ဟန်ကျန်းတု
Vol. 4 Ch. 400
ဟန်ကျန်းတု၏ ထူးဆန်းသော အမူအရာက လူတိုင်းအား ဆွံ့အ သွားစေတော့၏။
သူက အဘယ်ကြောင့် ချန်းပေ့ရွှမ်း ဆိုသော အမည်အား ကြားသည်နှင့် အကြီးအကျယ် ထိတ်လန့် သွားရသနည်း။ ထိုအမည်၌ လျှို့ဝှက်ချက် တစ်ခုခု ရှိနေသည်လော။ ထိုလျှို့ဝှက်ချက်က အဘယ်နည်း။
လူတိုင်းက စိတ်ဝင်စားစွာဖြင့် ချန်းဖန်အား ကြည့်လိုက်ကြသည်။ သူတို့ သိထားသလောက် ထိုကောင်လေး၏ ဘွဲ့ထူးများကား ကျန်းပေ့၏ ဆရာချန်း၊ ထန်လုံ အထူးတပ်ဖွဲ့၏ ဗိုလ်ချုပ် ထိုမျှသာ။ သို့သော်လည်း ထိုဘွဲ့ထူးများက ရန်ကျင်း၏ ဟန်မိသားစုကို ခြိမ်းခြောက်ရန် မလုံလောက်သည်မှာ ကျိန်းသေသည်။
ကျို့လော့ရင် ကလည်း ချန်းဖန်အား ကြည့်ကာ အတွေးနက်နေသည်။ အခြား လူများထက် စာလျှင် သူမက ချန်းဖန်အကြောင်းကို ပိုမို သိရှိထားသည်။ အထူးသဖြင့် ချန်းဖန်၏ အထွတ်အထိပ် နံပါတ်တစ် ဆိုသော ဘွဲ့ထူးအား တန့်ရီဖေးထံမှ သူမ အကြိမ်ကြိမ် ကြားခဲ့ရသည်။
သို့သော်လည်း ဟန်မိသားစုက ထိုမျှလောက်ကို ကြောက်လန့် လိမ့်မည်ဟု မထင်ချေ။ အဘိုးအိုဟန်မှာ စစ်တပ်၌ ပြောရေးဆိုခွင့် ရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရာ စစ်တပ်၏ အကူအညီဖြင့် ဆိုလျှင် ချန်းဖန်အား ကိုင်တွယ်ရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း တွေ့မြင်ရသော မြင်ကွင်းက ထူးဆန်းလွန်း နေသည်။
လူများစွာ၏ အကြည့်များ အောက်တွင်ပင် ဟန်ကျန်းတုက ချန်းဖန်အား အလောတကြီး တောင်းပန်လိုက်၏။
"ဆရာချန်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကျွန်တော့်ရဲ့ အပြုအမူ နည်းနည်း ရိုင်းစိုင်းသွားရင် ခွင့်လွှတ်ပေးပါ ခင်ဗျာ ...”
ဟန်ကျန်းတုကား တည်ငြိမ်အောင် ကြိုးစားနေသည့်တိုင် ကြောက်ရွံ့မှု၊ အံ့အားသင့်မှုများက အထင်သား ပေါ်လွင်နေသည်။ လူများစွာနှင့် အတူ ဟန်ဟုန်ကုံကလည်း အစ်ကိုဖြစ်သူအား နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။
"ချန်းပေ့ရွမ်းက ဒီလို မိသားစု သေးသေးလေးက ဆိုတာ ဘယ်သူက ထင်ထားမှာလဲ။ အဘိုးက ငါ့ကို ကျင်းလင်မှာ အနေအထိုင် ဆင်ခြင်ဖို့ အကြိမ်ကြိမ် မှာခဲ့တာ ဒါကြောင့်ကိုး"
ဟန်ကျန်းတုကား ကြောက်ရွံ့စွာ တွေးနေမိခဲ့သည်။
ဟန်မိသားစုသည် စစ်တပ်နှင့် နက်နဲသော ပတ်သက်မှု ရှိရာ ဂျပန်တွင် ချန်းဖန် လုပ်ဆောင်ခဲ့သော အရာများအား သိရှိနေခြင်းက မဆန်းကြယ်ပေ။ ဆရာချန်း၏ အောင်မြင်မှုများ အကြောင်း ကြားရစဉ်က ဟန်ကျန်းတုမှာ သူ၏ နားကိုပင် မယုံနိုင်ခဲ့ချေ။ လေတပ်အကူ အပါအဝင် စပ်တပ်ရင်း တစ်ခုအား တစ်ယောက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့ခြင်း ... ထိုအရာက သူ၏ တွေးတော ဆင်ခြင်နိုင်စွမ်းကိုပင် ကျော်လွန်နေသည်။
အဖြစ်အပျက် အပြောင်းအလဲက လူများစွာအား ဆွံ့အ နေစေခဲ့ဆဲပင်။ စွန်းရှန်းဟွာ၏ မျက်နှာပေါ်မှ အပြုံးများမှာလည်း ရေခဲကဲ့သို့ အေးခဲသွားပြီ ဖြစ်၏။ သူက အထစ်ထစ် အငေါ့ငေါ့ဖြင့် ဟန်ကျန်းတုအား မေးလိုက်သည်။
"ကျန်းတု ... ဘာ ... ဘာဖြစ်လို့လဲ"
ဟန်ကျန်းတုကမူ စွန်းရှန်းဟွာ၏ မေးခွန်းအား ပြန်ဖြေရန် မဆိုထားနှင့်။ တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ သူက ချန်းဖန်ကိုသာ ကြောက်ရွံ့စွာ ကြည့်ရင်း ဆက်လက် ရပ်နေခဲ့သည်။
အတန်ကြာမှ ချန်းဖန်က သူ့အား မော့ကြည့်ရင်း မေးလိုက်သည်။
"မင်းကငါ့ကို သိတာလား"
အားလုံး၏ အကြည့်များ အောက်တွင်ပင် ဟန်ကျန်းတုက ချန်းဖန်အား လေးစားစွာ ဦးညွှတ်ရင်း ပြန်ဖြေလိုက်သည်။
"ဆရာချန်းက အရှေ့အာရှ တစ်ခုလုံးကို လှုပ်ရှားစေခဲ့တဲ့ သူပဲ။ ဒါပေါ့ ကျွန်တော် သိတာပေါ့။ ဂျပန်တွေကို ကြောက်သေးပါစေတဲ့ ဆရာချန်း အကြောင်းတွေကို ကြားတည်းက ကျွန်တော် လေးစားခဲ့ ရတာပါ။ ဖြစ်နိုင်ရင် ဆရာချန်းရဲ့ နောက်လိုက် အနေနဲ့ တာဝန် ထမ်းဆောင်ချင်ပြီး ဆရာချန်းရဲ့ ခြေရာကို နင်းချင်မိတာပါ"
လူတိုင်းက ဟန်ကျန်းတု၏ စကားများကို ရှင်းလင်း ပြတ်သားစွာ ကြားလိုက်ရသည်။ သို့သော်လည်း တစ်စုံ တစ်ယောက်ကမျှ ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်ကြပေ။
"ဆရာချန်းက ကျော်ကြားတယ်။ ဒါကို ငါတို့ လက်ခံလို့ ရတယ်။ ဒါပေမဲ့ အရှေ့အာရှ တစ်ခုလုံးအထိ ကျော်ကြားတယ် ဆိုတာက ... နောက်ပြီး ဂျပန်တွေက ဆရာချန်းကြောင့် ကြောက်သေးပါတယ် ဆိုတာကရော ဘာကို ဆိုလိုတာလဲ"
လူများစွာက ဟန်ကျန်းတုနှင့် ချန်းဖန်အား တစ်လှည့်စီ ကြည့်ရင်း တွေးနေခဲ့မိသည်။
ကျို့လော့ရင်ပင်လျှင် ထိုစကားကြောင့် မျက်မှောင်ကြုတ် သွားသည်။ သူမ ချန်းဖန်အား အကဲခတ် ကြည့်သည့်တိုင် ထူးခြားချက် တစ်ခုတလေပင် မတွေ့ရချေ။ သူကား သာမန် ရုပ်ရည်ရှိသော လူငယ်လေးသာ ဖြစ်သည်။
ဤသို့ဆိုလျှင် မည်သည့် နည်းလမ်းဖြင့် သူက အရှေ့အာရှ တစ်ခုလုံးကို လှုပ်ရှားစေရ သနည်း။ အဘယ်ကြောင့် ဂျပန်များကပင် သူ့အား ကြောက်ရသနည်း။ အဘယ်ကြောင့် ဟန်ကျန်းတုက သူ့အား အလွန် လေးစားစွာ ဆက်ဆံနေရ သနည်း။
မေးခွန်းများက ကျို့လော့ရင်၏ ဦးခေါင်းအား တရစပ် အလုပ်ပေး နေတော့၏။
ထိုအချိန်မှာပင် ဟန်ဟုန်ကုံက ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်ရင်း အော်ဟစ်လိုက်သည်။
"အစ်ကို ... ငါ့အတွက် လက်စားချေပေး ... အဲဒီကောင်ကို သတ်လိုက် ... နောက်ပြီး သူ့မိသားစု တစ်ခုလုံးကိုပါ ငါ့အတွက် ဖျက်ဆီးပေး ...”
ဟန်ဟုန်ကုံ၏ စကား မဆုံးခင်မှာပင် ဟန်ကျန်းတု၏ မျက်နှာက ဖြူရော်သွားသည်။ ခဏအတွင်းမှာပင် သူ၏ မျက်နှာက ဒေါသဖြင့် နီလာရဲလာပြီး ညီဖြစ်သူအား ပြေးကန်လိုက်သည်။
"အရူးကောင် ... မင်း ပါးစပ်ကို ပိတ်ထားစမ်း"
ဟန်ဟုန်ကုံကား နာကျင်မှုကြောင့် ရှုံ့မဲ့ရင်း အစ်ကိုဖြစ်သူအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ အဘယ်ကြောင့် အစ်ကိုက သူ့အား ကန်ရသနည်း။ သူ နားမလည်နိုင်ချေ။
ထိုအဖြစ် အပျက်ကြောင့် နားမလည်နိုင်အောင် ဖြစ်နေသူမှာ ဟန်ဟုန်ကုံ တစ်ယောက်တည်း မဟုတ်ချေ။ ခန်းမထဲရှိ လူတိုင်းလိုလိုပင် ထိုမြင်ကွင်းအား ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေကြတော့သည်။
"ဟန်ကျန်းတုက ဟန်ဟုန်ကုံကို ကန်လိုက်တာလား ... ဘာတွေ ဖြစ်သွားတာလဲ"
ကျို့လော့ရင်နှင့် အခြားလူများမှာ တစ်ခုခု လွဲချော်နေကြောင်း သတိထားမိလိုက်သည်။ ဟန်ကျန်းတုက ညီဖြစ်သူ၏ အသက်အား ကယ်တင်ရန် ဤသို့ ကန်လိုက်ခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း ချန်းဖန်က လူတစ်ယောက်အား လူမြင်ကွင်းတွင် သတ်ပစ်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြချေ။ ထိုအရာကား ရာဇဝတ်မှု ဖြစ်သည်။ ကျို့လော့ရင် အပါအဝင် လူများစွာမှာ စိတ်ထဲမှ ဒွိဟ ဖြစ်နေမိတော့သည်။
ထိုအချိန်မှာပင် ဟန်ကျန်းတုက ချန်းဖန်အား ကပျာကယာ တောင်းပန်လိုက်သည်။
"ဆရာချန်း ... မိဘတွေ အလိုလိုက်ထားတာ ခံရလို့ ကျွန်တော့် ညီလေးက ရိုင်းစိုင်း နေတာပါ။ နောက်ပြီး ကျွန်တော်တို့က သူကို ဆရာ့အကြောင်း ဘာမှ မပြောပြ ထားမိပါဘူး။ ဒါက ကျွန်တော်တို့ အမှားကြောင့်ပါ ခင်ဗျာ။ ဟန်မိသားစု အနေနဲ့ အမှားအတွက် ဆရာ့ကို လျော်ကြေး ပြန်ပေးပါ့မယ်"
လူများစွာမှာမူ သူတို့၏ နားများကိုပင် မယုံကြည်နိုင်ကြချေ။ ဟန်မိသားစုကား ဗိုလ်ချုပ် တစ်ယောက်ကိုပင် ဖိအားပေး အနိုင်ယူနိုင်စွမ်း ရှိအောင် လွှမ်းမိုးမှု ကြီးမားသော မိသားစုကြီး ဖြစ်သည်။ သို့သော်လည်း ဟန်ကျန်းတု ချန်းဖန်အား တောင်းပန်နေသော ပုံစံက အလွန် ရိုကျိုးလွန်း နေသည်။
ဟန်ကျန်းတု၏ စကားအား ချန်းဖန်က နှာခေါင်း တစ်ချက်ရှုံ့ရင်း တုံ့ပြန်လိုက်သည်။
"ငါ ချန်းပေ့ရွှမ်းက တစ်ခုခုကို လိုချင်ရင် ကိုယ်တိုင် ယူနိုင်တယ်။ မင်းက ငါ့ကို လျော်ကြေးပေးမယ် ထားပါတော့လေ။ ငါ့ကို စော်ကားတဲ့ ပြစ်မှုအတွက် ပေးရမယ့် တန်ဖိုးကို မင်းသိမှာပေါ့။ ဟုတ်တယ် မလား"
ချန်းဖန်၏ အသံက သိမ်မွေ့ဟန် ရသည့်တိုင် ဟန်ကျန်းတု၏ နားအတွင်းသို့ ဗုံးတစ်လုံး ပေါက်ကွဲသည့် အလား ဝင်ရောက် သွားခဲ့သည်။
"ဟုတ်ကဲ့ပါ"
ဟန်ကျန်းတုက ဖြူရော်သော မျက်နှာနှင့် ခေါင်းညိတ်လိုက်သည်။ သူကား ချန်းဖန်၏ စကားလုံးများတွင် ပါဝင်သည့် အနက်အဓိပ္ပာယ်ကို ကောင်းစွာ နားလည်သည်။
ဂျပန်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို အခြေခံ၍ ကောက်ချက် ချရလျှင် ဆရာချန်းသည် သူ့ကို စော်ကားသူများအား ခွင့်လွှတ်သည့် အစဉ်အလာ မရှိချေ။ သူ့အား သစ္စာဖောက်ခဲ့သည့် ခရမ်း တစ်ဦးတည်းကြောင့် သူမ၏ နင်ဂျာ ကလန် တစ်ခုလုံးကိုပင် မျိုးဖြုတ် သတ်ဖြတ်ပစ်ခဲ့သည်။ ထို့အပြင် သူ့အား စတင် တိုက်ခိုက်ရန် ကြိုးစားခဲ့သော နတ်ဆိုးသခင် လေးယောက်၊ ဆယ့်လေးခုမြောက် ကြည်းတပ် စသည်တို့အား အပြတ် ရှင်းပစ်ခဲ့သည်။ ထိုပြဿနာ၌ ပါဝင် ပတ်သက်မိသည့် မစ်ဆုကာဇူ ကဲ့သို့သော ပုဂ္ဂိုလ်ကြီးပင်လျှင် ချန်းဖန်၏ လက်၌ သေဆုံးခဲ့ရသည်။
ဟန်ကျန်းတုကား ထိုသို့သော ပုဂ္ဂိုလ်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။ သူက ညီဖြစ်သူအား စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲ လိုက်မိသည်။ မိခင်ကသာ ထိုအရူးကို မမွေးခဲ့လျှင် ကောင်းပေမည်။
ဟန်ကျန်းတုက သက်ပြင်း တစ်ချက်ချရင်း ချန်းဖန်အား ကြည့်လိုက်သည်။
"ဆရာချန်း ... ဒါက ညီလေးရဲ့ အမှားတွေဆိုတာ ကျွန်တော် နားလည်ပါတယ် ခင်ဗျာ။ ဆရာချန်း အနေနဲ့ ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံပြီး ညီလေးကို လွှတ်ပေးဖို့ပဲ မျှော်လင့်မိပါတယ်"
"ငါ ဟန်ဟုန်ကုံကို တကယ်ပဲ သတ်ချင်နေတယ် ဆိုရင်ရော မင်းက ငါ့ကို တားမှာလား"
ချန်းဖန်က အနည်းငယ် ပြုံးရင်း မေးလိုက်သည်။
ဟန်ကျန်းတု၏ ခန္ဓာကိုယ် တစ်ခုလုံးကား အေးခဲသလိုပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်အတွင်းမှ ခေါင်းညိတ်ရန် အကြိမ်ကြိမ် တိုက်တွန်းနေသည့်တိုင် တုံ့ဆိုင်း နေခဲ့သည်။
အခြား လူများစွာမှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း ရင်တမမ ဖြစ်နေခဲ့တော့သည်။
"ချန်းဖန်က တကယ်ပဲ ဟန်ဟုန်ကုံကို သတ်တော့မှာလား"
"ကြည့်ရတာ ဟန်မိသားစုကတောင် ချန်းဖန်ကို တားရဲဖို့ သတ္တိမရှိဘူးပဲ"
လူများစွာက ချန်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
"သူက ဘယ်သူလဲ ...”
ချန်းမိသားစုဝင်များ ပင်လျှင် ချန်းဖန်အား အခြား တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ သူတို့ကား ချန်းဖန်၏ အကြောင်းကို ခြေဖျားအစ ခေါင်းအဆုံး အားလုံး သိထားသည်ဟု ထင်ထားခဲ့မိသည်။ သို့သော်လည်း ယခု အဖြစ်အပျက်များ အရဆိုလျှင် သူတို့ သိထားသည့် အကြောင်း အရာများက အပေါ်ယံသာ ဖြစ်ပေလိမ့်မည်။
"စိတ်ထဲ မထားနဲ့တော့။ ငါ့ရဲ့ညီမ ဝမ်းကွဲလေး ရှိနေတာ မလို့ ဒီနေရာကို သွေးစွန်းအောင် မလုပ်ချင်ဘူး"
ချန်းဖန်က ထိုင်နေရာမှ ထရပ်ရင်း ပြောလိုက်သည်။ ထို့နောင် ချန်းကူးကူးလေး၏ လက်ကို ကိုင်ရင်း ထွက်ပေါက် ရှိရာသို့ လှည့်လိုက်သည်။
ဟန်ကျန်းတုက ချန်းဖန်၏ အမူအရာအား ကြည့်ရင်း အသက်ဘေးမှ လွတ်မြောက်လာသော လူတစ်ယောက်နှယ် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ နဖူးတွင်မူ ချွေးစီးများက ပြည့်နှက်၍ပင် နေသည်။
ရုတ်တရက် ချန်းဖန်က သူ့အား ပြောလိုက်သည်။
"ငါ ဟန်ဟုန်ကုံကို နောက်တစ်ကြိမ် မတွေ့ချင်ဘူး"
"ဟုတ်ကဲ့ပါ"
ဟန်ကျန်းတုက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
"စွန်းမိသားစုကိုလည်း ငါ နောက်တစ်ကြိမ် မတွေ့ချင်ဘူး"
ချန်းဖန်က ပြောရင်း ထွက်ပေါက် ရှိရာသို့ ဖြည်းညင်းစွာ လမ်းလျှောက် သွားလိုက်သည်။
"နားလည်ပါပြီ"
ဟန်ကျန်းတုက မတုံ့ဆိုင်းပဲ ခေါင်းညိတ်လိုက်သည်။ အကယ်၍ ချန်းဖန်က စွန်းမိသားစုကို ရှင်းပစ်ရန် ပြောလျှင်ပင် သူ မငြင်းဆန်ပဲ လုပ်မည် ဖြစ်သည်။
ချန်းဖန်က တံခါးဝနား အရောက်၌ ခဏမျှရပ်ရင်း နောက်တစ်ကြိမ် ပြောလိုက်သည်။
"နောက်ပြီး ဒီကိစ္စအတွက် ဟန်မိသားစုက ငါ့အပေါ်မှာ အကြွေးတင်နေပြီ"
"ဟုတ်ပါတယ် ... အမှန်ပါပဲ ခင်ဗျာ"
ဟန်ကျန်းတုက ခေါင်းညိတ်လိုက်သည်။ သူက ချန်းဖန် ထွက်ခွာသွားသည့် အချိန်မှသာ
ခါးအား ဆန့်တန်းလိုက်သည်။
အခန်း တစ်ခုလုံးကား လုံးဝ တိတ်ဆိတ် နေခဲ့တော့သည်။ လူတိုင်းက ဟန်ကျန်းတုအား သရဲသဘက် တစ်ကောင်နှယ် ကြည့်နေကြမိသည်။
စွန်းမိသားစုဝင်များ၏ မျက်နှာများနှာမူ စက္ကူတစ်ချပ် အလား ဖြူရော် နေခဲ့တော့၏။
***