Chapter 40
Vol. 4 Ch. 40
၁၉၈၀ ခုနှစ်များတွင် ဆပ်ပြာရည်မရှိသေးဆိုသည်ကို လင်းချောင် သတိမထားမိပေ။ သူမ ဒါကို ပေါ်တင်လုပ်နေချ်ိန်ကလည်း ကျိသော် ဘာမှမပြောခဲ့သဖြင့် သူမက သူ့ကို ကြည့်လိုက်မိသည်။
ကျိသော်၏ မျက်နှာတွင် ဘာအမူအရာမှ ရှိမနေသဖြင့် သူဒီအကြောင်း ဘာမှမသိထားသည်မှာသိသာသည်။ ယခုက မေးရန်အချိန်ကောင်းမဟုတ်သဖြင့် လင်းချောင်လည်း မမေးသေးပေ။
ယဲ့မင်ရှုးက အရင်ဆုံး ရယ်မော၍ ပြန်ပြောလာ၏။
"ဆပ်ပြာရည်၊ ဒီအတိုင်း ဆပ်ပြာကို ဖျော်ထားတဲ့ အရည်ပဲမလား။"
သူမက လှောင်ပြောင်သလိုပုံစံဖြင့် ပြောနေခြင်းဖြစ်သည်။
ဆပ်ပြာရည်က ဆပ်ပြာကို အရည်ဖျော်ထားခြင်းမျိုးမဟုတ်။ ဆပ်ပြာခဲလုပ်နည်းနှင့်လည်း မတူ။ ဆပ်ပြာရည်ပျစ်ပျစ်ကို လုပ်ရခြင်းက ဆပ်ပြာခဲလုပ်ရခြင်းထက် ပိုခက်ခဲသည်။ ယဲ့မင်ရှူး မေးလာတော့ လင်းချောင်က သူမရှင်းပြလည်း နားမထောင်မည်ကို သိသဖြင့် အများကြီးရှင်းပြမနေတော့ပေ။
ဘယ်လိုသုံးရမည်ဆိုသည်ကို ရွှီလီအား လင်းချောင်ရှင်းပြလိုက်၏။
"ဒါက အဓိကတော့ လက်ဆေးဖို့နဲ့ ခေါင်းလျှော်ဖို့ပါ။ နည်းနည်းလေး ထည့်ပြီး ရေထည့်လိုက်တာနဲ့ အမြှုပ်ထလာလိမ့်မယ်။"
ပါဝင်ပစ္စည်းအားလုံးက ဆပ်ပြာလုပ်သည့်ပစ္စည်းများဖြစ်ပြီး အယ်ကာလီနှင့် အဆီ၏ ဓာတ်ပြုမှုက မတူညီသည့် အချိုးအစားများဖြင့် လုပ်ထားခြင်းဖြစ်သည်။ ဆပ်ပြာဟုခေါ်သော်လည်း ဆပ်ပြာရည်ကို ရိုးရိုးဆပ်ပြာကဲ့သို့တော့ သုံးလေ့မရှိပေ။ ခေါင်းလျှော်ရည်၊ လက်ဆေးဆပ်ပြာနှင့် ပန်းကန်ဆေးဆပ်ပြာအဖြစ်သာ သုံးလေ့ရှိသည်။ ဆပ်ပြာရည်အရင်ပေါ်ပြီးမှ လိုအပ်သည့် အတိုးအလျှော့များလုပ်ကာ ဆေးကြောသန့်စင်သည့်ထုတ်ကုန်များ ပေါ်လာခြင်းဖြစ်သည်။
ပစ္စည်း ကန့်သတ်ချက်ရှိသဖြင့် လင်းချောင်က ရိုးရိုးဆပ်ပြာရည်သာ လုပ်နိုင်ခဲ့သည်။
သို့သော်လည်း ဒါတစ်ခုတည်းနှင့်ပင် ရွှီလီကို စိတ်ကျေနပ်စေခဲ့သည်။
"ချောင်ချောင်က တော်လိုက်တာ၊ အားလုံးကိုသိတာပဲ။ ဓာတုဗေဒ သင်ရတာက တကယ်ကို မယုံနိုင်စရာပဲ။"
သူမက ချက်ချင်း တစ်တုံးကို ဖြည်ပြီး ဘေစင်ဘေးမှ စင်ပေါ်တင်လိုက်သည်။ ကျန်သည့်အရာများနှင့် ဆပ်ပြာရည်ကို သိမ်းလိုက်ပြီး ပြောလိုက်သည်။
"နည်းနည်းထည့်ထားဖို့ ပိုသေးတဲ့ပုလင်းရှာလိုက်ဦးမယ်။"
ယဲ့မင်ရှူးထံမှ အဝတ်အစားအသစ်များရတုန်းကထက် သူ(မ) ပိုပျော်နေသည်မှာ ထင်ရှား၏။
ကျိသော်ကလည်း သူမကို တစ်ခုခုပေးသည်ဆိုသည်က်ို သိရတော့ သူမ၏ ပျော်ရွှင်မှုက ပိုတိုးလာတော့သည်။ သူက သူမကို မျက်မှန်တစ်လက်ဝယ်ပေးခဲ့သည်က သိပ်မဆန်းသစ်ဘူးလို့ ထင်ရပေမယ့်ပေါ့။
"အိမ်ထောင်ပြုတာက တကယ်ပဲ အရာရာကို ပြောင်းလဲစေတာပဲ။ အစကတည်းက သိခဲ့ရင် မင်းကိုစောစောလက်ထပ်ခိုင်းခဲ့မှာ။"
ပြီးတော့ သူ(မ) ပြန်စဉ်းစားလိုက်သည်။
"မဟုတ်သေးပါဘူး၊ မင်းစောစောလက်ထပ်ခဲ့ရင် လိုချင်မှာမဟုတ်ဘူး။"
မဟုတ်သေးပေ။
"စောစောကဆိုရင် ချောင်ချောင်က အရွယ်မရောက်သေးဘူး"
သူမ အရွယ်မရောက်သေးသည့်အပြင် လင်းချောင်က အရင်က ကျိဇယ်နှင့် စေ့စပ်ထားခဲ့ဖူးသည်။ ဟုတ်သည်၊ ဒီအရာများကို ထုတ်မပြောနိုင်ခဲ့သော်လည်း ရွှီလီကတော့ အရမ်းပျော်နေခဲ့သည်။
ကျိဇယ်အကြောင်းကို သူ(မ) တွေးနေတုန်းသာရှိသေးပြီး သူပြန်ရောက်လာတော့သည်။
"အဘွား မွေးနေ့မှာ ပျော်ရွှင်ပါစေ! ကျွန်တော် ဘာယူလာလဲ ကြည့်ပါဦး!"
"ဘာမှမဝယ်နဲ့လို့ ပြောထားသားပဲ"
ရွှီလီက အဲဒီနေ့တွင် ဒါကို အကြိမ်ကြိမ်ထပ်ပြောခဲ့သည်။
ကျိဇယ်က ပြုံးရုံပဲ ပြုံးပြီးပြောလိုက်သည်။
"ဘာမှမဝယ်ခဲ့ပါဘူး။ တစ်ပြားမှလည်း မသုံးခဲ့ဘူး။ ကိုယ့်ဘာသာကိုယ်ကြည့်ပါဦး။"
သူက ညှပ်ထားသည့်စာရွက်များ အပြည့်ပါသော မှတ်စုစာအုပ်တစ်အုပ်ကို ဖြန့်ချလိုက်သည်။
ပထမဆုံးစာမျက်နှာတွင် ငယ်ရွယ်သည့် ရွှီလီရဲ့ဓာတ်ပုံတစ်ပုံ ပါဝင်တယ်။
အရမ်းငယ်သည်တော့မဟုတ်၊ အသက်လေးဆယ်လောက်ရှိမည်ထင်သည်။ ပခုံးအထိရှည်သည့်ဆံပင်ကို သပ်သပ်ရပ်ရပ် စတိုင်လုပ်ထားပြီး တောက်ပသည့်အပြုံးနှင့် တောက်ပြောင်တဲ့မျက်လုံးများဖြင့်ဖြစ်သည်။ နောက်ခံကတော့ ကျောင်းတစ်ခုမှာ ရိုက်ထားပုံပေါ်သည်။ ရွှီလီနှင့်ပတ်သက်ပြီး သတင်းဖော်ပြထားသည့် မတူညီသော သတင်းစာများမှ ညှပ်ထားသည့်စာရွက်များ အများကြီးရှိသေး၏။ တချို့မှာ ဓာတ်ပုံများပါပြီး တချို့မှာတော့ မပါခဲ့။ နောက်ဆုံးစာမျက်နှာကတော့ ဆုတံဆိပ်မျိုးစုံကို စုစည်းထားခြင်းဖြစ်ပြီး ကျိဇယ်ကိုယ်တိုင် ရိုက်ထားတာဖြစ်နိုင်သည်။
သူဒီဓာတ်ပုံတွေကို ဘယ်တုန်းကရိုက်ခဲ့သည်လဲတော့ ဘယ်သူမှမသိနိုင်ပေ။
ရွှီလီက စာမျက်နှာများကို မထိမိဘဲ မနေနိုင်ခဲ့ပေ။ သူမ မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပြည့်နေခဲ့၏။ ကျိဇယ်က စာအုပ်ကို သူ့ကို လေးလေးနက်နက်ပေးရင်း ပြောလိုက်၏။
"ဒါတွေကို သတင်းစာဟောင်းတွေကနေ ညှပ်ထားတာပါ။ အဘွား အသက်ခြောက်ဆယ်ပြည့်အတွက် အမှတ်တရလေးပါ။ ကျွန်တော် တစ်ပြားမှမသုံးခဲ့ပါဘူး အဘွား။"
ဒါပေမဲ့ ဒီလောက်ဟောင်းတဲ့သတင်းစာတွေက ရှာရလွယ်ရဲ့လား။
ဒီထဲကတချို့က သူ အသက်ငယ်ငယ် တုန်းကဟာများဖြစ်သည်။ ဒါတွေကို စုဆောင်းပြီး ဒီမှတ်စုစာအုပ်ကို လုပ်ဖို့က ပိုက်ဆံနှင့်တိုင်းတာလို့မရသည့် ကြိုးစားအားထုတ်မှု အများကြီးပါဝင်သည်။
ရင်ထဲထိစေသည့် လက်ဆောင်မျိုးပေးခြင်းက လူများကိုပျော်ရွှင်စေပြီး ကျိသော်ပင် သူ့တူကို မယှဉ်နိုင်ခဲ့ပေ။ ရွှီလီက သိသ်ိသာသာ ရင်ထဲထိသွားပြီး မျက်ရည်များပင် ဝဲလာတော့သည်။
လင်းချောင်က ကျိိသော်ကို လှမ်းကြည့်လိုက်ရာ ထိုလူက မစ္စတာကျိကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရ၏။
မစ္စတာကျ်ိကတော့ သတိထားမိပုံမရဘဲ မြေးဖြစ်သူကိုသာ ဂုဏ်ယူစွာကြည့်နေမိသည်။
ဒါက မစ္စတာကျိနှင့် တစ်ခုခုပတ်သက်နေသည်လား။
လင်းချောင် တွေးနေချိန်မှာပဲ ယဲ့မင်ရှူးက ရယ်လိုက်၏။
"ဒီကောင်လေး ဘာတွေ အလုပ်ရှုပ်နေလို့လဲဆိုပြီးတွေးနေတာ၊ တကယ် အိမ်ကိုတောင်မလာဘူး။ အခုတော့ သူက အမေ့အတွက် ဒါတွေလုပ်နေခဲ့တာပဲ။ ကလေးတွေက ပြုစုပျိုးထောင်လာတဲ့သူနဲ့ ပိုရင်းနှီးတယ်ဆိုတဲ့စကားက အမှန်ပဲထင်ပါတယ်။ သူက ကျိသော်ခေါ်တဲ့အတိုင်း အမေ့ကို အမေဆိုပြီး ခေါ်တာ ကျွန်မ မှတ်မိပါသေးတယ်။"
ကလေးများက အမေနှင့် အဖွားကို ခွဲခြားမသိသလို စကားသင်စအရွယ်ဖြစ်၍ ကျိသော်ခေါ်သည့်အတိုင်း လိုက်ခေါ်ခြင်းဖြစ်သည်။ သူမက သူမသားဖြစ်သူ၏ ကြိုးစားမှုကို ပေါ်လွင်စေရန် ဒီစကားများ ထုတ်ပြောလာခြင်းဖြစ်သည်။
လင်းချောင်က နောက်ဆုံးအကြိမ် ညစာစားပွဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ချက်ချင်း သတိရသွားပြီး ကျိဇယ် က သူ့အမေ ဘယ်လောက်ထိကြိုးစားနေသည်ဆိုသည်ကို သိရဲ့လားဟု တွေးမိခဲ့သည်။ သို့သော် ယနေ့တွင်တော့ ယဲ့မင်ရှူးတစ်ယောက် အလွန်ယဉ်ကျေးစွာဖြင့် စကားအနည်းငယ်သာ ပြောပြီး ကျိကျွင်းကို တစ်ချက်ကြည့်ကာ ထပ်မပြောခဲ့တော့ပေ။
သူမ ကျိသော်နှင့် လင်းချောင် အကြောင်း ကောလာဟလများ ဖြန့်ပြီးကတည်းက ကျိကျွင်းသည် အလွန်စိတ်ဆိုးပြီး လဝက်ကြာအောင် အိမ်သို့မပြန်တော့ပေ။ သူ၏ကိုယ်တွင်းမှ အတွင်းအားတစ်မျိုးကို ဖွင့်ပေးလိုက်သလိုပင်။ သူမ တစ်ခုခု အမှားအယွင်းလုပ်မိသည်နှင့် သူက သူ၏ဌာနတွင် သို့မဟုတ် အလုပ်ခရီးများ လျှောက်ထားကာ ရက်ပေါင်းများစွာ အိမ်နှင့်ဝေးရာတွင် နေတတ်သည်။
ဒီတစ်ခါလည်း သူက လဝက်ကျော်ကြာအောင် အိမ်သို့မပြန်ခဲ့။ ကံကောင်းစွာဖြင့် သူက ရာထူးတိုးထားသည်ဖြစ်ရာ အကောင်းမြင် စေရန် ကြိုးစားနေသည်ဟု ပြောနိုင်ခဲ့သည်။ ထိုထက်ပိုကြာသွားလျှင်တော့ ရှင်းပြရခက်ခဲလိမ့်မည်။
ယဲ့မင်ရှူးက ရွှီလီ၏ မွေးနေ့ကို အသုံးချကာ သူမ၏ ခင်ပွန်းနှင့် ပြန်လည်သင့်မြတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်၍ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ရဲပေ။ ရွှီလီက အမှန်တကယ် ပျော်ရွှင်နေသည်ဖြစ်ပြီး သူမ ဘာပြောပြော ဂရုမစိုက်ပေ။ သူမက မြေးဖြစ်သူကို ဖက်ပြီးပြောလိုက်သည်။
“အဘွား တကယ်သဘောကျတယ်။ နောက်တစ်ခါ ဒီလောက် အလုပ်ရှုပ်မခံပါနဲ့။ မင်း ဂရုစိုက်တယ်ဆိုတာ သိရရုံနဲ့ လုံလောက်ပါပြီ။”
“နောက်တစ်ခါ အဘွား အသက်တစ်ရာပြည့်ရင်တော့ ကျွန်တော် ထပ်ပြီး အလုပ်ရှုပ်ခံမှာပါ။”
ကျိဇယ်က ချိုသာစွာပြောလိုက်သည်။
မစ္စတာကျိက ဘေးမှ စောင့်ကြည့်နေခဲ့သည်။ စကားပြောဆိုမှုများ ပြီးဆုံးတော့မည်ကို မြင်သောအခါ သူက ပြောလိုက်၏။ “စားကြရအောင်။ ရှောင်လင်လည်း ဗိုက်ဆာနေပြီ ထင်တယ်။”
တကယ်တမ်းတော့ ရှောင်လင်က ဗိုက်မဆာသေးပေ။ သူမ၏ အတွေ့အကြုံအရ အဖေ အိမ်ကနေထွက်သွားခဲ့ပြီဆိုလျှင် အမေက သူ့ကို စိတ်ဆိုးအောင် ထပ်လုပ်လိုက်တာကြောင့်သာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အဖေက အလွန်စိတ်ရှည်သည်။ သူမ ငယ်ငယ်က သူ့ပခုံးပေါ်တက်ပြီး ဆံပင်ဆွဲရင်၊ သူ့အကြိုက်ဆုံး လက်ဖက်ရည်အိုးကို ခွဲမိရင်တောင် သူ စိတ်မဆိုးခဲ့ပေ။
ကလေးများသည် လူကြီးများ၏ကိစ္စတွင် မဝင်စွက်သင့်ပေ။ အိမ်တွင် မနေနိုင်သောအခါ သူမသည် ဤနေရာသို့ လာလေ့ရှိပြီး ရွှီလီက သူမကို အစားအသောက် အလွန်အကျွံ ကျွေးမွေးထားသောကြောင့် သူမ၏ မျက်နှာသည် ပို၍ဝိုင်းစက်လာခဲ့သည်။
အဘိုးကြီး စကားပြောလိုက်သောအချိန်တွင် သူမက မက်မွန်သီးကွပ်ကီးကို စားနေခဲ့သည်။ သူပြောသည်ကို ကြားလိုက်ရသောအခါ သူမ၏ ဆီပေနေသော လက်သေးသေးလေးများကို ချက်ချင်း နောက်သို့ ဖုံးကွယ်ပြီးပြောလိုက်၏။
“ဟုတ်တယ်၊ ဟုတ်ပါတယ်၊ ဗိုက်ဆာနေပြီ။”
အဓိကအချက်ကတော့ သူမ၏လက်များကို ဖုံးကွယ်ထားနိုင်သော်လည်း သူမ၏ ပါးစပ်ထောင့်ရှိ ကွတ်ကီးအစအနများကိုတော့ မဖုံးကွယ်နိုင်ခဲ့သဖြင့် လင်းချောင် ရယ်ချင်မိခဲ့သည်။
မိသားစုလိုက် ပျော်ရွှင်စွာ အတူစားသောက်ကြပြီးနောက် လင်းချောင်က ကလေးမလေးကို ဖယောင်းစက္ကူဖြင့် ထုပ်ပိုးထားသော လက်လုပ်ဆပ်ပြာ နှစ်တုံးကို ပေးလိုက်၏။
“ဒါတွေက မင်းအတွက် အဒေါ် လုပ်ပေးထားတာ။”
“တကယ်လား။” ကျိလင်၏ မျက်လုံးများ အရောင် လက်သွားခဲ့သည်။
“နောက်တာ။”
လင်းချောင်က လက်ကိုဆန့်ထုတ်ပြီးပြောလိုက်၏။
“ပြန်ပေး၊ မင်းကို မပေးတော့ဘူး”
“မရဘူး၊ ပေးပြီးသွားပြီမလို့ ဒါတွေက သမီးအပိုင်ပဲ။”
ကျိလင်က ဆပ်ပြာကို ပိုက်ပြီး ပြေးထွက်သွားတော့သည်။
သူမ ပြေးသွားသောအခါ သူမ၏ ကျစ်ဆံမြီးများ လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် လင်းချောင် ခဏတာ ရယ်မောလိုက်ပြီး ရွှီလီ၏ ဘေးတွင် ထိုင်ကာ စကားပြောနေလိုက်သည်။ သူမနှင့်ကျိသော်တို့က တစ်ညအိပ်ပြီးနောက် နောက်နေ့မနက်စောစောမှ ထွက်ခွာရန် စီစဉ်ထားသည်။ ကျိဇယ်လည်း သူတို့နှင့်အတူ စစ်တပ်နယ်မြေသို့ ပြန်သွားမည်ဖြစ်သဖြင့် အိမ်ဟောင်းတွင် တစ်ညအိပ်မည်ဖြစ်သည်။
ထိုညနေခင်းတွင် သူတို့အခန်းသို့ ပြန်ရောက်သောအခါ ကျိသော်က ရုတ်တရက်ဆိုသလို မေးလိုက်၏။
“မင်း ကလေးမလေးတွေကို သဘောကျလား။”
လင်းချောင် ခဏတာ စိတ်ရှုပ်ထွေးသွားပြီးနောက် သူက ကျိလင်အကြောင်းပြောနေသည်ကို သဘောပေါက်သွား၏။
“ဘယ်သူက သဘောမကျဘဲ နေမှာလဲ။ ရှောင်လင်က အရမ်းချစ်ဖို့ကောင်းတာပဲ။”
ယဲ့မင်ရှူး၏ ကလေးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် သိပ်မတူကြပေ။ တစ်ယောက်က စိတ်ဓာတ်ပေါ့ပါးပြီး ဖော်ရွေသည်။ နောက်တစ်ယောက်က အနည်းငယ်ဆိုးသွမ်းပြီး ထက်မြက်သည်။ ယဲ့မင်ရှူးက နူးညံ့ပြီး ကြင်နာတတ်သော်လည်း အမြဲတမ်း တွက်ချက်တတ်သည်။ ကျိလင်၏ မျက်လုံးများကတော့ သန့်စင်ကာ လူတိုင်းအပေါ်ကြင်နာတတ်သည့် ပုံစံမျိူးဖြစ်သည်။
ကျိသော်က ဘာမှ ထပ်မပြောဘဲ ရွှီလီစားပွဲပေါ်တွင် ချန်ထားခဲ့သော ပါဆယ်ထုပ်ကို ကောက်ယူလိုက်သည်။
ပါဆယ်ထုပ်သည် တစ်ပေပတ်လည်ခန့်ရှိပြီး အလွှာများစွာဖြင့် လုံလုံခြုံခြုံ ထုပ်ပိုးထားသည်။ ကျိယန်က နိုင်ငံခြားမှ ပို့လိုက်ခြင်းဖြစ်ပြီး ရောက်လာရန်အတွက် အချိန်ဘယ်လောက်ကြာလိုက်သည်ကိုတော့ မသ်ိခဲ့ရပေ။
လင်းချောင်က ကျိသော် ပစ္စည်းထုတ်နေသည်ကိုကြည့်ပြီး ခုနကစကားကိုပြန်စလိုက်သည်။
"ဒီမှာ ဆပ်ပြာရည် မရောင်းဘူးလား"
"မသိဘူး"
ကျိသော်က လုပ်စရာရှိသည်ကို ဆက်လုပ်နေရင်း မော့မကြည့်ဘဲ ပြန်ဖြေလိုက်၏။
လင်းချောင် အံ့သြသွားခဲ့သည်။
"မသိဘူးလား"
သို့သော်လည်း နားလည်ရန်တော့မခဲယဉ်းပေ။
အမျိုးသမီးများကသာ ဒီလိုအိမ်သုံးပစ္စည်းများကိစ္စကို ပိုပြီးဂရုစိုက်လေ့ရှိသည်။ ကျိသော်က စစ်တပ်ထဲတွင် လူကြမ်းကြီးများနှင့်သာ အချိန်ကုန်နေသူဖြစ်၍ သူသိမည်မထင်။ သူတို့က ဆပ်ပြာတစ်တုံးတည်းနှင့် တစ်ကိုယ်လုံးသုံးနိုင်ပြီး ဆပ်ပြာမွှေးသုံးသည်ကိုပင် ဇိမ်ခံပစ္စည်းဟု သတ်မှတ်သူများဖြစ်သည်။
သူမ အချိန်ရလျှင် ရွှီလီ ဒါမှမဟုတ် အဒေါ်ကျန်းကို မေးကြည့်သင့်သည်။ အဒေါ်ကျန်းကတော့ ဒီလိုအရာတွေကို သေချာပေါက်သိမှာပဲ။
သို့သော် ကျိသော်က လင်းချောင်၏မေးခွန်းကို သတိထားမိပြီး ကတ်ကြေးကိုချကာ သူမဘက်ကိုစောင်းပြီးကြည့်လိုက်၏။
"ဘယ်သူ မင်းက်ိုသင်ပေးတာလဲ။"
သူမ၏အရင်ဘဝတွင် အွန်လိုင်း၌ ချက်ပြုတ်နည်းအများကြီးရှိသလို ဒီနယ်ပယ်နှင့် ပတ်သက်သည့်အရာများကိုလည်း သူမ လေ့လာခဲ့ဖူးသည်။ သို့သော် ဒါကိုပြောလိုက်လို့မရပေ။ ဆပ်ပြာရည် မရောင်းသေးဘူးဆိုလျှင်တော့ သူမက သတိထားပြီး ဖြေရလိမ့်မည်။
လင်းချောင်က ဘာမှထိတ်လန့်မပြဘဲ ပြောလိုက်၏။
"ကျွန်မ ဆပ်ပြာလုပ်တာကို တစ်ယောက်ယောက်ဆီက သင်ယူခဲ့တာ။ ဆပ်ပြာရည်အတွက် လုပ်နည်းကတော့ ကိုယ်တိုင်ပြင်ဆင်ခဲ့တာပါ။ ဆပ်ပြာခဲက ခေါင်းလျှော်၊ရေချိုးရတာ အရမ်းအလုပ်ရှုပ်လို့။"
ဆပ်ပြာခဲဖော်မြူလာက ရိုးရှင်းသည်။ သူတို့ခရိုင်တွင် ဆပ်ပြာစက်ရုံလေးတစ်ခုရှိပြီး ဆပ်ပြာခဲရှည်များ ထုတ်လုပ်ကာ လေးဆယ်စင့်နှင့် ရောင်းချသည်။ လုပ်နည်းကို ရှာဖွေရန် မခဲယဉ်းပေ။ ယှဉ်ပြိုင်မှုရှိမည်ဆိုလျှင်လည်း ကုန်ကြမ်းများကို ဘယ်လိုကောင်းအောင်လုပ်မည်နှင့် ဆပ်ပြာခဲကို ဆပ်ပြာရည်အဖြစ် ဘယ်လိုပြောင်းလဲရမည် ဆိုသည်ပင်။
လင်းချောင်က တည်ငြိမ်နေပြီး ကျိသော်က သူမမျက်နှာကိုကြည့်ပြီး ဘာမှဖတ်မရခဲ့ပေ။ သူက ပစ္စည်းကိုဆက်ထုတ်နေခဲ့ပြီး သူမစကားကို ယုံမယုံတော့ မသေချာပေ။
အခုအချိန်က အများကြီးပြောရန် အချိန်မဟုတ်ပေ။ ပိုပြီးရှင်းပြလျှင် သူမကို တစ်ခုခုအပြစ်လုပ်ထား၍ စိတ်မလုံနေသလို မြင်သွားလိမ့်မည်။
လင်းချောင်ကလည်း အထုပ်ကိုသာအာရုံစိုက်ခဲ့ပြီး သူထုတ်နေသည့်အရာကိုကြည့်လိုက်တော့... အင်း...
သူမ ရှေ့တိုးသွားပြီး သူ့လက်ထဲမှ ပစ္စည်းကို အထုပ်နှင့်အတူယူလိုက်သည်။
"ကျွန်မ လုပ်လိုက်မယ်။"
ကျိသော်၏ လက်က ပစ္စည်းကိုကိုင်ထားရင်း လေထဲတွင် ရပ်တန့်သွားခဲ့သည်။ သူက သူမကိုကြည့်ပြီးပြောလိုက်၏။
"ဒါက ဘာလဲ။"
"အမျိုးသမီးအဝတ်အစားလေ။ "
လင်းချောင်က ကျိယန် ပြောပြောနေသော ပစ္စည်းကောင်းများဆိုသည်မှာ အတွင်းခံများ ဖြစ်နေမည်ဟုမမျှော်လင့်ထားခဲ့။ ကျိယန်ပို့လိုက်သည်မှာ တစ်ထည်မကပေ။ ရိုးရိုး၊ အတွင်းအုံထည့်ထားသည်နှင့် အားကစားလုပ်ချိန်ဝတ်သည့်အတွင်းခံအင်္ကျီများ အစုံပါသည်။ထွက်ပေါ်လာမှုက နည်းနည်းတော့ မထင်မှတ်ထားသလို ဖြစ်နေခဲ့သည်။ ကျိသော်၏ လက်ချောင်းရှည်များမှ တွဲလောင်းကျနေသော ပန်းရောင်ဖျော့ဖျော့အတွင်းခံ၏ ပုံရိပ်ကို သူမ လျစ်လျူရှုပြီး အတွင်းခံအောက်မှ အထုပ်အနည်းငယ်ကို အမြန်ထုတ်လိုက်သည်။
ဒီတစ်ခါတော့ လင်းချောင် ပြုံးလိုက်မိသည်။ အံ့သြမိသလို စိတ်သက်သာရာလည်းရသွားခဲ့၏။ ဘာလို့လဲဆိုတော့ ထိုအထုပ်များက သူမမကြာသေးမီက လိုအပ်နေခဲ့သော လစဉ်သုံးပစ္စည်းများ ဖြစ်နေ၍ပင်။
သူမ ဘယ်လိုသုံးရမှန်း မသိမည်စိုးသဖြင့် ကျိယန်က မှတ်စုလေးတစ်ခုပင် ထည့်ပေးထား၏။ လင်းချောင် ဖတ်ကြည့်လိုက်တော့ နောက်ပိုင်းထွက်သည့်အမျိုးအစားများနှင့် ဘာမှမကွာခြားဘူးဆိုသည်ကို တွေ့လိုက်ရသည်။
"ကျွန်မတို့အစ်မက တကယ်ကို ကောင်းတဲ့သူပဲ။"
သူမက ချက်ချင်းဆိုသလို ကျိယန်ကို စိတ်ထဲမှ "လူကောင်း" ဟုသတ်မှတ်လိုက်ပြီး ပစ္စည်းအားလုံးကို သိမ်းတော့မည့်အချိန်တွင် အထုပ်အောက်ခြေမှ ဘူးသေးသေးလေးတစ်ခု ပြုတ်ကျလာပြီး ကျိသော်၏ ခြေထောက်အနီး လိမ့်သွားခဲ့သည်။
ဘူးက မကြီးသလို နိုင်ငံခြားစာအပြည့်နှင့်ဖြစ်ပြီး ဆေးဘူးနှင့်တူသည်။
ကျိသော်က ကုန်းကောက်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်နှင့် သူ၏မျက်နှာ ညိုမဲသွားတော့သည်။ လင်းချောင်က သူ့ကိုကြည့်လိုက်ရာ ရယ်ချင်စိတ်ကို ထိန်းချုပ်နေသကဲ့သို့ သူ့မေးရိုးများ တင်းမာသွားသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ။" သူမ စူးစမ်းစွာမေးလိုက်၏။
"ဘာမှမဟုတ်ပါဘူး၊ တစ်ယောက်ယောက်က အရမ်းအစိုးရိမ်လွန်နေတာ"
ကျိသော်က ဘူးပေါ်မှ စာရွက်ကို ဆုတ်ဖြဲပြီး နင်းချေပစ်လိုက်၏။ လင်းချောင် သူ့ကို ဆက်ကြည့်နေသည်ကိုတွေ့တော့ သူ့အကြည့်က သူမ အထုပ်ထဲပြန်ထည့်ထားခဲ့သည့် အတွင်းခံထံပြန်ရောက်သွားခဲ့သည်။
"ဒါကို ဘယ်လိုဝတ်ရတာလဲ"
လင်းချောင်က သူ၏ပုံမှန်တည်ကြည်သည့်လေသံမှ အနည်းငယ်ဆိုးသွမ်းနေသည့် အရိပ်အယောင်လေးကို ခံစားမိလိုက်သည်။
ဒါကြောင့် သူမကအထုပ်ကိုချကာ မျက်ခုံးပင့်ပြလိုက်သည်။
"ခန့်မှန်းကြည့်လေ။" မေးငေါ့ပြကာ မျက်တောင်များ တဖျပ်ဖျပ်လှုပ်ခတ်နေသည့် သူမ၏ပုံစံက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိနေသည်ကို သူမ သတိမထားမိလောက်ပေ။