နောက်နှစ်သုံးဆယ်မှာ ဖြစ်နိုင်တယ်
Vol. 4 Ch. 399
ထိုသတင်းက လူငယ်များစွာအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
ဟန်မိသားစု လူငယ်မျိုးဆက်၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ဟန်ကျန်းတုကား ကျင်းလင်မြို့ အသိုင်းအဝိုင်းထိပင် ကျော်ကြားသည်။
အကြီးအကဲ မျိုးဆက်များပင်လျှင် ဟန်ကျန်းတု၏ ထူးကဲသော အရည်အချင်းကို လေးစားကြသည်။
ညီဖြစ်သူ ဟန်ဟုန်ကုံနှင့် မတူညီစွာပင် ဟန်ကျန်းတုကား ခေါင်းဆောင်တစ်ယောက် ဖြစ်ရန် မွေးဖွားလာသူ ဖြစ်သည်။
သူကား ငယ်ရွယ်စဉ်ကပင် ရွယ်တူ ကစားဖော်များ အကြား၌ ခေါင်းဆောင်မှု စွမ်းရည်ကို ပြသခဲ့သည်။ သူကြီးပြင်းလာသော အခါတွင်လည်း မိသားစု လုပ်ငန်းများကို ထူးချွန်စွာ စီမံ ကွပ်ကဲနိုင်ခဲ့သည်။ ဟန်မိသားစုထက် ပိုမို အင်အားကြီးသော မိသားစုများမှ လူငယ်မျိုးဆက်များ ကိုပင် သူက လွှမ်းမိုးနိုင်သည်။ သူ့အား ဟန်မိသားစု၏ အနာဂတ် ခေါင်းဆောင် အဖြစ် လူတိုင်းက အသိအမှတ် ပြုထားကြသည်။ လီဝူချန်းပင်လျှင် ထိုလူငယ်၏ အရည်အချင်းများအား သဘောကျကာ အမြဲ ချီးကျူးခဲ့သည်။
အကယ်၍ ဟန်ကျန်းတုသာ ရောက်လာပါက ဟန်မိသားစု အနေဖြင့် အပြည့်အဝ ဝင်ရောက်စွက်ဖက်ပြီဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် အခြေအနေများက ပိုမို ဆိုးဝါးသွားလိမ့်မည် ဖြစ်သည်။ အမြတ်ခွဲတမ်းများ ခွဲဝေသည့်ပွဲမှ မိသားစု နှစ်ခုအကြား တိုက်ပွဲအထိပင် ပြောင်းလဲ သွားနိုင်သည်။
"ချန်းမိသားစုတော့ ဒုက္ခရောက်ပြီ ထင်တယ် …"
"ဟန်ကျန်းတု အကြောင်း အများကြီး ငါကြားဖူးတယ်။ တစ်ခါက သူနဲ့ စေ့စပ်ထားတဲ့ ကောင်မလေးက စေ့စပ်ပွဲကို ဖျက်ဖို့ တောင်းဆိုခဲ့တယ်တဲ့။ အဲဒါနဲ့ ဟန်ကျန်းတုက လူမိုက်တွေကို ခေါ်ပြီး အဲဒီကောင်မလေးအိမ်ကို ဖျက်ဆီးပစ်ခဲ့တယ်တဲ့။ နောက်ပြီး ရန်ကျင်းမြို့ကပါ နှင်ထုတ်လိုက်တယ်တဲ့"
"ဟန်ကျန်းတုသာ ရောက်လာရင် ပွဲကြီးပွဲကောင်း ကြည့်ရပြီပဲ"
အချို့လူများ၏ ချန်းဖန်၏ အကြပ်အတည်းအား ကြည့်ရင်း ဝမ်းသာအားရ ဖြစ်နေကြသည်။ အချို့ကမူ ဖြစ်ပျက်လာမည့် အရာများအား ကြည့်ရန် စိတ်အားထက်သန် နေကြသည်။
လူငယ် အများစုကား စွန်းမိသားစုနှင့် ဟန်မိသားစုတို့ဘက်တွင်သာ ရှိနေကြသည်။ ကျင်းလင်မြို့အတွင်း ချန်းမိသားစု၏ မြင့်တက်လာမှုက သူတို့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာပင် ဖြစ်သည်။
အသစ်ပေါ်ထွက်လာသော အင်အားစု တစ်ခုအတွက် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ တစ်ခုက မူရင်း အင်အားများနှင့် ပူးပေါင်းရန် ဖြစ်ပြီး ကျန်တစ်ခုကမူ မူရင်း မိသားစုများ၏ ဝိုင်းဝန်း ဖိနှိပ်ခြင်း ခံရန်ပင် ဖြစ်သည်။ ချန်းမိသားစု အနေဖြင့်လည်း ထိုနှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်ရမည် ဖြစ်သည်။
"အဲဒီမိသားစုက ငါ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်လို့ မင်းထင်နေတာလား"
ချန်းဖန်က ရိုးရှင်းစွာပင် ပြန်မေးလိုက်သည်။ သူပြန်လည် မွေးဖွားလာချိန်မှ စ၍ အထွတ်အထိပ် များစွာအား သတ်ဖြတ်နိုင်ခဲ့သလို မိသားစုကြီးပေါင်း များစွာကိုလည်း ဒူးထောက်စေခဲ့သည်။ သူ၏လက်အောက်၌ ဂျပန်တပ်မဟာ တစ်ခုနှင့် မစ်ဆု မိသားစု ခေါင်းဆောင် မစ်ဆုကာဇူပင်လျှင် ကျရှုံးခဲ့ရသည်။
တရုတ်၏ အချမ်းသာဆုံး မိသားစုများပင်လျှင် မစ်ဆုကာဇူနှင့် ယှဉ်ပါက မှေးမှိန်ရမည် ဖြစ်သည်။ ချန်းဖန် အတွက်မူ ဟန်မိသားစု ခေါင်းဆောင် ကိုယ်တိုင် ရောက်လာလျှင်ပင် ဂရုစိုက်စရာ မလိုချေ။ ချန်းဖန်၏ အဆင့်ဖြင့်ဆိုလျှင် မဟာအင်အားကြီး နိုင်ငံများသာ သူနှင့်ယှဉ်ရန် ထိုက်တန်သည်။
သို့သော်လည်း ဤအခန်းထဲတွင် ရှိသော မည်သူကမျှ ချန်းဖန်၏ အောင်မြင်မှုများအား မသိကြချေ။ လူတိုင်းက ဒေါသထွက်သော မျက်လုံးများဖြင့် ချန်းဖန်အား ကြည့်လိုက်ကြသည်။ ချန်းဖန်၏ စကားလုံးများက ဟန်မိသားစုကိုပင် နှိမ်ချလိုက်ခြင်း မဟုတ်ချေ။ အခန်းထဲတွင် ရှိနေသည့် မိသားစုများ အားလုံးကို စော်ကားလိုက်ခြင်းနှင့် အတူတူပင်။
စွန်းရှန်းဟွာ၏ မျက်နှာကား ဒေါသဖြင့် ရှုံ့မဲ့နေခဲ့ပြီ ဖြစ်သည်။
"အရမ်းကောင်းတယ် … ဆရာချန်း … သခင်လေးဟန် ရောက်လာတဲ့ အထိ စောင့်ကြတာပေါ့… နောက်ဆုံးမှာ ဘယ်သူရယ်နိုင်မလဲ ကြည့်ရသေးတာပေါ့လေ"
စွန်းရှန်းဟွာ ဒေါသတကြီး ပြောလိုက်စဉ်မှာပင် သူ၏ ဖုန်းက မြည်လာခဲ့သည်။ ဖုန်းပြောပြီးနောက် စွန်းရှန်းဟွာ၏ မျက်နှာကား ပြုံးဖြီးဖြီး ဖြစ်လာတော့သည်။
"သခင်လေးဟန် ရောက်လာပြီ"
စွန်းရှန်ဟွာက ပြောရင်း ဝင်ပေါက်ရှိရာသို့ ဦးတည်လိုက်သည်။
သူ၏ စကားက အခန်းအတွင်း ရှိလူများစွာအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ လူတိုင်းက အလုအယက်ပင် စွန်းရှန်ဟွာ၏ နောက်မှလိုက်၍ ဝင်ပေါက်နေရာအား အလုအယက် သွားလိုက်ကြသည်။
အခန်းတစ်ခုလုံးကား ချန်းမိသားစုဝင်များနှင့် အခြား လူငယ်အနည်းငယ်မှ လွဲလျှင် တစ်ယောက်မျှ မရှိကြတော့ချေ။ သို့သော်လည်း ထိုကျန်ရှိနေသော လူငယ်များ၏ မျက်နှာများမှာမူ မည်းမှောင်နေကြသည်။ သူတို့ကား ချန်းဖန်၏ အဆင်အခြင်မဲ့သော လုပ်ရပ်အပေါ် စိတ်ပျက်နေကြသည်။
ကျို့လော့ရင်ကမူ ချန်းဖန်၏ နံဘေးတွင် ရပ်ရင်း တစ်ခုခုအား စဉ်းစားနေခဲ့သည်။ သို့သော်လည်း သူမ၏ မျက်နှာက သိပ် မကြည်သာပေ။
"ချန်းဖန် … မင်းက မဆင်မခြင် လုပ်လွန်းတယ်"
ချန်းအန်က သက်ပြင်းချရင်း ချန်းဖန်အား အပြစ်တင်လိုက်သည်။
"တကယ်ဆို စွန်းတန့်မင်က ဘာမှအရေးမပါဘူး။ သူ့အတွက် စွန်းမိသားစုနဲ့ ငါတို့ ရန်သူဖြစ်ရတာ မတန်ဘူး။ အဆိုးဆုံးက ရန်ကျင်းရဲ့ ဟန်မိသားစုကို မင်းရန်စမိတာပဲ။ ငါတို့မှာ အခွင့်အရေး ရှိတော့မယ် မထင်ဘူး"
"မင်းက စွန်းရှန်ဟွာရဲ့ လှည့်ကွက်ထဲကို လွယ်လွယ်ဝင်ခဲ့တာပဲ။ ခုချိန်မှာ ကျင်းလင်ရဲ့ မိသားစု တော်တော်များများက ငါတို့ကို ဘုံရန်သူလို့ သတ်မှတ်နေပြီ။ ကျင်းလင် မိသားစုတွေ အားလုံးပေါင်းလိုက်ရင် ငါတို့ချန်းမိသားစုကို မိုးနတ်မင်းတောင် မကယ်နိုင်တော့ဘူး"
ချန်းအန်က လေးပင်စွာ ပြောလိုက်သည်။ သူ၏ အသံကား အစ်ကိုတစ်ဦးက ဆိုးသွမ်းသော ညီငယ်ကို ဆုံးမနေသည့် အလားပင်။
အခြား ချန်းလူငယ်များက သူ၏စကားကို ခေါင်းညိတ် ထောက်ခံလိုက်သည်။ ချန်းဖန်က ချန်းမိသားစုကို တိုးတက်အောင် လုပ်ပေးခဲ့သော်လည်း ယခု ချန်းဖန်ကြောင့်ပင် ချန်းမိသားစု ပြိုကွဲရတော့မည်။
ကျို့လော့ရင်က မျက်မှောင်ကြုတ်ရင်း ဝင်ပြောလိုက်သည်။
"ဆရာချန်း … ဟန်ကျန်းတုက အဆက်အသွယ်တွေ တော်တော်များတယ်။ မြေခွေးအိုကြီးတွေ တော်တော်များများက သူ့ရဲ့နောက်မှာ ရှိနေတယ်။ ဝမ်မိသားစုနဲ့ ရှောင်မိသားစုတို့က အဘိုးကြီးတွေတောင် သူ့ကို သဘောကျကြတယ်တဲ့။ အဲဒီ အဘိုးကြီးနှစ်ယောက်က ဘယ်သူတွေလဲ ဆိုတာ ဆရာချန်း ကောင်းကောင်း သိမှာပါ။ သူတို့က နိုင်ငံ အကြီးအကဲတွေ ထက်တောင် ပိုပြီး လွှမ်းမိုးမှု ရှိတယ်။ အဲဒီတော့ ဆရာချန်း အနေနဲ့ …"
သူမက စကားအား တစ်ဝက်တစ်ပျက်ဖြင့် ဖြတ်ပစ်လိုက်သည်။ သို့သော်လည်း ထိုစကား၏ နောက်ဆက်တွဲအား လူတိုင်း သဘောပေါက်လိုက်သည်။
ဟန်ကျန်းတုကား ဟန်ဟုန်ကုံ မဟုတ်ချေ။ ဟန်မိသားစု၏ ဆက်ခံသူ ဖြစ်သည့်အပြင် များစွာသော ထိပ်တန်း ပုဂ္ဂိုလ်ကြီးများ၏ ထောက်ခံမှုကိုပါ ရရှိထားသူ ဖြစ်သည်။ သူ့အား ရင်ဆိုင်ရခြင်းက ဟန်မိသားစုကို ရင်ဆိုင်ရသည်ထက် ပိုမို ခက်ခဲပေလိမ့်မည်။
တိတ်ဆိတ်နေသော အခြေအနေက ဟန်ဟုန်ကုံအား ယုံကြည်ချက် ရှိစေသည်။ သူက ဝမ်းသာအားရဖြင့် ကုန်း၍ အော်လိုက်သည်။
"ခွေးကောင် … ငါ့အစ်ကို ရောက်လာပြီကွ။ မင်း သေဖို့ပြင်ထား"
သို့သော်လည်း ချန်းဖန်၏ အမူအရာကမူ တည်ငြိမ်စွာပင် ရှိနေသေးသည်။ သူက စားပွဲပေါ်မှ စွပ်ပြုတ်များကို ဇွန်းဖြင့်ခပ်ကာ ချန်းကူးကူးလေးအား ခွံ့ကျွေးနေခဲ့သည်။ ထို့နောက် သူက အလျင်မလိုစွာပင် ပြောလိုက်သည်။
"သူက ရန်ကျင်းရဲ့ လူငယ်တစ်ယောက်ပါပဲ။ သူ့အဘိုးလာမှပဲ ငါစကားပြောဖို့ စိတ်ပါလိမ့်မယ်။ သူက ငါ့ကို စကားပြောချင်တယ် ဆိုရင် နှစ်သုံးဆယ်လောက် စောင့်သင့်တယ်"
ချန်းဖန်၏ စကားက လူတိုင်းအား ဆွံ့အသွားစေသည်။ ချန်းအန်က သူ့အား ကြည့်ရင်း စိတ်ပျက်စွာ ခေါင်းခါမိသည်။ ချန်းနဉ်ကမူ ချန်းဖန်၏ ခေါင်းမာမှုအား အလွန် စိတ်ပူနေမိတော့သည်။
ကျို့လော့ရင်က တစ်ခုခုပြောရန် ဟန်ပြင်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ ပါးစပ်ကို ပိတ်ထားလိုက်သည်။ အကယ်၍ သူမ ရှင်းပြလျှင်ပင် ချန်းဖန်က လက်ခံလိမ့်မည် မဟုတ်ချေ။
"တန့်ရီဖေးက ချန်းပေ့ရွှမ်း အကြောင်းကို ချဲ့ကားပြောထားတာ ထင်တယ်။ တကယ်တော်တဲ့ လူတစ်ယောက်က အခြေအနေကို လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်း ရှိရမှာလေ"
ကျို့လော့ရင်က ခေါင်းကိုသာ စိတ်ပျက်လက်ပျက် ခါမိတော့သည်။
ထိုအချိန်မှာပင် အခန်းဝမှ ဆူဆူညံညံ အသံများနှင့်အတူ ဟန်ကျန်းတု ရောက်ရှိလာခဲ့တော့သည်။
သူက များစွာသော လူငယ်များ၏ အကြည့်များ အောက်၌ပင် ထိုလူငယ်က ယုံကြည်ချက် ရှိစွာဖြင့် အခန်းအတွင်းသို့ ဝင်လာခဲ့သည်။ သူ၏ ဘေးတွင်မူ သိုင်းသမား ဖြစ်ဟန်တူသော အသက်လတ် လူကြီးတစ်ယောက် ပါလာသည်။
လူငယ်က ခန်းမ၏ အလယ်ရှိရာသို့ ဖြည်းညင်းစွာ လျှောက်လာရင်း တစ်ချက် ဝှေ့ကြည့်လိုက်သည်။ မြေကြီးပေါ်၌ သတိလစ်နေသော စွန်းတန့်မင်နှင့် ဒူးထောက်နေသည့် ဟန်ဟုန်ကုံတို့အား မြင်တွေ့လိုက်ရသည့်တိုင် သူက မျက်နှာပျက်သွားခြင်း မရှိပေ။
"ကျွန်တော့် နာမည်က ဟန်ကျန်းတုပါ … ခင်ဗျားက ဘယ်သူလဲ မသိဘူး …"
ဟန်ကျန်းတုကား ချန်းဖန်ကို ခပ်ဝေးဝေးမှပင် သတိထားမိနေပြီး ဖြစ်သည်။ ခန်းမထဲ၌ ရှိနေသော လူအားလုံးထဲတွင် ထိုလူငယ် တစ်ယောက်သာ တည်ငြိမ်စွာ ရှိနေခဲ့သည်။ သူရောက်လာခြင်းကပင်လျှင် ထိုလူငယ်က တည်ငြိမ်မှုကို လှုပ်ရှားစေနိုင်စွမ်း မရှိပေ။
"စိတ်ဝင်စားစရာပဲ။ ကျင်းလင်မြို့ မိသားစု သေးသေးလေးမှာ ဒီလို ပုံစံမျိုး လူငယ်တစ်ယောက် ရှိနေတာလား။ သူက အရမ်း အစွမ်းထက်ပုံ ရသလို အရမ်းလည်း မောက်မာပုံ ရတယ်"
ဟန်ကျန်းတုက တွေးလိုက်သည်။
ထိုအချိန်မှာပင် စွန်းရှန်းဟွာက ပြုံးရင်း မိတ်ဆက်ပေးလိုက်သည်။
"သူက ချန်းမိသားစုရဲ့ နာမည်ကျော် ဆရာချန်းပါ။ သူ့လက်အောက်မှာ ကျန်းနန်နယ်ရဲ့ မိသားစု တော်တော်များများ ဒူးထောက်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူက ဟန်မိသားစုကိုပါ အနိုင်ယူနိုင်မယ် ထင်နေတာပါ"
ဟန်ကျန်းတုက ရိုးရှင်းစွာပင် ခေါင်းညိတ်လိုက်သည်။ သူကား စွန်းရှန်းဟွာ၏ ထောက်ချောက်အတွင်း သက်ဆင်းမည့်သူ မဟုတ်ချေ။
ချန်းမိသားစု၊ စွန်းမိသားစု၊ နင်းမိသားစုများအား ချန်းဖန် နင်းချေလိုက်ခြင်းက ဟန်ကျန်းတု၏ အမြင်တွင် သာမန်မျှသာ ဖြစ်သည်။ သူကား တရုတ်၏ ထိပ်တန်းဆိုသော မိသားစုများမှ လူငယ်များနှင့် ရင်ဘောင်တန်းနိုင်သူ ဖြစ်သည်။ ထိုအထဲ၌ ပြည်နယ် ဝန်ကြီးချုပ်၏ သားသမီးများပင် ပါဝင်သည်။ ချန်းဖန် နင်းချေခဲ့သော မိသားစုများထဲ၌ ကျိမိသားစု တစ်ခုကိုသာ သူကြားဖူးသည်။
သို့သော်လည်း စွန်းရှန်းဟွာထံမှ နောက်တစ်ကြိမ် ထွက်လာသော စကားက ဟန်ကျန်းတု၏ တည်ငြိမ်မှုကို ဖျက်ဆီးပစ်လိုက်သည်။
"အာ… မေ့တော့မလို့။ သူ့ရဲ့ အခြားနာမည် တစ်ခုက ချန်းပေ့ရွှမ်းတဲ့။ သူက ထန်လုံတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်တစ်ယောက်ပေါ့။ အဲဒီ ရာထူးကြောင့်လည်း သူက ဟန်မိသားစုကို စိန်ခေါ်ဝံ့တာ"
ထိုစကားအား ကြားသည်နှင့် ဟန်ကျန်းတု၏ မျက်နှာက သရဲသဘက်ကို တွေ့ရသည့် အလား ဖြူရော်သွားတော့သည်။ သူက အလောတကြီးပင် မေးလိုက်သည်။
"ခင်ဗျားက ချန်းပေ့ရွှမ်းလား…"
***