← Chapters

Chapter 41

Vol. 4 Ch. 41

Chapter 41

Vol. 4 Ch. 41

ကျိသော်က မသိမသာ မျက်နှာလွှဲလိုက်ပြီး ချက်ချင်း မျက်မှောင်ကြုတ်ကာ ပြန်လှည့်လာပြီး ပြောလိုက်၏။

"ဝတ်ပြလေ၊ ကိုယ် ကြည့်မယ်။"

သူက မျက်မှောင်ကြုတ်ပြီး သေချာစဉ်းစားနေရင်း သူမကို ဝတ်ပြခိုင်းနေ၏။

လင်းချောင်က ဒီလူသည် အပေါ်ယံမြင်ရသလောက် ယဉ်ကျေးသိမ်မွေ့သူဟုတ်ပုံမရဟု ထင်လိုက်သည်။ နေ့ဘက်တွင် အရာရှိအိုကြီး တစ်ယောက်လိုပြုမူပြီး ညဘက်တွင်တော့ ဝံပုလွေတစ်ကောင်လို ပြောင်းသွားသူက ဘယ်လိုမှ ယဉ်ကျေးသိမ်မွေ့နိုင်မည်မဟုတ်ပေ။

သူမကလည်း စည်းကမ်းများကို လိုက်နာတတ်သူ မဟုတ်ခဲ့။ သူမက တစ်ထည်ကို ရင်ဘတ်တွင် ကပ်ရင်းပြောလိုက်၏။

"ဒီတစ်ထည်က လှတယ်လို့ မထင်ဘူးလား။"

ပြီးတော့ နောက်တစ်ထည်ကို ကောက်ကိုင်လိုက်ရင်းပြောပြန်သည်။

"ဒါမှမဟုတ် ဒါကပိုလှတာလား"

သူက အရင်က ခန့်မှန်းမိခဲ့လျှင်တောင် သူမ၏ လုပ်ရပ်များက ဘယ်နေရာတွင် ဝတ်ရသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေခဲ့သည်။ အထူးသဖြင့် သူမက ပြုံးပြီး စနောက်သည့်အကြည့်နှင့် သူ့ကို ကြည့်လိုက်ချိန်တွင် ပိုလို့ပင် သိသာသွားခဲ့သည်။ ကျိသော်က သူ့လက်ထဲမှ စက္ကူဘူးကို မသိမသာ ပွတ်သပ်လိုက်မိပြီး အကြည့်များက နက်ရှိုင်းလာခဲ့သည်။

" ကိုယ် တံခါးသွားပိတ်လိုက်ဦးမယ်။"

"ဘာလို့ တံခါးပိတ်မှာလဲ။ အခုပဲ အဝတ်လဲစေချင်နေတာလား။"

ကျိသော်က ဘာမှ မပြောသော်လည်း သူ့အမူအရာများက သူမ၏ သံသယကို အတည်ပြုလိုက်သည်။

လင်းချောင် ရယ်မောပြီး အတွင်းခံများကို အထုပ်ထဲ ပြန်ထည့်လိုက်သည်။

"မဝတ်ရဲပါဘူး။ ရှင် ပစ္စည်းတွေ ယူမလာခဲ့ဘူးလေ။"

ရယ်စရာကိစ္စဖြစ်သည်။ သူမက ရွှေ့ပြောင်းလာသူဖြစ်၍ မသိသော်လည်း ကျိသော်လို ဒီမှာ မွေးပြီး ဒီမှာ ကြီးပြင်းလာသူက ရှင်းရှင်းလင်းလင်း မမေးခဲ့ပေ။ သူတို့တွင် မလုံလောက်ဘူးဆိုသည်ကို သိရချ်ိန်မှ သူက မိသားစုစီမံကိန်းဌာနကို သွားခဲ့သော်လည်း ဒီပစ္စည်းများက ပြန်လည်အသုံးပြုရမည်ဖြစ်ပြီး ကိုယ်တိုင်လျှော်ရမည်ဟု ဌာနက ပြောခဲ့သည်။ သူတို့တွင် ငါးခု ဆုံးရှုံးသွားခဲ့ရပြီး ဂုဏ်သိက္ခာရှိသည့် ကပ္ပတိန်ကျိကတော့ အမှိုက်ပုံထဲ သွားရှာရန် မဖြစ်နိုင်ပေ။

ဒီနေ့က ရွှီလီ၏ မွေးနေ့အတွက် သူတို့ ပြန်လာကြခြင်းဖြစ်ပြီး ထိုကိစ္စများတွေအကြောင်း ဘယ်သူမှ မစဉ်းစားမိကြသည့်အတွက် ဘာကိုမှ မယူလာခဲ့ကြပေ။ လင်းချောင်က သူ့ကို စနောက်နေခြင်းသာဖြစ်သည်။

တကယ်တော့ ကြည့်ရသည်မှာ ယဉ်ကျေးသိမ်မွေ့သူများက စိတ်ဝင်စားစရာအကောင်းဆုံးသူများဖြစ်သည်။ ညစ်ညမ်းသည့် စကားပြောတတ်သူများဆိုလျှင်တော့ သူမက စနောက်ရန်ပင်မရဲပေ။သူတို့က သူမကို စကားလုံးနှင့် ဆယ်ဆလောက် ပြန်ပြီး အနိုင်ယူပစ်လိမ့်မည်။

သူမ စဉ်းစားလေလေ ရယ်ချင်လေလေဖြစ်သည်။ သူမ အထုပ်ဖြေလို့ မပြီးသေးခင်မှာပဲ သူမ၏ခါးက ရုတ်တရက် ဆွဲယူခံလိုက်ရသည်။ သူမ တုံ့ပြန်ရန်အချိန်ပင်မရလိုက်ပဲ သူမနောက်မှ အမျိုးသားက သူမကို လှည့်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ သူ့အသက်ရှူသံက သူမနှင့် နီးကပ်နေ၏။

"မင်းက တမင်လုပ်တာပဲ။"

ဒါက မေးခွန်းမဟုတ်ဘဲ ကောက်ချက်ချပြောလိုက်ခြင်းတစ်ခုဖြစ်၏။

လင်းချောင်၏ ခြေထောက်များကို သူက ဒူးများဖြင့် အတင်းအကျပ် ခွဲထုတ်လိုက်သဖြင့် သူမ၏ ပေါင်အတွင်းပိုင်းက သူ့ခါးနှင့်ထိမိနေပြီး အလွန်အန္တရာယ်များသည့် အနေအထားဖြစ်နေခဲ့သည်။ ထိုလူ၏ လက်များက သူမ၏ ဘေးနှစ်ဖက်ရှိ စားပွဲပေါ်တွင် ဖိထားပြီး သူမက နောက်ကို မှီကာ ရှောင်ဖယ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ရင်ခွင်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။

"မင်းက တမင်လုပ်ခဲ့တာပဲ။"

ထိုလူက ဖြည်းဖြည်းချင်းပြောလိုက်ပြီး ထပ်ခါတလဲလဲ ပြောနေခြင်းဖြစ်၏။

လင်းချောင်က သူ စနောက်မနေဘဲ တကယ်ကိုတန်းပြီး လုပ်တော့မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

"အပြင်မှာ ခြေသံတွေ ကြားနေရတယ်။ တစ်ယောက်ယောက် လာနေတာ မဟုတ်ဘူးလား။"

သူမက သူ့ကိုအာရုံလွှဲရန် ရွေးချယ်လိုက်ပြီး ချက်ချင်း အသံကို နှိမ့်ချလိုက်သည်။

သို့သော်လည်း ထိုလူကတော့ လှည့်စားခံခဲ့ရခြင်းမရှိ၊ ထိုအစား သူက ရှောင်ဖယ်ရန် ကြိုးစားနေသည့် သူမ၏ ခါးကို ပြန်ဆွဲယူပြီးပြောလိုက်သည်။

"ကိုယ့်အကြားအာရုံက လေ့ကျင့်ပြီးသား။"

ဆွဲလိုက်သည့်အတွက် လင်းချောင်က သူမ၏ ခွန်အားကို အတွက်မှားသွားပြီး သူ့ထံဝင်တိုက်မိသွားသည်။ နူးညံ့သည့်အရာနှင့် မာကျောသည့်အရာတို့၏ ထိတွေ့သွားမှု၊ ပြီးတော့ ဒါက နှစ်ဦးနှစ်ဖက် ထိခိုက်မှုလည်း မဟုတ်ပေ။ အနည်းဆုံးတော့ မာကျောသည့်ဘက်က ဘာမှမထိခိုက်ဘဲ ပိုပြီး အားအင်ပြည့်ဖြိုးလာကာ အချိန်မရွေး သူမအပေါ် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုကို စတင်ရန် အသင့်ဖြစ်နေသလိုပင်။

ထိုလူကလည်း ဒါကို သိပုံရ၏။ သူက ငုံ့ကြည့်လိုက်ပြီး သူမကို ပို၍တင်းတင်း ဖက်ထားလိုက်သည်။

လင်းချောင်က ဒီတစ်ခါတော့ တကယ် မလှုပ်ရဲတော့ပေ။ ခေါင်းမာစွာနှင့် နေရာကို တွယ်ကပ်ထားရင်းပြောလိုက်၏။

"ကျွန်မ တကယ်ပြောတာ၊ တစ်ယောက်ယောက် တကယ် လာနေတယ်။"

ဒီတစ်ခါတော့ ထိုသူ၏အရင်စကားများက သူမကို ခြိမ်းခြောက်ရန်သက်သက် ပြောခဲ့သည်လားတော့ သူမမသိသော်လည်း ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူတကယ်ပဲ သူမကို လွှတ်ပေးလိုက်သည်။ လင်းချောင်သက်ပြင်းချရန် ပြင်နေတုန်းမှာပဲ အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့၏။

"ဒုတိယသား၊ အိပ်နေပြီလား?"

တကယ်လူလာနေတာလား?!

လင်းချောင်က စားပွဲပေါ်မှ အမြန်လျှောဆင်းလိုက်ပြီး သူတို့ရှုပ်ပွထားသော ပစ္စည်းပုံကို ဆွဲယူကာ စာရေးစားပွဲအောက်မှ အံဆွဲထဲ ထိုးထည့်လိုက်သည်။

ပစ္စည်းများ ထိုးထည့်ပြီးသည်နှင့် ကျိသော်က ချက်ချင်းပဲ သူ၏ အေးစက်တည်ငြိမ်သည့် ပုံစံကို ပြန်ပြောင်းလိုက်သည်။ သူစကားပြောလိုက်ချိန်တွင်လည်း အရင်လို အသံနိမ့်နိမ့်နှင့်ဖြစ်၏။ "မအိပ်သေးပါဘူး"

သူ၏ မျက်နှာအမူအရာထိန်းချုပ်မှုက တကယ်ကို တိကျသည်။ သူကလည်း ဘာမှမပြောသလို လင်းချောင်လည်း ဘာမှမပြောခဲ့ချေ။ အခုလေးတင် သူတို့က ဘယ်လိုအနေအထားမျိုးတွင် ရှိနေခဲ့သည်ကို ဘယ်သူမှမသိနိုင်ပေ။

အပြင်ဘက်တွင် ရွှီလီကတော့ ဘာမှသိပုံမပေါ်ဘဲ အသံကြားသည်နှင့် တံခါးကို တွန်းဖွင့်လိုက်ပြီး ပြောလိုက်၏။

"မင်းအဖေ မင်းကို ရှာနေတယ်၊ စာကြည့်ခန်းကို လာခဲ့တဲ့။"

ဒီလောက်ညဉ့်နက်ကြီးမှ စာကြည့်ခန်းကို သွားရမယ်?

လင်းချောင်က ထိုလူရဲ့ မေးရိုးအနည်းငယ် တင်းသွားသည်ကို သတိထားမိလိုက်သည်။ သို့သော်လည်း သူက အံ့ဩသည့်ပုံစံတော့မပြခဲ့ပေ။ "ဟုတ်ပါပြီ၊ ခဏနေရင် သွားလိုက်မယ်။"

"ခဏနေရင်? မင်းအဖေ စာကြည့်ခန်းထဲမှာ မင်းကို စောင့်နေတယ်..."

ရွှီလီက ထပ်ပြောရန်လုပ်နေတုန်းမှာပဲ အခန်းထဲမှ လင်းချောင်ကို မြင်တော့ ခဏရပ်သွားပြီး တံခါးပြန်ပိတ်လိုက်၏။

"ဒါဆိုလည်း မြန်မြန်လုပ်။"

ကျိသော်က ချက်ချင်း နောက်လှည့်လိုက်ပြီး လင်းချောင်၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းလိုက်ကာ ပြောလိုက်၏။ "ကိုယ့်ကို စောင့်နေ။"

ထို့နောက် သူ့အဝတ်အစားများကို ပြန်ပြင်ဆင်ကာ ထွက်သွားတော့၏။

စောင့်၊ ဘာကို စောင့်ရမှာလဲ? တကယ်ပဲ သူပြန်လာပြီး ဆက်လုပ်ဖို့ကို စောင့်ရမှာလား?

လင်းချောင်က သူမအလျင်စလို အံဆွဲထဲ ထိုးထည့်ထားသည့် အထုပ်များကို ပြန်ထုတ်ပြီး သေချာစီစဉ်လ်ိုက်၏။

ကျိယန်က တကယ်ကို လူကောင်းတစ်ယောက်ဖြစ်သည်။ သူမ၏ ရာသီလာနှုန်းကို ကြည့်လျှင် ဒီလစဉ်သုံးပစ္စည်းများက တစ်နှစ်ကျော်လောက် အသုံးခံလိမ့်မည်။ သူမကို စမ်းသုံးကြည့်ရန်နှင့် မကောင်းလျှင် ပြောင်းသုံးရန်ပါ ပြောခဲ့သေးသည်။

ဒီအတွင်းခံများသည်လည်း၊ ကျိယန်က လင်းချောင်၏ဆိုဒ်ကို မသိသဖြင့် မှားဝယ်မိမည်စိုး၍ အရင်က မယူလာခဲ့ခြင်း ဖြစ်နိုင်သည်။

ပစ္စည်းများ သိမ်းဆည်းပြီးနောက် လင်းချောင်က စားပွဲပေါ်မှ မှန်ကို ကြည့်လိုက်မိပြီး ရုတ်တရက် မလှုပ်နိုင်ဖြစ်သွားခဲ့သည်။ မီးရောင်က သိပ်မလင်းသော်လည်း မှန်ထဲမှ လှပသည့်မျက်နှာပေါ်ရှိ နီမြန်းနေမှုကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ရှူထောင့်အနေအထားကြောင့်လည်း ဖြစ်နိုင်သည်။ ဒါပေမဲ့ အပေါ်ကို ပင့်တက်နေသည့် မျက်လုံးများတွင်တော့ အနီရောင်ပင်သန်းနေပြီး ဆွဲဆောင်မှုအပြည့်နှင့်ဖြစ်သည်။ အကယ်၍ ရွှီလီသာ အခုနက သူမကို ဒီလိုပုံစံနှင့် မြင်ခဲ့လျှင်...

ဒီခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ၊ နည်းနည်းလေး ဆွပေးတာနဲ့တင် ဒီလောက်ထိသိသာတဲ့ တုံ့ပြန်မှုမျိုးကို ပြနေရလား?

ရွှီလီက မြင်သွားသဖြင့် တံခါးကို မြန်မြန်ပိတ်လိုက်ခြင်းဖြစ်သည်။ သူမက အပြင်ရောက်သည်နှင့် သူမ၏သားကို တိုးတိုးလေး ကပ်ပြောလိုက်၏။

"သတိထားပါလို့ ငါ မပြောထားဘူးလား? ချောင်ချောင်က ငယ်သေးတယ်။"

ကျိသော်က သူမကို နားမလည်စွာ ကြည့်လိုက်ပြီးပြောလိုက်၏။

"အဲ့လောက်လည်း မငယ်ပါဘူး။"

[T/N: ဒီနေရာမှာ သုံးထားတဲ့ ငယ်တယ်ဆိုတဲ့ စကားလုံးက အတူတူပဲဆိုပေမဲ့အဓိပ္ပာယ် ကွာခြားပါတယ်။]

မီးထွန်းပြီးတော့ အနီးကပ် မကြည့်ခဲ့ဖူးသော်လည်း သူ့လက်များနှင့် တိုင်းတာသည်ပဲ ဖြစ်ဖြစ်၊ သူ၏ အသားအရေနှင့် ထိကပ်နေသည့် နူးညံ့သော အထိအတွေ့ကပဲဖြစ်ဖြစ်၊ လင်းချောင်ကို ငယ်သည်ဟု သတ်မှတ်၍မရပေ။ သူမက ကိုယ်လုံးကိုယ်ပေါက် လှပပြီး၊ ပိုလျှံနေသည့် အလေးချိန်များကလည်း မှန်ကန်သည့်နေရာများကို ရောက်နေလေသည်။

ရွှီလီက သူမသား၏ တည်ငြိမ်သည့်ပုံစံနောက်ကွယ်မှ ဖုံးကွယ်ထားသည့်အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။

"ဆယ့်ကိုးနှစ်က မငယ်ဘူးလား? မင်္ဂလာဆောင်ဥပဒေ ပြောင်းတော့မယ်လို့ ကြားတယ်၊ မကြာခင်မှာ အမျိုးသားတွေက ၂၂ နှစ်နဲ့ အမျိုးသမီးတွေက ၂၀ နှစ်မှ လက်ထပ်ရတော့မယ်တဲ့။"

ဒီအဆိုပြုချက်က အချိန်အတော်ကြာအောင် ရှိနေခဲ့ခြင်းဖြစ်သည်။ အစပိုင်းတုန်းကတော့ တည်ထောင်ကာစ နိုင်ငံက လူလိုအပ်သည့်အတွက် အမျိုးသမီးများအတွက် ၁၈ နှစ်နှင့် အမျိုးသားများအတွက် ၂၀ နှစ်ကို တရားဝင် လက်ထပ်၍ရသော အသက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းလူဦးရေသည် အထူးသဖြင့် ၁၉၆၃ ခုနှစ်မှ ၁၉၇၂ ခုနှစ်အတွင်း အလွန်လျင်မြန်စွာ တိုးပွားလာပြီး နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့သည်။ မြို့ကြီးများတွင် အစားအသောက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ မလုံလောက်သဖြင့် လူငယ်များကို ကျေးလက်ဒေသများသို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့ပြီး၊ မိသားစုစီမံကိန်းမူဝါဒများကိုလည်း စတင်မိတ်ဆက်ခဲ့သည်။

လူဦးရေဝန်ထုပ်ဝန်ပိုးဖြစ်မှုကို လျှော့ချရန်အတွက် တရားဝင်ထိမ်းမြားနိုင်သည့် အသက်အရွယ်ကို မြှင့်တင်ရန်ကိစ္စကလည်း သေချာပေါက်ရှိလာမည်ဟု ကျိသော် ထင်ထားပြီးသားဖြစ်၍ မအံ့သြခဲ့ပေ။

သူတို့ စာကြည့်ခန်းကိုရောက်တော့ တံခါးကို တွန်းဖွင့်လိုက်ရာ စားပွဲနောက်တွင် အဖိုးကျိ ထိုင်နေပြီး ကျိဇယ်က သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

စကားဝိုင်းရှိ အခြေအနေက တင်းမာနေသည်တော့ မဟုတ်၊ သို့သော် သူဝင်မလာခင်ကတည်းက စကားမပြောဖြစ်ကြသေးသည်မှာတော့ ထင်ရှားသည်။ ကျိဇယ်က ဆူပူကြိမ်းမောင်းခံရရန် စောင့်နေပုံရသည်။ ကျိသော်က သူ့အမေကို တစ်ချက်ကြည့်လိုက်ရာ၊ သူမက လက်ကာပြရင်းပြောလိုက်၏။

"မင်းတို့ပဲ ဆက်ပြောကြ၊ ငါတော့ မအိပ်ဘဲ မနေနိုင်တော့ဘူး။"

ထိုသို့ပြောပြီး အိမ်မကြီးသို့ ပြန်သွားကာ တံခါးပိတ်လိုက်သည်။

"ထိုင်ဦး။"

အဖိုးကျိက နံရံဘေးရှိ ကုလားထိုင်ကို ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

ကျိသော်က သူ့ဘောင်းဘီကို ပြင်ဆင်လိုက်ပြီး ထိုင်လိုက်၏။ အဖိုးကျိက တိုက်ရိုက်ပင် မေးလိုက်သည်။

"ဒီကလေးက စီးပွားရေးလုပ်ချင်တယ်တဲ့။ မင်းသိထားလား။"

ကျိသော်က သိထားရုံသာမက ကျိဇယ်သည် ရွှီလိအတွက် မွေးနေ့လက်ဆောင် သေချာပြင်ဆင်ထားသည့်အကြောင်းကိုလည်း သိသည်။ သူက လင်းချောင်ကို ရှောင်လေ့ရှိသည့် အပြုအမူကိုပင် ပြောင်းလဲကာ နောက်နေ့မနက်တွင် စစ်စခန်းသို့ အတူပြန်ရန်၊ နေအိမ်ဟောင်းတွင် ညအိပ်သွားရန် တက်တက်ကြွကြွ အကြံပြုခဲ့သည်။ ဤအရာအားလုံးသည် အဖိုးကြီး၏ စိတ်ကောင်းနေချိန်တွင် ကိစ္စကို ထုတ်ပြောရန် အခွင့်အရေးယူခြင်းသာဖြစ်သည်။

သူက မဖုံးကွယ်ခဲ့ပေ။

"နည်းနည်းပါးပါးတော့ ကြားထားပါတယ်။"

အဖိုးကြီးက သူ့မြေးကို ကြည့်ပြီးပြောလိုက်၏။

"ဒါဆို မင်းက ဒါကို ကြိုတင်စီစဉ်ထားတာပေါ့၊ ဒီနေ့မှ ငါ့ကို ပြောဖို့ စောင့်နေတာလား။"

"ဒီနေ့မှဆိုပြီး အတိအကျတော့ စောင့်နေတာ မဟုတ်ပါဘူး။ အစောပိုင်းကတည်းက ပြောချင်တာပါ၊ ဒါပေမဲ့အဖိုးနေမကောင်းဖြစ်ပြီး ဆေးရုံတက်နေရတော့ အခွင့်အရေး မရှာနိုင်ခဲ့ဘူး။"

အဖိုးကြီးက တခြားဘာမှ မမေးတော့။ သူက ကုလားထိုင်၏ လက်တင်ကို ပွတ်သပ်ရင်းပြောလိုက်၏။

"ချောင်ချောင် ကိစ္စနဲ့ ပတ်သက်ပြီး ငါစိတ်ဆိုးမှာစိုးလို့ မင်းအဘွားအတွက် လက်ဆောင်ပြင်ဆင်ခဲ့တာလား။"

အဖိုးကြီး၏ လေသံက တည်ငြိမ်သော်လည်း ကျိဇယ်ကို ကြည့်သည့် အကြည့်က ဒီည၏ ချီးကျူးမှုမှ စူးစမ်းဆန်းစစ်မှုနှင့် အကဲဖြတ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကိုယ်ပိုင်ရည်ရွယ်ချက်ရှိခြင်းသည် ပြဿနာမဟုတ်၊ သို့သော် ထိုရည်ရွယ်ချက်များက မိသားစုဆက်ဆံရေးကို အသုံးချကာ ရည်မှန်းချက်များ အောင်မြင်ရန် ဦးတည်နေပါက သူ့မြေး၏ စိတ်နေသဘောထားကို ပြန်လည်အကဲဖြတ်ရန် လိုအပ်လာခဲ့ပြီ။

ကျိဇယ်က အရူးမဟုတ်ပေ၊ သူက ချက်ချင်း နားလည်သွားပြီး နစ်နာသည့်ပုံစံဖြင့် ကြည့်ရင်းပြောလိုက်သည်။

"ကျွန်တော် နှစ်အစကတည်းက ပြင်ဆင်နေတာ။ ယွီကျင်းနဲ့ ချန်ဝေ့ကော်တို့ကိုပါ သတင်းစာတွေ စုခိုင်းခဲ့ရသေးတယ်။ အဖိုး မယုံရင် သူတို့ကို မေးကြည့်လို့ရတယ်။ အဖွားရဲ့ နှစ်ခြောက်ဆယ်ပြည့် မွေးနေ့အတွက် အထူးလက်ဆောင်အဖြစ် ပေးချင်ခဲ့တာပါ။"

အကယ်၍ သူသာ လူများကို သတင်းစာများ စုခိုင်းခဲ့ပါက အလွယ်တကူ စစ်ဆေးနိုင်မည်ဖြစ်ပြီး လိမ်ညာရန် ခက်ခဲမည်ဖြစ်သည်။

အဖိုးကြီး၏ မျက်နှာအမူအရာ အနည်းငယ် နူးညံ့သွားသော်လည်း သူ၏မျက်နှာမှာတော့ တင်းမာနေဆဲဖြစ်သည်။

"အလုပ်မှာ ဘာလို့ မပျော်တာလဲ။ မိသားစုကို ပြောပြလို့ရတယ်။ မင်းဦးလေးနဲ့ ငါက မင်းကို အဖြေရှာဖို့ ကူညီပေးနိုင်တယ်။ တကယ်လို့ စစ်တပ်ထဲမှာ မနေချင်တော့ဘူးဆိုရင် အရပ်ဘက်ကို ပြန်လို့ရတယ်။ ဘာလို့ ရုတ်တရက် စီးပွားရေးလုပ်ချင်တာလဲ။"

"အမှန်အတိုင်း ကြားချင်လား။"

ကျိဇယ်က သူ့ကို ကြည့်လိုက်သည်။

အဖိုးကြီးက ဘာမှမပြောခဲ့၊ ဒါကြောင့် ကျိဇယ်က ငုံ့လိုက်ပြီး အနည်းငယ် ခါးသီးစွာ ပြောလိုက်သည်။

"ကျွန်တော် တကယ်တော့ ဘယ်နေရာမှာမှ မပျော်ပါဘူး။ ကျွန်တော့် လုပ်ဆောင်မှု နည်းနည်းလေးပဲ မျှော်လင့်ထားတာထက် လျော့သွားရင်၊ အခြားသူတွေလုပ်နိုင်သလို ပုံမှန်လုပ်ဆောင်မှုပဲဖြစ်ဖြစ် လုပ်နိုင်နေရင်တောင် လူတွေက ကျွန်တော့်ကို မတော်ဘူး၊ ဦးလေးနဲ့ မယှဉ်နိုင်ဘူးလို့ ပြောကြတယ်။ ကျွန်တော် ထူးချွန်အောင် ကြိုးစားရင်လည်း လူတွေက ဦးလေးရဲ့ တူဖြစ်နေလို့ ပုံမှန်ပဲလို့ ပြောကြတယ်။"

ကျိသော်သည် သူ၏လမ်းကို ပိတ်ဆို့နေသော တောင်ကဲ့သို့ ဖြစ်နေသည်။ သူ ဘယ်လောက်ပဲ ကြိုးစားသော်လည်း ကျော်လွန်၍မရခဲ့ပေ။

"ကျွန်တော် ဘယ်သွားသွား ကျိချွန်းမင်ရဲ့မြေး၊ ကျိသော်ရဲ့တူလို့ပဲသိကြတယ်။ ကျွန်တော့်နာမည်ကလည်း ဦးလေးရဲ့ နာမည်နဲ့တူတယ်ဆိုပြီး အလိုလ်ို နှိုင်းယှဉ်ခံရတယ်။"

ကျိဇယ် ပထမဆုံး တာဝန်ထမ်းဆောင်ချိန်က မိသားစုက သူ့ကို ကျိသော်ကဲ့သို့ နှစ်အနည်းငယ် အဝေးပို့၍ အတွေ့အကြုံ ယူစေချင်ခဲ့သည်။ သို့သော် ယဲ့မင်ရှူးက သားနှင့်မခွဲန်ိုင်သလို ကျိကျွင်း၏ သဘောထားကလည်း ဘာမှမထူးခြားသဖြင့် သူတို့က သူ့ကို ကျိသော်၏တပ်တွင်းသာ ထားခဲ့ခြင်းဖြစ်သည်။ သူက မကြာခဏ အိမ်ပြန်လာ၍ ရခဲ့သော်လည်း မကြာခဏ စိတ်ဖိစီးမှုတော့ ခံရသည်။

"ကျွန်တော့်ကို အသုံးမကျဘူး အလုပ်မလုပ်နိုင်ဘူးလို့ ပြောလို့ရတယ် ဒါပေမဲ့ ကျွန်တော် တစ်ချိန်လုံး အခြားတစ်ယောက်နဲ့တော့ နှိုင်းယှဉ်မခံချင်ဘူး။"

ပြောပြီးသည့်အတွက် ကျိဇယ် စိတ်ထဲပေါ့ပါးသွားသလို ခံစားရသည်။

"ပြီးတော့ ဦးလေးက ရှေ့မှာရှိနေတဲ့အတွက် ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားပါစေ ကျွန်တော် မကျော်နိုင်ဘူး။ ကျွန်တော် လမ်းကြောင်းပြောင်းလိုက်တာကပဲ ပိုကောင်းမယ်။ အခု နိုင်ငံက ပြန်လည်ထူထောင်ကာလဆိုတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့လည်း အားပေးနေပြီး ဒါက ကျွန်တော်နဲ့ က်ိုက်တဲ့အလုပ်လည်း ဖြစ်န်ိုင်တယ်။"

အဖိုးကြီးက တိုက်ပွဲအောင်မြင်ပြီး အသက်ရှင်နေဖို့ကိုပဲ အာရုံစိုက်ပြီး ကျိသော်ကလည်း ငယ်ငယ်တည်းက ဘယ်နယ်ပယ်မဆို ကျွမ်းကျင်သည်။ သူက ကျိဇယ်၏ စိတ်ဖိစီးမှုနှင့် ခံစားချက်ကို ထည့်မတွက်မိပေ။

သို့သော် ကျိဇယ် စကားပြောနေချိန်မှာတော့ သူ တပ်ထဲစဝင်သည့်နေ့ကကဲ့သို့ မျှော်လင့်ချက် အပြည့်နှင့်ဖြစ်၏။

သူက တပ်ထဲစဝင်ချိန်တွင် အဖိုး၏ ခြေရာနင်းကာ ဦးလေးထက် ပိုတော်အောင်လုပ်မည်ဟု ကြေငြာခဲ့သည်။

အဖိုးကြီးက တိတ်နေသော်လည်း ကျိသော်က ရုတ်တရက် ခုံကိုမှီလိုက်ကာ သူ့ကိုစူးရှရှကြည့်လိုက်သည်။

"မင်း စီးပွားရေးလုပ်ချင်တယ်ဆိုရင် အရင်လုပ်ပြီးမှ တောင်းပန်ရမှာပေါ့။ အဖိုးရဲ့ သဘောတူညီချက် လာတောင်းတာက သူ့ကို မင်းအမေဆီက သဘောတူညီချက်ရအောင် ကူညီစေချင်လို့လား။"

All Chapters