← Chapters

Chapter 39

Vol. 4 Ch. 39

Chapter 39

Vol. 4 Ch. 39

မျှော်လင့်ထားသည့်အတိုင်း အတန်းတစ်နှင့် အတန်းနှစ်မှ ကျောင်းသားများသည် စိတ်ပျက်နေကြသည်။ အဖွဲ့ခေါင်းဆောင်ကောသည် အတန်းထဲတွင် စမ်းသပ်မှုကို သရုပ်ပြခဲ့သော်လည်း ကိုယ်တိုင်လုပ်ဆောင်ခြင်းနှင့်တော့ မတူပေ။

မကြာမီပင် အတန်းသုံးနှင့် အတန်းလေးတို့သည်လည်း သိရှိသွားကြသည်။ လင်းချောင် အတန်းလေးထဲသို့ ဝင်သွားသည့်အခါ ကျောင်းသားများ စိတ်ဓာတ်ကျနေသည်ကို တွေ့လိုက်ရသည်။ သူမက ခေတ္တရပ်ကာ မြေဖြူခြောက်ကို စားပွဲပေါ်တင်လိုက်သည်၊

"ဘာဖြစ်တာလဲ။ မင်းတို့ စမ်းသပ်မှုရလဒ်တွေ မလိုချင်တော့ဘူးလား။ ပျော်ပျော်ကြီး ပစ်မပေါက်ချင်တော့ဘူးလား။"

"ဘယ်သူက မလိုချင်ဘူးလို့ ပြောတာလဲ။"

ချက်ချင်းဆိုသလို ပြန်ဖြေကြသည်၊ သို့သော် စိတ်အားထက်သန်မှုတော့ နည်းနေသေးသည်။

"ဒါဆိုရင် နာမည် ခေါ်ပေးမယ် အဖွဲ့လိုက်လာယူကြ။ ဒီမှာပဲ ပစ်ပေါက်ရမယ် အတန်းပြီးမှ ယူသွားလို့ မရဘူး။"

"ဟုတ်ကဲ့။"

ကျောင်းသားများသည် သိပ်ပြီး စိတ်အားထက်သန်မနေကြသေးပေ။ လင်းချောင်နှင့် ပိုရင်းနှီးသော ကျွင်းဇီက တိုက်ရိုက်မေးလိုက်သည်။

"ဆရာမလင်း၊ ကျွန်တော်တို့ ကိုယ်တိုင် စမ်းသပ်မှု ထပ်မလုပ်ရတော့ဘူးလား။"

သူတို့အရင်က စမ်းသပ်မှုများ မလုပ်ခဲ့ကြရပေ၊ လင်းချောင်နှင့် နှစ်ခုခန့် လုပ်ကြည့်ချိန်မှာတော့ ဘယ်လောက်အထိပျော်စရာကောင်းသည်ကို သိခဲ့ကြသည်။ အရင်က ပျင်းစရာကောင်းသော သင်ယူမှုပုံစံသို့ ပြန်သွားရန်မှာ လက်ခံရန် ခက်ခဲလှသည်။

လင်းချောင် မော့ကြည့်လိုက်သောအခါ စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်လေးများ ရောနေသည့် မျက်လုံးအစုံကို တွေ့လိုက်ရသည်။ ဤသည်မှာ သူမ၏ရင်ကို နာကျင်စေသည်။

သူမ၏ မူရင်းခေတ်၊ သတင်းအချက်အလက်များ ပေါများသည့်အချိန်တွင် ကလေးများသည် ငယ်စဉ်ကလေးဘဝကတည်းက ပျော်စရာကောင်းသော စမ်းသပ်မှုအမျိုးမျိုးကို ထိတွေ့ခဲ့ကြရသည်။ ထို့ကြောင့် အလယ်တန်းရောက်သည့်အခါ သိချင်စိတ်ပျောက်သွားကြသည်။

သို့သော် ဤကလေးများကတော့ အကြောင်းအမျိုးမျိုးကြောင့် အမြဲတမ်း ဗဟုသုတရှားပါးသည့် အခြေအနေတွင် ရှိနေခဲ့ကြသည်။ သူတို့၏ ခြောက်သွေ့နေသော ရေမြှုပ်များထဲသို့ ရေတစ်စက်ခန့် ထည့်ပေးလိုက်ခြင်းနှင့်ပင် သူတို့ ပျော်ရွှင်ကြသည်။

လင်းချောင်သည် သူမ၏အသံက အလွန်နူးညံ့သွားမှန်း မသိလိုက်ပေ။

"ဘယ်သူက မင်းတို့ စမ်းသပ်မှုများ မလုပ်နိုင်တော့ဘူးလို့ ပြောတာလဲ။"

ကျွင်းဇီက ချီဟွိုင်ဝမ်ကို မသိစိတ်မှ တစ်ချက်ကြည့်လိုက်မိသည်။

"ကျောင်းအုပ်ကြီးက ကျွန်တော်တို့ကို မလုပ်ခိုင်းနဲ့လို့ ဆရာမကို မပြောခဲ့ဘူးလား။"

"ကျောင်းက မင်းတို့ရဲ့ လုံခြုံရေးကို စိတ်ပူလို့ပါ"

လင်းချောင်က ထိုသို့သာပြောခဲ့ပြီး လူကြီးများ၏ အသေးအမွှားကိစ္စလေးများ အကြောင်းကို ကလေးများအား မပြောပြခဲ့တော့ပေ။

"ပြီးတော့ ကျောင်းမှာ စမ်းသပ်မှုတွေ မလုပ်နိုင်ရင် အိမ်မှာ လုပ်လို့ရတယ်။ အိမ်မှာ လုပ်နိုင်တဲ့ စမ်းသပ်မှုလေးတွေ အများကြီး ရှိတယ်။ လိုအပ်လျှင် ငါကိုယ်တိုင် ပိုက်ဆံစိုက်ထုတ်ပြီး မင်းတို့ စမ်းသပ်မှုများများ လုပ်နိုင်အောင် လုပ်ပေးပါ့မယ်။"

သူတို့၏ မျက်လုံးများ မီးလုံးကဲ့သို့ လင်းလာသည်ကို မြင်သောအခါ သူမက မျက်ခုံးပင့်ကာပြောလိုက််၏။

"အဲ့လိုတော့ ငါ စီမံပေးနိုင်တယ်။ ဒါပေမဲ မင်းတို့ ငါ့ကို ကောင်းမွန်တဲ့ အဆင့်တွေတော့ ရအောင်လုပ်ပေးရမယ်။"

အတန်းပြီးသည်နှင့် လင်းချောင်သည် ဒုကျောင်းအုပ်ကြီး ချီထံ သွားတွေ့ပြီး မေးလိုက်သည်။

"ကျွန်မတို့ကျောင်းရဲ့ ဘတ်ဂျက်က ကျောင်းသားတွေ စမ်းသပ်မှုလုပ်ဖို့ တကယ်ပဲ မလုံလောက်တာလား။"

သူမ သတိထားမိသည်မှာ ကျောင်းဆောင်များသည် အသစ်ဖြစ်ပြီး စားပွဲခုံများနှင့် ထိုင်ခုံများကလည်း မဟောင်းသေးပေ။ သူမ တက်ခဲ့သော ကျေးလက်အလယ်တန်းကျောင်းနှင့် နှိုင်းယှဉ်လျှင် ကျောင်းက ရန်ပုံငွေ ချို့တဲ့ပုံ မပေါ်ပေ။

ဒုတိယ ကျောင်းအုပ်ကြီး ချီသည် သူမကို ဘာမှ မဖုံးကွယ်ခဲ့ပေ။

"ရံဖန်ရံခါ စမ်းသပ်မှုလေးတွေ လုပ်ဆောင်တာက ကိစ္စမရှိပေမဲ့ ဓာတ်ခွဲခန်း ဆောက်လုပ်ဖို့ဆိုရင်တော့ နိုင်ငံတော်ရန်ပုံငွေ လိုအပ်တယ်။"

လင်းချောင် ဆက်တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူက ညင်သာစွာ ဆက်ပြောခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကနဲ့ နှိုင်းယှဉ်ရင် အခုဆို အများကြီး ပိုကောင်းလာပြီ။ အလျင်မလိုပါနဲ့။ တစ်ဆင့်ချင်းစီ သွားပါ။"

ဆယ်နှစ်တာကို ခံနိုင်ရည်ရှိခဲ့သော ဆရာများသည် စိတ်ရှည်ကြ၏။ ဒုကျောင်းအုပ်ကြီးချီ အတွက်ကတော့ ကျောင်းသားများသည် အာရုံစိုက်နားထောင်ခြင်းနှင့် ဆရာများသည် ငြိမ်းချမ်းစွာ သင်ကြားခြင်းက တခြား အရာများထက် ပိုအရေးကြီးသည်။

"မပူပါနဲ့။ နိုင်ငံက အရည်အချင်းရှိသူတွေကို လိုအပ်ပြီး ကျောင်းသားဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြီးတော့ ပညာရေး ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မယ်ဆိုတာ သေချာပါတယ်။"

လင်းချောင် ခေါင်းညိတ်လိုက်သည်။ ထိုညနေ၊ ညစာစားပြီးသောအခါ သူမ အပေါ်ထပ်တက်ပြီး အစီရင်ခံစာ ရေးလိုက်၏။

တခြားသူများက သူတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုနိုင်လျှင် သူမက ဘာကြောင့် မလုပ်နိုင်ရမည်နည်း။

ပညာရေးဝန်ကြီးဌာနသို့ စာရေးရန် ဆုံးဖြတ်လိုက်သည်။ သင်ယူရာတွင် လက်တွေ့လုပ်ဆောင်မှု၏ အရေးပါပုံကို ရှင်းပြပြီး အလယ်တန်းကျောင်းများတွင် ဓာတ်ခွဲခန်းများ တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။

သူမ ဘာမှ သိပ်ကြိုးစားစရာ မလိုပေ။ သူမ၏ ကိုယ်တွေ့အတွေ့အကြုံများနှင့် သူမကျောင်းသားများ၏ အတွေ့အကြုံများကို ထည့်သွင်းကာ စွဲဆောင်မှုရှိသော၊ ယုတ္တိတန်သော အကြောင်းပြချက်ကို ရေးနိုင်ခဲ့၏။

လည်ပင်း နာကျင်လာသည်အထိ ရေးပြီးသောအခါ လင်းချောင်သည် သူမ ကျောင်းသားများအပေါ် စာနာမိနေပြီဆိုသည်ကို သဘောပေါက်သွားသည်။

ရောက်ကတည်းက ပုံမှန်အတိုင်း ပြုမူနေခဲ့သော်လည်း သူမက ဤသည်မှာ စာအုပ်တစ်အုပ်သက်သက်သာဖြစ်သည်ဟု အမြဲသတိရနေခဲ့သည်။ အခုမှပင် ဤကဲ့သို့ စာနာစိတ်မျိုးကို ပထမဆုံးအကြိမ်အဖြစ် ခံစားမိ၏။

ဟုတ်သည်...

လူတိုင်းသည် တကယ်ကို သူတို့၏ ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများ၊ ဆန္ဒများ၊ လိုအပ်ချက်များနှင့်တကွရှိတတ်ကြသည်။ ပင်မ ဇာတ်လမ်းနှင့် ဝေးကွာသူများပင် စာအုပ်ထဲမှ ဇာတ်ကောင်များသက်သက်ထက် သာလွန်နေသည်။

အတွေးများ လွန်နေစဉ် သူမ၏ လည်ပင်းပေါ်သို့ လက်တစ်ဖက် ရောက်လာပြီး ညင်သာစွာ နှိပ်နယ်ပေးသည်ကို ခံစားလိုက်ရ၏။

ထိုလူက ဘာမှ မပြောပေ။ ဖိအားကလည်း မပြင်းသော်လည်း သူမကတော့ သတိထားမိခဲ့သည်။ သူမက လှည့်ကြည့်ပြီး မေးလိုက်၏။

"ပညာရေးဝန်ကြီးဌာနကို ဘယ်လို စာပို့ရမလဲ။"

ကျိသော်က လင်းချောင်တစ်ယောက် တစ်နေ့လုံး တစ်ခုခုဖြစ်နေသည်ကို သတိထားမိခဲ့သည်။ သူမ၏ တောက်ပသော မျက်လုံးများသည် တစ်ခါတရံ အဝေးသို့ ငေးမောနေပြီး စိတ်ထဲတွင် တစ်ခုခု ရှိနေသည်မှာ ရှင်းလင်းသည်။ ညစာစားပြီးသောအခါ သူမက အပေါ်ထပ်တက်ပြီး စာရေးခဲ့သည်။ သူလည်း သူမကို မနှောင့်ယှက်ခဲ့ပေ။ သူမ လည်ပင်းကို ပွတ်သပ်ရန် ရပ်လိုက်သည်ကို မြင်သောအခါမှ သူက ကူညီရန်လုပ်လိုက်ခြင်းဖြစ်သည်။

ဘာဖြစ်နေသည်ကို မမေးဘဲ ကျိသော်က တိုက်ရိုက်ဖြေရှင်းနည်းကို ပေးခဲ့သည်။

"ကိုယ့်ကို ပေးလိုက်လေ။ ကိုယ် မင်းအတွက် စာပို့ပေးမယ်။"

ထိုသည်မှာ လင်းချောင် သူ့ကို သဘောကျသည့်အချက်ဖြစ်၏။ သူက အသေးစိတ်အကြောင်းအရာများကို ခဏခဏ မမေးသော်လည်း အမြဲတမ်း တိုက်ရိုက်ဆုံးဖြတ်ချက်ကိုသာ ပေးတတ်သည်။

"ခဏလေး၊ ကျွန်မ အဆုံးသတ်လေး ထည့်လိုက်ဦးမယ်။"

လင်းချောင်က သူ၏လက်ဖဝါးမှာ နွေးနေပြီး နှိပ်နယ်ပေးနေခြင်းက အကူအညီဖြစ်သည်ထက် အာရုံပိုပျံ့လွင့်စေသည်ဟု ခံစားရသည်။ သူမ က သူ့လက်ကို ဖယ်လိုက်ပြီးပြောလိုက်၏။

"ရှင်က ဒီရာထူးကို ရောက်နေပြီပဲ။ အစီရင်ခံစာတွေ ရေးဖူးမှာပေါ့။ ကျွန်မကို ဘာပြင်ဆင်ရမလဲ ကူစစ်ပေးပါဦး။"

တစ်စုံတစ်ရာ ရေးသားရာတွင်တော့ ၂၁ ရာစုမှ ရောက်လာသူ လင်းချောင်သည် ဤစစ်သားကို ဘယ်လိုမှ လိုက်မမီနိုင်ပေ။

ကျိသော် ထွက်မသွားခဲ့ချေ။ သူက သူမထိုင်နေသော ကုလားထိုင်နောက်ကျောတွင် လက်တင်ကာ သူမပြန်လည်စစ်ဆေးနေသော စာများကို စိုက်ကြည့်နေသည်။ သူတို့နှစ်ဦးကြား ဆက်ဆံရေးသည် အတိုင်းအတာတစ်ခုအထိ မကျော်လွန်သေးသော်လည်း ရုပ်ပိုင်းဆိုင်ရာအရ နီးကပ်မှုကတော့ သိသာထင်ရှားသည်။

တခြားသူတစ်ယောက်က ဤကဲ့သို့ လုပ်ခဲ့လျှင် လင်းချောင်က ရည်ရွယ်ချက်ရှိရှိ နီးစပ်အောင်လုပ်နေသည်ဟု ခံစားရမည်ဖြစ်သော်လည်း ကျိသော်နှင့်ဆိုလျှင်တော့ ပုံမှန်ဟုသာထင်ရသည်။ သူက သူမကိုယ်တိုင်ပင် မသေချာသော စာအချို့ကို ပြန်လည်စစ်ဆေးရန် ထောက်ပြခဲ့သည်။

လင်းချောင်သည် ဤခေတ်၏ အစီရင်ခံစာရေးသားနည်းနှင့် အကျွမ်းတဝင်မရှိပေ။ ကျိသော်က နေရာနှစ်ခုကို ထောက်ပြပြီး ကုလားထိုင်တစ်လုံးကို ဆွဲယူကာ သူမကို ဘယ်လိုရေးသင့်သည်ဟု ပြောပြ၍ ကူညီပေးခဲ့သည်။

လက်ရေးက လူကိုဖော်ညွှန်းသည်ဟု ဆိုကြသည်။ ကျိသော်၏ လက်ရေးမှာ ရဲရင့်ပြတ်သားပြီး ခန့်ညားထည်ဝါကာ သူ၏တင်းမာသော ရုပ်သွင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း သန့်ရှင်းသပ်ရပ်မှုတစ်ခုရှိနေသည်။

လင်းချောင်သည် ပြီးခဲ့သည့် နှစ်ရက်အတွင်း သူ၏ဆန့်ကျင်ဘက်ပုံစံများကို လုံလောက်စွာ မြင်တွေ့ခဲ့ပြီးဖြစ်သဖြင့် လုပ်လက်စအကြောင်းအရာကိုသာ အလျင်အမြန် အာရုံစိုက်လိုက်သည်။

လင်းချောင်၏ချဉ်းကပ်မှုမှာ စာဖတ်သူများနှင့် သူမ၏စိတ်ထား ထပ်တူကျစေရန် ရည်ရွယ်ပြီး စိတ်ခံစားမှုအပေါ် အခြေခံသည်။ ကျိသော်၏ချဉ်းကပ်မှုမှာ ပိုမိုကျယ်ပြန့်သော အမြင်ဖြင့် အကြောင်းအရာကို အလေးပေးရေးသားခြင်း ဖြစ်သည်။ တစ်ဝက်ခန့်ရောက်မှ သူကခဏရပ်ကာ ပြောလိုက်သည်။

"မင်း အရင်ရေးထားတာပဲ တင်လိုက်ကြရအောင်။"

လင်းချောင် အံ့အားသင့်သွားသော်လည်း သူက ရှင်းပြလိုက်သည်။

"အာဏာရှိသူတွေ အတွက်ကတော့ ခမ်းနားတဲ့ အတွေးအခေါ်တွေထက် ရိုးသားတဲ့ စိတ်ခံစားမှုက ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်။"

လင်းချောင်က သူဘယ်လို ကောက်ချက်ချလိုက်သည်ကို မသိသော်လည်း ပြန်စဉ်းစားကြည့်သောအခါ နားလည်လာခဲ့သည်။

"ဒါဆို ဘာမှမပြောင်းတော့ဘူး။"

လင်းချောင်က စာကိုပြန်ဖတ်ပြီး တံဆိပ်ခတ်ရန် ပြင်ဆင်လိုက်သည်။ ကျိသော်က ထပ်ပြောလိုက်သည်။

"ခေါင်းဆောင်ရဲ့ မေးလ်ကို ပို့ဖို့ နောက်ထပ် အပိုတစ်စောင် ထပ်လုပ်လ်ိုက်ပါ။"

လက်ရှိခေါင်းဆောင်သည် ပါရမီရှင်များ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်ကျင်းပရေးကို မြှင့်တင်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနသို့ စာရေးခြင်းသည် သူ့ထံသို့ တိုက်ရိုက်ရေးခြင်းလောက် ထိရောက်မည်မဟုတ်ပေ။

လင်းချောင်သည် နောက်ထပ်မိတ္တူတစ်စောင်ကို အလျင်အမြန် ကူးယူပြီး နှစ်စောင်လုံးကို ကျိသော်၏ လက်ထဲ ပေးလိုက်ပြီး နာကျင်နေသော လက်ကောက်ဝတ်ကို ညှင်သာစွာ ပွတ်သပ်ရင်းမေးလိုက်၏။

"ဘာဖြစ်ခဲ့လဲဆိုတာကို မမေးတော့ဘူးလား။"

"နည်းနည်းတော့ ခန့်မှန်းလို့ရတယ်။"

ကျိသော်သည် စာများကိုယူပြီး မူကြမ်းများကို ဆုတ်ဖြဲလိုက်သည်။

ဤသတိကြီးသော အလေ့အထသည် လျှို့ဝှက်လုပ်ငန်းလုပ်ကိုင်သူများအတွက် ပုံမှန်ပင်ဖြစ်သည်။

ကျိသော်သည် စကားနည်းပြီး၊ အရက်သောက်ပြီးလျှင်လည်း ပို၍စကားများသော အခြားသူများနှင့်မတူဘဲ အမြဲတမ်း သတိဖြင့် ထိန်းထိန်းသိမ်းသိမ်း နေတတ်သည်။

လင်းချောင်သည် ဤအလေ့အထများကို ဘယ်အရာက ပုံဖော်ပေးခဲ့သည်ကို မသိသော်လည်း ကျောင်းဖြစ်စဉ်ကို ရိုးရှင်းစွာ ရှင်းပြခဲ့သည်။

"မင်းရဲ့ကျောင်းအုပ်က ဝေဖန်ခံရမှာကို ကြောက်နေတာ။"

ကျိသော်က မှတ်ချက်ပေးလိုက်သည်၊။

"အချို့အရာတွေက ကိုယ်တိုင်ကြုံဖူးမှ နားလည်နိုင်မယ်။"

တကယ်တော့ လင်းချောင်သည် ကျောင်းအုပ်ကြီး ကျန်၏ ခံစားချက်များကို အပြည့်အဝ နားမလည်နိုင်ခဲ့ပေ။ သူမသည် သူ့ကဲ့သို့ မွေးမြူရေးခြံတွင်ရှိစဉ်က အကြိမ်ကြိမ် စစ်ဆေးမေးမြန်းခံရခြင်းနှင့် စွပ်စွဲခံရခြင်းတို့ကို မကြုံခဲ့ရဖူးပေ။ ဆယ်နှစ်တာ ကြာမြင့်ခဲ့သော အချိန်ကာလပြီးနောက် အချို့က စိတ်အားထက်သန်စွာ ပြန်လာကြသော်လည်း အချို့ကမူ နွမ်းနယ်သွားကြတော့သည်။

နောက်နေ့မနက်တွင် ကျိသော်သည် လင်းချောင်၏စာများကို စစ်တပ်စခန်းသို့ ယူဆောင်သွားသည်။ ရုံးခန်းသို့ မရောက်မီတွင် သူက တံခါးဝတွင် မှီကာ ဦးထုပ်တစ်လုံးကို လက်ချောင်းဖြင့် ကစားနေသော လူတစ်ဦးကို တွေ့လိုက်ရသည်။ သူက ကျိဇယ် ဖြစ်၏။

ကျိသော်သည် သူ၏တူဖြစ်သူ၏ ပေါ့ပေါ့ဆဆနေထိုင်ပုံကို အသားကျနေပြီဖြစ်၍ မှတ်ချက်မပေးတော့ဘဲ "ဘာဖြစ်လို့လဲ" ဟုသာ မေးလိုက်သည်။

"ဦးလေး၊ ရောက်နေပြီလား။"

ကျိဇယ်က အလျင်အမြန် မတ်မတ်ရပ်လိုက်ကာ အလေးပြုရင်း ပြောလိုက်၏။

"မင်္ဂလာနံနက်ခင်းပါ၊ ကပ္ပတိန်ကျိ။"

သူ၏ရည်ရွယ်ချက်ကို မပြောသေးသည်ကို တွေ့သောအခါ ကျိသော်က ရုံးခန်းထဲသို့ ဝင်ပြီး ဖုန်းကို ကောက်ကိုင်ကာ ပညာရေးဝန်ကြီးဌာနနှင့် ခေါင်းဆောင်၏ မေးလ်ဘောက်စ်လိပ်စာများကို တောင်းခံလိုက်သည်။

ကျိဇယ်က စားပွဲပေါ်ရှိ စာများကို စူးစမ်းစွာ ကြည့်ရင်း မေးလိုက်၏။

"ဘယ်သူရေးထားတာလဲ၊ ဦးလေးရဲ့လက်ရေးတော့ မဟုတ်ဘူးပဲ။"

"မင်းအဒေါ်ရေးထားတာ။"

ကျိသော်က ပြောနေရင်း လိပ်စာကို ကျွမ်းကျင်စွာ ဖြည့်သွင်းကာ အံဆွဲထဲမှ တံဆိပ်ခေါင်းနှစ်ခုကို ရှာဖွေပြီး ကပ်လိုက်သည်။

လင်းချောင်ဟု ကြားလိုက်သည်နှင့် ကျိဇယ်၏ မျက်နှာမှာ ချက်ချင်းဆိုသလို မသက်မသာဖြစ်သွားသည်။

"သူမက တော်တော်လေး အထင်ကြီးစရာပဲနော်။ လက်ရေးလည်း တော်တော်လှတယ်။"

ကျိသော် သတိထားမိပြီး စကားရပ်လိုက်ကာ သူ့ကို ကြည့်လိုက်သည်။

"သူမက ဘာမှမသိတဲ့ တောသူမမှ မဟုတ်တာ။ အထက်တန်းအောင်ထားပြီး စစ်မှုထမ်းမိသားစုတွေအတွက် ကျောင်းမှာ ဓာတုဗေဒဆရာမ လုပ်နေတယ်။ သူမမှာ မြင်တဲ့အရာကို အခြေခံပြီး အကြံပေးပိုင်ခွင့်ရော၊ အရည်အချင်းရော ရှိတယ်လေ။"

ဤစကားများသည် ကျိဇယ်ကို ပိုပြီး စိတ်မသက်မသာဖြစ်စေသည်။ သူ လင်းချောင်အကြောင်းကို တကယ်ပဲ သိပ်မသိပေ။ အရင်ကဆိုလျှင် မသိချင်သောကြောင့်၊ အခုဆိုလျှင် ရှောင်ချင်သောကြောင့်ဖြစ်၏။

ပြီးခဲ့သည့်တစ်ခေါက် ပြောစရာရှိသည်ကို ပြောပြီးပြီဆိုတော့ ကျိသော်က သူ့တူကို တွေ့တိုင်း ဆုံးမစကားပြောမနေချင်တော့ပေ။ ကျိဇယ် ဘာကိစ္စနှင့်လာသည်ကို ထပ်မေးလိုက်သည်။

ဒီတစ်ခါတော့ ကျိဇယ်က စကားအပိုမပြောတော့ပေ။

"နောက်နှစ်ပတ်ဆိုလျှင် အဘွားရဲ့ နှစ် (၆၀) ပြည့် မွေးနေ့ရောက်ပြီ။ ဦးလေး ဘာလက်ဆောင်ပေးဖို့ စီစဉ်ထားလဲ လာမေးတာ။ လက်ဆောင် မထပ်အောင်လို့လေ။"

"အဘွားက လက်ဆောင်မပေးနဲ့လို့ မပြောခဲ့ဘူးလား။"

ကျိသော်က သူ့တူကို မော့ကြည့်လိုက်သည်။

ကျိမိသားစုက အမြဲတမ်း ခြိုးခြံချွေတာပြီး ရွှီလီကလည်း ခမ်းနားထည်ဝါသည်ကို မကြိုက်သောသူပင်။ မွေးနေ့များဆိုလျှင်လည်း မိသားစုများ စုပြီး ထမင်းစားပွဲလေးသာ လုပ်လေ့ရှိသည်။

ကျိဇယ်လည်း ဤအရာကို သိထားသည်။

"တန်ဖိုးကြီးတာ ဒါမှမဟုတ် ဝယ်ရတဲ့ဟာမျိုး မဟုတ်ဘူး။ ဦးလေးက ဘာမှမပေးဘူးဆိုရင် ကျွန်တော်လည်း ရိုးရိုးရှင်းရှင်းလေးပဲ ပေးလိုက်တော့မယ်။"

နောက်ထပ် မေးခွန်းများ မမေးခင်မှာပဲ သူက ကျိသော်၏ ရုံးခန်းရှိ ကုလားထိုင်ပေါ်မှ ထရပ်လိုက်သည်။

"ဦးလေး အလုပ်များနေတယ်ဆိုတော့ ကျွန်တော် ပြန်လိုက်ဦးမယ်။"

ကျိသော် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။"တံခါးပြန်ပိတ်သွားဦး။"

သို့သော် သူ့တူရောက်လာခြင်းက သူ့ကို သတိပေးလိုက်သလိုပင်။ နေ့လယ်ဘက်တွင် သူ လင်းချောင်ကို ဤအကြောင်း ပြောပြလိုက်၏။

"နောက်အပတ် သောကြာနေ့၊ အလုပ်စောစောဆင်းလိုက်လေ။ အမေ့မွေးနေ့ပဲ။"

"အမေ့မွေးနေ့က နောက်အပတ် သောကြာနေ့လား။"

လင်းချောင် လုံးဝ မသိခဲ့ပေ။

"ဘာလို့ စောစောစီးစီး မပြောတာလဲ။"

"အမေက ပွဲမလုပ်ဘဲ အတူတူ ထမင်းစားရုံပဲလို့ ပြောလို့လေ။"

"အမေက ပွဲမလုပ်နဲ့ ဆိုတာနဲ့ တကယ်ပဲ ဘာမှ မလုပ်တော့ဘူးလား။"

လင်းချောင်က ဒါကို ပုံမှန် ယောက်ျားများ၏စကားဟုသာ တွေးလိုက်သည်။

"လက်ဆောင်ပေးရင် အမေက တကယ်ပဲ စိတ်ဆိုးမယ်တဲ့လား။"

ကျိသော်၏ အဖေက လက်ဆောင်ဘယ်တော့မှ မပေးတတ်သူဖြစ်ပြီး ကျိသော်ကိုလည်း ဘယ်သူကမှ လက်ဆောင်ပေးသင့်သည်ဟု တစ်ခါမှ သင်မပေးဖူးပေ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး လင်းချောင်နှင့် ဆွေးနွေးရန် ထိုင်လိုက်သည်။

"ဘာလက်ဆောင်ပေးသင့်တယ်လို့ မင်းထင်လဲ။"

သူက တကယ်ကို မပေးချင်ခြင်း မဟုတ်ဘဲ ဘာပေးရမှန်းမသိခြင်းဖြစ်သည်။ လင်းချောင်က ရေခဲသေတ္တာထဲမှ ရေခဲချောင်းတစ်ခု သွားယူလိုက်သည်။ သို့သော် သူမ အပေါ်မှအဖတ်ကို ဖြည်ရန်လုပ်တုန်းမှာပဲ ထိုလူက သူမကို တစ်ချက်ကြည့်လိုက်သည်။

"ဆရာဝန်က အအေးလျှော့စားရမယ်လို့ ပြောထားတယ်လေ။"

သူက အမိန့်ပေးလေ့ရှိပုံရသည်၊ သူ့၏အသံက အမြဲတမ်း ညွှန်ကြားချက်ပေးနေသလိုပင်။

လက်တလော သူ၏ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ရသောကြောင့် လင်းချောင်က ခဏရပ်လိုက်ပြီး ရေခဲချောင်းကို ပြန်ထားလိုက်၏။

"ကိုယ်ဘာသာကိုယ် ဘာပေးရမလဲ တစ်ခုခု စဉ်းစားလိုက်ပေါ့။ ကျွန်မမှာ ကျွန်မလက်ဆောင်နဲ့ကျွန်မ ရှိတယ်။"

ဆယ်ရက်ကြာလျှင် သူမလုပ်နေသော လက်လုပ်ဆပ်ပြာများ အဆင်သင့်ဖြစ်တော့မည်။ သူမက ထိုညနေတွင် ဆပ်ပြာရည်လုပ်ရန် စီစဉ်ထားသည်။ ဒါဆို ရွှီလီ၏ မွေးနေ့အတွက် အဆင်သင့်ဖြစ်သွားလိမ့်မည်။ ရွှီလီ၏ မွေးနေ့တွင် လင်းချောင်က နေ့လယ်ဘက် အတန်းနှစ်ချိန် ပိတ်ပြီး အိမ်ဟောင်းသို့ သွားခဲ့သည်။ ကျိကျွင်း၏ မိသားစုလည်း ရောက်နေပြီဖြစ်ပြီး ကျိဇယ်တော့မရောက်သေးပေ။ ရွှီလီက ပွဲတက်ဝတ်စုံနှင့်တူသော အနီရောင် လက်တိုရှပ်အင်္ကျီလေး ဝတ်ထားသည်။

အဝတ်အစားများသည် ယဲ့မင်ရှူး ဝယ်ပေးထားခြင်း ဖြစ်နိုင်၏။ သူမက ဘယ်လောက်ထိလှသည်ကို ချီးကျူးနေခဲ့သော်လည်း ကျိကျွင်း ရာထူးတိုးတုန်းကလောက်တော့ စိတ်အားထက်သန်မှုမရှိပေ။

ကျိကျွင်းကတော့ အဖိုးကြီးနှင့် ထိုင်ပြီး စကားပြောနေသည်။ တည်ငြိမ်ပြီး ပြုံးလျက်ပင်။

လင်းချောင်နှင့် ကျိသော် ပြန်ရောက်သည်ကို မြင်သောအခါ ရွှီလီက ချက်ချင်း ပြုံးလိုက်သည်။

"ရှောင်ယန်က မင်းအတွက် ပါဆယ်တစ်ခု ပို့ထားတယ်။ မင်းအခန်းထဲမှာပဲ ထားပေးထားတယ်။ ပြန်ရင် ယူသွားဖို့ မမေ့နဲ့ဦး။"

ရွှီလီသာ မပြောခဲ့လျှင် လင်းချောင်လည်း ကျိယန်က သူမအတွက် တစ်ခုခု ကောင်းတာလေး ပို့ပေးမည်ဟု ပြောခဲ့သည်ကို မေ့သွားခဲ့မည်ဖြစ်သည်။

လင်းချောင် ခေါင်းညိတ်ပြီး သူမကို လက်ဆောင်ပေးလိုက်သည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ အမေ။ ဒါ ကျွန်မ ကိုယ်တိုင်လုပ်ထားတဲ့ဟာ။ သုံးကြည့်လိုက်ပါ၊ စတိုးကဝယ်တာတွေထက် ပိုအဆင်ပြေပါတယ်။"

စာရွက်လေးများဖြင့် ပတ်ထားသော ဆပ်ပြာခဲ ခြောက်ခဲဖြစ်ပြီး ဘေးတွင် ဆပ်ပြာရည်တစ်ဘူး ပါသေးသည်။

"ဒါတွေအကုန် မင်းဘာသာ လုပ်ထားတာလား။"

ရွှီလီက တကယ်ကို အံ့သြသွားခဲ့သည်။ ဆပ်ပြာရည်ကို မြင်တော့ သူမ တွေးမရဖြစ်သွားသည်။

"ဒါက ဘာလဲ။"

"ဆပ်ပြာရည်ပါ။"

လင်းချောင် ပြန်ပြောလိုက်သည်။

ရွှီလီက နားမလည်နိုင်ဖြစ်နေသေးပြီး ယဲ့မင်ရှူးပင် တွေးရခက်နေသည်ကို မြင်လိုက်ရတော့မှ လင်းချောင် ရုတ်တရက် သဘောပေါက်သွားသည်။

ဆပ်ပြာရည်က ဒီခေတ်မှာ မရှိသေးတာလား။

All Chapters