← Chapters

Chapter 37

Vol. 4 Ch. 37

Chapter 37

Vol. 4 Ch. 37

အထူးသဖြင့် သူမကို ကြည့်လိုက်သည့်အချိန်တွင် လင်းချောင်က သူမလျှာပေါ်တွင် ကျန်ရှိနေခဲ့သေးသည့် ထုံကျဉ်မှုကိုပင် ခံစားနိုင်ခဲ့သည်။ အရင် သူကအလွန် စိတ်ခံစားချက်များ ထိန်းချုပ်ထားသဖြင့် သူမက သူ့ကို လူကြီးတစ်ယောက်ဟုသာ တွေးမိခဲ့ပြီး ခင်ပွန်း (သို့) ချစ်သူတစ်ယောက်ဟု လုံးဝမတွေးခဲ့မိပေ။

ဒါဆိုရင် ဒီလို ပြီးပြည့်စုံတဲ့ အသားတစ်ပိုင်းက သူမပါးစပ်ထဲ ရောက်လာနေပြီး ဥပဒေအရလည်း ဖြစ်နေတာမလို့ ဘာလို့ မစားဘဲနေရမှာလဲ။

ဇာတ်လိုက်အမျိုးသမီးကတော့ ပုံတောင်ပေါ်မလာသေး၊ သူတောင်မှ ဇာတ်လိုက်အဖြစ် သူ၏အခန်းကဏ္ဍကို ဂရုမစိုက်ဘူးဆိုလျှင် သူမကရော ဘာလို့ ဂရုစိုက်ရမှာလဲ။ သူ့ကို တခြားတစ်ယောက်အတွက် ထားထားသင့်တာလား။

အတွင်းစိတ်ထဲမှ အငြင်းပွားနေမှုက သူမဘာသာဖြစ်နေခြင်းဖြစ်သဖြင့် ထိုအရာကို ပယ်ချလိုက်တော့မှ လင်းချောင် အလျင်အမြန် နားလည်သွားပြီး အိပ်ချင်လာတော့သည်။ သူမက မျက်နှာသုတ်ပဝါကို ထိုလူလက်ထဲ ပြန်ပေးရင်းပြောလိုက်သည်။

"ကျွန်မ အိပ်ချင်နေပြီ။ ရှင် ကိုယ့်ဘာသာ ကြည့်လုပ်လိုက်တော့။"

သူမက ခေါင်းအုံးနှင့် ထိသည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။

"ကိုယ့်ဘာသာ ကြည့်လုပ်လိုက်" ဆိုသည့် စကားက သူမ၏ အသုံးချပြီးလျှင် ပစ်ပယ်တတ်သည့် သဘောကို တကယ် ဖော်ပြနေသည်။

သို့သော်လည်း ကျိသော် အလျင်မလိုပေ။ သူက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆေးလိပ်ကို ပြာခံခွက်ထဲ ငြှိမ်းသတ်လိုက်ကာ ကိုယ့်ကိုကိုယ် သန့်စင်လိုက်ပြီး မီးပိတ်ကာ အိပ်လိုက်တော့သည်။

နောက်နေ့မနက် လင်းချောင်က မှန်ရှေ့တွင် ဆံပင်ဖြီးနေတုန်း လည်ပင်းပေါ်မှာ အမှတ်အသားနှစ်ခုကို သတိထားမိလိုက်သည်။ ဒါတွေက ဟိုလူလုပ်ထားသည်ဆိုသည်မှာ ထင်ရှားနေ၏။ သူကပဲ အရမ်းအင်အားကြီးလို့လား၊ ဒါမှမဟုတ် သူမ၏ အသားအရေကပဲ အရမ်းဖြူလို့လားတော့ မသိသော်လည်း အမှတ်အသားများက ထင်ရှားနေ၏။

သူမ သူ့ကို စိုက်ကြည့်မိလိုက်သည်။

ထိုအချိန်တွင် ကျိသော်က သူ၏ ပုံမှန်မျက်နှာထားတင်းတင်း အမူအရာကို ပြန်ပြောင်းသွားပြီဖြစ်သည်။ သူကခါးပတ်ကို တင်းတင်းပတ်ထားပြီး ယူနီဖောင်းကိုလည်း အပေါ်အထိ သေသေချာချာ ကြယ်သီးတပ်ထားကာ၊ မုတ်ဆိတ်ရိတ်နေသည့် လှုပ်ရှားမှုများကပင် အလုပ်သဘောဆန်သည့် ပုံစံဖြစ်နေခဲ့သည်။ သူမလည်ပင်းပေါ်ရှိ ခိုင်မာသည့် သက်သေအထောက်အထားသာ မရှိခဲ့ရင် လင်းချောင်က မနေ့ညက အဖြစ်အပျက်များကို အိပ်မက်တစ်ခုဟုသာ ထင်မိနေခဲ့လ်ိမ့်မည်။

အချိန်အတော်ကြာ သိကျွမ်းခဲ့ကြပြီးနောက် ကျိသော်က လင်းချောင် တစ်စုံတစ်ယောက်ကို စိုက်ကြည့်နေသည်ကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်ပြီး သူ၏လက်ကလည်း အလိုလို ရပ်တန့်သွားခဲ့သည်။

လင်းချောင်ကတော့ အကြည့်လွှဲလိုက်ပြီး သူမ အသစ်ဝယ်ထားသည့် ပန်းရနံ့ရေမွှေးကို ဖျန်းနေခဲ့သည်။

ဒီခေတ်တွင် concealer မရှိသလို ကော်လာမြင့်အဝတ်အစားများ ဝတ်ဆင်ရန်ကလည်း အရမ်းပူနေသည်။ သို့သော်လည်း ကိစ္စမရှိ၊ ခြင်များကို အပြစ်တင်လိုက်၍ရသည်။

လုံလောက်အောင် ဖျန်းလိုက်သည်နှင့် သူမခန္ဓာကိုယ်တွင် ထိုရနံ့များ လွှမ်းသွားမည်ဖြစ်ပြီး ဘေးက ဖြတ်သွားသူတိုင်း အနံ့ရလိမ့်မည်။ တစ်ယောက်ယောက်က တခြားနည်းဖြင့် တွေးမိလျှင်တော့ ဒါက သူတို့ပြဿနာသာဖြစ်သည်။

လင်ချောင်က ဒီလိုကိစ္စများတွင် ဘယ်တော့မှ စိတ်ရှုပ်ထွေးမခံပေ။ သူမဘာသာ ဖျန်းပြီးသည်နှင့် ကျိသော်ကိုပါ နည်းနည်း ဖျန်းပေးလိုက်သည်။

ထိုလူကတော့ အနံ့ကို မကြိုက်သည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်သူက ရှင်ကို သတိမထားဘဲ လုပ်ချင်ရာလုပ်ခိုင်းလို့လဲ။"

လင်းချောင်က သူကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဂရုမစိုက်တော့ပေ။

"နောက်တစ်ခါ အမှတ်အသားတွေ ထားခဲ့ရင် ကျွန်မ ရှင့်ကို နောက်တစ်ခါထပ်ဖျန်းမှာပဲ။"

တကယ်ကိုပဲ ကျိသော်က သူ မှားမှန်း သိလိုက်သည့်အတွက် ဘာမှ ထပ်မပြောတော့ပေ။

ပန်းရနံ့ရေမွှေးကို အကာအကွယ်အဖြစ် အသုံးပြုလိုက်သည့်အတွက် အလုပ်သွားသည့်လမ်းရော ကျောင်းရုံးခန်းမှာပါ ဘယ်သူကမှ လင်းချောင်၏ လည်ပင်းပေါ်မှ အမှတ်အသားနှစ်ခုကို အခြားတစ်မျိုးမတွေးခဲ့မိကြပေ။ သူမ၏ အေးဆေးတည်ငြိမ်သည့် အမူအရာကလည်း အရေးပါ၏။ သူမသာ ရှက်ကိုးရှက်ကန်းလုပ်မနေသရွေ့ ဘယ်သူမှ သတိထားမိမည် မဟုတ်ချေ။ သံသယရှိခဲ့သူများကလည်း သူတို့၏ အတွေးများကို အလျင်အမြန် ပယ်ချလိုက်ကြလိမ့်မည်။

[T/N ပန်းအနံ့ရေမွှေးဆိုတာက ခြင်မကိုက်အောင်ဖျန်းတဲ့ဟာမျိုးပါ။]

အမျိုးသားလုပ်ဖော်ကိုင်ဖက်ဖြစ်သော အဖွဲ့ခေါင်းဆောင်ကောကတော့ လင်းချောင်၏ လည်ပင်းကို ကြည့်ပင်မကြည့်ခဲ့ချေ။

"မင်းတောင်းထားတဲ့ ပိုတက်ဆီယမ် ဟိုက်ဒြောက်ဆိုဒ်ရပြီ။"

သူက အမှုန့်ထုပ်တစ်ထုပ်ကို လင်းချောင်စားပွဲပေါ် တင်ပေးလိုက်သည်။

"ကျောင်းအတွက် သင်ထောက်ကူပစ္စည်းတွေ ရောက်လာပြီလား။"

"အင်း မနေ့ကနေ့လည်က ရောက်လာတာ။"

ဆိုလိုသည်က သူမက အခန်းနှစ်ခန်းအတွက် စမ်းသပ်မှုများလုပ်၍ ရပြီဆိုသည့်သဘောပင်။ ယခင်က ပိုတက်ဆီယမ် ကလိုရ်ိတ်မရှိသဖြင့် နှောင့်နှေးနေခဲ့ခြင်းဖြစ်သည်။

သို့သော် အတန်းနှစ်တန်းရှိသည့်အတွက် ပထမအချိန်နှင့် ဒုတိယအချိန် နှစ်ချိန်ခွဲရမည်မှာသိသာ၏။ အတူတူသာလုပ်ဖြစ်လျှင် ကျောင်း၏ဟောပြောခန်းလေးကလည်း သေးသဖြင့် တစ်ခန်းထဲနှင့် ဘယ်လိုမှမရ။

လင်းချောင်က ကျောင်းကိုစာတင်ခဲ့ပြီး သူတို့ကလည်း ချက်ချင်းလက်ခံခဲ့သည်။ သို့သော် သူမ အချ်ိန်စာရင်း မဆွဲရသေးမီ အဖွဲ့ခေါင်းဆောင်ကောက အနားကပ်လာ၍ပြောလိုက်၏။

"မင်း ဘာလို့ ငါ့အတန်းနှစ်တန်းကိုပါ သင်မပေးတာလဲ။ ဟောခန်းလေးက အတန်းသုံးတန်းလောက်အထိ ပေါင်းလို့ရပါတယ်။"

လင်းချောင်က ထိုနှစ်တန်းကို ကတိပေးမထားပေ။ သူတို့သာ ဝင်ပါလာလျှင် သူမ၏ အတန်းသုံးနှင့်လေးတို့ကို စိတ်ဓာတ်မြှင့်တင်ရေးလုပ်ထားသည်များ ပျောက်ကွယ်သွားလိမ့်မည်။

အဖွဲ့ခေါင်းဆောင်ကောက နားလည်၏။

"သူတို့ ပါဝင်ဖို့မလိုပါဘူး၊ နောက်ကနေပဲ ကြည့်နေပါစေ။ ငါ့ကို အမြဲလာမေးနေတာ သက်သာအောင်လို့ပါ။"

လင်းချောင် ရှင်းပြပြီးလျှင် သူက ဘာ

လုပ်ရမယ်ဆိုသည်ကို သိသွားပြီး သူ၏အတန်းတွင် ပြန်သင်ပေးလို့ရပြီဖြစ်ပြီး သူက လင်းချောင်ကို အခွင့်အရေး ယူလိုစိတ်မရှိခဲ့ပေ။

"ရှင် ကိုယ်တိုင်သင်တာ ပိုကောင်းလိမ့်မယ်။"

လင်းချောင်က ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"ကျွန်မပြီးသွားရင် ရှင် ဆက်လုပ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် လက်တွေ့စမ်းသပ်မှုတွေက ကိုယ်တိုင်လက်တွေ့လုပ်ရမှ ပိုပြီး ပူးပေါင်းပါဝင်တယ်လို့ ခံစားရမှာပေါ့။"

ပထမဆုံး သိခွင့်ရပြီး ပထမဆုံး လုပ်ခွင့်ရသည်ကပင် အတန်းနှစ်ခုမှ ကျောင်းသားများအတွက် လုံလောက်ခဲ့ပြီဖြစ်သည်။ အတန်းပြီးသွားလျှင် ကြွားချင်တဲ့သူများက စကားဖြန့်ကြမည်ဖြစ်ပြီး သုံးရက်အတွင်းမှာပဲ တစ်ကျောင်းလုံးက မြေဖြူဗုံး ဘယ်လိုလုပ်ရသည်ကို သိသွားလိမ့်မည်။

သူမက ကိစ္စမရှိဘူးဆိုတော့ အဖွဲ့ခေါင်းဆောင်ကောက ဘာမှဆက်မပြောတော့ပေ။

"ဒါဆိုရင် ရှင်အလုပ်ပြီးတဲ့အထိ စောင့်ပြီးမှ ခန်းမငယ်အတွက် လျှောက်ထားလိုက်မယ်။"

မထင်မှတ်ဘဲ လင်းချောင်က ဆက်ပြောလိုက်သည်။

"ဒီနေ့မွန်းလွဲပိုင်း အချိန်ရလား။ အချိန်ရရင် ကျွန်မကို တစ်ခုလောက် ကူညီပေးနိုင်မလား။"

ဒီစမ်းသပ်မှုက သေချာမကိုင်တွယ်လျှင် အန္တရာယ်ရှိနိုင်သည်။ အတန်းနှစ်ခုပေါင်း ကျောင်းသားတစ်ရာကျော်ရှိပြီး လင်းချောင်က သူတို့ကို ဆယ်ယောက်တစ်ဖွဲ့ခွဲကာ စားပွဲများကို စမ်းသပ်စားပွဲများအဖြစ် အသုံးပြုမည်ဖြစ်သော်လည်း လူတိုင်းက ဓာတုပစ္စည်းများ ရောစပ်ရန်တော့ အခွင့်အရေးမရနိုင်။ သူမက အရာအားလုံးကို သေချာ မကြီးကြပ်နိုင်မည်ကို စိုးရိမ်နေခဲ့၏။

အဖွဲ့ခေါင်းဆောင်ကောက ချက်ချင်းသဘောတူလိုက်သည်။

"ရပါတယ်၊ ဘယ်လိုလုပ်ရလဲဆိုတာ ကြည့်လိုက်မယ်။"

အတန်းစချိန်တွင် အဖွဲ့ခေါင်းဆောင်ကော သာမက အလယ်တန်းဌာနမှ ဆရာမယန် နှင့် ဒုကျောင်းအုပ်ချီတို့ပါ ရောက်လာကြသည်။

ဆရာမယန်က လင်းချောင်ကို ပြုံးပြီးပြောလိုက်သည်။

"မင်း ဘာတွေလုပ်နေလဲဆိုတာ လာကြည့်တာ။ အလယ်တန်းဌာနကပါ သိနေကြပြီ။"

ဒုကျောင်းအုပ်ချီ၏ အကြည့်က ချီဟွိုင်ဝမ်အပေါ်ကို ခဏတာ ကျရောက်သွားပြီးနောက် လျင်မြန်စွာပဲ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။

လင်းချောင်က ထိုသားအဖကြားမှ ပဋိပက္ခအရင်းအမြစ်ကို မသိခဲ့သဖြင့် ဘယ်လိုကူညီရမည်ကိုမသိပေ။ သို့သော် သူမက ချီဟွိုင်ဝမ် ကို ဒီအတန်းအတွက် အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ပြီး ဓာတုပစ္စည်းရောစပ်ခြင်းကို တာဝန်ပေးခဲ့၏။ ကောင်လေးက အံ့မခန်းစွမ်းဆောင်နိုင်ခဲ့ပြီး၊ တခြားသူများက အဆင့်ဆင့်နှင့် အချိုးအစားများကို ရှာဖွေနေချိန်တွင် လုပ်ငန်းစဉ်ကို တည်တည်ငြိမ်ငြိမ်ပဲ စတင်ခဲ့သည်။ အရက်လောင်းခြင်း၊ ဓာတုပစ္စည်း တိုင်းတာခြင်း၊ ရောစပ်ခြင်း– သူက အဆင့်တိုင်းကို တည်ငြိမ်စွာ လုပ်ဆောင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကောက ဒုကျောင်းအုပ်ချီကို မသိမသာ ကြည့်မိလိုက်သည်။

ပက်ထရီပန်းကန်နဲ့ ချိန်ခွင်အရေအတွက် နည်းပါးသည့်အတွက် အဖွဲ့ခေါင်းဆောင်အဖြစ် အရွေးချယ်မခံရသည့် ကျောင်းသားများက ဓာတုပစ္စည်းရောစပ်ရန် အခွင့်အရေးတော့ မရခဲ့ပေမဲ့ မြေဖြူတွင် အပေါက်ဖောက်ပြီး ကိုယ်တိုင်ဖြည့်ခွင့်တော့ ရခဲ့သည်။

ဒါက လူတိုင်းကို စိတ်အားထက်သန်စေခဲ့သည်။ ပစ္စည်းများခြောက်ရန် အချိန်စောင့်ရပြီး လင်းချောင်က ဆက်သင်ပေးရဦးမည်။ စမ်းသပ်မှုအပြီးတွင် လင်းချောင်က အဖွဲ့တိုင်း၏ မြေဖြူများကို တံဆိပ်ကပ်ပေးခဲ့သည့်အတွက် ခြောက်သွားသည်နှင့် သူတို့ရဲ့ လက်ရာများမှရလဒ်ကို ပျော်ရွှင်စွာ ခံစားနိုင်ကြမည်ဖြစ်သည်။

ကျောင်းသားများက သူတို့၏ မြေဖြူများကို သေချာထုပ်ပိုးရင်း ပြောလိုက်သည်။

"နောက်တစ်ခါ ပိုကြိုးစားမယ်၊ ဓာတုပစ္စည်းရောစပ်ရတဲ့သူက ကျွန်တော်ဖြစ်လာရမယ်။"

လင်းချောင်က ကျောင်းသားများကို အားပေးရန်အတွက် သိသာထင်ရှားသည့် တိုးတက်မှု သို့မဟုတ် ထူးချွန်သည့် စွမ်းဆောင်ရည်ရှိသူများကိုသာ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

တချို့ကျောင်းသားများက နောက်စာမေးပွဲအကြောင်း စဉ်းစားနေကြပြီဖြစ်သည်။

"နောက်တစ်ခါ ဆရာမက ကျွန်တော်တို့ကို ဘာလုပ်ခိုင်းဦးမလဲ။"

ဒါက လင်းချောင် လိုချင်သည့် ရလဒ်အတိုင်းပင်ဖြစ်သည်။

"နောက်တစ်ခါဆိုရင် မင်းတို့ တစ်ယောက်ချင်းစီတိုင်း ပါဝင်ခွင့်ရအောင် ငါ ကြိုးစားမှာပါ။ မင်းတို့ ဘယ်လောက် တိုးတက်လဲဆိုတဲ့အပေါ် မူတည်တယ်။"

ဒီစကားက ဆုလာဘ် တစ်ထောင်ထက် ပိုပြီး စိတ်ဓာတ်တက်ကြွစေခဲ့သည်။ ကောင်လေးများက စားပွဲရွှေ့ကြကာ ကောင်မလေးများက မြေဖြူမှုန့်များ သန့်ရှင်းရေးလုပ်က ပြီး ပန်းကန်များ ဆေးကြသည်။ အားလုံးက အားအင် အပြည့်ဖြစ်နေကြသည်။

အဖွဲ့ခေါင်းဆောင်ကောက ကြည့်နေရင်း တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။

"မင်းက ငါသင်တဲ့ အတန်းနှစ်ခုနဲ့ ပြိုင်နေတာ မဟုတ်ဘူးလား။"

အတန်းနှစ်က အဆင်ပြေသော်လည်း အတန်းတစ်က အတန်းသုံးထက် အမှတ်အနည်းငယ်သာ ကျော်သည်။ လင်းချောင် ဒီလိုဆက်လုပ်နေလျှင် သူ့အတန်းနှစ်ခုအတွက် အန္တရာယ်ရှိနိုင်သည်။

လင်းချောင်ဘက်တွင်တော့ အရာအားလုံးက ပုံမှန်ပင်။ သို့သော် ကျိသော်ကတော့ မနက်အစောကြီး စခန်းထဲဝင်လာကတည်းက သူ့ဆီက သင်းပျံ့နေသော ပန်းရနံ့ရေမွှေးကြောင့် အာရုံစိုက်ခံနေရသည်။

ခွေးတစ်ကောင်လို နှာခေါင်းကောင်းသည့် လောင်ကျိုးက နှစ်မီတာအကွာလောက်ကပဲ အနံ့ရနေသည်။

"ဘယ်လိုတောင် ရှားပါးလိုက်တဲ့ဖြစ်ရပ်လဲ။ မင်းတောင် ပန်းရနံ့ရေမွှေး သုံးနေပြီပေါ့။ ယောက်ျားစစ်စစ်တွေက ဒါတွေမလိုဘူးလို့ မင်းပြောခဲ့တယ်မလား။"

ယောက်ျားစစ်စစ်တွေက ခြင်ကို ဘာလို့ကြောက်ရမှာလဲ။ နှစ်ချက်သုံးချက် ကိုက်ရုံနဲ့ သေမှာမှ မဟုတ်တာ။

အရင်တုန်းက တောင်ပေါ်လေ့ကျင့်ရေးတွင် စစ်သားလေးတစ်ယောက်က ပန်းရနံ့ရေမွှေး ယူလာသည်ကို ကျိသော်က တွေ့ပြီး ဤသို့ ပြောခဲ့ဖူးသည်။ သူက နောက်ခံကောင်းပေမဲ့ အခွင့်ထူးခံလူတန်းစား၏ မကောင်းသည့် အကျင့်စရိုက်တစ်ခုမှ ကျိသော်တွင် မရှိဘဲ လူတိုင်းကဲ့သို့ ဒုက္ခခံနိုင်ခဲ့သည်။

အခု သူကိုယ်တိုင်တောင် သုံးနေပြီဖြစ်သည့်အတွက် လောင်ကျိုးက မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ သူ မှားပြီး အနံ့ခံမိမည်ကို ကြောက်ပြီး နှစ်လှမ်းလောက် ပို၍တိုးသွားလ်ိုက်သည်။

ကျိသော်က ကိုယ်ရေးကိုယ်တာကိစ္စများကို အပြင်လူများနှင့် ဆွေးနွေးတတတ်သူမဟုတ်။ သူ ရုံးခန်းတံခါးဖွင့်ရန် လက်မြှောက်လိုက်ရင်းပြောလိုက်သည်။

"မိသားစုစီမံကိန်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ဘယ်မှာရလဲ။"

လောင်ကျိုးက ရယ်ရင်းပြောလိုက်၏။

"မင်းက မင်းမိန်းမကို နူးညံ့တဲ့ပန်းလေးလို ဆက်ဆံနေတာလား။"

ကျိသော်၏ တည်ငြိမ်သည့် အကြည့်ကို မြင်တော့ လောင်ကျိုးက အမြန်စကားပြန်ပြင်ပြီးပြောလိုက်သည်။

"ငါက စတာပါကွာ။ ဘယ်မှာရနိုင်လဲဆိုတာ ပြောပြပါ့မယ်။"

ညနေ လင်းချောင် အလုပ်ဆင်းချိန်မှာတော့ ကျိသော်က ရေပိုက်တပ်ဆင်ရန် လူတစ်ယောက်ကို ခေါ်လာပြီဖြစ်သည်။

"အဓိကပိုက်က မီးဖိုချောင်မှာ။ အပြင်နံရံအတိုင်း ပိုက်ကို ဒုတိယထပ်အထိ တိုက်ရိုက်ဆွဲသွားလို့ရတယ်။ ပိုက်အရှည်ကြီး မလိုဘူး။ ရေစည်နဲ့ ရေဆင်းပိုက်ပါ ထည့်လို့ရတယ်။"

သူ ရှာတွေ့ထားသူက တော်တော်လေး ကျွမ်းကျင်ပုံရပြီး အတွင်းအပြင် စစ်ဆေးပြီးနောက် အကြမ်းဖျင်း အစီအစဉ်တစ်ခု ရလာခဲ့သည်။ ရေပိုက်များ တပ်ဆင်ပြီး ရေစည်ဆောက်ရန်လိုသည့်အတွက် ဆူညံသံများ သိသာထင်ရှားနေသည့်အတွက် အိမ်နီးချင်း ဗိုလ်မှူးကြီးလျန်တို့ မိသားစုကပါ အပေါ်ထပ်မှ ကြည့်နေကြသည်။

အိမ်နှစ်လုံးကြားတွင် တံတိုင်းတစ်ခုရှိပေမဲ့ နှစ်မီတာလောက်သာ မြင့်၏။ ပထမထပ်ကတော့ ကွယ်နေသော်လည်း ဒုတိယထပ်ကတော့ အလွန်နီးသည်။ အထူးသဖြင့် အိမ်များ၏ အပြင်ဘက် လသာဆောင်ဖြစ်သည်။

လင်းချောင်က ဘေးနားတွင်ရပ်ပြီး နားထောင်နေရင်း လှည့်ကြည့်လိုက်ရာ ဗိုလ်မှူးကြီးလျန်၏ ဇနီးသည်၏ သိချင်စိတ်ပြင်းပြနေသည့် အကြည့်နှင့် ဆုံလိုက်ရသည်။ သူတို့က အချိန်အတော်ကြာအောင် ရိုးရှင်းသည့် နှုတ်ဆက်စကားများထက် ပိုပြီး စကားသိပ်မပြောဖြစ်ကြသည့်အတွက် ဒီလို နီးနီးကပ်ကပ် တွေ့ဆုံမှုက ပုံမှန်မဟုတ်ပေ။

ဗိုလ်မှူးကြီးလျန်၏ ဇနီးသည်က အရင်လို သူ့ကြိုက်သည့်အရာနှင့် မကြိုက်သည့်အရာကို တည့်တိုးပြောတတ်တဲ့သူနှင့် မတူဘဲ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံပေါ်နေသည်။

လင်းချောင်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး အကြည့်လွှဲတော့မည့်အချိန်တွင် တစ်ဖက်လူက လှမ်းခေါ်လိုက်သည်။

"ဆရာမလင်း။"

ဗိုလ်မှူကြီးလျန်၏ ဇနီးသည်က ကျွင်းဇီက ဆရာမလင်းဟု အမြဲခေါ်နေသည့်အတွက် သူမလည်း ထိုသို့ခေါ်မိနေပြီဆိုသည်က်ို သိလိုက်သည်။

သူမ၏ ကောင်းသည့် အချက်တစ်ခုကတော့ ခံစားချက်များကို တည့်တိုးပြောတတ်ပြီး မကြိုက်သူကိုလည်း ဟန်ဆောင်ပြီး ချစ်ခင်ဟန်မပြတတ်ခြင်းပင်။ မျက်နှာချင်းဆိုင်တွင် ခင်မင်ဟန်ဆောင်ပြီး နောက်ကွယ်တွင် မကောင်းပြောတတ်သူမျိုးတော့ မဟုတ်ပေ။

ခေါ်ပြီးသည်နှင့် သူမကိုယ်သူမ ပြန်ထိန်းပြီးမေးလိုက်သည်။

"အိမ်မှာ ဘာတွေ လုပ်နေတာလဲ။"

လင်းချောင်က ကျိသော် အချို့သောကိစ္စများလုပ်ပြီးလျှင် ရေဆင်းယူရသည်မှာ အလုပ်ရှုပ်၍ အပေါ်ထပ်တွင် ရေပိုက်တပ်နေသည်ဟု တိတိကျကျ ပြောလိုက်၍မရပေ။ သူမက အမြန် ရှင်းပြချက်တစ်ခု ဖန်တီးလိုက်၏။

"ကျိသော်က အောက်ကိုရေဆင်းယူရတာ အလုပ်ရှုပ်တယ်၊ အထူးသဖြင့် ဆောင်းရာသီမှာဆိုရင် ချော်လဲတတ်တယ်လို့ ပြောလို့ပါ။"

ဗိုလ်မှူးကြီးလျန်၏ ဇနီးသည်က သဘောတူလိုက်သည်။

"ဟုတ်တာပေါ့။ အထူးသဖြင့် ဆောင်းရာသီမှာဆို ပိုသိသာတယ်။ အတက်အဆင်းလုပ်ရတာလဲ ဒုက္ခများတယ်၊ လှေကားပေါ် ရေတွေ ဖိတ်သွားရင် ပိုဆိုးတာပေါ့။"

သူမက အောက်ထပ်ဆင်းသွားလိုက်ပြီး ဧည့်ခန်းတွင် အနားယူနေသည့် ဗိုလ်မှူးကြီးလျန်ကို ပြောပြလိုက်သည်။

"ရှင်လဲ မေးကြည့်ဦး။ ကျွန်မတို့လည်း တပ်သင့်တယ်။ ကျွန်မက အသက်ကြီးလာပြီ၊ ရေပုံးကို လှေကားအတက်အဆင်းသယ်ရတာ ပင်ပန်းတယ်။ ရှောင်ကျိလုပ်နေတာက ကောင်းတဲ့ အကြံပဲ။ အပေါ်ထပ်မှာ ရေပုံးအကြီးကြီးတစ်ခု ထားရတာထက် အများကြီး ပိုအဆင်ပြေတယ်။"

"အင်း၊ ခဏနေရင် မေးကြည့်လိုက်မယ်။"

"သူတို့က ခဏနေရင် ပြန်တော့မှာ၊ အခုပဲ သွားမေးရအောင်။"

ဗိုလ်မှူးကြီးလျန်က မထချင်ခဲ့ပေ။ သို့သော် သူ့ဇနီးက အကြိမ်အနည်းငယ် တိုက်တွန်းပြီးနေသည့်အတွက် ဖိနပ်စီးပြီး ဘေးအိမ်ကို သွားခဲ့လိုက်၏။ သူက အသွင်အပြင်ကို သိပ်ဂရုမစိုက်ဘဲ အိမ်တွင် စစ်ဝတ်စုံကို ဖိနပ်ပါးနှင့်သာ ဝတ်လေ့ရှိသည်။

သူတို့ ဆွေးနွေးပြီးနောက်မှာတော့ သူတို့ရောအတူတူ တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ပစ္စည်းလုံလောက်လျှင် တစ်ရက်တည်းနှင့် ပြီးနိုင်၏။ ကံအားလျော်စွာ နောက်တစ်နေ့ကလည်း တနင်္ဂနွေနေ့ဖြစ်ပြီး အမျိုးသားနှစ်ဦးလုံး အိမ်တွင်ရှိနေကြမည်ဖြစ်သည်။ သို့သော်လည်း ဒါက သူတို့ အိမ်ဟောင်းကို ပြန်၍မရဘူးဟူသည့် သဘောဖြစ်၍ ရွှီလီကို ဖုန်းဆက်ရတော့မည်။

ကျိသော်က ဖုန်းဆက်လိုက်ပြီး ပစ္စည်းများ သွားဝယ်ခဲ့သည်။ ဒီလို အိမ်မှုကိစ္စများနှင့် ပတ်သက်ပြီး လင်းချောင် ဘယ်တော့မှ စိတ်ပူစရာမလိုပေ။

ထိုညနေတွင် လင်းချောင်နှင့် သူက စာရင်းရှင်းကြပြီး၊ ပစ္စည်းနှင့် လုပ်အားခ အားလုံးကို ကြိုတင်ပေးချေခဲ့သည်။ သူမ အပိုအလိုအနေနှင့် သုံးပုံတစ်ပုံ ပိုပေးခဲ့သေးသည်။

All Chapters