သခင်လေးဟန်
Vol. 4 Ch. 396
လူတိုင်းက ဝင်ပေါက်ရှိရာသို့ စိတ်ဝင်တစား လှည့်ကြည့်လိုက်သည်။
ဝင်ပေါက်တွင်မူ လူငယ်အုပ်စု တစ်ခုက အခန်းအတွင်း လျှောက်လှမ်း ဝင်လာခဲ့သည်။ ထိုအုပ်စုထဲမှ ချန်းအန်၊ ချန်းနဉ်၊ ချန်းဟူ၊ ချန်းရှောင် စသည့်လူများကား လူတိုင်းနီးပါး သိသော လူများဖြစ်သည်။ သို့သော်လည်း ထူးဆန်းသည်က ထိုအုပ်စုအား ဦးဆောင်လာသူမှာ သာမန်ဆန်သော လူငယ်တစ်ယောက် ဖြစ်နေခဲ့ခြင်းပင်။
ထိုလူငယ်က သာမန် အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်။ သူ၏ စူးရှသော မျက်လုံးများမှ လွဲလျှင် ထူးခြားချက် တစ်ခုတလေမျှပင် မရှိချေ။ သူက မိန်းမငယ်လေး တစ်ယောက်၏ လက်အားဆွဲရင်း ခန်းမအတွင်းသို့ အေးဆေးစွာ ဝင်လာနေသည်။ အခြားလူများစွာ၏ အကြည့်များ အောက်၌ သူကား ယုံကြည်ချက် အပြည့်အဝ ရှိနေပုံပေါ်သည်။
"သူက ဘယ်သူလဲ ... သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး ..."
လူငယ်များစွာက တစ်ယောက်ကိုယ် တစ်ယောက် တီးတိုး မေးလိုက်ကြသည်။
ထိုလူငယ်လေးကား မည်သူနည်း။ ချန်းမိသားစု အကူအညီ တောင်းထားသော တစ်စုံတစ်ယောက်များ ဖြစ်နေသည်လား။
ဤနေရာသို့ ရောက်နေသော လူငယ်များစွာမှာ ချန်းဖန်၏ အမည်ကို ကြားဖူးကြသော်လည်း တွေ့မြင်ဖူးသူ သိပ်မရှိလှချေ။ သို့သော်လည်း ကျိုးချင်းရကဲ့သို့ ချန်းဖန်အား သိကြသူများမှာမူ အလွန် အံ့အားသင့်ကာ ဆွံ့အ နေကြတော့သည်။
"သူဒီကို ဘာလာလုပ်တာလဲ..."
ဆရာချန်းကား မိသားစု ခေါင်းဆောင်များနှင့်ပင် တစ်စားပွဲတည်း ထိုင်ရန် အဆင့်အတန်းရှိသူ ဖြစ်သည်။ သူက အဘယ်ကြောင့် လူငယ်များ၏ ပွဲသို့ ရောက်လာရသနည်း။
ထိုစဉ်မှာပင် ကျို့လော့ရင်က ချန်းဖန်ထံ လျှောက်လာရင်း နှုတ်ဆက်လိုက်၏။
"ဆရာချန်း ရောက်လာတာ ကျွန်မတို့လူငယ်တွေ အတွက် ဂုဏ်ယူစရာပါပဲ"
ကျို့လော့ရင်၏ စကားက လူတိုင်းအား အံ့အားသင့်သွားစေသည်။
"ဘာ ... သူက ဆရာချန်းလား ..."
"အိုးမိုင်ဂေါ့ ... ဆရာချန်းက ဒီကို ရောက်လာတာလား ... ချန်းမိသားစုက ဆရာချန်းကိုတောင် လွှတ်လိုက်တာလား"
"တကယ်ပဲ သူဆိုတာ သေချာပါတယ် ... ချန်းမိသားစုမှာ ဒီလောက် အသက်အရွယ်နဲ့ အောင်မြင်တာဆိုလို့ ဆရာချန်း တစ်ယောက်ပဲ ရှိတယ်"
လူများစွာက သာမန်ဆန်သော လူငယ်လေးအား အလုအယက် လှမ်းကြည့်လိုက်မိ ကြသည်။ သူကား ကျင်းမြို့တော် တစ်ခုလုံး၌ လူတိုင်းသိသည့် အထင်ကရ ပုဂ္ဂိုလ်ကြီး ဖြစ်သည် မဟုတ်ပါလား။
သို့သော်လည်း လူငယ်လေးကား ထူးဆန်းခြင်း တစ်စုံတစ်ရာ ရှိပုံရမနေဘဲ ရိုးရှင်းလွန်းနေသည်။ "ကျန်းပေ့၏ ဆရာချန်း" ဆိုသော အမည်နှင့် လားလားမျှ မသက်ဆိုင်ချေ။
"မင်းက လော့ကျို့ရင်မလား ... ငါမှတ်မိပါတယ်"
ချန်းဖန်က ဝိတ်တာ တစ်ယောက်ထံမှ ကိတ်မုန့်တစ်ခုကို ကောက်ယူကာ ချန်းကူးကူးအား ဖဲ့ကျွေးရင်း ပြောလိုက်သည်။
"ဆရာ... အဲလေ ဗိုလ်ချုပ်ချန်းက ကျွန်မကို မှတ်မိနေတာ ဂုဏ်ယူစရာပါပဲ..."
ကျို့လော့ရင်၏ မျက်နှာကား ပန်းပွင့်နေပြီ ဖြစ်သည်။ လူတိုင်း၏ အကြည့်များ အောက်တွင်ပင် သူမက ချန်းဖန်အနားသို့ ပိုမိုတိုးကပ်ရင်း ပြောလိုက်သည်။
"ဗိုလ်ချုပ်ချန်း... တန့်ရီဖေးက ရှင့်အကြောင်းတွေ ကျွန်မကို အများကြီး ပြောပြထားတယ်"
ချန်းဖန်က ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
ထို့နောက် ကျို့လော့ရင်က ချန်းဖန်အား ဦးဆောင်ကာ ခန်းမအတွင်း ဝင်လာခဲ့တော့သည်။
ချန်းဖန် ရောက်ရှိလာမှုက အခန်း၏ လေထုဖိအားကို ပိုမို ပြင်းထန်စေသည်။ လူငယ်များစွာက ချန်းဖန်အား ကြည့်ရင်း တီးတိုး ဆွေးနွေး နေကြတော့သည်။
သို့သော်လည်း ချန်းဖန်က ထိုလူငယ်များအား ဂရုမစိုက်ပေ။ သူကား မြောက်ဘက် ကောင်းကင်ဘုံ အရှင်သခင် ဖြစ်သည်။ အခြားလူများ မည်သို့တွေးမည်က သူ့အတွက် အရေးမပါချေ။ အခန်းတစ်ခုလုံးရှိ လူများထဲ၌ ကျို့လော့ရင် တစ်ယောက်သာ သူနှင့် စကားပြောရန် ထိုက်တန်သည်။
ထို့အပြင် ချန်းဖန် ဤနေရာသို့ ရောက်နေရခြင်းမှာ ချန်းကူးကူးလေး စိတ်ချမ်းသာစေရန်သာ ဖြစ်သည်။
"ဆရာချန်း ဒီကိုရောက်လာတယ် ဆိုတော့ စွန်းမိသားစုနဲ့ ရမ်မိသားစုတို့တော့ မျှော်လင့်ချက် မရှိတော့ဘူး"
လူငယ်များစွာက ခေါင်းကိုသာ ခါမိကြတော့သည်။ ချန်းမိသားစုအနေဖြင့် ဆရာချန်းအား လွှတ်လိုက်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။ ဆရာချန်းကိုယ်တိုင် ပါဝင်လာခြင်းက ကိစ္စအချို့အား ရှင်းလင်းသွားစေသည်။ စွန်းမိသားစု အနေဖြင့် မည်သူ့အကူအညီပင် ရှိစေကာမူ ဆရာချန်းအား လွန်ဆန်ရဲမည် မဟုတ်ချေ။
"ငါတော့ အဲဒီလိုမထင်ဘူး ... စွန်းမိသားစုမှာ ဝှက်ဖဲရှိသေးတယ် ... ငါတို့လို ကျင်းလင် မြို့သေးသေးလေးမှာ နေတဲ့သူတွေက ဆရာချန်းကို ကြောက်ကြပေမဲ့ ရန်ကျင်းက လူတွေကတော့ ဆရာချန်းကို မကြောက်လောက်ဘူးနော်"
ရန်တုန်းက မှတ်ချက်ချလိုက်သည်။
"အင်း ... ဟန်မိသားစုက ဘယ်သူ့ကို လွှတ်လိုက်လဲဆိုတဲ့ အပေါ်မှာ မူတည်နေတယ်လို့ ပြောရမယ်။ တကယ်လို့ ဟန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက် ဆိုရင်တော့ မင်းပြောတာ မှန်လောက်မယ်။ ဒါပေမဲ့ အကိုင်းအဖျား မိသားစုဝင် တစ်ယောက် ဆိုရင်တော့ ဆရာချန်းအတွက် ပြဿနာရှိမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဆရာချန်းက လီဝူချန်းရဲ့ ကာကွယ်မှုအောက်မှာ ရှိတာ မမေ့နဲ့ဦး"
အခြားတစ်ယောက်က ဝင်ပြောလိုက်သည်။ သူ၏စကားအား လူငယ်များစွာက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"လာတဲ့သူက ဟန်ကျန်းတုသာ မဟုတ်ရင် ဘာမှ အသုံးဝင်တော့မှာ မဟုတ်ဘူး"
ရွှေရောင် မျက်မှန်ကိုင်းနှင့် လူငယ်က ပြောဆိုလိုက်သည်။
"ဟန်ကျန်းတု ..."
ထိုနာမည်က ကျိုးချင်းရ အပါအဝင် လူငယ်များစွာ၏ အာရုံများအား ဖမ်းစားသွားသည်။
ထိုဟန်ကျန်းတု ဆိုသော လူငယ်ကား ရန်ကျင်းမြို့၏ အထူးချွန်ဆုံး လူငယ်များထဲမှ တစ်ယောက်ဖြစ်သည်။ သူ့အား စစ်တပ်ခေါင်းဆောင် တစ်ယောက်က ပင်လျှင် သူ့လက်အောက်၌ ဗိုလ်ချုပ်ရာထူးဖြင့် တာဝန် ထမ်းဆောင်ရန် ဖိတ်ခေါ်ဖူးသည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့သေးသည်။
"ဟန်ကျန်းတု လာမယ် မထင်ဘူး။ သူ့ရဲ့ လွှမ်းမိုးမှုက ဆရာချန်းထက်တောင် ပိုသာသေးတယ်"
ရန်တုန်းက ခေါင်းအားခါရင်း ဆက်ပြောလိုက်သည်။
"ငါကြားရ သလောက်တော့ ဟန်မိသားစုက ဒုတိယ သခင်လေးဟန်ကို လွှတ်လိုက်တယ်တဲ့။ သူ့ရဲ့ လွှမ်းမိုးမှုက ချန်းဖန်နဲ့ သိပ်မကွာဘူး"
"ဒုတိယ သခင်လေးဟန် ..."
မိန်းမငယ် တစ်ယောက်က ပါးစပ်အား ပိတ်ရင်း တအံ့တဩ ရေရွတ်လိုက်သည်။
"အင်း ... ဟုတ်တယ် ..."
ရန်တုန်းက ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ဟန်ဟုန်ကုံလာရုံနဲ့ ကိစ္စက ပြီးမသွားလောက်ဘူး ... ဆရာချန်းနဲ့ ဟန်ဟုန်ကုံ နှစ်ယောက်စလုံးက အရမ်းခေါင်းမာကြတယ်။ ငါတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ထင်တယ်"
ရွှေကိုင်းမျက်မှန်နှင့် လူငယ်က ပြောလိုက်သည်။ သူ၏စကားအား လူငယ်များစွာက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ကြသည်။
ချန်းမိသားစု မြင့်တက်လာခြင်းက ဖြတ်လမ်းနည်းဖြင့်ဟု ဆိုနိုင်သည်။ ထို့ကြောင့်ပင် ချန်းမိသားစုအား မကျေနပ်သူများစွာ ရှိသည်။ အကယ်၍ ချန်းမိသားစုနှင့် ရန်ကျင်းမြို့ ဟန်မိသားစုတို့ ယှဉ်ပြိုင်မည်ဆိုပါက အမှန်ပင် စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။
အဟောင်းများက အသစ်များအပေါ် မကျေနပ်ခြင်းမှာ လူ့သဘာဝပင် မဟုတ်ပါလား။
ကျိုးချင်းရကမူ ချန်းဖန်အတွက် တွေးရင်း စိတ်ပူနေခဲ့သည်။
"ဟန်မိသားစုက ရန်ကျင်းမြို့ရဲ့ အင်အားအကြီးဆုံး မိသားစုတစ်ခုပဲ ... ဟန်ဟုန်ကုံ ချန်းဖန် ကိုင်တွယ်နိုင်ပါ့မလား ..."
ချန်းဖန်ကမူ အခြားလူများ၏ အတွေးများအား ဂရုမစိုက်ချေ။ သူ ဤနေရာသို့ လာရခြင်းမှာ ချန်းကူးကူးကြောင့်သာ ဖြစ်သည်။ သူ့အနေဖြင့် ချန်းမိသားစုနှင့် အခြားမိသားစုများ အကြားမှ ကိစ္စများကို ဂရုမစိုက်ချေ။ ချန်းမိသားစုဝင်များတွင် သူဂရုစိုက်သူဟူ၍ သူ့အဘိုး တစ်ယောက်သာ ရှိသည်။
ချန်းဖန်နှင့် ချန်းကူးကူးတို့ ဂဏန်းလုံးကြီး တစ်ခုနှင့် အလုပ်များနေစဉ် မှာပင် ကျယ်လောင်သော အသံတစ်ခုက ဘေးနားမှ ထွက်ပေါ်လာခဲ့သည်။
"သူလား ... ထန်လုံတပ်ဖွဲ့ ခေါင်းဆောင်ဆိုတာ ... ဟာသ လာပြောနေတာလား ..."
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း အသံလာရာ နေရာသို့ ကြည့်လိုက်သည်။ ထိုနေရာတွင်မူ ရှက်ရွံ့နေဟန်ရသော ကျို့လော့ရင်နှင့် ဗလတောင့်တောင့် လူငယ်တစ်ယောက်ကို တွေ့ရသည်။ ထိုလူငယ်၏ နှုတ်ခမ်းများက မထိလေးစားဟန် ပြုံးနေခဲ့ပြီး နေကာမျက်မှန်အောက်မှ မျက်လုံးများကမူ ချန်းဖန်အား စူးစိုက် ကြည့်နေခဲ့သည်။
***