ဘုံရန်သူ
Vol. 4 Ch. 398
"ဘာများလဲကွ…"
အဘိုးအိုက လူငယ်၏ မျက်နှာအား အကဲခတ်ရင်း မေးလိုက်သည်။
"ထွေထွေထူးထူး မဟုတ်ပါဘူး … ကျွန်တော့်ရဲ့အသုံးမကျတဲ့ညီ ပြဿနာ ရှာထားလို့ပါ"
ဟန်ကျန်းတု၏ သက်ပြင်းတစ်ချက်ချကာ ပြန်ဖြေလိုက်သည်။
"အာ … မင်းရဲ့ညီလား … သူ့အကြောင်း ငါကြားပါတယ်"
အဘိုးအိုက ခေါင်းညိတ်ရင်း ဆက်ပြောလိုက်သည်။
"ကျင်းလင်မြို့မှာ ပြဿနာ တစ်ခုခုဖြစ်ရင် ငါ့ကို အကူအညီတောင်းဖို့ အားမနာနဲ့နော်"
"ကျေးဇူးတင်ပါတယ် … ဦးလေးလီ …"
ဟန်ကျန်းတုက ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
သို့သော်လည်း ဟန်မိသားစု နာမည် တစ်ခုတည်းဖြင့်ပင် ထိုပြဿနာအား ကိုင်တွယ်နိုင်လိမ့်မည်ဟု ဟန်ကျန်းတု ယူဆထားသည်။
သူက စစ်ဌာနချုပ်မှ ထွက်လာပြီး ရန်ကျင်း လိုင်စင်ပြား ကပ်ထားသော ကားအတွင်းသို့ ဝင်လိုက်သည်။
"ဦးလေးဟူ … ဘာဖြစ်တာလဲဗျ"
ဟန်ကျန်းတုက ကားထဲသို့ ရောက်သည်နှင့် မေးလိုက်သည်။
"ဒုတိယသခင်လေးက သခင်လေးစွန်းနဲ့ အတူ ပါတီပွဲ တစ်ခုကို လိုက်သွားပါတယ်။ အဲဒီပွဲက ကျင်းလင်မြို့ရဲ့ မိသားစုကြီးတွေရဲ့ လူငယ်တွေ လုပ်တဲ့ပွဲပါ။ အဲဒီပွဲကို ဒီနှစ်မှတက်လာတဲ့ ချန်းမိသားစုက လူငယ်တစ်ယောက်က ဒုတိယသခင်လေးကို အတင်းအကျပ် ဒူးထောက်ခိုင်းပါတယ်။ သခင်လေးစွန်းကိုတော့ အဲဒီလူငယ်က ကန်ထုတ်လိုက်တယ်လို့ သိရပါတယ် …"
အသက်လတ် ဒရိုင်ဘာက ရှင်းပြလိုက်သည်။ ထိုအသက်လတ်လူကား သပ်သပ်ရပ်ရပ်ရှိပြီး ခန့်ညားသော လူတစ်ယောက် ဖြစ်သည်။ သူ၏ တလက်လက် တောက်ပနေသော မျက်လုံးများကမူ ပြတ်သားသော သဘောသဘာဝကို ဖော်ပြနေသယောင် ရှိသည်။ ဟန်ကျန်းတုက ပင်လျှင် ဦးလေးဟု ခေါ်သည်ကို ထောက်ခြင်းဖြင့် ထိုအသက်လတ်လူ၏ အဆင့်အတန်းကို သိနိုင်သည်။
သူကား သာမန်ဒရိုင်ဘာ တစ်ယောက် မဟုတ်ပေ။ လုံဖန်တပ်ဖွဲ့၏ ဒုတိယ ကပ္ပတိန် တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသည်။ သူက စပ်တပ်မှအနားယူကာ ဟန်ကျန်းတု၏ သက်တော်စောင့် အဖြစ် အလုပ်လုပ်နေခြင်း ဖြစ်သည်။
"ကျင်းလင်မြို့ရဲ့ မိသားစု အသစ်လား …"
ဟန်ကျန်းတုက စဉ်းစားရင်း အနည်းငယ် ပြုံးလိုက်သည်။
"ဟုန်ကုံက စွန်းမိသားစုရဲ့ ထောင်ချောက်ထဲကို တန်းတန်းမတ်မတ် ဝင်သွားတာပဲ။ စွန်းမိသားစုက သူ့ရဲ့ ကမူးရှူးထိုးစရိုက်ကို သိလို့ အသုံးချလိုက်တာပဲ"
ဟန်ကျန်းတုကား လိမ္မာပါးနပ်သော လူတစ်ယောက် ဖြစ်ရာ စွန်းမိသားစု၏ လှည့်စားမှုကို ချက်ချင်းပင် သတိပြုမိလိုက်သည်။ စွန်းမိသားစုမှာ ကျင်းလင်၏ ထိပ်တန်းမိသားစုကြီး ဖြစ်ရာ သာမန်ကိစ္စမျိုး ဆိုပါက ဟန်ဟုန်ကုံ၏ အကူအညီကို လိုလိမ့်မည် မဟုတ်ချေ။ စွန်းမိသားစုက အသစ်ပေါ်ထွက် လာသော ချန်းမိသားစုအား ဖိနှိပ်ရန် ဟန်ဟုန်ကုံကို အကာအကွယ် အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းမိသားစုဘက်မှ တုံ့ပြန်မှုက အနည်းငယ် ထူးဆန်းနေသည်။
"ဘာပဲဖြစ်ဖြစ် … သူက ကျွန်တော့်ညီပါပဲ။ သူ့ကို ဒူးထောက်ခိုင်းတာက ဟန်မိသားစုကို စော်ကားလိုက်တာနဲ့ အတူတူပဲ"
ဟန်ကျန်းတုက ပြုံးလိုက်သည်။
"စွန်းမိသားစုကရော ဒီကိစ္စကို ဘာပြောလဲ … သူတို့သာ ကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ရင် ကျွန်တော်တို့ တစ်ခုခုလုပ်ဖို့ လိုလိမ့်မယ်"
"စွန်းမိသားစု ခေါင်းဆောင်က အဲဒီကို သွားနေပါပြီ။ သူဘာလုပ်မယ် ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး"
အသက်လတ်လူက ကားစတီယာရင်ဘီးကို ကျွမ်းကျင်စွာ ထိန်းချုပ် မောင်းနှင်ရင်း ပြောလိုက်သည်။
"ဟမ့် … ဟန်မိသားစုကို စော်ကားရဲရင် ဘယ်လိုပြန်ပြီး ခံစားရမလဲ ဆိုတာ တွေ့ကြသေးတာပေါ့"
ဟန်ကျန်းတုက မျက်လုံးများအား ကျဉ်းမြောင်းရင်း နှာခေါင်းရှုံ့လိုက်သည်။
***
ထိုအချိန် ကျောက်တုံးနီ ကလပ်အတွင်း၌ …
လေထု၏ ဖိအားက အဆမတန် ပြင်းထန်နေခဲ့သည်။
စွန်းတန့်မင်ကား မြေပြင်၌ သတိလစ်လျက် ရှိပြီး အခြား စွန်းမိသားစုဝင်များက ဆေးရုံသို့ ပို့ရန် ပြင်ဆင်နေကြသည်။
ဟန်ဟုန်ကုံမှာမူ မြေပြင်ပေါ်၌ ဒူးထောက်လျက်ပင် ရှိနေသေးသည်။ သူ၏ ပါးစပ်ကမူ အယုတ္တ၊ အနတ္တ စကားများက ထွက်ပေါ်နေဆဲပင်။ ခဏအကြာ၌ ချန်းဖန်က ဆူညံသံများကို ငြီးငွေ့လာပုံရသည်။ သူက ဟန်ဟုန်ကုံ၏ ပါးစပ်ကို ဖြတ်ရိုက်ပြီး သွားလေးငါးချောင်းကို ကျွတ်စေလိုက်သည်။ ထိုအချိန်ကျမှ ဟန်ဟုန်ကုံ ပါးစပ် ပိတ်သွားတော့သည်။
အခန်းတစ်ခုလုံးကား ချန်းဖန်နှင့် ချန်းကူးကူးတို့၏ အစားစားနေသံမှ လွဲလျှင် တိတ်ဆိတ်ခြောက်ကပ် နေခဲ့သည်။
စွန်းတန့်မင်အား ရိုက်နှက်ခြင်းနှင့် ဟန်ဟုန်ကုံအား ဒူးထောက်စေခြင်းက အခန်းအတွင်းရှိ လူအားလုံးကို သွေးပျက်စေသည်။ ချန်းကူးကူးမှာမူ ကလေးသာ ဖြစ်ရာ ထိုတင်းမာနေသော အခြေအနေများအား သတိမထားမိပေ။ သူမက ချန်းဖန်ထွင်ပေးသော ကဏန်းအသားများ ကိုသာ အားရပါးရ စားသောက်နေခဲ့သည်။
"ဟန်ဟုန်ကုံက ကိုယ့်သိက္ခာ ကိုယ်ချတာပဲ။ ဆရာချန်း အကြောင်းကို သူ နားလည်သင့်တယ်"
လူငယ်တစ်ယောက်က ဝမ်းမြောက်ဝမ်းသာ မှတ်ချက်ချလိုက်သည်။
"ဆရာချန်း ခုလို မလုပ်သင့်ဘူး ထင်တယ်။ ဟန်မိသားစု ဆိုတာက ကျိမိသားစု၊ စုမိသားစုတို့ထက် အများကြီးပိုတယ်။ ဝမ်မိသားစုနဲ့ ရှောင်မိသားစုတို့လို အင်အားကြီးတဲ့ မိသားစုတွေ မဟုတ်ရင် ဟန်မိသားစုကို ဖိနှိပ်နိုင်ဖို့က မလွယ်ဘူး။ အဘိုးကြီးဟန်ဆိုရင် စစ်တပ်က အနားယူပြီးတာတောင် သူ့ရဲ့ လွှမ်းမိုးမှုက နည်းနည်းမှ လျော့မသွားဘူး။ ဆရာချန်းက ဟန်ဟုန်ကုံကို အပြစ်ပေးတာ ဆိုပေမဲ့ အဲဒါက ဟန်မိသားစုကို စော်ကားတာနဲ့ ဘာမှမခြားဘူး"
"ဆရာချန်းကလည်း မောက်မာလွန်းတယ်။ လီဝူချန်းရဲ့ ကာကွယ်မှုအောက်မှာ ရှိတာနဲ့တင် သူက လုပ်ချင်သလို လုပ်နေတာ"
ရွှေရောင် မျက်မှန်ကိုင်းနှင့် လူငယ်က ခေါင်းခါရင်း ပြောလိုက်သည်။
"ရန်တုန်း … စွန်းမိသားစုက ဒီကိစ္စကို ဘယ်လိုတုံ့ပြန်မယ် ထင်လဲ …"
လူငယ်တစ်ယောက်က မေးလိုက်သည်။
ရန်တုန်း ပြန်မဖြရသေးခင်မှာပင် ဝင်ပေါက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"စွန်းမိသားစု သခင်ကြီး ရောက်လာပါတယ်"
ရုတ်ရုတ်သဲသဲ အသံနှင့်အတူ အသက်လတ် လူကြီးတစ်ယောက် အခန်းအတွင်း ဝင်လာခဲ့သည်။ ဒူးထောက်နေသော ဟန်ဟုန်ကုံနှင့် မေ့မျောနေသော စွန်းတန့်မင်တို့အား တွေ့သည်နှင့် သူ၏ မျက်နှာက အေးခဲသွားသည်။
သူက ချန်းဖန်ဘက်သို့ လှည့်ကာ စူးရဲစွာ ကြည့်လိုက်ရင်း …
"ချန်းဖန် … ဒါတော့ နည်းနည်းများသွားပြီ"
ချန်းဖန်က သူ့အား လှည့်မကြည့်ဘဲ ပြန်၍ မေးခွန်းထုတ်လိုက်သည်။
"ငါ့ကိုမေးရအောင် မင်းက ဘယ်သူလဲ…"
"အရမ်းကောင်းတယ် … မင်းမေးတော့လည်း ငါက ဖြေရမှာပေါ့ …"
အသက်လတ်လူ၏ မျက်နှာကား ဒေါသကို မနည်းထိန်းချုပ်နေရပုံ ပေါ်သည်။
"ငါ့နာမည်က စွန်းရှန်းဟွာ… စွန်းမိသားစုခေါင်းဆောင် … နောက်ပြီး စွန်းလုပ်ငန်းစု ပိုင်ရှင် … လုံလောက်ပြီလား"
"မလုံလောက်ဘူး …"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ပြန်ဖြေလိုက်သည်။
စွန်းရှန်းဟွာ၏ မျက်လုံးများကား ဒေါသဖြင့် နီရဲနေပြီ ဖြစ်သည်။ အခြားမိသားစုများမှ လူငယ်များကမူ ထိုမြင်ကွင်းအား အံ့အားသင့်စွာ ကြည့်နေမိကြသည်။
စွန်းမိသားစုကား ကျင်းလင်မြို့၏ ထိပ်တန်း မိသားစုကြီး ဖြစ်သည်။ သူတို့၏ လွှမ်းမိုးနိုင်စွမ်းက ကျို့မိသားစုအောက် မလျော့ချေ။ သို့သော်လည်း ထိုသို့သော မိသားစုကြီး၏ ခေါင်းဆောင်ကိုပင် သူ့အား စကားပြောရန် လုံလောက်မှုမရှိဟု ဆရာချန်းက ပြောဆိုခဲ့သည်။
စွန်းရှန်းဟွာကား မြေခွေးအိုကြီး တစ်ယောက်ဖြစ်ရာ ပေါက်ကွဲခြင်း မရှိချေ။ သူက စိတ်များအား ပြန်လည် စုစည်းလိုက်ရင်း အေးစက်စွာဖြင့် …
"မင်းက အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်နဲ့ ထန်လုံတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါတို့ စွန်းမိသားစုကလည်း ပေါ့သေးသေးတော့ မဟုတ်ဘူး။ မင်းတို့ ချန်းမိသားစုက ဘာလုပ်ချင်နေတာလဲ။ ကျန်းနန်နယ် တစ်ခုလုံးမှာ ရှိတဲ့ မိသားစုတွေရဲ့ ရန်သူ ဖြစ်ချင်နေတာလား။ ကျန်းနန်နယ်က မိသားစုတွေ အားလုံးပေါင်း အင်အားကို မင်းတို့ ယှဉ်နိုင်မယ် ထင်လား"
စွန်းရှန်းသွာ၏ စကားက ချန်းနဉ်နှင့် ချန်းအန်တို့အား တောင့်တင်းသွားစေသည်။ ထိုမြေခွေးအိုကြီး၏ စကားက မမှားချေ။ အကယ်၍ ကျန်းနန်နယ်ရှိ မိသားစု အားလုံးသာ မဟာမိတ် ဖွဲ့လိုက်ပါက တရုတ်၏ မည်သည့် မိသားစုမှ ယှဉ်နိုင်တော့မည် မဟုတ်ချေ။
"ချန်းဖန် … ငါတို့ တော်လောက်ပြီ ထင်တယ်နော်"
ချန်းအန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"ငါတို့ ဘာလို့ ကြောက်ရမှာလဲ။ ငါတို့မှာ စွမ်းအားရှိနေသမျှ အဲဒီအထင်သေးတဲ့ လူတွေကို ပြန်နှိပ်ကွပ်နိုင်တယ်"
ချန်းရှောင်က အေးစက်စွာ ဝင်ပြောလိုက်သည်။ သို့သော်လည်း ချန်းလူငယ်များကား သူ၏ စကားကို သဘောမတူနိုင်ချေ။ အမေရိကန်ကဲ့သို့သော အင်အားစုကြီးပင်လျှင် မဟာမိတ် နိုင်ငံများ ရှိသည်။ အရူးသာလျှင် မဟာမိတ် အင်အားစုကြီးကို တစ်ယောက်တည်း ယှဉ်ပြိုင်ပေလိမ့်မည်။
"လီဝူချန်းက ငါ့အဖေလက်အောက်မှာ အမှုထမ်းဖူးတယ် ဆိုတာ မမေ့နဲ့ဦး။ နောက်ပြီး ချန်းမိသားစုနဲ့ ဟန်မိသားစုတို့ ပဋိပက္ခဖြစ်ရင် လီဝူချန်းက ဘယ်ဘက်မှာ နေမယ်ထင်လဲ"
စွန်းရှန်းဟွာက ဆက်လက် ဖိအားပေးလိုက်သည်။
"ဟန်မိသားစုရဲ့ အကြီးဆုံးသား ဟန်ကျန်းတုက အခု ကျင်းလင်မြို့မှာ ရောက်နေတယ်။ တကယ်လို့ မင်းက သူ့ညီကို ဒူးထောက်ခိုင်းထားတာ သူသိရင် ဘာလုပ်မယ်ဆိုတာ မင်းသိလား"
စွန်းရှန်းဟွာ၏ စကားက အခန်းအတွင်းရှိ လူတိုင်းအား တောင့်တင်းသွားစေသည်။
"ဟန်ကျန်းတုက ကျင်းလင်မြို့မှာ ရောက်နေတာလား …"
***