← Chapters

ရိုက်ကူးရေး

Vol. 5 Ch. 62

ရိုက်ကူးရေး

Vol. 5 Ch. 62

အခန်း ၆၂ - ရိုက်ကူးရေး

ဖန့်ရန်က ညောင်ပင်ကြီးအောက်ရှိ ချုံပုတ်ကြီးအတွင်း ဝင်ပုန်းလိုက်သည်။ ထိုနောက် ချုံပုတ်ထဲမှ တဆင့် ဦးတည်ရာတစ်ခုကို ကြည့်လိုက်၏။

ထိုနေရာမှ လူအများ၏ စကားပြောသံကို သူ ကြားနေရသည်။

သိပ်မကြာခင်မှာပဲ လူအများကြီး ထိုနေရာမှ ပေါ်လာသည်။

ဤအဖွဲ့တွင် လူအယောက် (၃၀) ပါဝင်သည်။ အားလုံးက ရာဘာဖိနပ်တစ်ရံကို ၀တ်ထားကြ၏။

ရာဘာဖိနပ်များသည် အလွန်တင်းကျပ်၏ ဝတ်ဆင်ထားပါက ရေစိုခံပြီး ချော်လဲခြင်းမရှိပေ။ အထူးသဖြင့် အဆိပ်ပြင်းသော ပိုးမွှားများ၏ ကိုက်ခဲခြင်းကို ကာကွယ်နိုင်သည်။

လူအယောက် (၃၀) ထဲမှာ ခုနစ်ယောက်က မိန်းခလေးတွေ ဖြစ်၏။ အားလုံးက အသက်နှစ်ဆယ်လောက်သာ ရှိသေးသည်။ အခြားသူများမှာ အသက်အရွယ် အမျိုးမျိုးရှိသော အမျိုးသားများ ဖြစ်ကြသည်။

သူတို့ထဲမှ တစ်ယောက်က လမ်းပြတစ်ယောက်ဖြစ်သည်။ သူ့လေယူလေသိမ်းက တခြားသူတွေနဲ့ အနည်းငယ်ကွာခြားပြီး သူ့အသားအရည်က ကြမ်းတမ်းပြီး နီရဲ၏။

ထို့အပြင် လူငါးဦးသည် ၎င်းတို့နောက်မှ မြင်းများကို ဆွဲခေါ်လာသည်။ မြင်း၏ နောက်ကျောတွင် အရာဝတ္ထုမျိုးစုံကို တင်ဆောင်ထားသည်။

ဖန့်ရန်က ထိုအဖွဲ့၏ မြစ်ကမ်းစပ်တွင် ရပ်ကာ မြင်းပေါ်ရှိ ပစ္စည်းမျိုးစုံကို မြေပေါ်သို့ ချထားရန် အတူတကွ လုပ်ဆောင်နေသည်ကို ကြည့်ရှုနေသည်။

ထိုမှပင် ဖန့်ရန်သည် မြင်းကျောပေါ်ရှိ အရာများသည် ကင်မရာများနှင့် ကိရိယာမျိုးစုံဖြစ်ကြောင်း တွေ့လိုက်ရ၏။

"ဒါက ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့လား "

ဖန့်ရန်က စိတ်ဝင်တစားဖြစ်သွားပြီ။ သူတို့ကို စောင့်ကြည့်ဖို့ ဒီမှာ ခဏဆက်နေဖို့ ဆုံးဖြတ်လိုက်သည်။

ရိုက်ကူးရေး အဖွဲ့သားတွေဟာ ရုပ်ရှင်ရိုက်ဖို့ ကိုသာ ဇောက်ချလုပ်နေကြသည်။

...

"ဒီကန်ထဲမှာ မိကျောင်းတွေ ရှိတယ်"

လမ်းပြက ပြောလိုက်သည်နှင့် အသက်ငါးဆယ်အရွယ်ခန့် အမျိုးသားက လူအုပ်ထဲမှ အမျိုးသားတစ်ဦးကို လက်ညှိုးထိုးပြီး ပြော၏။

"ဝမ်ယန် ... သူတို့ကို ခြောက်လှန့်ဖို့ ကျဥ်စက်ယူသွားလိုက်၊ ပြီးရင် မိကျောင်းတွေကို မောင်းထုတ်တော့ "

ထို့နောက် သူက လူအုပ်ဆီသို့ လှည့်သွားပြီး သူတို့ကို အော်ဟစ်နေတော့သည်။

"လူတိုင်းက အလုပ်ကြိုးစားရမယ်၊ ငါတို့တွေ ဒီမှာ အကြာကြီးနေရမှာ.."

"မင်း ဒီလောက်ပြောဖို့ မလိုပါဘူး အကိုဖုန်.. ငါတို့တွေ သိပါတယ်"

လူတိုင်းကလည်း ခေါင်းငုံ့မခံဘဲ တစ်ယောက်တစ်ပေါက်နှင့် ခွန်တုတ်ပြန်သည်။

ထိုအချိန်တွင် ဝမ်ယန်အမည်ရှိ လူငယ်သည် မြင်းနောက်ကျောမှ စက်ကိရိယာတစ်ခုကို ထုတ်ယူလိုက်၏။

စက်ပစ္စည်းသည် ဝါးပုံစံဖြစ်သည်။ အလယ်တွင် အပေါက်ပါ၏။ ၎င်းထဲ၌ ဝါယာကြိုးတစ်ခုပါရှိသည်။ ဝါယာကြိုး၏တစ်ဖက်ကို ဘက်ထရီနှင့် ချိတ်ဆက်ထားပြီး ကျန်တစ်ဖက်ကို တိုင်နှစ်ခုနှင့် ချိတ်ဆက်ထားသည်။

ဝမ်ယန်သည် အနည်းငယ် ကြောက်ရွံ့ဟန်ဖြင့် စိမ့်အိုင်ရှိရာသို့ သတိထားပြီး လျှောက်လာခဲ့သည်။

သို့သော် ကြောက်ရွံ့မှုများမှာ သူ့မျက်နှာတွင် ပေါ်နေခြင်းတော့ မရှိခဲ့ပေ။

စိမ့်အိုင်၏ အစွန်းသို့ရောက်သောအခါ စက်ခလုတ်ကို နှိပ်ကာ ဝါးတိုင်ကို ရေထဲတွင် ထောင်လိုက်သည်။ မီးပွားတွေ လင်းလက်လာ၏။

Buzzz

၎င်းက ရေကိုထိလိုက်တာနဲ့ စူးစူးဝါးဝါး မြည်သံများ ထွက်ပေါ်လာသည်။

ငါးသေးသေးလေးတွေက ရေပေါ်မှာ ပေါ်လာသည်။

ကမ်းနားရှိ အခြားလူများကတော့ အနည်းငယ် ကြောက်ရွံ့နေကြသည်။

ဒီနေရာမှာ မိကျောင်းတွေရှိနေသည်။ ၎င်းအရာကသာ မိကျောင်းများကို မောင်းထုတ်ရန် မတက်နိုင်ခဲ့လျှင် ၎င်းတို့ကိုပင် စိတ်ဆိုးစေနိုင်သည်။ အဲဒီအခါမှာ သူတို့ဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်သည်။

လူအုပ်ထဲမှ လူနှစ်ဦးသည် မေ့ဆေးသေနတ်တစ်လက်ဆီကို ထုတ်ယူကာ ဖြစ်လာနိုင်သမျှ အန္တရာယ်ကို ပစ်ခတ်ရန် အဆင်သင့်ဖြစ်နေ၏။

သို့သော်လည်း အချိန်အတော်ကြာသည့်တိုင်အောင် ရေပြင်ပေါ်ရှိသည့် ငါးသေကလွဲ၍ စိမ့်ရေသည် အလွန်ငြိမ်သက်နေဆဲပင်။

အားလုံး အံ့သြသင့်နေကြသည်။

ဒီရေကန်ထဲမှာ မိကျောင်းတွေရှိတယ်လို့ လမ်းပြက မပြောဘူးလား။

ဘယ်မှာလဲ.. မိကျောင်းတွေ...။

သူတို့သည် ကမ်းစပ်တွင် ကျယ်လောင်သော အသံကို ဖန်တီးခဲ့ကြသော်လည်း မိကျောင်းကောင်၏ အရိပ်တောင် မတွေ့ရပေ။

အားလုံးရေပြင်ကို လှမ်းကြည့်လိုက်ကြသည်။ ရေမျက်နှာပြင်ပေါ်တွင် ဝမ်ယန် ဖန်တီးခဲ့သည့် ပူဖောင်းများသာရှိသည်။ ရေမျက်နှာပြင်သည် လုံးဝငြိမ်သက်နေပြီး မိကျောင်းတောင်ပေါ်မလာပေ။

အားလုံးက ဧည့်လမ်းပြကို ရှုံ့မဲ့စွာ ကြည့်နေကြသည်။

လမ်းပြလည်း စိတ်ရှုပ်သွား၏။ မိကျောင်းတွေ ဒီမှာရှိတယ်ဆိုတာ သူသေချာသိသည်။

“ကြည့်ရတာ မိကျောင်းတွေ တခြားနေရာကို ပြောင်းရွှေ့သွားတာပဲ ဖြစ်ရမယ်”

ဖုန်ကျဲလို့ သိကြသော အဖိုးအိုက ပြုံးပြီးပြော၏။ ထိုနောက် လက်ခုပ်တီးပြီး သူ့အဖွဲ့သားတွေကို တိုက်တွန်းလိုက်သည်။

"ကောင်းပြီ၊ ဒီမှာ မိကျောင်းတွေ မရှိဘူးဆိုတော့ အားလုံး ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်ကြ... မင်းတို့အားလုံးကို၊ ငါ.. ၅မိနစ်အတွင်း အဆင်သင့်ဖြစ်စေချင်တယ်"

ဖုန်ကျဲ၏ စကားဆုံးသည်နှင့် ဝန်ထမ်းတွေအားလုံး စတင်ပြင်ဆင်ကြသည်။

ဤမြင်ကွင်းကိုမြင်ပြီးနောက် ဖုန်ကျဲသည် ကျောက်တုံးတစ်ခုပေါ် ထိုင်လိုက်သည်။ သူ့ခါးကနာနေ၏ သူ့မျက်နှာထက်မှာ ပင်ပန်းနွမ်းနယ်မှုများ ရှိနေသည်။

သူ့နာမည်က ဖုန်ကျဲ ဖြစ်သည်။ သူသည် နာမည်ကြီး ဒါရိုက်တာကြီးဖြစ်၏။ သို့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း သူရိုက်ကူးခဲ့သော ဇာတ်ကားအများစုသည် အလယ်အလတ် အဆင့်သာ ရှိခဲ့သောကြောင့် သူ၏ နာမည် ကျော်ကြားမှုက ကျဆင်းလာခဲ့သည်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ကျော်ကြားမှုကို ပြန်လည်ရရှိဖို့အတွက် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးဖို့ သူအဆင်သင့်ဖြစ်နေပြီ ဖြစ်၏။

တကယ့်အစစ်အမှန်ဆုံးမြင်ကွင်းကို ဖမ်းယူဖို့ ဤတောထဲကို နက်နက်နဲနဲဝင်ဖို့က သူ၏ စိတ်ကူးဖြစ်သည်။

ဤတောင်လမ်းက အတော်ခက်ခဲသည်။ ရက်အတော်ကြာ လမ်းလျှောက်ရခြင်းက ဒါရိုက်တာတစ်ယောက်ဖြစ်သော သူ့ကို အတော်လေး ဒုက္ခပေးသည်။ ဒါပေမယ့် သူအံကြိတ်ပြီး ဆက်လျှောက်လှမ်းခဲ့သည်။

"အစ်ကိုဖုန် မင်းရိုက်မယ့် ဒီဧရာမမြွေ အန္တရာယ်ကားက လူကြိုက်များမှာ သေချာတယ်။ ဇာတ်ညွှန်းကလည်း အရမ်းကောင်းသလို ရိုက်ကွင်းကလည်း စစ်မှန်လို့ အားလုံးက သဘောကျကြမှာပါ။ သိပ်စိတ်ပူမနေပါနဲ့ အစ်ကိုဖုန် "

ဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ဦးက ဖုန်ကျဲ ထံသို့ စကားပြောရင်း လျှောက်လာကာ ရေသန့်ဘူးတစ်ဘူးကို ပေးလိုက်သည်။

ဖုန်ကျဲက ရေသန့်ဘူးကို ယူလိုက်ပြီး ပြုံးပြီး ပြန်ပြောသည်။

"ကောင်းပြီ၊ မင်းအထင်မှန်ပါစေလို့ မျှော်လင့်ရအောင်၊ ဒါပေမယ့် လက်ရှိရုပ်ရှင်ဈေးကွက်ကို ငါတကယ်နားမလည်ဘူး၊ ဒါကြောင့် ဒီဇာတ်ကားက လူကြိုက်များလာဖို့ပဲ ငါ မျှော်လင့်ထားတယ်"

"ရုပ်ရှင်တစ်ခုရဲ့အသက်က ကြော်ငြာကောင်းဖို့အပြင် လူကြိုက်များဖို့လည်း လိုအပ်တယ်။ ဒါမှ ရုံတင်တဲ့ အချိန် ရုပ်ရှင်ရုံမှာ လူတွေ ပြည့်ကျပ်နေလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ရုပ်ရှင်အရည်အသွေးက မဆိုးသရွေ့ပေါ့"

ဒါကိုကြားတော့ ဦးထုပ်နဲ့ လူက ခေါင်းညိတ်ပြီး သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။

"အစ်ကိုဖုန် မင်းစိတ်မပူနဲ့ ဒီခရီးစဉ်ပြီးသွားရင် ဒီဇာတ်ကားကို ဘယ်လိုကြော်ငြာရမလဲဆိုတာကို ငါစဉ်းစားလိုက်မယ်"

ဖုန်ကျဲက ပြုံးကာ မတ်တပ်ထရပ်ပြီး ဦးထုပ်နှင့်လူ၏ ပခုံးကို ပုတ်ပြီးနောက် စိမ့်နံဘေးသို့ လျှောက်သွားသည်။

စက်ပစ္စည်းအားလုံးကို စုစည်းထားပြီး သက်ဆိုင်ရာ ဝန်ထမ်းအားလုံး ၎င်းတို့၏။ နေရာ၌ ကိုယ်စီရှိနေသည်။

စိမ့်အိုင်၏ဘေး မြက်ခင်းပြင်မှာ မိန်းကလေးတစ်ယောက် ရပ်နေခဲ့သည်။ သူမ၏ အဝတ်အစားများသည် အစွန်းအထင်းများစွာဖြင့် စုတ်ပြဲနေပုံပေါ်သည်။

သူ့မျက်နှာမှာလည်း ညစ်ပတ်နေ၏။

"မဆိုးပါဘူး"

ဖုန်ကျဲ ခေါင်းညိတ်လိုက်သည်။

"ဒီပုံစံက ငါစိတ်ကူးနဲ့ အတော်လေးကို တူတယ်"

"ကျေးဇူးတင်ပါတယ်။ ဒါရိုက်တာဖုန် "

ချင်ရွယ်က ချိုသာစွာ ပြုံးပြီး ကျေးဇူးတင်ကြောင်း ပြောသည်။

သူမသည် တတိယအဆင့် ကြယ်ပွင့်တစ်ဦးမျှသာဖြစ်သည်။ ဒါရိုက်တာဖုန် ကဲ့သို့ ကျော်ကြားသော ဒါရိုက်တာများ၏ အကူအညီကို မျှော်လင့်ထားသောကြောင့် ဤအခွင့်အရေးကို ရယူရန် သူမ စိတ်ပိုင်းဖြတ်ထားသည်။

သို့သော် သူမကို စိတ်ဓာတ်ကျစေသော အရာတစ်ခုရှိသည်။

ရိုက်ကူးရေးပတ်ဝန်းကျင်က အရမ်းခက်ခဲ၏။

သို့ပေမယ့် ဒီဇာတ်ကားထွက်ပြီးရင် သူမရနိုင်မယ့် အာရုံစိုက်မှုတွေနဲ့ ကျော်ကြားမှုကို တွေးကြည့်ပြီး။ သူမသည် သူမ၏ စိတ်ခံစားချက်များကို အနက်ရှိုင်းဆုံး အပိုင်းတွင် မျိုသိပ်ထားလိုက်သည်။

သူ့မျက်နှာမှာ စိတ်ဓာတ်ကျနေတဲ့ အမူအရာရှိနေတယ်ဆိုရင်..။ ထိုသည်က ဒါရိုက်တာဖုန်ကို မကျေမနပ်ဖြစ်သွားစေနိုင်သည်။

"ကောင်းပြီ၊ အခုပဲ စမယ်!"

ဖုန်ကျဲရဲ့ အော်သံကိုကြားတော့ စိမ့်ရဲ့အနားမှာ ရပ်နေတဲ့ ချင်ရွယ်က အသက်ပြင်းပြင်းရှူပြီး စိမ့်အိုင်ဆီကို ပြတ်ပြတ်သားသားပင် လမ်းလျှောက်သွား၏။ ရေသည် သူမ၏ ခါးနားသို့ရောက်ခါနီးသောအခါတွင် သူမသည် မလှုပ်တော့ဘဲ နောက်ပြန်ကြည့်၍ ဒါရိုက်တာဖုန်၏ ညွှန်ကြားချက်ကို စောင့်လိုက်သည်။

မနီးမဝေးတွင် ကင်မရာသမားသည် ကမ်းစပ်တွင် ရပ်ကာ ကင်မရာဖြင့် သူမကို ချိန်ရွယ်ထားသည်။

“ဟိုမှာ ရပ်လိုက်။ ဟုတ်ပြီ"

ဖုန်ကျဲက စိမ့်အိုင်ထဲက နေရာတစ်ခုမှာ ရပ်ဖို့ အမိန့်ပေးသည်။

"ကောင်းပြီ၊ အခု မင်းရှေ့မှာ မြွေဆိုးကြီးတစ်ကောင်က မင်းကို စိုက်ကြည့်နေတယ်လို့စဉ်းစားလိုက်"

"မင်းမျက်လုံးတွေက တစ်ခုခုကို စိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ကို လူတွေကို ပေးစွမ်းဖို့ မင်းမျက်လုံးတွေက တကယ် အာရုံစိုက်နေရမယ် "

"မင်းဖော်ပြသင့်တဲ့ အမှုအရာက အံ့အားသင့်နေတဲ့အခြေအနေပဲ၊ မင်း ကြောက်ရွံနေတဲ့ ပုံစံကို ချက်ချင်းမပြောင်းသင့်ဘူး တဖြည်းဖြည်းနဲ့ လုပ်ရမယ်"

ချင်ရွယ်သည် ရွှံ့နွံများပြီး ရေနည်းသော နေရာတွင် ရပ်နေသည်။ ဖုန်ကျဲ၏ ညွှန်ကြားချက်အရ သူမသည် မဝေးလှသော

နေရာမှ ညောင်ပင်ကြီးတစ်ပင်ကို စိုက်ကြည့်နေပြီး ထိုနေရာတွင် တစ်စုံတစ်ခုရှိနေသလိုမျိုး ဟန်ဆောင်ထားသည်။

ရုတ်တရက် သူမ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး..။ သူမသည် စတင်တုန်လှုပ်လာ၏။ သူမရှေ့က ညောင်ပင်ကြီးကို စူးစူးစိုက်စိုက်ကြည့်ရင်း ထိတ်လန့်တကြားအမှုအရာများ ပေါ်လာသည်။

"ဟုတ်တယ်! မှန်တယ်! ဒီလို ဖြစ်နေရမယ်"

ချင်ရွယ်၏ သရုပ်ဆောင်မှုကိုမြင်ပြီးနောက် ဖုန်ကျဲသည် သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုကို ပြသခဲ့သည်။ လူမှားယွင်းစွာ ရွေးချယ်ခဲ့ခြင်း မရှိကြောင်း သူခံစားမိသည်။ ချင်ရွယ်၏ ယခုအခိုက်အတန့်တွင် စွမ်းဆောင်မှုမှာ ကျေနပ်ဖွယ်ကောင်းသည်။

ရေထဲတွင်.... ချင်ရွယ် မျက်နှာပေါ်ရှိ အကြောက်တရားသည် ပို၍ပို၍ ကြီးထွားလာသည်။ နောက်ဆုံးတွင် သူမ၏ ခံနိုင်ရည် အကန့်အသတ်ကို ရောက်သွား၏။ သူမ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"အားးး"

.....

All Chapters