ဆော်လမွန်ငါး
Vol. 5 Ch. 66
[လက်ခံသူ : ဖန့်ရန်
မျိုးစိတ် : မီးခိုးရောင်မြွေ (မျိုးကွဲမျိုးစိတ်)
အခြေအနေ : အရွယ်ရောက်ပြီးသူ
သက်တမ်း : ဆယ်နှစ် (သွေးလိုင်းအဆင့်ကို တိုးမြှင့်ခြင်းဖြင့် သက်တမ်းတိုးနိုင်သည် )
ကမ္ဘာ : အပြာရောင်ဂြိုဟ်
ဂုဏ်သတင်းရမှတ် : 1125400/10000000]
သူ့အချက်အလက်ဇယားဘောင်ကို ခေါ်ပြီးသွားသည်နှင့်၊ ဖန့်ရန်၏ အာရုံကို ဂုဏ်သတင်းရမှတ် ကော်လံမှ ချက်ချင်း စွဲဆောင်သွားသည်။
သူ၏ ကျော်ကြားမှုဟာ (၁) သန်းကျော်သွားသော်လည်း ဆက်လက်တိုးပွားနေ၏။
“ဒီတစ်ခါတော့ ကျွမ်းကျင်မှု ၇ မှတ်ပဲ”
ဖန့်ရန်က လေးလေးနက်နက်တွေးလိုက်သည်။ သူ၏ ယခင် ကျွမ်းကျင်မှုရမှတ်သည် (၄) မှတ်ရှိသည်။ ယခု ကျွမ်းကျင်မှုရမှတ် (၇) မှတ်နှင့်ဆို စုစုပေါင်း (၁၁) မှတ်ရှိ၏။
သို့ပေမယ့် သူ့မှာ အရေးတကြီး အဆင့်မြှင့်ဖို့ လိုနေသည့် စွမ်းရည် မရှိသေးပေ။
“အင်း၊ နောက်ထပ်ဆင့်ကဲဖြစ်စဉ်တွေပြီးရင် စွမ်းရည် အသစ်တွေပါလာမယ်။ ထင်ပါတယ်လေ"
ဖန့်ရန်၏ စိတ်ထဲမှာ တွေးနေမိသည်။ လာမည့် ဆင့်ကဲဖြစ်စဉ်ပြီးနောက်၊ သူသည် ကျွမ်းကျင်မှုရမှတ် (၁၃) မှတ် ရရှိမည်ဖြစ်သည်။ ယခုဟာနှင့်ဆို စုစုပေါင်း ကျွမ်းကျင်မှုရမှတ် (၂၄) မှတ်အထိ ရှိသွားမည် ဖြစ်သည်။
ဖန့်ရန်သည် ဒီတစ်ကြိမ်ဆင့်ကဲဖြစ်စဉ်ပြီးရင် ကျွမ်းကျင်မှုအသစ်တွေ ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားသည်။
ဒါကိုတွေးရင်း ဖန့်ရန် စိတ်ထဲမှာ အရေးတကြီး ခံစားချက်တစ်ခု ပေါ်လာသည်။ သူသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲလို၏။ စွမ်းရည်အသစ်များ ထွက်ပေါ်လာခြင်း ရှိမရှိကို သူကြည့်ချင်သည်။
သူ့အတွေးတွေကို ရှင်းထုတ်လိုက်သည်။
ဖန့်ရန်က ခေါင်းကိုမော့ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဆက်သွားသည်။
ဒီအချိန်မှာ သူ့ကို တစ်ယောက်ယောက်သာ တွေ့မြင်လိုက်ရမည်ဆို ထိုသူသည် သေးထွက်လုမတက် ကြောက်လှန့်သွားပေမည်။
(၁၁) မီတာရှည်သော ကိုယ်ထည်၊ အေးစက် ချောမွတ်နေသော အကြေးခွံများနှင့် ဧရာမ စပါးအုံးမြွေသည်၊ အသိဉာဏ်ရှိသည့် မည်သူ့ကိုမဆို ကြောက်လှန့်စေနိုင်သည့် အစွမ်းသတ္တိရှိ၏။ သူသည် မည်သည့်နေရာတွင် ဖြစ်စေ။ တောဘုရင် သို့ ထိတ်တန်းသားရဲ အဖြစ် နေနိုင်သည့် အုပ်စိုးရှင်အဆင့် သတ္တဝါဖြစ်သည်။ ဤတောနက်ထဲ၌ သူနှင့် တစ်ဆင့်ထဲရှိသည့် သတ္တဝါ မရှိပေ။
...
သုံးရက် အကြာ။
ဖန့်ရန်သည် နေထိုင်ရန်နေရာ ရှာနေသော်လည်း သင့်တော်သောနေရာကို မတွေ့ရှိသေးပေ။
ခရက်!
ဖန်ရန် သူ၏ ကြီးမားသောခန္ဓာကိုယ်နှင့် သစ်ရွက်ခြောက်တွေပေါ်ကနေ တွားသွားနေရာမှ ရုတ်တရက် ရပ်လိုက်သည်။
သူ့ရှေ့မှာ သစ်ပင်ကြီးတစ်ပင်ရှိနေသည်။
သူက ခေါင်းကိုမော့ပြီး သစ်ပင်အနောက်ကို ကြည့်လိုက်သည်။
သစ်ပင်နဲ့ မနီးမဝေးမှာ တောင်စောင်းတစ်ခုရှိ၏။ ၎င်း၌ အစာရှာနေသော ငှက်တစ်ကောင်ရှိနေသည်။
ဧရာမ စပါးအုံးမြွေကြီးသည် သူ့ဆီသို့ တွားသွားလာနေသည်ကို မြင်လိုက်ရသည့် ငှက်သည် ထိတ်လန့်စွာ အော်မည်ကာ တောင်ပံများကို ဝှေ့ယမ်း၍ ပျံပြေးသွားခဲ့သည်။
ဖန့်ရန်သည် ငှက်ကလေးကို ဂရုမစိုက်ဘဲ သူ့ပတ်ဝန်းကျင်မှ အသံများကို နားထောင်ရန် အာရုံစိုက်လိုက်၏။
ဝေါ... ဝေါ...
ဖန့်ရန် မနီးမဝေးမှ ရေစီးသံကို ကြားလိုက်ရသည်။ သူအနည်းငယ် အံ့အားသင့်သွားကာ လျှာကို အလျင်အမြန် ထုတ်လိုက်မိသည်။
သေချာသည်။ လေထုက စိုစွတ်နေ၏။
" ဟိုနားမှာ မြစ်တစ်စင်းရှိတယ်"
ဖန့်ရန် ဝမ်းသာမိသွားသည်။
ထိုမြစ်က ဘယ်လောက်ကြီးမှန်း သူ မသိပေမယ့်။ သားကောင်အလုံအလောက်ရှိနေရင် သူသည် အဲဒီမှာ ခဏနေရပေမည်။
ရေစီးသံအတိုင်း နှစ်မိုင်လောက် သွားပြီးနောက် နောက်ဆုံးမှာ ဖန့်ရန် မြစ်ကို မြင်လိုက်ရသည်။
မီတာ (၃၀) နီးပါးကျယ်သာသည့် ဤမြစ်က သူ့ကို စိတ်ပျက်စေသည်။
ထို့အပြင် မြစ်သည် အတော်ပင်တိမ်ကာ (၄၀) မှ (၅၀) စင်တီမီတာသာ နက်၏။
ဤမြစ်တွင် သူ့ကို အလွန်သိသာ ထင်ရှားစွာ မြင်နေနိုင်မည် ဖြစ်သည်။ ထို့အပြင် ဤနေရာမှာ မိကျောင်းကဲ့သို့ ထိပ်တန်းသားကောင်များမရှိသောကြောင့် ခြုံခိုအမဲလိုက်ခြင်းကိုလည်း အသုံးမပြုနိုင်ပေ။
သို့သော်လည်း ဖန့်ရန်သည် မြစ်ကို သေချာမြင်လိုက်သည်နှင့် တပြိုက်နက် ဤနေရာမှာ နေဖို့ဆုံးဖြတ်ထားခဲ့သည်။
မြစ်ထဲမှာ ရာနဲ့ချီတဲ့ ငါးတွေ ကူးခတ်နေသည်။
ဆော်လမွန်။
မြစ်ထဲ၌ ရာနှင့်ချီသည့် ဆော်လမွန်ငါးများ ရှိသည်။
ဆော်လမွန်ငါးများသည် ရွှေ့ပြောင်းနေထိုင်လေ့ရှိကြသည့် ငါးမျိုးစိတ်တစ်ခု ဖြစ်သည်။ သူတို့သည် သမုဒ္ဒရာထဲတွင် ဘဝအချိန်အများစုကို ကုန်ဆုံးနေထိုင်ကြသော်လည်း အရွယ်ရောက်သောအခါ မျိုးပွားရန်အတွက် ရေချိုနေရာများသို့ ကူးခတ်လာတတ်ကြသည်။
၎င်းတို့၏ ရွှေ့ပြောင်းနေထိုင်မှုရာသီသည် အများအားဖြင့် မတ်လ၊ ဧပြီလ၊ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ဖြစ်သည်။
ဆော်လမွန်ငါးများသည် ၎င်းရာသီများသို့ ရောက်သည်နှင့် မျိုးပွားမည်နေရာကို စတင် ရှာဖွေ သွားရောက်လေ့ရှိသည်။
ဆော်လမွန်ငါးများသည် ဤသစ်တောကိုဖြတ်၍ ၎င်းတို့၏ မျိုးပွားသည့် နေရာသို့ ဦးတည်သွားနေပုံရသည်။
“ဒီဆော်လမွန်အုပ်စုက အရမ်းမများဘူး၊ သူတို့က ရှေ့ဆုံးအသုတ်လား၊ နောက်ဆုံးအသုတ်လား မသိဘူး.."
ဖန့်ရန်က ခဏကြာ စဉ်းစားပြီးသည့်တိုင်
ထိုဆော်လမွန်အုပ်စုသည် ရှေ့ဆုံးအသုတ်လား၊ နောက်ဆုံးအသုတ်လား မသိခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူသည် ဒီမှာ ခဏလောက် အခြေချနေထိုင်ဖို့ ဆုံးဖြတ်ရပေမည်။
ဆုံးဖြတ်ချက်ချပြီးနောက်... ဖန့်ရန်သည် ဆော်လမွန်ငါးများ မြစ်ထဲတွင် ကူးခတ်နေသည်ကို ကြည့်လိုက်၏။
ဤဆော်လမွန်များသည် ကြီးမားသည်။ အချို့မှာ (၁၀) ကီလိုဂရမ်ထက် ပိုပြီး အလွန်အဆီများ၏။ ၎င်းက အလွန် စားချင်စဖွယ် ဖြစ်သည်။
ဖန့်ရန်က မြစ်ထဲသို့ ဆင်းလိုက်သည်။ သို့သော် ဆော်လမွန်ငါးများသည် သူ့ကို မရှောင်တိမ်းဘဲ ရှေ့သို့ ကူးခတ်ရန် ရုန်းကန်နေကြသည်။
ဤသည်မှာ ဆော်လမွန်ငါးများ၏ သဘာဝဖြစ်သည်။ လမ်းခရီးတွင် မည်သို့သော အတားအဆီးများရှိပါစေ၊ သူတို့သည် ရှေ့သို့ ကူးခတ်ခြင်းကို ရပ်တန့်မည်မဟုတ်ပေ။
ဖန့်ရန်က ဆော်လမွန်အုပ်စုကို စစ်ဆေးလိုက်သည်။ နောက်ဆုံးတော့ သူ့အကြည့်က အနည်းဆုံး (၁၀) ကီလိုဂရမ် အလေးချိန်ရှိနိုင်သည့် ဆော်လမွန်ငါး တစ်ကောင်ပေါ် ရောက်သွားသည်။
[ပစ်မှတ် - ဆော်လမွန်ငါး၊ ရေနေသတ္တဝါ၊ စနစ်အမှတ် ၁၀၀ မှတ်ကို ရရှိနိုင်သည်]
စနစ်၏ အချက်ပေးသံကို ကြားပြီးနောက်၊ ဖန့်ရန်သည် ဆော်လမွန်ငါးတစ်ကောင်က ထိုမျှ စနစ်အမှတ်ပေးစွမ်းနိုင်သည်ကို အနည်းငယ်အံ့သြသွားခဲ့သည်။
သူသည် တုံ့ဆိုင်းမနေဘဲ... ထိုဆော်လမွန်ငါးဆီ အမြန်ပြေးသွားလိုက်သည်။ ထိုနောက် သူ့ပါးစပ်ကိုဖွင့်ဟကာ .. ထိုဆော်လမွန်ငါးကို ကိုက်ချလိုက်သည်။
“ဂလု”
ထိုနောက်... ခေါင်းကို မော့ကာ မြိုချလိုက်သည်။
ဤနေရာသို့ ရောက်လာသည့် ဆော်လမွန်ငါး တိုင်းသည်။ မရေမတွက်နိုင်သည့် အန္တရာယ်များနှင့် အခက်အခဲများကို ကြုံတွေ့ခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် သူ၏ အစားအစာအဖြစ် အဆုံးသတ်တော့ပေမည်။
[စနစ်အမှတ် ၁၀၀ မှတ်ကို ရရှိသည်]
မြစ်ထဲတွင်တော့ ဆော်လမွန်ငါးများသည် ရေစီးဆင်းမှုကို ဆန့်ကျင်ပြီး ကူးခတ်နေတုန်းပင်။
ဆော်လမွန်ငါး (၁၃) ကောင်ကို စားပြီးနောက် ဖန့်ရန်သည် အမဲလိုက်ခြင်းကို လုံးဝရပ်တန့်လိုက်သည်။
ကောင်းကင်ကြီးက မှောင်စပြုလာပြီ ဖြစ်သည်။
အနားယူရန်အတွက် သစ်ပင်တစ်ပင်ကို သူ ရွေးချယ်ရပေမည်။ ၎င်းက သူ့အတွက် အကောင်းဆုံးဖြစ်နေသေးသည်။
ဖန့်ရန်လည်း မြစ်ထဲကတက်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်သည်။ သစ်ပင်ကြီးတွေ နေရာအနှံ့ရှိနေသည်။ သို့သော် ဤသေးငယ်သော သစ်ပင်လေးများက သူရှာဖွေနေသည့် အရာမဟုတ်ပေ။
အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင် အနားယူရန် သင့်တော်သော သစ်ပင်တစ်ပင်ကို ဖန့်ရန် တွေ့လိုက်ရသည်။
ထိုသစ်ပင်၏ လုံးပတ်က ရေစည်ပိုင်းခန့်ထူသည့်အပြင် ဘေးပတ်ပတ်လည်၌ တစ်တောင်ခန့်မြင့်သည့် မြက်ရိုင်းများရှိနေသည်။
သစ်ပင်ပေါ်တက်ပြီး ဖန့်ရန်သည် သစ်ကိုင်းများပေါ်တွင် ကျောက်ဆူးသဖွယ် သူ့ခန္ဓာကိုယ်ကို ချိတ်ဆွဲလိုက်၏။
ဒီအချိန်မှာ ကောင်းကင်က လုံးဝကို မှောင်သွားသည်။
မှောင်မိုက်သောညနှင့်အတူ ကြောက်စရာကောင်းသော တိတ်ဆိတ်မှုသည် လိုက်ပါလာခဲ့သည်။ ရံဖန်ရံခါမှသာ ငှက်အော်သံ၊ သားရဲအော်သံကို အဝေးမှ ကြားရပေမည်။
ဤအရာက တောတွင်းကို အလွန်ကြောက်စရာကောင်းပြီး အုံ့မှိုင်းသွားစေသည်။
ဖန့်ရန်သည် အေးစက်သော ခံစားချက်များနှင့်အတူ မျက်လုံးများကိုမှိတ်ပြီး အိပ်ဖို့ပြင်ရင်း အဝေးကို လှမ်းကြည့်လိုက်သည်။
ထိုအချိန် သူသည် ရုတ်တရက် ယခင်က လျစ်လျူရှုခဲ့သော အရာတစ်ခုကို တွေးလိုက်မိသည်။
.....