← Chapters

မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး

Vol. 5 Ch. 401

မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး

Vol. 5 Ch. 401

ချန်းနဉ်တွင် အမြဲမက်ခဲ့ရသော အိပ်မက် တစ်ခုရှိသည်။

ထို အိပ်မက်ကား ... ချန်းမိသားစုက ကျင်းလင်မြို့၏ ထိပ်ဆုံး နေရာတွင် ရပ်တည်ကာ ကျို့၊ စွန်း၊ ဟွာ၊ ရမ် မိသားစုများအား အထက်စီးက ဆက်ဆံနိုင်ရမည်။ ထိုမိသားစုများ၏ ခေါင်းဆောင်များ ပင်လျှင် ချန်းမိသားစုဝင်များအား အောက်ကျို့ကာ ဆက်ဆံရမည်။ ချန်းမိသားစုဝင်များ သည်လည်း မိသားစု မျိုးရိုးကို နေရာ တစ်ကာတွင် ရင်ကော့၍ ပြောနိုင်ရမည်... ဟူ၍။

ထိုအိပ်မက်က ရူးကြောင်ကြောင် အိပ်မက်ဟု ချန်းနဉ် အမြဲပင် တွေးထားခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ထိုအိပ်မက်က အမှန်တကယ် ဖြစ်လာပုံ ရသည်။

သူမ၏ အိပ်မက်များအား အသက်ဝင်အောင် လုပ်ပေးခဲ့သူကား သူမ သဘော မကျခဲ့ဖူးသည့် မောင်ဝမ်းကွဲ ဖြစ်နေခဲ့သည်။

"ဒါက ရူးကြောင်ကြောင် နိုင်တာပဲ"

ချန်းနဉ်က တွေးလိုက်သည်။

ထိုအချိန်မှာပင် တစ်စုံတစ်ယောက် အော်လိုက်သော အသံအား သူမ ကြားလိုက်ရသည်။

"အကို ... မင်း ငါ့ကို ဘာလို့ ကန်တာလဲ။ မင်း အဲဒီခွေးကောင် နောက်ကို လိုက်သွားပါလား။ ငါတို့က ရန်ကျင်း ဟန်မိသားစုကကွ။ ဘာလို့ ကျန်းပေ့က တောသားကို ကြောက်နေမှာလဲ"

ဒေါသတကြီး အော်ဟစ် လိုက်သူကား ဟန်ဟုန်ကုံပင် ဖြစ်သည်။ သူက ဒူးထောက်ခဲ့ရသည့် အဖြစ်ကို မကျေနိုင်အောင် ဖြစ်နေပုံ ရသည်။

လူတိုင်းက စကားတစ်ခွန်းမျှ မဆိုရဲကြသည့်တိုင် ဟန်ကျန်းတုအား မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်တွင်မူ တူညီသော မေးခွန်းတစ်ခုက စိုးမိုး၍ နေသည်။

"ဟုတ်တယ် ... ဘာလို့လဲ"

ဟန်မိသားစုကား ရန်ကျင်း၏ အင်အား အကြီးဆုံး မိသားစုကြီး ဖြစ်သည်။ နိုင်ငံ အကြီးအကဲများနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကာ ထိပ်တန်းဆိုသော နေရာတွင် ရပ်တည် နေနိုင်သည့် မိသားစုကြီး ဆိုလျှင်လည်း မမှားချေ။ ဝမ်မိသားစုနှင့် ရှောင်မိသားစုမှ လွဲလျှင် သူတို့အား ဖိအားပေးနိုင်သည့် အရာ မရှိချေ။

သို့သော်လည်း ဟန်ကျန်းတု ချန်းဖန်အား ဆက်ဆံခဲ့ပုံက အလွန် ထူးဆန်းနေသည်။ တပည့် တစ်ယောက်ပင်လျှင် ဆရာဖြစ်သူအား ထိုမျှ ရိုကျိုးမည် မဟုတ်ချေ။ မည်သည့်အရာက ဟန်ကျန်းတုအား ယခုလောက် ယဉ်ကျေးစေ သနည်း။

"ကျန်းပေ့၏ ဆရာချန်း ...”

ဟန်မိသားစု အနေဖြင့် ကျန်းပေ့နယ်၏ ထိပ်တန်းပုဂ္ဂိုလ် တစ်ယောက်ကို ကြောက်ရန် မဖြစ်နိုင်ပေ။

"ထန်လုံတပ်ဖွဲ့၏ ဗိုလ်ချုပ် ...”

ထိုအရာသည်လည်း မဖြစ်နိုင်ပေ။ ဟန်မိသားစုတွင် ဗိုလ်ချုပ်ကြီး ရာထူး အဆင့် ရှိသူများပင် ရှိသည်။

"စစ်တပ် ခေါင်းဆောင်၏ ချီးမွမ်းခံရသူ ...”

ထိုဘွဲ့ထူးကလည်း ဟန်မိသားစု အတွက် ပြဿနာ တစ်ခု မဟုတ်ချေ။ ဟန်မိသားစု ခေါင်းဆောင်မှာ စစ်တပ် ခေါင်းဆောင်ကိုပင် စိန်ခေါ်နိုင်သည့် ဩဇာအာဏာ ပိုင်ဆိုင်သူ ဖြစ်သည်။

လူငယ်များစွာ ထဲ၌ ကျို့လော့ရင် တစ်ယောက်သာ တစ်ခုခုကို သတိထားမိ နေသည်။

"ချန်းဖန်ရဲ့ ကောင်းကင်စာအုပ် နံပါတ်တစ် ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်များလား။ မိသားစုကြီးတွေ အများစုက အထွတ်အထိပ် အဆင့်တွေကို ကြောက်ကြတယ်တဲ့။ ဟန်မိသားစုကရော ကြောက်တာလား။ မဖြစ်နိုင်ပါဘူး။ အထွတ်အထိပ်တွေက စပ်တပ်ရဲ့ လက်နက်ကြီးတွေကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ ချန်းဖန်လည်း စူပါမန်းမှ မဟုတ်တာ။ သိုင်းသမား တစ်ယောက်ပဲလေ"

သူမ၏ အတွေးထဲ၌ စူပါဟီးရိုး ဝတ်စုံနှင့် ချန်းဖန်၏ ပုံရိပ်က ပေါ်လာခဲ့သည်။ သို့သော်လည်း သူမက ခေါင်းခါ၍ ချက်ချင်း ထုတ်ပစ်လိုက်သည်။

"ငါသာ မကန်ရင် မင်းသေသွား လောက်ပြီ။ ကံကောင်းလို့ မင်းအသက် ရှင်နေတာ"

ထိုအချိန်မှာပင် ဟန်ကျန်းတု၏ စကားသံက ပေါ်ထွက်လာသည်။ သူ၏ စကားလုံးများက ရေခဲကဲ့သို့ အေးစက်နေ၏။

"ငါက ဟန်မိသားစုဝင် ပဲဟာ။ သူ မသတ်ရဲပါဘူး။ ဟုတ်တယ်မလား"

ဟန်ဟုန်ကုံက အစ်ကိုဖြစ်သူ၏ ကြောက်လန့်နေဆဲ ဖြစ်သော ပုံစံကို ကြည့်ရင်း မကျေမနပ် မေးလိုက်သည်။

"ဟဟ ... ဘာလို့ မသတ်ရဲရမှာလဲ"

ညီဖြစ်သူ၏ မေးခွန်းအား ကြားသည်နှင့် ဟန်ကျန်းတုက တစ်ချက် ပြုံးလိုက်သည်။ ထို့နောက် သူက အနည်းသယ် ရယ်ကာ ပြန်မေးလိုက်သည်။

"သူ ဘယ်သူလဲ ဆိုတာ မင်းသိလို့လား"

ဟန်ဟုန်ကုံက အနည်းငယ် စဉ်းစားရင်း ပြန်ဖြေလိုက်သည်။

"သူက ထန်လုံတပ်ဖွဲ့ ခေါင်းဆောင် ချန်းဖန် မဟုတ်ဘူးလား"

"အမှန်ပဲ ... သူက ချန်းမိသားစုဝင် ချန်းဖန်ပဲလေ"

စွန်းရှန်ဟွာကလည်း ဝင်ပြောလိုက်သည်။

"ချန်းဖန် ...”

ဟန်ကျန်းတုက နောက်တစ်ကြိမ် ပြုံးလိုက်သည်။ ထို့နောက် ဟန်ဟုန်ကုံအား အပြစ်တင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"မင်းက ဘယ်သူ့ကို စော်ကားမိလဲ ဆိုတာကို နားမလည်ဘူးပဲ။ ဟန်မိသားစု တစ်ခုလုံးတောင် မင်းကြောင့် ပျက်စီးတော့မလို့ သီသီလေးရယ်။ အဲဒါကို မင်းသိရဲ့လား"

သူက အသက်ပြင်းပြင်း ရှူရင်း ဆက်ပြောလိုက်သည်။

"သူက တကယ့်ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ချန်းပေ့ရွှမ်းပဲ"

"ချန်းပေ့ရွှမ်း ...”

လူတိုင်းက အံ့အားသင့်စွာဖြင့် ရေရွတ် လိုက်မိသည်။ ထိုနာမည်မှာ ချန်းဖန်၏ နာမည်တစ်ခု ဖြစ်ကြောင်း သူတို့ သိထားကြသည်။ ထို့ကြောင့်ပင် ချန်းပေ့ရွှမ်း ဆိုသော နာမည်အား သူတို့ အလေးအနက် မထားမိကြပေ။ သို့သော်လည်း ဟန်ကျန်းတု၏ အမူအရာ အရဆိုလျှင် ထိုနာမည်က သူတို့ သိထားသည်ထက် ပိုနေလောက်သည်။

ထိုနာမည်ကြောင့် ကျိုချင်းရက မျက်မှောင် ပိုကြုတ်လိုက်မိသည်။ ဟန်ကျန်းတုက ချန်းဖန်၏ အထွတ်အထိပ် နံပါတ်တစ် ဆိုသော ဂုဏ်ပုဒ်ကို သိခြင်းကြောင့် ယခုကဲ့သို့ လေးစားစွာ ဆက်ဆံခြင်း ဖြစ်နိုင်သော်လည်း ဟန်မိသားစုက အဘယ်ကြောင့် အထွတ်အထိပ် တစ်ယောက်အား ကြောက်နေရ သနည်း။

"သူသာ ငါတို့ နှစ်ယောက်လုံးကို သတ်လိုက်မယ် ဆိုရင် ဘာဖြစ်မယ် ထင်လဲ"

ဟန်ကျန်းတုက ညီဖြစ်သူအား မေးလိုက်ပြန်သည်။

ဟန်ဟုန်ကုံက ထိုမေးခွန်းအား တစ်စက္ကန့်မျှ မဆိုင်းဘဲ ပြန်ဖြေရန် ဟန်ပြင် လိုက်သည့်တိုင် အစ်ကိုဖြစ်သူ၏ မျက်နှာထက်မှ အလေးအနက် ထားသောဟန်က သူ့အား ဒွိဟဖြစ်စေသည်။ သူက နားမလည်စွာပင် မေးလိုက်သည်။

"သူ ဘာမှ မဖြစ်ဘူးလား"

"ဒါပေါ့ သူ ဘာမှဖြစ်မှာ မဟုတ်ဘူး"

ဟန်ကျန်းတုက ပြန်ဖြေလိုက်သည်။

"မဖြစ်နိုင်ပါဘူး။ ငါက ပြဿနာအိုး ဆိုပေမဲ့ မင်းက မိသားစုရဲ့ ဆက်ခံသူပဲဟာ။ အကြီးအကဲတွေက သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

ဟန်ဟုန်ကုံက ခေါင်းအား နားမလည်နိုင်စွာ ခါယမ်းလိုက်သည်။

"ငါတို့က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ တကယ်လို့ အကြီးအကဲတွေက ငါတို့အတွက် လက်စားချေ ချင်ရင်တောင် မိသားစုပဲ ပျက်စီးရမှာ"

ဟန်ကျန်းတုက ရှင်းပြလိုက်သည်။

"အစ်ကို ... ငါ အခုထိ နားမလည်သေးဘူး။ ဘာလို့ ငါတို့က သူ့ကို ကြောက်ရတာလဲ"

ဟန်ဟုန်ကုံက နားမလည်စွာ မေးလိုက်သည်။

"မင်း မသိတာ ပိုကောင်းမယ့် အရာတွေ ရှိတယ်"

ဟန်ကျန်းတုက ခေါင်းအား ခါယမ်းလိုက်သည်။ ချန်းဖန်၏ ဂျပန် စစ်တပ်အား အနိုင်ယူခဲ့သည် ဆိုသော သတင်းက ထိပ်တန်း လျှို့ဝှက်ချက် တစ်ခုသာ ဖြစ်သည်။ ထိပ်တန်း မိသားစုကြီးများနှင့် အမှောင်လောကမှ လူများမှ လွဲလျှင် အခြားလူ အသိခံ၍ မရချေ။ အကယ်၍ သတင်းသာ ပျံ့နှံ့သွားလျှင် မလိုလားအပ်သော အကျိုးဆက်များ ပေါ်လာနိုင်သည်။

ဟန်ဟုန်ကုံ၏ မကျေနပ်နိုင်သော မျက်နှာအား ကြည့်ရင်း ဟန်ကျန်းတု သက်ပြင်း ချလိုက်သည်။ ထို့နောက်သူက လေးပင်စွာ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အတွင်းမှာပဲ သူက မစ်ဆုမိသားစု ခေါင်းဆောင်ကို သတ်ပစ်ခဲ့တယ်"

သူ၏ စကားလုံးများမှာ တိုးတိတ် နေသော်လည်း အခန်းအတွင်းရှိ လူများအတွက်မူ မိုးကြိုးပစ်သံ အလားပင် ခံစားလိုက် ရသည်။ လူတိုင်းက လေးပင်စွာ သက်ပြင်း ချလိုက်ကြ၏။ အရာအားလုံးကား ရှင်းလင်း သွားချေပြီ။

မစ်ဆုကာဇူ၊ မစ်ဆု မိသားစု ခေါင်းဆောင် ... ထိုပုဂ္ဂိလ်ကြီးကား ဂျပန်၏ အလွှမ်းမိုးနိုင်ဆုံး ခေါင်းဆောင်ကြီး ခြောက်ယောက် အနက် တစ်ယောက်ဖြစ်သည်။ ၁၉၈၀ နှစ်များ၌ သူကား Forbes လူချမ်းသာ စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်တွင်ပင် ဖော်ပြခံခဲ့ ရသည်။ TIMES မဂ္ဂဇင်းကပင် သူ၏ အကြောင်းအား လေးကြိမ်တိုင်တိုင် ဖော်ပြခဲ့ဖူးသည်။

ထို့အပြင် သူကား ဆမ်ဆောင်း လီမိသားစု ခေါင်းဆောင်၊ တရုတ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ် စသည် များစွာသော သူဌေးကြီးများ၏ စံပြ ပုဂ္ဂိုလ် ဖြစ်သလို စစ်ပြီးခေတ် ခေတ်သစ် ဂျပန်အား ပုံဖော်ထုဆစ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

သို့သော်လည်း ထိုသို့သော ပုဂ္ဂိုလ်ကြီးမှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရသည်ဟု ဆိုသည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ ...”

လူများစွာက မယုံကြည်နိုင်စွာ တွေးလိုက်မိသည်။ အကယ်၍ ချန်းဖန်က မစ်ဆု ကာဇူကို သတ်ခဲ့လျှင်ပင် ဂျပန်မှ မည်သို့ ပြန်ထွက်လာခဲ့ သနည်း။ အဘယ်ကြောင့် ဂျပန် အစိုးရက သူ့အား အပြစ် မပေးသနည်း။

အခြားလူများ၏ မေးခွန်းများကို ခံစားမိသော်လည်း ဟန်ကျန်းတုမှာ ယခုထက် ပို၍ ရှင်းမပြနိုင်တော့ပေ။ သူက ညီဖြစ်သူ၏ ပခုံးအား ပုတ်ရင်း ပြောလိုက်သည်။

"မင်းသိလို့မရတဲ့ အရာတွေ ရှိတယ်။ ဂျပန်အစိုးရက သူ့ကို အပြစ်ပေးချင်ပေမဲ့ မလုပ်နိုင်ခဲ့ဘူး ဆိုတာပဲ ငါပြောနိုင်တယ်"

ဟန်ကျန်းတုက ဟန်ဟုန်ကုံအား ပြောပြီးသည်နှင့် စွန်းမိသားစု ခေါင်းဆောင်ထံ လှည့်ကြည့်လိုက်သည်။ စွန်းရှန်းဟွာက သူ့ဘက်သို့ လှည့်လာသော ဟန်ကျန်းတုအား မြင်သည်နှင့် ဖြူရော်စွာ ပြုံးလိုက်သည်။

"သခင်လေးဟန် ...”

"ပါးစပ် ပိတ်ထားစမ်း ...”

ဟန်ကျန်းတုက စွန်းရှန်းဟွာ၏ စကားကို မစောင့်ပဲ အော်ဟစ်လိုက်သည်။

"ဆရာချန်းက ဟန်မိသားစုကို သက်ညှာပြီး ဟန်ဟုန်ကုံရဲ့ အသက်ကို ချမ်းသာ ပေးခဲ့တယ်။ ဒါကြောင့် ကျုပ်အနေနဲ့ သူရဲ့ ညှာတာမှုအပေါ် ရိုးသားဖို့ လိုတယ်။ ဒီနေ့ကစပြီး စွန်းမိသားစု ဝင်တွေကို ကျင်းလင်မြို့မှာ မမြင်ရစေနဲ့။ မဟုတ်ရင် ကျုပ်ကိုယ်တိုင် ဝင်ပါရလိမ့်မယ်"

ဟန်ကျန်းတုက ပြောရင်း စွန်းရှန်းဟွာ၏ ပခုံးအား ဖျစ်ညှစ်လိုက်သည်။

"ဦးလေးစွန်း ... ကျုပ်ကို ခွင့်လွှတ်ပေးပါ။  စွန်းတန့်မင်က ကျုပ်ညီနဲ့ ချန်းပေ့ရွှမ်းကို ရှုပ်ထွေးအောင် မလုပ်ခဲ့သင့်ဘူး။ ချန်းပေ့ရွှမ်းကို စွန်းမိသားစု မပြောနဲ့ ဟန်မိသားစုတောင် မကိုင်တွယ်နိုင်ဘူး"

စွန်းရှန်းဟွာက တိတ်တဆိတ်သာ နားထောင် နေခဲ့သော်လည်း သူ၏ မျက်နှာကမူ အလွန်အမင်း ဖြူရော်နေခဲ့ပြီ ဖြစ်သည်။ သူ၏ လက်များပင်လျှင် တဆတ်ဆတ် တုန်နေခဲ့၏။

ဟန်ကျန်းတုက ခေါင်းခါပြီးနောက် အန်ကယ်ဟူ ဘက်သို့ လှည့်ကာ ဟန်ဟုန်ကုံကား တွဲခေါ်လာရန် အမိန့်ပေး လိုက်သည်။

လူငယ်များစွာက သခင်လေးဟန် ပြန်လည် ထွက်ခွာရန် လမ်းဖွင့်ပေး လိုက်ကြသည်။ ဟန်ကျန်းတုက စိတ်ရှုပ်ထွေးစွာဖြင့် ပြန်လည် ထွက်ခွာ သွားတော့သည်။

ထိုအချိန်၌ ချန်းမိသားစု လူငယ်များမှာမူ ဂုဏ်ယူစွာဖြင့် မေးစေ့များအား မော့ထားကြ၏။ သူတို့၏ ချန်းမိသားစုက ကျင်းလင်မြို့ကို အုပ်စိုးနိုင်တော့မည် မဟုတ်ပါလား။

ကျို့လော့ရင်က တိတ်ဆိတ်စွာ စဉ်းစားရင်း ခွက်ထဲမှ လက်ကျန်ဝိုင်ကို မော့ချလိုက်သည်။

"ရီဖေးပြောတာ မှန်တာပဲ။ ဒီလူငယ်လေးက သာမန်မဟုတ်ဘူး။ ကျင်းလင်က မိသားစုတွေ မပြောနဲ့။ မစ်ဆုကာဇူလို လူမျိုးတောင် သူနဲ့ တန်းမညီဘူးပဲ"

အကယ်၍ သူမသာ အာဏာ၊ ဥစ္စာ၊ လေးစားမှု အလုံးစုံကို ပိုင်ဆိုင်ထားသည့် ထိုလူငယ်၏ မိန်းကလေးသာ ဖြစ်ခဲ့လျှင် ...။

ကျို့လော့ရင် ခေါင်းကိုသာ ခါယမ်းလိုက်သည်။ အရာရာက နောက်ကျသွားပြီ ဖြစ်သည်။ ဖန့်ချုံးဆိုသော မိန်းကလေးက အရာအားလုံးကို သူ့ထက်ဦးစွာ ယူဆောင်သွားခဲ့ပြီ ဖြစ်ပေသည်။

***

All Chapters