နယ်မြေသစ်ကို စူးစမ်းခြင်း
Vol. 3 Ch. 32
ဖန့်ရန်သည် လှိုဏ်ဂူထဲမှာ နှစ်ရက်ကြာ အနားယူပြီးနောက် သူ့အကောင်းဆုံးအခြေအနေကို ပြန်ရောက်သွားသည်။
ဤနှစ်ရက်အတွင်း ဖန့်ရန်သည် တစ်ကြိမ်သာ အမဲလိုက်ခဲ့သည်။ ကျန်အချိန်တွေမှာ ရေကန်ထဲက ငါးတွေကို ဖမ်းနေခဲ့၏။
မြွေတွေက သဘာဝအတိုင်း ရေကူးတတ်သလို သူလည်း ချွင်းချက်မဟုတ်ခဲ့ပေ။
ဖန့်ရန်သည် သူ့ဗိုက်ပြည့်ဖို့အတွက် ငါးအနည်းငယ်ကို စားပြီနောက် စနစ်အမှတ် (၁၁၃) မှတ်ကို ရရှိခဲ့သည်။
ထိုနောက် သူသည် အနားယူဖို့ရန် ဂူထဲကို ပြန်ဝင်သွားသည်။
ယခုအချိန်ဆို သူ့မှာ လောလောဆယ် စနစ်အမှတ်က စုစုပေါင်း (၁၉၂၄) မှတ်အထိ ရောက်သွားခဲ့ပြီသည်။
ရှစ်ကြိမ်မြောက်ဆင့်ကဲဖြစ်စဉ်က ယခုဆို သူနှင့် သိပ်မဝေးတော့ပေ။ ထို့အပြင် သူ ယခင်က ဂရုမပြုမိသည့် အရာတစ်ခုကို သတိပြုမိခဲ့သည်။
ထိုအရာက ဤချောက်ကမ်းပါးအောက်က ရေကန်ငယ်မှာ အမှန်တကယ်ပင် အမဲလိုက်ဖို့ နေရာကောင်းတစ်ခု ဖြစ်တာကိုပင်။
ဖန့်ရန်သည် ဂူထဲမှာ အနားယူနေစဥ်အတွင်း တိရစ္ဆာန်အမြောက်အများ ရေသောက်ဆင်း လာသည်ကို တွေ့ခဲ့ရသည်။
ထိုသည်က ဖန့်ရန်ကို စပါးအုံးမြွေတွေနှင့် မြွေပွေးတွေ အမဲလိုက်ရာမှာ အများဆုံး အသုံးပြုသော နည်းလမ်းတစ်ခုအား စဉ်းစာမိစေခဲ့သည်။
ဖန့်ရန်သည် သူ့ယခင်ဘဝက တိရိစ္ဆာန်ရှိုးတစ်ခုကို ကြည့်ခဲ့ဖူးသည်။ ၎င်းတွင် စပါးအုံးမြွေက စိမ့်ရေထဲမှာ ပုန်းအောင်းပြီး သူ့သားကောင်ကို စိတ်ရှည်စွာ စောင့်ဆိုင်းတာကို သတိရမိသည်။
သားကောင်က သူ့တိုက်ခိုက်ရေးအကွာအဝေးကို ရောက်လာသောအခါ ထိုစပါးအုံးမြွေက ချက်ချင်းပင် တိုက်ခိုက်ခဲ့လေသည်။
သူလည်း ၎င်းအမဲလိုက်နည်းဗျူဟာကို အသုံးပြုနိုင်ပေသည်။
သို့သော် ၎င်းက သူ၏ ကိုယ်ပိုင်အမဲလိုက်ဟန်ကို စွန့်လွှတ်မည်ဟု မဆိုလိုပေ။ သူ့အနေနှင့် အမဲလိုက်ခြင်းကို ပိုမို မြန်ဆန်စေလိုရုံသာဖြစ်သည်။
ဖန့်ရန် သူစီစဉ်ထားသောအရာတွေကို လုပ်ဖို့ ပြင်ဆင်လိုက်သည်။
ရေကန်ငယ်ကိုဖြတ်ပြီးနောက် ဖန့်ရန်သည် ယခင် သူစီစဉ်ထားသည့်အတိုင်း ရေကန်၏ ဘယ်ဘက်အခြမ်းကို သွားလိုက်သည်။
သူ့အကြံအစည်က ရိုးရှင်းသည်။ ထိုဘက်အခြမ်းက ဧရိယာကို စူးစမ်းပြီးနောက် အခြားတစ်ဖက်ကနေ ဤရေကန်ကို ပြန်လာမည် ဖြစ်သည်။
ထိုသို့ လုပ်ရခြင်းက အကြောင်းရှိသည်။ ဤဧရိယာအတွင်က သားကောင် အမျိုးအစားတွေနှင့် အရေအတွက်ကို မှတ်သားဖို့အပြင်၊ သူ့ပြိုင်ဘက် ဖြစ်နိုင်သည့် အသားစားကောင်တွေကို ရှာဖွေဖို့ပင် ဖြစ်သည်။
သူ့အတွက် ဤဧရိယာကို ပိုမိုအသေးစိတ်နားလည်လေ၊ အမဲလိုက်ရတာ ပိုမိုလွယ်ကူလေ ဖြစ်သည်။
......
မီတာနှစ်ရာခန့် သွားပြီတိုင်း ဖန့်ရန်သည် သွားနေတာကို ရပ်တန့်ပြီး ထိုနေရာက ပတ်ဝန်းကျင် ရှုခင်းကို မှတ်မိရန် ကြိုးစားမည် ဖြစ်သည်။
နှစ်နာရီခန့် သွားပြီချိန်မှာတော့၊ ယခုဆို..
ဖန့်ရန်သည် (၄) ကီလိုမီတာ အကွာအဝေးကိုပင် ရောက်လာခဲ့လေသည်။
သူ့လမ်းတလျှောက်မှာ သားကောင်ကြီးတွေကို မတွေ့ခဲ့ရသော်လည်း၊ သားကောင်ငယ်လေးတွေကိုတော့ အများကြီးတွေ့ခဲ့ရ၏။
ဒါအပြင် သူ့လမ်းတစ်လျှောက် သစ်ပင်တွေ ပေါ်မှာ မြွေတွေရှိနေတာကို တွေ့ခဲ့ရ၏။ သို့သော်လည်း သူဂရုမစိုက်ပေ။ ၎င်းမြွေအများစုက သေးငယ်ပြီး အရှည်ဆုံးမြွေမှာ (၁) မီတာသာ ရှိသည်။
၎င်းမြွေတွေက သူ့ကို နည်းနည်းလေးမှ မခြိမ်းခြောက်နိုင်ပေ။
သူတို့ကို တိုက်ခိုက်ခွင့် ပေးပြီး၊ သူ့ကိုယ်သူ မကာကွယ်ထားရင်တောင်၊ သူ့အကြေးခွံ အကာအကွယ်ကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူးဟု ဖန့်ရန် ယုံကြည်သည်။
သို့သော် ထိုအရာကို အတန်ကြာစဉ်းစားပြီးနောက် ဖန့်ရန်သည် ထိုစိတ်ကူးကို စွန့်ပစ်လိုက်သည်။ သူ့အကာအကွယ်ကို စမ်းသပ်ဖို့ အတွက်နဲ့ သူ့အသက်ကို စွန့်စားရတာက စိတ်ကူးကောင်းဖြစ်ပုံမပေါ်ပေ။
ဖန့်ရန်သည် အမဲလိုက်နေခြင်း မဟုတ်သော်လည်း၊ လမ်း၌.. ဖားအနည်းငယ်နှင့် ပုတ်သင် များစွာကို သူတွေ့ခဲ့ရ၏။
ထိုကြောင့် သူသည် ဗိုက်ပြည့်စေရန်အတွက် ဖားအနည်းငယ်နှင့် ပုတ်သင်အချို့ကို ဖမ်းယူလိုက်ဆဲပင်။
၎င်းကနေ စုစုပေါင်း စနစ်အမှတ် (၉၂) မှတ်ကို ရရှိခဲ့သည်။
***
(၂) ကီလိုမီတာခန့် သွားပြီးနောက်...
ဖန့်ရန် ဆက်မသွားတော့ချေ။ သူကောင်းကင်ကို မော့ကြည့်လိုက်ချိန်မှာ ညနေက စောင်းနေခဲ့ပြီဖြစ်သည်။
ဖန့်ရန်သည် ရေကန်ငယ်လေးဆီကို ပြန်သွားရန်အတွက် အခြားလမ်းကြောင်း တစ်ခုကို ပြောင်းလဲလိုက်သည်။
တဖြည်းဖြည်းနှင့် သူလမ်းမှာ ထင်းရှူးပင်၊ ဘုစ်ပင်နှင့် ယူကလစ်ပင်တွေက ပို၍ များပြားလာတာကို မြင်နေရသည်။ ထို့အထဲ၌ သစ်သီးပင်တွေ ပါဝင်သည်။
ဖန့်ရန် ပန်းသီးပင်ထက်က အနီရောင်တောက်တောက် ပန်းသီးများကို ကြည့်ရင်း တံတွေးမျိုချလိုက်သည်။
ကံမကောင်းစွာပင် သူသည် မြွေအဖြစ် ပြန်ဝင်စားခဲ့ချိန်မှစ၍ သစ်သီးတွေရဲ့ အရသာကို မခံစားနိုင်တော့ပေ။ သူစားခဲ့လျှင်ပင် စနစ်အမှတ် တစ်မှတ်မှ မရပေ။
ဖန့်ရန်သည် ခိုကိုးရာမဲ့စွာနှင့် သက်ပြင်းတစ်ချက်ချကာ ဆက်သွားရန် ပြင်လိုက်ချိန်မှာ သေးငယ်သော အသံလေးများကို ကြားလိုက်ရလေ၏။
ဖန့်ရန် အသံအရင်းမြစ်ကို လှည့်ကြည့်လိုက်ရာ သူနှင့် မနီးမဝေးရှိ သစ်ပင်တစ်ပင်ထက်မှာ ပျားအုံတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။
ထိုပျားအုံ၏။ နံဘေးတွင် ပျားတစ်စုက လှည့်ပတ်သွားလာနေပြီး တချို့က အဝါရောင် ပျားရည်အစက်ငယ်လေးများကို သယ်ဆောင်ထားသည်။
ဖန့်ရန် သရေကျသွားခဲ့သည်။
သို့သော် သူအနည်းငယ် ချိန်ဆပြီးနောက်...
ပျားတွေ၏ အရွယ်အစားကြီးလွန်းခြင်းကြောင့် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
သူ့ဘဝတွင် ထိုမျှကြီးမားသော ပျားမျိုးစိတ်ကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
ပျားတစ်ကောင်စီက (၃) စင်တီမီတာနီးပါးရှိ၍ လူတစ်ယောက် လက်မထက် အနည်းငယ်ပင် ပိုကြီးနိုင်ပေသည်။
ဖန့်ရန် သူ့အရင်ဘဝကသာ ဤမျှကြီးမားသော ပျားတွေ ပျံသန်းနေတာကို တွေ့ရင်း သေချာပေါက် တုန်လှုပ်ခြောက်ခြားမိမှာ အမှန်ပင်။
ထိုနေရာမှထွက်ခွာပြီး၊ ဖန့်ရန်သည် ယခင်ဆုံးဖြတ်ချက်အတိုင်း ရေကန်ဆီကို ပြန်သွားလိုက်သည်။
သူ့ကို အံ့အားသင့်စေသည်မှာ ပိုသွားလေလေ ဤနေရာက သစ်ပင်တွေ ကျဲကျဲလာခြင်း ဖြစ်သည်။ ထိုနောက် တဖြည်းဖြည်း မြေပြန့်ဖြစ်လာခဲ့၏။
ယုန်၊ ငှက်၊ ဖြူကောင်နဲ့ တောရိုင်းတိရစ္ဆာန် အများအပြားကိုပင် တွေ့ရသေးသည်။
ဤလမ်းတစ်လျှောက်၌၊ ဖန့်ရန်သည် ဖား အနည်းငယ်နဲ့ ပုတ်သင်အနည်းငယ်ကို ဖမ်းစားခဲ့သည်။
၎င်းက စုစုပေါင်း စနစ်အမှတ် (၁၂၄) မှတ်ကို ရစေသည်။
(၅) ကီလိုမီတာခန့် သွားပြီနောက် သစ်တော က ပိုမိုပါးလွှာလာသည်ကို တွေ့မြင်နေရသည်။
ရှေ့သို့ အနည်းငယ် ဆက်သွားပြီနောက် သစ်ပင်တွေ သိပ်မရှိတော့ပေ။
ထိုမြင်ကွင်းက၊ ဖန့်ရန်ကို အံ့အားသင့်စေသည်။ သူအခုနေနေသော လှိုဏ်ဂူ၏ အနားမှာ သစ်ပင်တွေ သိပ်မရှိသည့် နေရာတစ်ခု ရှိနေလိမ့်မယ်လို့ သူမမျှော်လင့်ထားမိပေ။
"အဲဒါက ... ဘာများလဲ"
ထိုအချိန် ဖန့်ရန်သည် အရိပ်တစ်ခုကို တွေ့လိုက်ရသော်လည်း တောင်စောင်းက ကာနေခဲ့တာကြောင့် အတိအကျ မမြင်ရပေ။
ထို့ကြောင့် ဖန့်ရန်သည် သစ်ပင်တစ်ပင်ထက် တက်ကာ ထိုအရိပ် ရှိရာနေရာကို ဦးတည် ကြည့်လိုက်၏။ နောက်ဆုံးတွင်တော့ သူသည် ၎င်းအရိပ်ပိုင်ရှင်ကို တွေ့လိုက်ရသည်။
ဆိတ်!
ဆိတ်တစ်ကောင် မြက်တွေကို အေးအေး လူးလူး စားနေတယ်?
"ဒီနေရာမှာ တောင်ဆိတ်တွေ ရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး.. "
ထိုဆိတ်ကို မြင်ပြီးနောက် ဖန့်ရန် အံ့အားသင့်သွားသည်။ ၎င်းဆိတ်က တစ်မီတာခန့် ရှည်ကာ အမြင့်မှာ မီတာဝက်ခန့် မြင့်သလို အရွယ်ရောက်နေခဲ့ပြီ ဖြစ်သည်။
[ ပစ်မှတ် - တောင်ဆိတ်၊ နိုတိုက်သတ္တဝါ၊ စနစ်အမှတ် ၅၀၀ မှတ်ကို ရရှိနိုင်သည် ]
ဖန့်ရန် တောင်ဆိတ်ကို စိုက်ကြည့်နေစဉ် စနစ်၏ အချက်ပေးသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
စနစ်၏ အသိပေးချက်ကို ကြားပြီးနောက်..
ဖန့်ရန်၏ မျက်လုံးများက တောက်ပလာသည်။
ဆိတ်တစ်ကောင်က စနစ်အမှတ် များစွာကို ပေးစွမ်းနိုင်၏။ သူသာ ဆိတ်နှစ်ကောင်ကို မျိုချနိုင်ခဲ့ရင် သူ ချက်ချင်း ဆင့်ကဲဖြစ်စဉ်ကို စတင်နိုင်လိမ့်မည်။
သို့ပေမဲ့ ထိုအရာက စိတ်ကူးယဉ် အိမ်မက်
မက်နေခြင်းပင်။ သူ့လက်ရှိ အရွယ်အစားနဲ့ဆို
၎င်းဆိတ်ကို ဖမ်းမိရင်တောင် သူ့လက်ရှိအရွယ်အစားနှင့် မျိုချလို့ ရနိုင်မည် မဟုတ်ပေ။
သူ့အရွယ်အစားက အရှည် (၄) မီတာ၊ (၅) မီတာလောက်ရောက်မှသာ ထိုအရွယ်သားကောင်ကို မျိုချနိုင်မည်ဟု ဖန့်ရန် ခံစားနေမိသည်။
ထိုကြောင့် ဖန့်ရန် စိတ်မလှုပ်ရှားနိုင်တော့ပေ။ သူလေ့လာတွေ့ရှိချက်အရဆို ဤဒေသမှာ သားကောင်တွေ ပေါများသည်။
ပိုအရေးကြီးဆုံးက လမ်းတစ်လျှောက်မှာ သူ့ ပြိုင်ဘက် ဖြစ်နိုင်တာ မတွေ့ခဲ့ရပေ။
ဖြစ်နိုင်တာ တစ်ခုမှာ ဤနေရာမှာ သူက တစ်ကောင်တည်းသော အဆင့်မြင့်သားကောင် ဖြစ်နိုင်သည်။
သို့ပေမဲ့ ထိုအတွေးပေါ်လာနောက် ရုတ်တရုပ်ဆိုသလို အူသံတစ်ခု ထွက်ပေါ်လယတော့သည်။
" အူးး..."
ဖန့်ရန် ၎င်းအူသံကြားရာ ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။
.....