မင်းပြောတဲ့ငါး ဘယ်မှာလဲ
Vol. 4 Ch. 56
နောက်တစ်နေ့တွင် ဝူဟိုင်သည် ပုံမှန်အတိုင်း အစောကြီးနိုးလာပြီး ငါးမျှားလာသူများကို လက်ခံကာ ရေလှောင်ကန်တံခါးကို ဖွင့်သည်။
“ငါးကြီး”ရဲ့ သတင်းက အရှိန် လျော့သွားပေမယ့်..။ လူအများအပြားသည် သူ၏ ရေလှောင်ကန်သို့ ငါးမျှားရန် လာရောက်ကြဆဲဖြစ်သည်။
ပုံမှန်အတိုင်းပင်..။ လူ (၃၇) ယောက်လောက် ရောက်လာ၏။
မနက်ခင်းတစ်ဝက်လောက် အလုပ်ရှုပ်နေပြီးနောက်၊ ဝူဟိုင်က နောက်ဆုံးဧည့်သည်ကို လက်ခံလိုက်သည်။
ဝူဟိုင်သည် ခဏလောက် အနားယူနေရင်း
ငါးစာကျွေးဖို့ အချိန်ရောက်ပြီမှန်း ရုတ်တရက် သတိရသွားသည်။
ဒီရက်တွေထဲ တစ်နေ့လုံးနီးပါး အလုပ်များနေတာကြောင့် ငါးစာကျွေးဖို့ ရက်အနည်းငယ်ခန့်၊ သူမေ့နေခဲ့သည်။
ဝူဟိုင်သည် လျှင်မြန်စွာပင်..။ သူဖန်တီးထားတဲ့ဖော်မြူလာကိုအသုံးပြုပြီး အစေ့အဆံအမျိုးမျိုးနဲ့ မြက်တွေကိုရောစပ်ပြီး ငါးစာပြုလုပ်လိုက်သည်။ သူ့ငါးစာသည် ငါးတွေကို ဆွဲဆောင်နိုင်ရုံသာမက ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရကိုလည်း ထောက်ပံ့ပေးသည်။
မွန်းတည့်အချိန်၌ ဝူဟိုင်သည်.. ငါးစာပုံးကို ဆွဲယူပြီး ရေလှောင်ကန်အစပ်ကို သွားလိုက်သည်။
ကန်ထဲတွင် ဘာလှုပ်ရှားမှုမှမရှိဘဲ ငြိမ်သက်နေသည်။ ငြိမ်သက်နေသောရေကို မြင်သောအခါ၊ ဝူဟိုင် သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ ငါးများသည် ပုံမှန်အားဖြင့် အလွန်တက်ကြွသော်လည်း ယခုအခါ ရေငြ်သည် အလွန်ငြိမ်သက်နေသည်။
ဒါကိုတွေးပြီး ဝူဟိုင်ဟာ ပုံးထဲက ငါးစာတွေကို အမြန်ဆွဲယူပြီး ရေထဲကိုပစ်ချလိုက်သည်။ သူ့မျက်နှာထက်မှာ အပြုံးတစ်ခုရှိနေသည်။
" ဒီဗိုက်ဆာတဲ့ကောင်လေးတွေက နောက်ဆုံးတော့ သူတို့ပြည့်သွားတဲ့အထိ စားတော့မယ် "
ရွှင်မြူးစွာ ရေထဲမှ ခုန်ထွက်လာသော ငါးများကို ဝူဟိုင်က မြင်ယောင်မိနေပြီ ဖြစ်သည်။
"အိုး... ဘာဖြစ်တာလဲ"
သို့သော် နောက်အခိုက်အတန့်တွင် ငါးတစ်ကောင်တစ်လေမျှ မတွေ့ရတာကြောင့်၊
ဝူဟိုင် အံ့အားသင့်သွားသည်။
'ငါးတွေ ဘယ်မှာလဲ..'
ဝူဟိုင် သည် ကန်ရေထဲကို သူ့လက်ကိုထည့်ပြီ ဘယ်ညာ လှည့်ပတ်ကြည့်သော်လည်း ငါးတစ်ကောင်မှ မတွေ့ရပေ။
ငြိမ်သက်နေသော ရေပြင်ကိုမြင်လိုက်ရတော့ ဝူဟိုင် နှလုံးခုန်မြန် သွားသည်။ တစ်ခုခုကို တွေးတောရင်း အခြားနေရာများသို့ ပြေးသွားပြီး ငါးစာများကို ရေထဲသို့ ပစ်ချသော်လည်း အလားတူပင်..။ ငါးတစ်ကောင်မျှ မတွေ့ရပေ။
" တစ်ခုခု မှားနေတယ်၊ ဒါလုံးဝ ပုံမှန် မဟုတ်ဘူး.. "
အနီးနားရှိ ငါးမျှားဝါသနာရှင်များသည် ဝူဟိုင် ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့် အကြည့်ကို သတိပြုမိသည်။ သူ့အခြေနေကို မေးမြန်ဖို့ လမ်းလျှောက်လာကြသည်။ အဖြစ်အပျက်ကို ကြားသိပြီးနောက်တွင် ဤအရာသည် အလွန်ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။
ထို့နောက် ဝူဟိုင်နှင့် အခြားလူ ၁၀ ဦးတို့သည်။ ရေလှောင်ကန်၏ ရေစီးဆင်းရာ၌ ပိတ်ဆို့'ကာ'ထားသော သံစကာကြီးကို သွားကြည့်ကြသည်။ ၎င်းတို့၏ တွေ့ရှိမှုက လုံးဝ တုန်လှုပ်သွားစေသည်။
သတ္တုပိုက်ရဲ့ တစ်ဖက်က ကာထားတဲ့ သံစကာ ကြီးမှာ ပျက်စီးနေတဲ့ အပေါက်ကြီးတစ်ပေါက် ရှိနေတာကို သူတို့ တွေ့ရှိလိုက်ရသည်။
ရေလှောင်ကန်ထဲမှာ ငါးမရှိတာက ဒီနေရာကနေ ထွက်သွားတာမှန်း သိသာနေသည်။
လူတိုင်းက ဝူဟိုင် ရဲ့ အတွေ့အကြုံအတွက် စာနာကြောင်း ဖော်ပြခဲ့ကြသည်။ သူတို့ စိတ်ထဲ၌ ဒီလိုလုပ်နိုင်တဲ့ သတ္တဝါအမျိုးအစားကို စိတ်အားထက်သန်စွာ စူးစမ်းလေ့လာလိုကြသည်။
အချို့သောလူများက ၎င်းသည် ကောလဟလထဲက အတိုင်း အသားစားငါး ဖြစ်နိုင်သည်ဟု ထင်ကြေးပေးသည်။
မိကျောင်းဖြစ်နိုင်သည်ဟု လူအချို့က ရိုးရိုးရှင်းရှင်းပြောကြသည်။
အခုချိန်မှာတော့ ဝူဟိုင် ရဲ့ ရေလှောင်ကန်ထဲမှာ သံစကားကို ချိုးဖျက်နိုင်တဲ့ ထူးဆန်းတဲ့ အမည်မသိ သတ္တဝါတစ်ကောင်ရှိတယ်ဆိုတာ လူတိုင်းသိသွားကြသည်။
ယခင်က လူအချို့သည် ဒဏ္ဍာရီလား ငါးကြီးများ၏ တည်ရှိမှုအပေါ် သံသယဖြစ်ခဲ့ကြသည်။ သို့သော် ကျိုးပျက်နေသော ၎င်းနေရာကို မြင်ပြီးနောက် သူတို့၏သံသယများ ပျောက်ကွယ်သွားခဲ့သည်။
ရေလှောင်ကန်ထဲမှာ ငါးကြီးကြီးမားမားမရှိရင်တောင် အလွန်ထူးဆန်းကြီးမားတဲ့ သတ္တဝါတစ်ကောင်ရှိမှာ သေချာသည်။
လူတချို့က ကျိုးနေတဲ့ လှောင်အိမ်တွေကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ တင်လိုက်ကြသည်။ ၎င်းပို့စ်၌ ရုပ်ပုံနှင့်တကွ ဖြစ်ပျက်ပုံနှင့် ဝူဟိုင်၏ ရေလှောင်ကန်တည်နေရာအကြောင်း ဖော်ပြထားသည်။ အဆိုပါ ပို့စ်များသည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူအများကြား စိတ်ဝင်စားမှု များပြားလာခဲ့သည်။
ပို့စ်သည် ပို၍ရေပန်းစားလာသည်နှင့်အမျှ၊ ၎င်းသည် နောက်ဆုံးတွင် ပြည်တွင်းရုပ်သံလိုင်းတစ်ခု၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
နောက်တစ်နေ့တွင် အထူးဧည့်သည်အဖွဲ့တစ်ဖွဲ့သည် ဝူဟိုင် ရေလှောင်ကန်သို့ လာရောက်လည်ပတ်ကြသည်။
၎င်းတို့သည် ဒေသတွင်း ရုပ်မြင်သံကြား တိုက်ရိုက်လွှင့်ဌာနမှ သတင်းထောက်များဖြစ်သည်။ ဝူဟိုင် ၏ သဘောတူညီချက်ကို ရရှိပြီးနောက် ၎င်းတို့သည် စတင်စုံစမ်းခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သောသတ္တဝါ၏ခြေရာများကိုရှာဖွေရန် ရေအောက်ကင်မရာများနှင့် ဆိုနာရှာဖွေကိရိယာများအပါအဝင် အမျိုးမျိုးသော ထောက်လှမ်းကိရိယာများကို အသုံးပြုခဲ့သည်။ သို့သော် သူတို့ ဘာမှမတွေ့ရပေ။
ရုပ်မြင်သံကြားဌာန သတင်းထောက်များ စိတ်ပျက်သွားကြသည်။ ဝူဟိုင် က သူ့ရေလှောင်ကန်ကို ကြော်ငြာဖို့ သတင်းအတုတွေသုံးခဲ့သည်ဟု စွတ်စွဲသွားကြသည်။
ဝူဟိုင်သည် သူ၏ "အပြစ်ကင်းခြင်း" ကို သက်သေပြရန်အတွက် ရေလှောင်ကန်ထဲမှ ငါးအားလုံးကို ဖမ်းလိုက်သည်။
သူသည် ရေလှောင်ကန်တစ်ခုလုံးကို စစ်ဆေးရန် အထူးပစ္စည်းများကိုပင် အသုံးပြုခဲ့သည်။
ဒါပေမယ့် သူ့ကို အံ့အားသင့်စေခဲ့တာကတော့ ရေလှောင်ကန်ထဲမှာ ပေါက်ဖွားလေ့ရှိတဲ့ ငါးများမှလွဲပြီး ဘာအကောင်မှ မရှိပေ။
လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါ အကြောင်း မပြောနှင့်၊ ယခင်က အကြိမ်ပေါင်းများစွာ အရိပ်အရောင်တွေ့ခဲ့သော “ငါးကြီး” ကိုပင် ရှာမတွေ့ခဲ့ပေ။
'ဘာတွေဖြစ်နေတာလဲ။ အဲ့ငါးကြီး ဘယ်ရောက်သွားတာလဲ '
ဝူဟိုင် စိတ်ရှုပ်ထွေးသွားသည်။
…………
ဝူဟိုင်က စိတ်ဓာတ်ကျနေချိန်တွင် ဖန့်ရန် သည် ထိုမြစ်ကြီးတစ်လျှောက် အဝေးကြီးကို ခရီးနှင်နေပြီဖြစ်သည်။
သူ့လက်ရှိတည်ရှိနေသောမြစ်သည် အကျယ် ၁၅ မီတာမှ ၁၆ မီတာခန့်ရှိသည်။ ၎င်း၏အနက်သည် ယခင်မြစ်ကဲ့သို့မဟုတ်ဘဲ ၆ မီတာမှ ၇ မီတာအထိသာ ရှိသော်လည်း သူ့တည်ရှိမှုကို ဖုံးကွယ်ထားရန် လုံလောက်သည်ထက် ပိုနေသေးသည်။
မြစ်ထဲရှိ ဖန့်ရန် ခရီးစဉ်ဟာ အပန်းဖြေသလိုပင်..။ အရှည် ခုနှစ်မီတာရှိသည့် သူ့ကို ဤမြစ်ထဲတွင် အုပ်စိုးရှင်အဆင့်ရှိသတ္တဝါဟု ယူဆနိုင်သည်။ မည်သည့် သတ္တဝါမျှ သူ့ကို နှိုးဆော်ခြင်းငှါ မပြုဝံ့ပေ။
ဤဆယ်ရက်အတွင်း၊ ဖန့်ရန် သည် ရေကူးခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ ရံဖန်ရံခါမှသာ ငါးဖမ်းတာကြောင့် စနစ်မှတ်ကတော့
ကြီးကြီးမားမား တိုးမလာပေ။
"အိုး?"
ရေကူးခြင်းကို အဓိက အာရုံစိုက်နေသော
ဖန့်ရန် သည် ရုတ်တရက် မလှုပ်တော့ဘဲ ရှေ့ကို လှမ်းကြည့်လိုက်သည်။
သူ့ရှေ့မလှမ်းမကမ်းတွင် မြို့ပြကြီးတစ်ခု ပေါ်လာသည်။
၎င်းမြို့ကြီးကို ကြည့်ရင်း ဖန့်ရန် ရဲ့ နှလုံးသားထဲမှာ လွမ်းဆွတ်မှုများ ပေါ်လာသည်။
ဖန့်ရန် သည် မြစ်ထဲကနေတဆင့် ခေတ်မီ ဗိသုကာလက်ရာများနှင့် လမ်းသွားလမ်းလာများ သွားလာနေသည်ကို ကြည့်ရှုသည်။ ရင်းနှီးသော ကားသံများက ဖန့်ရန်၏ ခံစားချက်ကို ရှုပ်ထွေးသွားစေသည်။
ဒီမြို့ရဲ့ ဗိသုကာလက်ရာဟာ သူ့အရင်ဘဝက သူနေထိုင်ခဲ့တဲ့တရုတ်နိုင်ငံနဲ့ နီးပါးတူသည်။
သို့သော် ဖန့်ရန်၏ မသိစိတ်ထဲမှာတော့ ဤကမ္ဘာကသူနေခဲ့တဲ့ ကမ္ဘာမြေနှင့် မည်မျှပင်ပင်..။ တူပါစေ ကမ္ဘာမြေ မဟုတ်မှန် သိနေသည်။
သူ့ရှေ့က မြို့ကို ကြည့်ရင်း ဖန့်ရန်၏ သူ့မွေးရပ်မြေကို ပြန်ခြင်း စိတ်က ပိုမိုပြင်းထန်လာသည်။
တစ်ချိန်တည်းမှာပင်၊ ဤမြို့၌ အခြေချနေထိုင်လို စိတ်ဟာ သူ့နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။
ဒါပေမယ့် ဖန့်ရန် ၎င်းစိတ်ကို ဖိနှိမ့်ပြီး ရှေ့ကို ဆက်ကူးသွားသည်။
"အမေ၊ ကြည့်စမ်း၊ ဟိုမှာ.. မြွေကြီး၊ မြွေကြီး"
လမ်းဘေးတွင် သုံးနှစ်၊ လေးနှစ်အရွယ်ခန့်် မိန်းကလေးတစ်ဦးဟာ သူ့လက်ကို ဆန့်တန်းကာ မြစ်ကမ်းနံဘေးကို ညွှန်ရင်း သူမ၏ မိခင်ကို ပြောလိုက်သည်။ သူမ၏ မျက်လုံးများသည် အထူးအဆန်းတစ်ခုခုကို မြင်လိုက်ရသလို တောက်ပြောင်နေသည်။
“မပြေးတော့ဘူးပေါ့၊ မြစ်ထဲမှာ မြွေက ဘယ်လိုလုပ်ပြီ ရှိနိုင်မှာလဲ”
ကလေးမလေး၏နောက်တွင် စတိုင်ကျသော မြို့ပြအဝတ်အစားများဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးသည် လမ်းလျှောက်ရင်း သူမ၏ လက်ကိုင်ဖုန်းကို အသုံးပြုနေသည်။ ကလေးမလေး၏ စကားကြားတော့ မော့ကြည့်ကာ ပြောသည်။
“အမေ၊ ဟိုမှာ.. ဟိုမှာ ရှိသေးတယ်……”
" မဖြစ်နိုင်တာတွေ မပြော.... "
ကလေးမလေးနှင့် စကားပြောနေစဉ် ကလေးမလေး ညွှန်ပြနေသည့် ဘက်ကို အမျိုးသမီးငယ်လေးဟာ တစ်ချက်ကြည့်လိုက်သည်။
သို့သော် ထိုမြင်ကွင်းပြီးနောက် သူမပြောမည့်စာကြောင်း၏ ဒုတိယတစ်ဝက်ကို မျိုချလိုက်သည်။
ရေမျက်နှာပြင်ပေါ်တွင် အရိပ်တစ်ခုဟာ ဖြည်းညှင်းစွာ နစ်မြုပ်သွားပြီး မကြာမီမှာပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။
'အဲဒါဘာလဲ.. တကယ်ပဲ မြွေလား.. အဲဒီမြွေက ဘယ်လောက်ထိကြီးလဲ '
မေးခွန်အများအပြား အမျိုးသမီးငယ်လေး၏ ခေါင်းထဲ၌ ပလုံစီ ထွက်ပေါ်လာသည်။
မြို့ပြအမျိုးသမီးငယ်လေးသည် အံ့အားသင့်သွားသော်လည်း နောင်တရမှုအချို့ကို သူမ ခံစားလိုက်ရသည်။
"ငါဘာလို့များ.. ဓာတ်ပုံမရိုက်မိလိုက်တာလဲ.."
သူမဟာ အဲဒီအရိပ်ကိုသာ ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာမှာသာ တင်ခဲ့မယ်ဆိုရင် သူမဟာ Likes နဲ့ ဖော်လိုဝါ အများအပြားကို ရရှိမှာ သေချာသည်။
.....