ဒူးထောက်စမ်း
Vol. 4 Ch. 397
ဗလတောင့်တောင့် လူငယ်၏ စကားသံ ထွက်ပေါ်လာသည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။
လူတိုင်းက ထိုလူငယ်အား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ဆရာချန်းအား ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်ဝံ့သူ ရှိလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။ ဆရာချန်းကား ရှန်းမိသားစု တစ်ခုလုံးကိုပင် မျိုးဖြုတ် သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သူ့အား ယခုကဲ့သို့ ဆက်ဆံခြင်းက အမှန်ပင် ရဲတင်းလွန်းသည်။
"သူက ဘယ်သူလဲ … ဒီပါတီပွဲက အသက်ရှင်လျက် ထွက်သွားချင်ရင် သူ့ပါးစပ်ကို ပိတ်ထားသင့်တယ်"
"သူက ဆရာချန်းကို ဘာမှတ်နေတာလဲဟ … အဲဒီချီးထုပ်က ရူးနေတာလား"
"အဲဒီလူက သခင်လေး စွန်းတန့်မင်နဲ့ အတူလာတာ ငါတွေ့လိုက်တယ် … သူက သခင်လေးစွန်းရဲ့ သူငယ်ချင်းများလား …"
ခန်းမအတွင်းရှိ လူများ အံ့အားသင့်စွာဖြင့် တီးတိုးပြောဆို နေကြစဉ်မှာပင် ရန်တုန်းက လက်ခုပ်တီးရင်း အသံကျယ်ကျယ် ပြောလိုက်သည်။
"သူက သခင်လေး ဟန်ဟုန်ကုံပဲ …"
လူများစွာက ဗလတောင့်တောင့် လူငယ်အား အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။
"သူက ဟန်ဟုန်ကုံလား … သူ့ကို နတ်ဆိုးဝင်စားတဲ့သူလို့ ခေါ်ကြတာ မဆန်းဘူးပဲ။ ဆရာချန်းကို ခုလို စိန်ခေါ်ရဲတဲ့သူက သူပဲ ရှိလိမ့်မယ်"
တောက်ပသော ရတနာများ ဝတ်ဆင်ထားသည့် မိန်းကလေးက ရေရွတ်လိုက်သည်။
"ဒီပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်လဲ…"
အခြားမိန်းကလေး တစ်ယောက်ကလည်း စိတ်ဝင်စားစွာ မေးလိုက်သည်။
ချန်းဖန်က ကဏန်းခြေထောက်အား ပန်းကန်ထဲသို့ ပြန်ထည့်လိုက်ရင်း မာနထောင်လွှားသော လူငယ်ကို တစ်ချက် ကြည့်လိုက်သည်။
ကျင်းလင်မြို့၌ နာမည်ကြီးလာချိန်မှ စ၍ သူ့အား စိန်ခေါ်ဝံ့သူမှာ ထိုတစ်ယောက်သာ ရှိနေသေးသည်။
ကျန်းနန်ပြည်နယ် တစ်ခုလုံး မဟုတ်လျှင်ပင် ကျင်းမြို့တော်ရှိ လူငယ်အားလုံးက သူ့အား ကြောက်ရွံ့ လေးစားကြသည်။ ထို့ကြောင့် ဗလတောင့်တောင့် လူငယ်မှာ ကျင်းလင်မြို့မှ မဟုတ်လောက်ချေ။
ထိုလူငယ်၏ တရုတ်မြောက်ပိုင်း လေသံနှင့် မောက်မာသော အပြုအမူများ အရဆိုလျှင် သူကား တရုတ်ထိပ်တန်း မိသားစုတစ်ခု၏ ဆက်ခံသူ ဖြစ်နိုင်သည်။
သို့သော်လည်း ချန်းဖန်အတွက်မူ ထိုလူငယ်က အရေးမပါချေ။ ထိုလူငယ် မည်သည့် မိသားစုမှ ဖြစ်စေ။ သူ ဂရုမစိုက်ချေ။ သူ့အား ဆန့်ကျင်ရဲသည့် မည်သူမဆို ထိုတန်ဖိုးကို ပေးရလိမ့်မည် ဖြစ်သည်။
"ငါဘယ်သူလဲ ဆိုတာ မင်းသိလား …"
ချန်းဖန်က တည်ငြိမ်စွာပင် မေးလိုက်သည်။
"ဆရာချန်း … သူက ဟန်မိသားစုက ဒုတိယသခင်လေး ဟန်ဟုန်ကုံပါ။ သူက အခုမှ ကျင်းလင်မြို့ကို ရောက်တာဆိုတော့ ဆရာချန်း ဘယ်သူမှန်း မသိသေးလို့ပါ။ သူ့ကို ခွင့်လွှတ်ပေးပါ"
ဟန်ဟုန်ကုံ အဖြေမပေးရသေးခင် မှာပင် ကျို့လော့ရင်က ဝင်၍ ရှင်းပြလိုက်သည်။
ထိုပါတီပွဲကား သူမ ဦးစီးကျင်းပြသော ပွဲဖြစ်ကာ အခြေအနေများ တင်းမာမည်ကို သူမ မမြင်ချင်ပေ။
သူမအနေဖြင့် ချန်းဖန်၏ ဒေါသကို သိရှိပြီးဖြစ်သည်။ အဘိုးကြီးစု၏ မွေးနေ့ပွဲ၌ သူက တန်ကျင်းဖန်အား သတ်ပင်ပစ်ခဲ့သည်။ ထို့အပြင် ကျိလော့ချန်းသည်လည်း သူ့ရှေ့၌ ဒူးထောက်ကာ တောင်းပန်ရခဲ့သည်။ ချန်းဖန်၏ စရိုက်အရ ဟန်ဟုန်ကုံ မည်သူပင် ဖြစ်စေကာမူ ညှာတာလိမ့်မည် မထင်ချေ။ "ရန်ကျင်းမြို့ ဟန်မိသားစု" ဆိုသော နာမည်က ချန်းဖန်အား အနည်းငယ် တွန့်ဆုတ်စေရန်သာ ကျို့လော့ရင် ဆုတောင်း နေမိတော့သည်။
"ရန်ကျင်းရဲ့ ဟန်မိသားစု …"
ချန်းဖန်က မျက်လုံးများအား အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ ထိုနာမည်အား အတိတ်ဘဝက သူကြားဖူးခဲ့သည်။ ဟန်မိသားစုမှာ စစ်တပ်နှင့် နက်နဲသော ပတ်သက်မှုများ ရှိကြောင်း သူသိသည်။ သို့သော်လည်း ဟန်မိသားစုမှာ ဝမ်ရှောက်ယွင်၏ ဝမ်မိသားစုနှင့်မူ မယှဉ်နိုင်သေးပေ။
ပြောစကားများအရ ဟန်မိသားစုမှာ ကျိမိသားစု၊ ဝေ့မိသားစု၊ စုမိသားစုများထက် ပိုမို အင်အားကြီးသည်ဟု ဆိုသည်။ ဟန်မိသားစုဝင်များတွင် ဗိုလ်ချုပ်ပင် တစ်ယောက်မက ရှိသည်။ အဘိုးကြီးဟန် ဆိုလျှင် အငြိမ်းစား ယူပြီးချိန်မှာပင် တရုတ်စစ်တပ်၏ လွှမ်းမိုးမှု အရှိဆုံး လူတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်သည်။
"မင်းဘယ်သူဖြစ်ဖြစ် ငါက ဘာလို့ ဂရုစိုက်ရမှာလဲ … ဘာလဲ … မင်းက ငကြောက်လား …"
ဟန်ဟုန်ကုံက ချန်းဖန်အား ပြန်ပြောလိုက်သည်။ ချန်းဖန်၏ မေးခွန်းက သူ့အား မခန့်လေးစား နိုင်လွန်းသည်ဟု သူ ယူဆသည်။
"ထန်လုံတပ်ဖွဲ့ကရော ဘာအရေးပါလဲ။ ခေါင်းဆောင်ဟူ ရှိတာတောင် ဘာမှ စောက်သုံးကျမလာဘူး။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အထူးတပ်ဖွဲ့တွေထဲမှာ ဘိတ်ချေးပဲ။ ဒါတောင် ဒီလို စောက်သုံးမကျတဲ့ ကောင်လေးကို ခေါင်းဆောင်ခန့်လိုက် သေးတယ်။ ဟာသပဲ …"
ဟန်ဟုန်ကုံက ချန်းဖန်အား အထင်သေးစွာ ကြည့်ရင်း ဆက်ပြောလိုက်သည်။
"မင်းက မင်းကိုယ်မင်း ရဲ့နန်ထင်းနဲ့ တန်းညီတယ်လို့ တွေးနေတာလား။ ခေါင်းဆောင်ရဲ့နဲ့ လုံဖန်အဖွဲ့ သိက္ခာကျတယ် …"
ဟန်ဟုန်ကုံ၏ စကားလုံးများက လူတိုင်းအား ပါးစပ် အဟောင်းသား ဖြစ်စေသည်။
"ရန်ကျင်း ဟန်မိသားစုရဲ့ ဒုတိယသခင်လေးလို့ မပြောရဘူး … သူက ဆရာချန်းကိုတောင် စော်ကားရဲတယ်"
"ဟန်မိသားစုက ရန်ကျင်းရဲ့ အချမ်းသာဆုံး မိသားစု ဆယ်ခုထဲက တစ်ခုပဲဟာ … ကျင်းလင်မြို့ရဲ့ ကျို့မိသားစု၊ စွန်းမိသားစုတွေထက် အဆတစ်ရာလောက် ပိုချမ်းသာတယ်"
"ဟန်ဟုန်ကုံရဲ့ နာမည်ပြောင်ကိုက နတ်ဆိုးဝင်စားတဲ့သူတဲ့။ ပွဲကတော့ ကြည့်လှပြီပဲ …"
လူငယ်များစွာက တစ်ယောက်ကိုယ် တစ်ယောက် တီးတိုးပြောဆို နေခဲ့ကြသည်။
ချန်းနဉ်၊ ချန်းအန်၊ ချန်းဟူတို့ကား မျက်နှာပျက်နေပြီ ဖြစ်သည်။ ချန်းဖန်သာ လိုက်လာတာက ပွဲပြီးမီးသေ ဖြစ်လိမ့်မည်ဟု သူတို့မျှော်လင့် ထားခဲ့သော်လည်း ယခု အခြေအနေကမူ လွယ်ကူမည့်ဟန် မရချေ။
"မောင်လေး … ဒီမှာ ဖြစ်နေတာကို လူကြီးတွေဆီ လှမ်းပြောလိုက်ရမလား"
ချန်းနဉ်က စိုးရိမ်စွာ မေးလိုက်သည်။ ချန်းအန်ကမူ မျက်မှောင်ကြုတ်ရင်း ခေါင်းကိုသာ ခါလိုက်သည်။
"ခေါ်စရာ မလိုလောက်ပါဘူး … ဟန်ဟုန်ကုံမှာ ဟန်မိသားစု နောက်ခံရှိပေမဲ့ သူက မိသားစုရဲ့ အရေးပါဆုံးမျိုးဆက် မဟုတ်ဘူး။ ချန်းဖန်က သူ့ကို မသတ်သေးသမျှ ငါတို့အတွက် ပြဿနာ မရှိဘူး။ ချန်းဖန်က ဟန်ဟုန်ကုံကို ဆုံးမမယ် ဆိုရင်တောင် ဟန်မိသားစုက ဘာမှ တုံ့ပြန်မှာ မဟုတ်လောက်ဘူး။ ဟန်မိသားစုက ဟန်ကျန်းတုကို မလွှတ်လိုက်တာ ငါတို့ ကံကောင်းတာပဲ"
ချန်းဖန်ကမူ ဘာမှ ပြန်မပြောဘဲ သက်ပြင်းချလိုက်သည်။
"မင်းက ဘာလို့ သက်ပြင်းချနေတာလဲ …"
ဟန်ဟုန်ကုံက ချန်းဖန်အား ကြည့်ရင်း လှောင်လိုက်သည်။
"ငါဘယ်သူလဲ ဆိုတာ မင်း မသိသေးလို့ သက်ပြင်းချတာ။ ဘယ်သူသတ်မှန်း မသိဘဲ သေရတော့မဲ့ မင်းအတွက် စိတ်မကောင်းဖြစ်မိတယ် …"
ချန်းဖန်က ခေါင်းခါရင်း ဆက်ပြောလိုက်သည်။
"မင်းအဖေတောင် ငါ့ကိုတွေ့ရင် လေးလေးစားစား ဆက်ဆံရတယ် ဆိုတာ မင်းမသိဘူးလား" ဟန်မိသားစုကား မစ်ဆု လုပ်ငန်းစုနှင့် ယှဉ်လျှင်ပင် သေးငယ်သော အဖွဲ့အစည်းလေး ဖြစ်သည်။ ဟန်ဟုန်ကုံ မဆိုထားနှင့်။ ဟန်မိသားစု ခေါင်းဆောင်များ ဤနေရာသို့ လာလျှင်ပင် ချန်းဖန်အား ရိုသေစွာ ဆက်ဆံရမည် ဖြစ်သည်။
"ငါသေရမယ်လို့ မင်းပြောနေတာလား …"
ဟန်ဟုန်ကုံ၏ မျက်နှာက တင်းမာသွားကာ ချန်းဖန်အား လှမ်းထိုးလိုက်တော့သည်။ သို့သော်လည်း ချန်းဖန်က သူ့အား အခွင့်အရေးမပေးချေ။
"ဒူးထောက်စမ်း …"
ရုတ်တရက် မမြင်နိုင်သော အင်အားတစ်ခုက ဟန်ဟုန်ကုံကား မြေကြီးပေါ်သို့ ဆွဲချကာ ဒူးထောက်စေသည်။
"မင်း… မင်း လုပ်ရဲတယ်ပေါ့"
ဟန်ဟုန်ကုံက အသံကုန်ဟစ်၍ အော်လိုက်သည်။ သူကား အသည်းအသန် ရုန်းကာ ထရပ်ရန် ကြိုးစားနေသည့်တိုင် မည်သို့မျှ မအောင်မြင်ချေ။
"မင်းရဲ့ အပြုအမူတွေ အတွက် ဒီနေရာမှာ ဒူးထောက်နေရမယ်။ မင်းမိဘတွေကို ဒီကိုလာဖို့ ပြောလိုက်စမ်း"
လူတိုင်းက ထိုမြင်ကွင်းအား ကြောက်ရွံ့စွာ ကြည့်နေခဲ့မိကြသည်။ တစ်ယောက်ကား ဟန်မိသားစု၏ ဒုတိယ သခင်လေးဖြစ်ကာ အခြားတစ်ယောက်က ထန်လုံတပ်ဖွဲ့မှ ဗိုလ်ချုပ်ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးကား အမှန်ပင် မလွယ်ကူကြပေ။
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က ဟန်ဟုန်ကုံအား ဒူးထောက်စေခဲ့သည်။ ထိုအရာက ဟန်ဟုန်ကုံ တစ်ယောက်တည်းအား စော်ကားခြင်း မဟုတ်ချေ။ ဟန်မိသားစု တစ်ခုလုံးကိုပါ စိန်ခေါ်လိုက်ခြင်းပင်။
ဟန်ဟုန်ကုံမှာ ဟန်မိသားစု၏ အဓိကလူတစ်ယောက် မဟုတ်သော်လည်း ဟန်မိသားစုက သူတို့၏သိက္ခာအတွက် အလျှော့ပေးလိမ့်မည် မဟုတ်ချေ။
သိပ်မကြာခင်မှာပင် အသက်သုံးဆယ်ခန့် ရှိသော လူငယ်တစ်ယောက်က ချန်းဖန်ထံ လျှောက်လာလိုက်ရင်း …
"ဆရာချန်း … ဒါက နားလည်မှုလွဲတာပါ … သခင်လေးဟန်က သူ့စကားရဲ့ အဓိပ္ပာယ်ကို နားမလည်ပါဘူး … သူ့ကို ခွင့်လွှတ်ပေးပါ"
လူတိုင်းက စကားပြောလိုက်သော လူငယ်အား ချက်ချင်းပင် မှတ်မိလိုက်သည်။ သူကား စွန်းမိသားစု၏ သခင်လေး စွန်းတန့်မင်ပင်ဖြစ်သည်။
"ငါ့ရှေ့က ထွက်သွားစမ်း …"
ချန်းဖန်က အေးစက်စွာ ပြောရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက်ပင် မမြင်ရသော အင်အားတစ်ခု ပေါ်လာကာ စွန်းတန့်မင်အား လွင့်ထွက်သွားစေသည်။ စွန်းတန့်မင်၏ ခန္ဓာကိုယ်ကား စားပွဲများစွာကို တိုက်မိသည်အထိ လွင့်စဉ်သွားပြီး နောက်မှ ရပ်တန့်သွားတော့သည်။
အခန်းတစ်ခုလုံးကား အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်သွားတော့သည်။
သို့သော်လည်း ဟန်ဟုန်ကုံ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ် လာခဲ့ပြန်သည်။
"လီဝူချန်း မင်းနောက်မှာရှိတာနဲ့ပဲ ဘာမဆို လုပ်လို့ရပြီ ထင်နေတာလား။ မင်းရဲ့ ဗိုလ်ချုပ်ဆိုတဲ့ ရာထူးက ဟန်မိသားစုနဲ့ယှဉ်ရင် ဘာမှ စောက်သုံးမကျဘူးကွ။ မင်းကြည့်နေ။ မင်းကို ငါတို့ရအောင် သတ်ပစ်မယ်"
သူကား ဒူးထောက် နေရချိန်တွင်ပင် မောက်မာ နေချေသေးသည်။ ချန်းဖန်ကမူ သူ၏ စကားအား ဂရုစိုက်ပုံ မရချေ။
"ကောင်းပြီလေ… ကြည့်ကြတာပေါ့…"
ချန်းဖန်က စားပွဲပေါ်ရှိ ဂဏန်းလက်မကိုသာ ပြန်လည် အာရုံစိုက်ရင်း အလုပ်များနေတော့သည်။ ထိုမြင်ကွင်းအား ကြည့်ရင်း ကျို့လော့ရင်နှင့် အခြား ဧည့်သည်များကား ယောင်ချာချာသာ ဖြစ်နေကြတော့၏။
***
ထိုအချိန် ကျင်းလင် စစ်ဌာနချုပ်အတွင်း၌ …
စစ်ယူနီဖောင်း ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးနှင့် ချောမောသော လူငယ်တစ်ယောက်တို့ စကားစမြည် ပြောနေကြသည်။
"ကျန်းတု … မင်းက မင်းရဲ့ဦးလေးလီကို မေ့နေခဲ့တာပဲ … နောက်တစ်ခါ အဘိုးကြီးနဲ့ တွေ့ရင် ဒီအကြောင်း တိုင်ရမယ်"
အဘိုးကြီးက ပြုံးရင်း ပြောလိုက်သည်။
လူငယ်က ပြုံး၍ တစ်ခုခုပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ဖုန်းက မြည်လာခဲ့သည်။ ဖုန်းပြောပြီးနောက်၌ လူငယ်၏ မျက်နှာပေါ်မှ အပြုံးကား တဖြည်းဖြည်း အေးခဲသွားတော့သည်။
***