမှာ အရမ်းထူးချွန်တဲ့ လူမျိုးမရှိပေမဲ့ သူတို့က ရန်ကျင်းမြို့ရဲ့ အဓိက မိသားစုတွေနဲ့ နီးစပ်တယ်။ ဘာပဲဖြစ်ဖြစ်လေ။ သူတို့က နင်နဲ့တော့ ဘယ်ယှဉ်နိုင်မလဲ"

ချန်းနဉ်က သူမ၏ကားလေးကို မောင်းနှင်ရင်းမှ ပြောလိုက်သည်။ ချန်းဖန်ကမူ သူမဘေးရှိ ထိုင်ခုံတွင်ထိုင်ရင်း ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ ချန်းကူးကူးကမူ သူတို့၏ စကားဝိုင်းကို စိတ်ဝင်စားပုံ မရချေ။

"နင့်ရဲ့စကားအရဆို ငါတို့က ကျင်းမြို့ရဲ့ ပဉ္စမမြောက် အချမ်းသာဆုံး မိသားစုလား"

ချန်းဖန်က ချန်းနဉ်အား ပြန်မေးလိုက်သည်။

"အင်အားအကြီးဆုံး မိသားစု လေးခု၊ ငါးခု အဲဒီလိုတော့ မရှိပါဘူး"

ချန်းနဉ်က ပြုံးလိုက်သည်။

"အရာအားလုံးက ပြောင်းလဲနေတယ်မလား။ တကယ်လို့ ကျို့မိသားစု၊ စွန်းမိသားစုတွေ အနေနဲ့လည်း အရည်အချင်းရှိတဲ့ ဆက်ခံသူမရှိရင် ပြိုကွဲရမှာပဲ။ ဒါပေမဲ့ ငါတို့ မိသားစုရဲ့ အနာဂတ်ကတော့ နင်ရှိနေတယ်လေ။ နင်ရှိနေသမျှ ငါတို့မိသားစု ကျရှုံးဖို့ မဖြစ်နိုင်ဘူး။ နင့်ကြောင့်ပဲ အခြားမိသားစုတွေက ငါတို့ကို မနာလိုကြတာ"

ဂုဏ်ယူသံများ ပြည့်နှက်နေသည့် ဝမ်းကွဲအစ်မ၏ စကားအား နားထောင်ရင်း ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

ကျို့မိသားစုဖြစ်စေ ... ချီမိသားစုဖြစ်စေ ... သူတို့၏ လွှမ်းမိုးနိုင်စွမ်းက ချမ်းသာ ကြွယ်ဝမှုပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ သူတို့၏ ချမ်းသာ ကြွယ်ဝမှုများ ပျောက်ကွယ်သွားသော တစ်နေ့၌ လွှမ်းမိုးမှုများလည်း ကျဆုံး သွားပေလိမ့်မည်။

သို့သော်လည်း ကူမိသားစု အစရှိသည့် သိုင်းပညာ မိသားစုများမှာမူ ခြားနားသည်။ သူတို့၏ သိုင်းပညာ အမွေအနှစ်ကို လက်ဆင့်ကမ်း နေနိုင်သမျှ ကာလပတ်လုံး မိသားစု၏ လွှမ်းမိုးမှုက တည်တံ့နေလိမ့်မည် ဖြစ်သည်။

"ငါ ကမ္ဘာပေါ်ကနေ ထွက်မသွားခင် မိသားစုအတွက် ကျင့်ကြံခြင်း နည်းလမ်းတွေ ထားခဲ့မှ ဖြစ်မယ်။ မဟုတ်ရင် ငါ့ကာကွယ်မှု မရှိတာနဲ့ ချန်းမိသားစု ပျက်စီးသွားလိမ့်မယ်"

ချန်းဖန်၏ မျက်လုံးများက တောက်ပလာသည်။ သူ၏စိတ်တွင်မူ ကိုယ်ပိုင်အင်အားစု တစ်ခု တည်ထောင်ရန် ဆိုသော အတွေးက စိုးမိုးလာနေခဲ့၏။

သူမည်မျှပင် အစွမ်းထက်သည် ဖြစ်စေ မိသားစုဝင် တိုင်းကိုမူ အချိန်ပြည့် မကာကွယ်နိုင်ပေ။ ကျောက်စိမ်းအဆောင် ကဲ့သို့သော အဆောင်ပစ္စည်းများ ရှိသော်လည်း အလွန် အားကောင်းသော ရန်သူနှင့်တွေ့ပါက အသုံးဝင်မည် မဟုတ်ချေ။

ချန်းဖန်ကိုယ်ပိုင် အင်အားစုတစ်ခုကို စောစီးစွာ မထူထောင်ခဲ့ခြင်းက အကြောင်းရင်း နှစ်ခု ရှိသည်။ ပထမတစ်ခုက ကျင့်ကြံခြင်းကို အာရုံစိုက်ရန် ဖြစ်သည်။ ဒုတိယ တစ်ခုမှာမူ မလိုလားအပ်သော အာရုံစိုက်မှုများအား မခံချင်သောကြောင့်ပင်။ တရုတ်ကား အင်အားကြီး နိုင်ငံကြီးတစ်ခုဖြစ်ရာ နိုင်ငံအတွင်း အင်အားစုတစ်ခု ပေါ်ပေါက်လာခြင်းအား နှစ်သက်လိမ့်မည် မဟုတ်ချေ။

"အဖွဲ့တည်ထောင်ပြီးရင် ဘာနာမည်ပေးရမလဲ။ အဇူရာ အဆောင်ဂိုဏ်း ... မြောက်ပိုင်း လျှို့ဝှက်ဂိုဏ်း ..."

ချန်းဖန်က မေးစေ့အား ပွတ်သပ်ရင်း စဉ်းစား နေလိုက်တော့သည်။

***

ထိုအချိန်၌ ကျော်ကြားသော လူငယ်များ၊ မိန်းမငယ်များစွာမှာ ကျောက်တုန်းနီ ကလပ်သို့ တဖွဲဖွဲ ရောက်ရှိနေခဲ့ကြသည်။

ထိုပါတီပွဲ၌ ကျင်းမြို့၏ အဓိက မိသားစုများအကြား နှစ်တစ်နှစ်၏ အကျိုးရလဒ်များကို ခွဲဝေကြသည်။ ကျို့၊ စွန်း၊ ဟွာနှင့် ရမ်မိသားစုများက အကျိုးအမြတ် အများစုကို ရယူကြပြီး အခြား မိသားစုများကမူ အနည်းငယ်သာ ရကြသည်။

သို့သော်လည်း ယခုနှစ် ပါတီပွဲကမူ အနည်းငယ် ပို၍စိတ်ဝင်စားစရာ ကောင်းသည်။ ချန်းမိသားစုမှာ တစ်နှစ်အတွင်း မိသားစုကြီးလေးခုကို ရင်ပေါင်တန်းနိုင်သည် အထိ တိုးတက်လာခဲ့ရာ အကျိုးရလဒ် ခွဲဝေမှုက အနည်းငယ် အပြောင်းအလဲ ရှိနိုင်သည်။

အစည်းအဝေးခန်းမ အတွင်းတွင်မူ ဧည့်သည်များစွာမှာ စက်ဝိုင်းသဏ္ဌာန် စားပွဲဝိုင်းများ၌ ထိုင်ရင်း စကားစမြည် ပြောနေခဲ့ကြသည်။ သူတို့အားလုံးက ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး အမူအရာ ယဉ်ကျေး သိမ်မွေ့ပုံ ပေါ်သည်။

"ချန်းမိသားစုက ဘယ်သူ့ကို လွှတ်လိုက်မယ်လို့ ထင်လဲ ..."

အသားအရေ ချောမွေ့သော လူငယ်တစ်ယောက်က ပြုံးရင်း မေးလိုက်သည်။

"ချန်း တတိယမျိုးဆက်ရဲ့ အထူးချွန်ဆုံး ချန်းအန် လာလိမ့်မယ် ထင်တယ်။ ချန်းနဉ် လာဖို့လည်း ဖြစ်နိုင်တယ်။ အဲဒီကောင်မလေးက ဟားဗက် တက္ကသိုလ် ဝင်ခွင့်တောင် ရထားတာတဲ့"

ရွှေရောင် မျက်မှန်ကိုင်းနှင့် လူငယ်တစ်ယောက်က ပြန်ပြောလိုက်သည်။

"ချန်းမိသားစုက ဒီလို မြန်မြန်ဆန်ဆန် တိုးတက်လာတာ ချက်ကောင်းတစ်ခုခု ရထားလို့ ဖြစ်မယ် ထင်တယ်။ ငါ ရမ်မိသားစုက ရမ်တုန်းနဲ့ တွေ့သေးတယ်။ သူ့မျက်နှာက မည်းမှောင်နေတာ သိလား"

အခြားလူငယ် တစ်ယောက်ကလည်း ဝမ်းသာအားရ ပြောလိုက်သည်။

"ရမ်မိသားစုက အဓိက မိသားစုကြီးတွေထဲမှာ အားအနည်းဆုံးပဲ။ ချန်းမိသားစု တိုးတက်လာတာက သူတို့ အကျိုးအမြတ်တွေကို ကျဆင်း သွားစေတယ်မလား။ အဲဒါကြောင့် ရမ်တုန်းက အဲဒီလိုဖြစ်နေတာ နေမှာပေါ့"

တောက်ပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက်က ပြောလိုက်သည်။

"ချန်းမိသားစုပဲ ဒီနှစ်မှာ အကျိုးအမြတ် အများဆုံးရလိမ့်မယ် ထင်တယ်။ ချန်းမိသားစုက ဆရာချန်းကို ယှဉ်နိုင်တဲ့သူ ကျင်းမြို့မှာ မရှိသေးဘူး။ သူက ထန်လုံတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ် ရာထူးကိုတောင် ပိုင်ဆိုင်ထားတယ်တဲ့"

ရွှေရောင်မျက်မှန်ကိုင်း လူငယ်က ပြောလိုက်သည်။

သူ၏စကားအား လူများစွာက ခေါင်းညိတ် ထောက်ခံလိုက်သည်။

ထိုအချိန်၌ ကျိုးချင်းရမှာ ဘေးနားရှိ စားပွဲဝိုင်း တစ်ခု၌ ရှိနေခဲ့သည်။ ချန်းဖန် ဆိုသော  နာမည်က သူမအား စိတ်ဝင်စားသွားစေသည်။ သူမက လက်ထဲမှဝိုင်ခွက်ကို အနည်းငယ် လှုပ်ယမ်းရင်း ထိုစကားဝိုင်းအား အာရုံစိုက်လိုက်သည်။

"ဆရာချန်းက ဒီလိုပွဲမျိုးကို လာမှာမဟုတ်ပါဘူး။ နောက်ပြီး စွန်းမိသားစုက ဒီပွဲအတွက် သေချာ ပြင်ဆင်ထားတယ်တဲ့"

အခြားအသံတစ်ခုက ထိုစကားဝိုင်းအတွင်း ဝင်ပါလာသည်။

"စွန်းမိသားစုက ဘာတတ်နိုင်မှာလဲ ... ကျောင်းဟိုင်ရဲ့ ကျိမိသားစုတောင် ဆရာချန်းရှေ့မှာ ဒူးထောက်ခဲ့ရတာ ..."

တောက်ပသော ရတနာများ ဝတ်ဆင်ထားသည့် မိန်းမငယ် တစ်ယောက်က ပြန်ပြောလိုက်သည်။

"အမှန်ပဲ..."

လူတိုင်းက ခေါင်းညိတ်လိုက်သည်။

"စွန်းမိသားစုက ဘာမှ မဟုတ်ဘူး ထားပါတော့ ... စွန်းမိသားစုဘက်မှာ ဟန်မိသားစု ရှိနေတယ် ဆိုရင်ရော ..."

"ဟန်မိသားစု ... ဘယ်က ဟန်မိသားစုလဲ ..."

လူတိုင်းက တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်ကြသည်။

"မင်းပြောတာ ရန်ကျင်းက ဟန်မိသားစုလား ..."

ရွှေရောင် မျက်မှန်ကိုင်းနှင့် လူငယ်က မေးလိုက်သည်။

"ဒါပေါ့ ... တရုတ်မှာ ဟန်မိသားစုတစ်ခုပဲ ရှိတယ်"

လူငယ်က ဂုဏ်ယူစွာ ပြောလိုက်သည်။

"ရန်ကျင်းရဲ့ ဟန်မိသားစု ..."

ထိုနာမည်က လူတိုင်း၏ အာရုံများအား ဖမ်းစားသွားသည်။

ဟန်မိသားစုကား ရန်ကျင်း၏ အဓိကမိသားစုကြီး ဖြစ်သည်။  သူတို့၏ လွှမ်းမိုးမှုများက တရုတ်၏ အင်အားအကြီးဆုံး မိသားစုများကိုပင်လျှင် ယှဉ်နိုင်သည်။ ကျောင်းဟိုင်၏ ကျိမိသားစု၊ ဝူကျိုး၏စုမိသားစု၊ ကျင်းလင်၏ ကျို့မိသားစုများပင်လျှင် ဟန်မိသားစုနှင့် ယှဉ်ပါက မှေးမှိန်ရသည်။

"ဟန်မိသားစုက တစ်ယောက်ယောက်ကို လွှတ်လိုက်တာလား။ ရန်တုန်း  မင်းဟာ သေချာရဲ့လား"

ကျိုးချင်ရ အပါအဝင် လူတိုင်းက ရန်တုန်းဟု ခေါ်သော လူငယ်အား မေးခွန်းထုတ်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူ့စကားသာ အမှန်ဆိုလျှင် ယခုနှစ် တွေ့ဆုံပွဲက တစ်ခုခု ထူးခြားပေလိမ့်မည်။

ရန်တုန်း ပြန်မပြောရသေးခင် မှာပင် ဝင်ပေါက်ဆီမှ အသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တော့သည်။

"ချန်းမိသားစုက ဧည့်သည်တွေ ရောက်လာပါပြီ"

***

All Chapters